ကမ္ဘာဦးကျမ်း - ၄၉

ယာကုပ်၏နောက်ဆုံးအမှာစကား
1ထိုရောအခါ၊ ယာကုပ်သည် မိမိသားတို့ကိုခေါ်၍၊ သင်တို့သည် စည်းဝေးကြလော့။ နောင်ကာလအခါ၊ သင်တို့၌ ဖြစ်လတ္တံ့သောအမှုအရာများကို ငါဟောပြောမည်။ 2ယာကုပ်၏သားတို့၊ စည်းဝေး၍ကြားကြလော့။ အဘဣသရေလ၏စကားကို နားထောင်ကြလော့။
3အိုရုဗင်၊ သင်သည် ငါ့သားဦး၊ ငါ့အစွမ်းသတ္တိ၊ ငါ့ခွန်အားအစအဦး၊ ဘုန်းအထွတ်၊ တန်ခိုးအထွတ်ဖြစ်၏။ 4သို့သော်လည်း ရေကဲ့သို့ ပွက်ထသောသဘောရှိသည်ဖြစ်၍၊ ထူးမြတ်ခြင်းသို့ မရောက်ရ။ အကြောင်းမူကား၊ သင်သည် အဘ၏အိပ်ရာကိုတက်၍ ညစ်ညူးစေ၏။ ငါ့ခုတင်ထက်သို့ တက်လေပြီတကား။
5ရှိမောင်နှင့် လေဝိသည်ညီအစ်ကိုဖြစ်၏။ အဓမ္မအမှုကိုကြံသည်အတိုင်း ပြီးစီးကြပြီ။ 6ငါ့ဝိညာဉ်သည် သူတို့လျှို့ဝှက်ခြင်းအမှုထဲသို့ မဝင်ရ။ ငါ့ဘုန်းသည် သူတို့စည်းဝေးရာနှင့်အသင်းမဖွဲ့ရ။ သူတို့သည်အမျက်ထွက်၍ လူအသက်ကို သတ်ကြပြီ။ ကိုယ်အလိုသို့လိုက်၍မြို့ကိုဖြိုဖျက်ကြပြီ။ 7သူတို့ပြင်းစွာထွက်သောအမျက်၊ ကြမ်းတမ်းစွာသောဒေါသသည် ကျိန်ခြင်းကို ခံပါစေသော။ ယာကုပ်အမျိုး၊ ဣသရေလအနွယ်သားတို့တွင် သူတို့ကို ငါကွဲပြား ပြန့်လွင့်စေမည်။
8အိုယုဒ၊ သင်သည်ညီအစ်ကိုတို့ ချီးမွမ်းရသောသူဖြစ်၏။ သင်၏လက်သည် သင်၏ရန်သူလည်ပင်းပေါ်မှာ ရှိလိမ့်မည်။ အဘ၏သားတို့သည် သင့်ရှေ့မှာဦးညွှတ်ချကြလိမ့်မည်။ 9ယုဒသည် ခြင်္သေ့ပျိုဖြစ်၏။ ငါ့သား၊ သင်သည်ဖမ်းယူကိုက်စားရာမှ တက်လာတတ်၏။ ဝပ်လျက်နေ၏။ ခြင်္သေ့ကဲ့သို့လည်းကောင်း၊ ခြင်္သေ့မကဲ့သို့လည်းကောင်း ဝပ်တွားတတ်၏။ အဘယ်သူနှိုးဆော်ဝံ့မည်နည်း။တော၊ ၂၄:၉။ ဗျာ၊ ၅:၅။ 10ရှိလောမရောက်မီတိုင်အောင်၊ ရာဇလှံတံသည်ယုဒထံမှလည်းကောင်း၊ မင်းအာဏာသည် သူ၏အမျိုးအနွယ်ထံမှလည်းကောင်း မရွေ့ရ။ ရှိလော၌လူမျိုးတို့သည် ဆည်းကပ်ကြလိမ့်မည်။ 11မိမိမြည်းကိုစပျစ်နွယ်ပင်၌လည်းကောင်း၊ မြည်းကလေးကိုအမြတ်ဆုံးသော စပျစ်နွယ်ပင်၌လည်းကောင်း ချည်နှောင်၍၊ မိမိအဝတ်ပုဆိုးများကို စပျစ်သီးအသွေးတည်းဟူသောစပျစ်ရည်ဖြင့် လျှော်လိမ့်မည်။ 12သူ၏မျက်စိသည် စပျစ်ရည်နှင့်နီလိမ့်မည်။ သွားသည်လည်း နို့နှင့်ဖြူလိမ့်မည်။
13ဇာဗုလုန်သည် ပင်လယ်ကမ်းနားမှာနေ၍၊ သင်္ဘောဆိပ်ဖြစ်လိမ့်မည်။ သူ၏နယ်သည် ဇိဒုန်မြို့တိုင်အောင် ကျယ်ဝန်းလိမ့်မည်။
14ဣသခါသည်တောင်ကြားမှာဝပ်လျက် အားကြီးသောမြည်းဖြစ်၏။ 15ငြိမ်ဝပ်ရာအရပ်ကောင်း၍ မြေသာယာသည်ကိုမြင်သဖြင့်၊ မိမိပခုံးပေါ်မှာ ထမ်းပိုးကိုတင်ထမ်း၍၊ အခွန်ပေးသောကျွန်ဖြစ်လေ၏။
16ဒန်သည် ဣသရေလအနွယ်တစ်စုံတစ်ပါးကဲ့သို့၊ မိမိလူတို့ကိုစီရင်လိမ့်မည်။ 17ဒန်သည် လမ်း၌နေသောမြွေဖြစ်လိမ့်မည်။ မြင်းစီးသောသူကို နောက်သို့ လဲစေခြင်းငှာ လမ်းကြားမှာနေ၍၊ မြင်းခြေကိုကိုက်တတ်သော မြွေဆိုးဖြစ်လိမ့်မည်။ 18အိုထာဝရဘုရား၊ ကယ်တင်တော်မူခြင်းကျေးဇူးကို အကျွန်ုပ်မျှော်လင့်လျက်နေပါပြီ။
19ဂဒ်မူကား၊ စစ်သူရဲတို့သည် သူ့ကိုတိုက်ကြ၍၊ သူသည် ပြန်တိုက်လိမ့်မည်။
20အာရှာ၌ဖြစ်သောအစာသည် အရသာနှင့်ပြည့်စုံ၍၊ မင်း၏ခဲဖွယ်စားဖွယ်တို့ကို ထုတ်ပေးလိမ့်မည်။
21နဿလိသည်လှသောအခက်အလက်နှင့်ပြည့်စုံ၍၊ ကျယ်ဝန်းသော သပိတ်ပင်ဖြစ်၏။
22ယောသပ်သည်သန်သောပျိုးပင်၊ ရေတွင်းနားမှာ သန်သောပျိုးပင်ဖြစ်၏။ အခက်အလက်တို့သည် အုတ်ရိုးပေါ်မှာကျော်သွားကြ၏။ 23လေးသမားတို့သည် သူ့ကိုအငြိုးထား၍၊ အလွန်ညှဉ်းဆဲပစ်ခတ်ကြ၏။ 24သို့သော်လည်း သူ၏လေးသည်အားမလျော့။ သူကိုင်သော လက်နက်တို့သည်၊ ယာကုပ်အမျိုး၌ တန်ခိုးကြီးသောဘုရား၏လက်ဖြင့်လည်းကောင်း၊ သိုးထိန်းတည်းဟူသော ဣသရေလအမျိုး၏ကျောက်ဖြင့်လည်းကောင်း၊ 25သင့်ကိုမစတော်မူသော သင့်အဘ၏ဘုရားသခင်အားဖြင့်လည်းကောင်း၊ သင့်ကို ကောင်းချီးပေးတော်မူသော