ဟောရှေအနာဂတ္တိကျမ်း - ၁၁

ဘုရားသခင်၏မေတ္တာ
1ဣသရေလသည် အသက်ငယ်သောအခါ ငါသည် ချစ်၍ ငါ့သားကို အဲဂုတ္တုပြည်မှ ခေါ်ခဲ့ပြီ။ 2သူတို့ကို ခေါ်သောသူတို့ထံမှ ထွက်သွားကြ၏။ ဗာလဘုရားတို့အား ယဇ်ပူဇော်၍ ရုပ်တုဆင်းတုတို့အား နံ့သာပေါင်းကို မီးရှို့ကြ၏။ 3ငါသည် သွားတတ်သောအတတ်ကို ဧဖရိမ်အား လက်ဆွဲ၍ သွန်သင်၏။ သို့သော်လည်း၊ ငါစောင့်မခြင်းကျေးဇူးကို သူသည် မသိဘဲနေ၏။ 4လူကို ဆွဲတတ်သော ကြိုးတည်းဟူသော မေတ္တာကြိုးနှင့် ငါဆွဲငင်၏။ ပါးရိုးအနားသို့ ထမ်းပိုးကိုရွှေ့၍ ဖြည်းညင်းစွာ ကျွေး၏။ 5အထံတော်သို့ မပြန်မလာဟု သူသည် ငြင်းသောကြောင့်၊ အဲဂုတ္တုပြည်သို့ ပြန်၍မသွားရ။ အာရှုရိမင်းသည် သူတို့ကို အုပ်စိုးရလိမ့်မည်။ 6ဓားဘေးသည် သူ့နေရာမြို့တို့အပေါ်သို့ ရောက်၍ မင်းတို့ကို ဖျက်ဆီးလိမ့်မည်။ သူတို့ ကြံစည်ခြင်းအားဖြင့်ပင် သုတ်သင်ပယ်ရှင်းလိမ့်မည်။ 7ငါ၏လူတို့သည် ငါ့ထံမှလွှဲမြဲလွှဲကြ၏။ အမြင့်ဆုံးသော ဘုရားထံသို့ ခေါ်သော်လည်း၊ ထိုဘုရားကို အဘယ်သူမျှ မချီးမြှောက်လို။
8အို ဧဖရိမ်၊ ငါသည် သင့်ကို အဘယ်သို့ စွန့်နိုင်မည်နည်း။ အို ဣသရေလ၊ သင့်ကို အဘယ်သို့ အပ်နှံနိုင်မည်နည်း။ သင့်ကို အာဒမာမြို့ကဲ့သို့ အဘယ်သို့ဖြစ်စေနိုင်မည်နည်း။ ဇေဘိုင်မြို့အရာ၌ အဘယ်သို့ ခန့်ထားနိုင်မည်နည်း။ ငါသည် နှလုံးပြောင်းလဲ၍ အလွန် ကြင်နာသောစိတ်ရှိ၏။ 9ပြင်းစွာ အမျက်ထွက်သည်အတိုင်း မပြုလို။ ဧဖရိမ်ကို အထပ်ထပ် မဖျက်ဆီးလို။ ငါသည် လူမဟုတ်၊ ဘုရားသခင်ဖြစ်၏။ မြို့ထဲမှာနေသော မြို့သားမဟုတ်သော်လည်း၊ သင်တို့တွင်နေ၍ သန့်ရှင်းသောဘုရား ဖြစ်၏။ 10သူတို့သည် ထာဝရဘုရား၏နောက်တော်သို့ လိုက်ကြလိမ့်မည်။ ခြင်္သေ့ကဲ့သို့ ဟောက်တော်မူမည်။ ဟောက်တော်မူသောအခါ သားသမီးတို့သည် အနောက်မျက်နှာမှ အလျင်အမြန် ပြေးကြလိမ့်မည်။ 11စာငှက်ကဲ့သို့ အဲဂုတ္တုပြည်မှလည်းကောင်း၊ ချိုးကဲ့သို့ အာရှုရိပြည်မှလည်းကောင်း အလျင်အမြန် ပြေးကြ၍၊ သူတို့ကို နေရင်းအရပ်၌ ငါနေရာချမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
ဣသရေလနှင့်ယုဒတို့ကိုပြစ်တင်ခြင်း
12ဧဖရိမ်သည် မုသားစကားနှင့်လည်းကောင်း၊ ဣသရေလသည် လှည့်စားခြင်းနှင့်လည်းကောင်း ငါ့ကိုနှောင့်ယှက်တတ်၏။ ယုဒသည်လည်း ဘုရားသခင့်ထံ၊ သန့်ရှင်း၍ သစ္စာစောင့်တော်မူသော ဘုရားသခင့်ထံမှလွှဲ၍ လှည့်လည်တတ်၏။

