ဟောရှေအနာဂတ္တိကျမ်း - ၁၀

1ဣသရေလသည် အသီးများစွာသီးသော စပျစ်နွယ်ပင်ဖြစ်၏။ ကိုယ်အလိုအလျောက် သီးတတ်၏။ အသီးတိုးပွားသည်အတိုင်း အမျိုးသားတို့သည် ယဇ်ပလ္လင်တို့ကို များပြားစေကြ၏။ သူတို့ပြည်ကောင်းသည်အတိုင်း ကောင်းသောရုပ်တုဆင်းတုတို့ကို လုပ်ကြသည်တကား။ 2သူတို့၌ စိတ်နှစ်ခွရှိ၏။ ချက်ချင်း အပြစ်ဒဏ်ကိုခံရကြမည်။ သူတို့ယဇ်ပလ္လင်တို့ကို ကိုယ်တော်တိုင်ဖြိုချ၍၊ ရုပ်တုဆင်းတုတို့ကိုလည်း ဖျက်ဆီးတော်မူမည်။ 3ငါတို့သည် ထာဝရဘုရားကို မကြောက်ရွံ့သောကြောင့် ရှင်ဘုရင်မရှိ။ ရှင်ဘုရင်ရှိသော်လည်း၊ ငါတို့အဖို့ အဘယ်သို့ ပြုနိုင်မည်နည်းဟု ချက်ချင်းဆိုရကြမည်။ 4သူတို့ ကျိန်ဆိုသောစကားသည် စကားသက်သက်ဖြစ်၍၊ မိတ်သဟာယဖွဲ့သောအခါ မုသားစကားကိုသာ ပြောတတ်ကြ၏။ တရားစီရင်ခြင်းအမှုသည် လယ်ကန်ဆည်ရိုးပေါ်မှာ ဘင်းခါးပင်ကဲ့သို့ ပေါက်ရလိမ့်မည်။ 5ရှမာရိမြို့သားတို့သည် ဗေသဝင်နွားသငယ်အဖို့ ကြောက်ကြလိမ့်မည်။ ထိုနွားသငယ်၏ ဘုန်းအတွက် သူ၏တကာတို့သည် ငိုကြွေးမြည်တမ်း၍၊ ယဇ်ပုရောဟိတ်တို့သည် တုန်လှုပ်ကြလိမ့်မည်။ အကြောင်းမူကား၊ ရန်သူတို့သည် ထိုဘုန်းကို လုယူ၍၊ 6နွားသငယ်နှင့်အတူ အာရှုရိပြည်သို့ ယူသွားပြီးလျှင်၊ ရှင်ဘုရင်ယာရက်အား ဆက်ရကြလိမ့်မည်။ ဧဖရိမ်သည် အသရေပျက်၍ ဣသရေလသည် မိမိအကြံအစည်အားဖြင့် ရှက်ကြောက်ရလိမ့်မည်။ 7ရှမာရိသည် ပျက်ရ၏။ ရှမာရိရှင်ဘုရင်သည် ရေမြှုပ်သက်သက်ဖြစ်၏။ 8ဣသရေလပြစ်မှားရာ အာဝင်မြို့ကုန်းတို့သည် ပြိုကျ၍၊ ဆူးပင်အမျိုးမျိုးတို့သည် သူတို့ယဇ်ပလ္လင်များကို လွှမ်းမိုးကြလိမ့်မည်။ မြို့သားတို့ကလည်း၊ အို တောင်များတို့၊ ငါတို့ကို ဖုံးအုပ်ကြပါ။ အို ကုန်းများတို့၊ ငါတို့အပေါ်၌ ကျကြပါဟု ခေါ်ကြလိမ့်မည်။
ဣသရေလတို့ကိုစီရင်ချက်ချခြင်း
9ဂိဗာမြို့လက်ထက်၌ အပြစ်ကြီးသည်ထက် ဣသရေလသည် အပြစ်သာ၍ ကြီး၏။ ထိုမြို့၌ ရပ်နေကြ၏။ ဂိဗာမြို့၌ အဓမ္မလူတို့ကို စစ်တိုက်သောအခါ မရှုံးကြ။ 10ငါသည် ကိုယ်အလိုအလျောက် သူတို့ကို ဆုံးမမည်။ သူတို့အပြစ်နှစ်ပါးကြောင့် ချည်ထားလျက်ရှိသောအခါ၊ သူတို့တစ်ဖက်၌ လူများ စည်းဝေးရကြလိမ့်မည်။ 11ဧဖရိမ်သည် ယဉ်၍ စပါးကို နင်းချင်သော နွားမပျိုဖြစ်သော်လည်း၊ ငါသည် ထမ်းပိုးကို ထမ်းစေသဖြင့်၊ ဧဖရိမ်သည် ကခြင်းကိုခံ၍၊ ယုဒသည် ထွန်လျက်၊ ယာကုပ်သည်လည်း မြေစိုင်ကိုခွဲလျက် ရှိရလိမ့်မည်။ 12ကိုယ်အဖို့ ဖြောင့်မတ်ခြင်းမျိုးစေ့ကိုကြဲ၍၊ ကရုဏာတော် အသီးအနှံကို ရိတ်ကြလော့။ မလုပ်သေးသော လယ်ကို ထွန်ကြလော့။ ထာဝရဘုရားသည် ကြွလာ၍၊ သင်တို့အပေါ်သို့ ဖြောင့်မတ်ခြင်းမိုးကို ရွာစေတော်မမူမီ တိုင်အောင်၊ ကိုယ်တော်ကို ရှာရသောအချိန် ရောက်လေပြီ။ 13သင်တို့သည် ဒုစရိုက်မျိုးစေ့ကိုကြဲလို၍ လယ်ထွန်သောကြောင့်၊ အပြစ်စပါးကို ရိတ်ရကြ၏။ မုသားအသီးအနှံကို စားရကြ၏။ အကြောင်းမူကား၊ ကိုယ်ကြံစည် ပြုမူခြင်းကိုလည်းကောင်း၊ ကိုယ်၌ များစွာသော သူရဲတို့ကိုလည်းကောင်း ကိုးစားတတ်၏။ 14ထိုကြောင့်၊ သင်၏လူတို့သည် ရုန်းရင်းခတ်ကြလိမ့်မည်။ ရှာလမန်မင်းသည် ဗေသာဗေလမြို့ကို စစ်တိုက်သောအခါ ဖျက်ဆီးသကဲ့သို့၊ သင်၏ရဲတိုက်ရှိသမျှတို့သည် ပျက်စီးရကြလိမ့်မည်။ အမိသည် သားတို့နှင့်အတူ မြေပေါ်မှာ ဆောင့်ဖွပ်ခြင်းကို ခံရလိမ့်မည်။ 15ထိုသို့ ဗေသလသည် သင်တို့ ဒုစရိုက်အပြစ်များကြောင့် သင်တို့၌ ပြုလိမ့်မည်။ နံနက်အချိန်သည် လွန်တတ်သကဲ့သို့၊ ဣသရေလရှင်ဘုရင်သည် ရှင်းရှင်းကွယ်ပျောက်ရလိမ့်မည်။