အနန္တတန်ခိုးရှင်အားဖြင့်လည်းကောင်း ခိုင်မာလျက်ရှိ၏။ ထိုဘုရားသည် အထက်မိုးကောင်းကင်၏မင်္ဂလာ၊ အောက်နက်နဲသောအရပ်၏မင်္ဂလာ၊ သားမြတ်နှင့်ဆိုင်သောမင်္ဂလာ၊ ဝမ်းနှင့်ဆိုင်သောမင်္ဂလာတို့ဖြင့် သင့်ကိုကောင်ချီးပေးတော်မူပါစေသော။ 26သင်၏အဘပေးသောကောင်းချီးမင်္ဂလာသည်၊ ထာဝရတောင်တို့၌ဖြစ်သော ကောင်းချီးမင်္ဂလာ၊ ထာဝရကုန်းတို့၌ နှစ်သက်ဖွယ်သောအရာတို့ထက် သာ၍မြတ်၏။ ထိုမင်္ဂလာသည် ယောသပ်ခေါင်းပေါ်၊ မိမိအစ်ကိုတို့တွင် အကြီးအကဲဖြစ်သောသူ၏ခေါင်းထိပ်ပေါ်မှာ သက်ရောက်ပါစေသော။
27ဗင်္ယာမိန်သည် လုယူကိုက်စားတတ်သောတောခွေးဖြစ်လိမ့်မည်။ ဖမ်းရသောအရာကို နံနက်အချိန်၌ကိုက်စား၍၊ လုယူသောအရာကိုလည်း ညအချိန်၌ဝေဖန်လိမ့်မည်ဟု မြွက်ဆို၏။
28ဤသူတို့ကား၊ ဣသရေလအမျိုးဆယ်နှစ်မျိုးဖြစ်၏။ ဤစကားသည်လည်း သူတို့အဘမြွက်ဆို၍၊ သူတို့အသီးအသီးခံရသောမင်္ဂလာရှိသည်အတိုင်း၊ ကောင်းချီးပေးသောစကားပေတည်း။
29တစ်ဖန်တုံ၊ ငါ့လူမျိုးစည်းဝေးရာသို့ငါသွားရမည်။ ဟိတ္တိအမျိုးသား၊ ဧဖရုန်၏လယ်ပြင်တွင်ရှိသောမြေတွင်း၌၊ ငါ့အဘတို့နှင့်အတူ ငါ့ကိုသင်္ဂြိုဟ်ကြပါ။ 30ခါနာန်ပြည်မံရေမြို့ရှေ့မှာ၊ မပ္ပေလလယ်ပြင်၌ရှိသော ထိုမြေတွင်းကို၊ အာဗြဟံသည် ကိုယ်ပိုင်သောသင်္ချိုင်းဖို့ လယ်ပြင်နှင့်တကွ ဟိတ္တိအမျိုးသားဧဖရုန်၌ ဝယ်လေပြီ။က၊ ၂၃:၃-၂၀။ 31ထိုမြေတွင်း၌ အာဗြဟံနှင့်မယားစာရာကို သင်္ဂြိုဟ်ကြပြီ။ ဣဇာက်နှင့် မယားရေဗက္ကကိုလည်းသင်္ဂြိုဟ်ကြပြီ။ လေအာကိုလည်းငါသင်္ဂြိုဟ်ပြီ။က၊ ၂၅:၉-၁၀၊ ၃၅:၂၉။ 32ထိုမြေတွင်းရှိသော ထိုလယ်ပြင်ကို၊ ဟေသအမျိုးသားရှေ့မှာ ဝယ်သတည်းဟု မှာထား၏။ 33ထိုသို့ယာကုပ်သည် မိမိသားတို့ကို အကုန်အစင်မှာထားပြီးလျှင်၊ မိမိခြေတို့ကို ခုတင်ပေါ်မှာ ရုပ်သိမ်းသဖြင့်၊ အသက်ချုပ်၍ မိမိလူမျိုးစည်းဝေးရာသို့ ရောက်လေ၏။