ဟောရှေအနာဂတ္တိကျမ်း - ၁၁ (အနက်ဖွင့်)

၇။ အမျက်ဒေါသကြားမှ ဘုရားသခင်၏ ကရုဏာတော် (အခန်း ၁၁၁၃)

လာမည့်အခန်း(၄)ခုတွင် စကားပြောသူအား ဘုရားသခင်နှင့်ဟောရှေ ခွဲခြားသိရှိဖို့ လွယ်ကူစေရန်ကျမ်းချက်များကို ထောက်ပြပါမည်။

ဘုရားသခင်     ၁၁:၁    – ၁၂:၁

ဟောရှေ           ၁၂:၂    – ၆

ဘုရားသခင်      ၁၂:၇   – ၁၁

ဟောရှေ           ၁၂:၁၂  – ၁၃:၁

ဘုရားသခင်      ၁၃:၂   –  ၁၄:၃

ဟောရှေ            ၁၃:၁၅  –  ၁၄:၃

ဘုရားသခင်       ၁၄:၄   –  ၈

၁၁: ချစ်မြတ်နိုးတော်မူသောကြောင့် ဘုရားသခင်က ဣသရေလအား အဲဂုတ္တုပြည်မှခေါ်ထုတ်သည်(ထွ၊ ၁၂)။ (ဤကျမ်းစကားကို သခင်ယေရှုကလည်း၊ မ၊၁၂:၁၅ တွင် သုံးထားသည်။) ဘုရားသခင်ကခေါ်လေလေ၊ ရုပ်တုနောက်သို့ပြေးလိုက်လေလေနှင့် ပို၍ဆိုးမိုက်ကြသည်။ ဘုရားသခင်က ကြင်နာယုယစွာ ဆက်ဆံသော်လည်း ဧဖရိမ်တို့သည် ဘုရားသခင်၏ကွယ်ကာစောင့်ရှောက်မှုကို နားမလည်နိုင်ကြ။

          ၁၁: ဘုရားသခင်ထံတော်ပါးမှ ထွက်ပြေးတိမ်းရှောင်ကြသောကြောင့် ယခင်နေရာဟောင်း အဲဂုတ္တုပြည့်သို့ ထပ်မံကျွန်မခံခိုင်းသော်လည်း အာရှုရိပြည်သို့ မောင်းထုတ်ပစ်မည်။ ဣသရေလတို့ မြို့ကြီး ပြကြီးများကို အာဒမာနှင့် ဇေဘိုင်မြို့တို့ကဲ့သို့ လွင်တီးခေါင်ပြင်ဖြစ်သွားအောင် မလုပ်ရက်ကြောင့်ကို ဘုရားသခင်က ဖျောင်းဖျသည်။

          ၁၁:၁၂ ဤကျမ်းပိုဒ်သည် အနာဂတ်ကာလတွင် ဘုရားသခင်၏ လူမျိုး ပြန်လည်ပေါင်းစည်းသင့်မြတ်၍ သုခမဂ်လာခံစားကြမည့် အစီအစဥ်‌တော်ဖြစ်သည်။ ဧဖရိမ်ကို တဖန်ပျက်စီးစေတော့မည်မဟုတ်။ ဟေဗြဲကျမ်းတွင်မူ ဤအပိုဒ်ငယ် (၁၂)ကို အခန်းကြီး၁၂၏ ပထမဆုံးအခန်းငယ်အဖြစ် ဖော်ပြထားသည်။ ဣသရေလလူမျိုးသည် မုသာဖြင့်ပြည့်ဝခြင်း၊ ကောက်ကျစ်ယုတ်မာခြင်း၊ ဟောရှေလက်ထက်တွင် ယုဒများသာ ဘုရားသခင် ယုံကြည်ခြင်းကြောင့်၎င်း၊ ဣသရေလနှင့် ယုဒလူမျိုးပေါင်းစည်းမဖော်ပြလိုခြင်းကြောင့်၎င်း၊KJV, NKJV နှင့် NASB ကျမ်းမူများ၌ ထိပ်ဆုံးမှာ မထားချင်ကြခြင်းဖြစ်နိုင်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။