ဟောရှေအနာဂတ္တိကျမ်း - ၁၀ (အနက်ဖွင့်)

၁၀: တချိန်က စပါးဆန်ရေ စပျစ်ရည်ပေါများကြွယ်ဝခဲ့သော ဣသရေလသည် ရှိရှိသမျှကို ရုပ်တုဆင်းတုကိုးကွယ်ခြင်း၌ အတိုးချအသုံးပြုခြင်း၊ ဌာပနာအဖြင့် မြေကြီး၌ မြှုပ်နှံခြင်းတို့ကြောင့် ဆင်းရဲသထက်ဆင်းရဲ၍ မွဲပြာကျမည်။ အထည်ကြီးပျက်ဖြစ်မည်။ ဘုရားသခင်ကစိတ်နှခွရှိသူ၊ လျှာနှစ်ခွရှိသူဟု ရှုတ်ချထားသည်။ သူတို့ စိတ်နှလုံး၊ သူတို့အပြစ်ကို ဘုရားရှင်စီရင်မည်။

          ၁၀: ဣသရေလများသည် အုပ်စိုးသူ အရှင်သခင်ကို အလိုမရှိသောသူများဖြစ်သည်။ ထိုအချက်အားဖြင့် စည်းမရှိကမ်းမရှိ၊ အထိန်းအကွက်မဲ့သူများ၊ ပရမ်းပတာနေလိုကြမှန်းသိသာသည်။ စင်စစ်သိနာတောင်ပေါ်မှာ မောရှေနှင့် အာရုန်ထံသို့ ပညတ်တရားပြဌာန်းပေးထားသည်။ ခေတ်တလျှောက်လိုက်နာ စောင့်ထိန်းမှုရှိသော်လည်း မကြာခဏစိတ်ရူးပေါက်၍ ပြည့်တန်ဆာမကဲ့သို့ ဖောက်ပြန်တတ်သည်။ ယခုတရားနည်းလမ်းတကျ ရှင်ဘုရင်အုပ်စိုးခြင်းကို လက်မခံလိုတော့၊ အုတ်ကြားမြက်ပေါက် နေလိုကြပြီ။ တရားနည်းလမ်းတကျ နေထိုင်ကြခြင်းဖြင့် ဝိညာဉ်ရေးရာ၌ တိုးတက်ခြင်းကို မထိန်းသိမ်းဘဲ ယခုဆုတ်ယုတ်ကျဆင်းကြပြီ။ မွဲချင်သည့်ခွေး ပြာပုံတိုးကြသည်။ သူတို့သည် -(၁) ဘုရားသခင်(ဘုရားအုပ်စိုးခြင်း) (၂)မောရှေ (ပရောဖက်နှင့် ပညတ်တရားပြဌာန်းသူ) (၃)ယောရှု(ဝိညာဉ်ရေးရာနှင့် စစ်မှုရေးရာစစ်သူကြီး) (၄) တရားသူကြီးများ (တရားနှင့်လူမျိုးတော်အုပ်ချုပ်ရေး) (၅)ဘုရင်များ (ဧကရာဇ်စနစ်) တို့ကို ဆန့်ကျင်ကာ၊(၆) ဘုရင်မရှိ(မင်းမဲ့၊အုပ်စိုးသူကင်းမဲ့)သော အခြေသို့ရောက်ကြပြီ။။ ဟာလာဟင်းလင်း အချည်းနှီး ကျမ်းကျိန် အဆိပ်ပင်ရေလောင်းသကဲ့သို့ အပြိုင်းပြိုင်း ပေါ်ပေါက် ဖြစ်ထွန်းလာမည်။

          ၁၀: အမြတ်တနိုးထား ကိုးကွယ်ကြသော ဗေသလရွှေနွားသူငယ်ရုပ်ကိုလည်း အာရှုရိတို့က ယူဆောင်သွားမည်။ ဣသရေလတို့အား ဒုက္ခပင်လယ်မှ ကြိမ်ဖန်များစွာ ကယ်တင်သော ဘုရားသခင်ကို ချစ်ခင်မြတ်နိုးကိုးကွယ်ရမည့်အစား အသက်မရှိ၊ ပျက်စီးတတ်သော နွားသူငယ်ရုပ်ကို တန်ဖိုးထားကြသည်။ ထိုနွားသူငယ်ရုပ်အတွက် လူတကာတို့ ငိုကြွေးမြည်တမ်း၍၊ ယဇ်ပုရောဟိတ်တို့ တုန်လှုပ်ကြမည်။ အကြောင်းမူကား ရန်သူတို့က ထိုဘုန်းကို လုယူသွားကြပြီ။ ထို့ကြော င့်ဘုရားသခင် ထိုသူတို့အား အရေးယူတရားစီရင်ခြင်းသည် အံ့သြစရာမဟုတ်။ ရှမာရိဘုရင်များသည်လည်း ပျက်စီးကြမည်။ တောင်ပေါ်ရှိရုပ်တုဆင်းတုများ ပြိုလဲကြမည်။ လူများသည် ခိုကိုးရာမဲ့ ထိတ်လန့်ကြသဖြင့် “အို၊ တောင်ကြီး၊ တောင်ငယ်တို့ ငါတို့အပေါ်သို့ပိကြပါ” ဟု အော်ဟစ်ကြလိမ့်မည်။

          ၁၀:၁၀ ဧဖရိမ်မျိုးသည် ဘုရင်မင်းမျိုးနှင့်အတူ မိမိတို့အပြစ်ကြောင့် ဂိဗာမြို့တွင် အပြစ်ခံရကြဘူးပြီ(တရား၂၀)။ သို့ဖြင့် ဣသရေလအမျိုးသည် သူ့သမိုင်းတွင် အပြစ်ဒုစရိုက် မှတ်တမ်းဝင်ခဲ့သည်။ ယခုအခါ ဘုရားသခင်က လူမျိုးတိုင်းအပြစ်ဒုစရိုက် ပြုကြသည်ဟု ဆိုထားသည်။

          ၁၀:၁၁ ဧဖရိမ်ကို ကျင့်သားရ၍ စပါးနင်းနယ်နေသော နွားမတန်းနှင့် ခိုင်းနှိုင်းထားသည်။ သို့သော် ယုဒထမ်းပိုးအောက်သို့ ပို့ဆောင်ဦးမည်။ ပင်ပန်းကြီးစွာ လုပ်ဆောင်ခိုင်းဦးမည်။

          ၁၀:၁၂၁၅ တစ်ခုတည်းသော လွတ်မြောက်ရာနည်းလမ်းမှာ နောင်တစိတ်ဖြင့် ဘုရားသခင်ကို ရှာဖွေခြင်း ဖြစ်သည်။ သို့သော် ဣသရေလအမျိုးသည် ကိုယ်တိုင်အားသွန်ခွန်စိုက် မရိတ်သိမ်းဘဲ၊ စစ်သူရဲများကို မှီခိုအားကိုးတတ်သော အကျင့်ရှိသည်။ တိုင်းတခွင်တွင် ရုန်းရင်းဆန်ခတ်စစ်ပွဲ ဖြစ်မည်။ မြို့ရိုးခံတပ်ဟူသမျှ ပြိုလဲပျက်စီးမည်။ ရှမာရိအမျိုးတို့ ပျက်စီးကြ၍ သူတို့ဘုရင်လည်း ကွပ်မျက်ခံရမည်။ အပိုဒ်ငယ်(၁၄)တွင် ဖော်ပြသော ရှာလမန်မင်းသည် Shalmaneser IIIမင်းဖြစ်သည်။ အချို့က ဆင်တူယိုးမှား နာမည်မောဘဘုရင် Salamaner ဖြစ်သည်ဟု ထင်မြင်ကြသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။