ကမ္ဘာဦးကျမ်း - ၄၉ (အနက်ဖွင့်)

၁၁။ သားများအပေါ် ယာကုပ်၏ ပရောဖက်ပြုချက် (အခန်း ၄၉)

          ၄၉: အခန်းငယ်(၁)သည် ယာကုပ်၏ ပရောဖက်ပြုချက်ဖြစ်၍ အခန်းငယ်(၂)သည် နောက်ဆုံးကေင်းကြီးမင်္ဂလာ ပေးခြင်းဖြစ်သည်။

၄၉: သားအကြီးဆုံးသည် ရုဗင်ဖြစ်သည်။ သားကြီးအဖရာ ဆိုစကားအတိုင်း ဖခင်၏ညာလက်ရုံး၊ ဖခင်၏ ဂုဏ်သိက္ခာ၊ ဖခင်၏မျှော်လင့်ချက်၊ အနာဂတ်အားအင်ဖြစ်သည်။ သားဦးသည် အခြားညီငယ်များထက် ဝေစု(၂)ဆ ရပိုင်ထိုက်သူဖြစ်သည်။ သို့သော် စိတ်တည်ငြိမ်မှုမရှိ ဖြစ်သလိုနေတတ်သည်။ ဖခင်၏ မယာငယ်နှင့် ဖောက်ပြန်သည် (၃၅:၂၂)။ ထို့ကြောင့် ထူးမြတ် အောင်မြင်ခြင်း မရှိနိုင်။

၄၉: ရှိမောင်နှင့်လေဝိတို့ ညီအစ်ကိုသည် နွားသိုးကြိုးပြတ်သကဲ့သို့ ဒေါသအရှိန်အဟုတ် အမျက်ကြီးသူများဖြစ်သည် ရှေခင်တွင် သူတို့နှမကို အနိုင်ကျင့်သူများအား သတ်ဖြတ်ခဲ့ခြင်းဖြင့် ဖခင်အား လူမိုက်များ၏ ဖခင်ဖြစ်စေကြသည်။ ထို့ကြောင့် လူမျိုးကြီးမဖြစ်စေရ။ မထင်မရှား ပါမွှားလူမျိုးနွယ်များသာ ဖြစ်ကြသည် (တော ၂၆)။ ယုဒက ရှိမောင်အား သိမ်းသွင်းသောကြောင့် အနှံ့အပြားကွဲပြားခဲ့ကြခြင်းဖြင့် ဤပရောဖက်ပြုချက် ပြည့်စုံခဲ့သည် (ယောရှု ၁၉:၁-၉)။ လေဝိအမျိုးသည် မြို့ကြီး(၄၈)မြို့တည်လျက် ထိုအရပ်ဒေသတခွင်တွင် ကောင်းကြသည်။ သို့သော်လည်း ဖခင်ယာကုပ်၏ ကျိန်ခြင်းအမင်္ဂလာကြောင့် သား(၂)ယောက် ကိုယ်တိုင်မှာ မကောင်းစားခဲ့ကြ။

၄၉:၁၂ ယုဒသည် သူ့ရန်သူများကို တိုက်ခိုက်နှိမ်နင်းအောင်မြင်သောကြောင့် နာမည်နှင့် အညီ အစ်ကိုများက ချီးမွမ်းထောပနာပြုကြသည်။ သားကောင်များကို ဖမ်းဆီး၍ သိုက်မြုံတွင် ဝန့်ဝန့်စားစား ကိုက်ဖြတ်သော ခြင်္သေ့ပျိုကဲ့သို့ ရဲရင့်မည်။ မည်သူကမှ ရန်စကျူးကျော်ခြင်း မပြုဝံ့ရ။ ယောသပ်သည် မွေးရာပါ အခွင့်အရေး အကျိုးခံစားသကဲ့သို့ ယုဒသည်လည်း အချုပ်အချာအာဏာ လက်ဝယ်တည်ရမည်။ ရှိလော (မေရှိယ)မပေါ်ထွန်းမီကာလပတ်လုံး ယုဒလက်ထဲ၌ ရာဇလှံတံ တည်မည်။ တိုင်းသူပြည်သား လူအများကလည်း ယုဒအား ကြည်ညိုလေးစားနာခံကြရမည်။ ရှိလော၏ အနက်အဓိပ္ပါယ်မှာ “အကန့်အသတ်” ဖြစ်သည်။ အချို့က ငြိမ်သက်ခြင်းသခင်၊ တညငြိမ်ခြင်း၊ မျိုးစေ့ (ယုဒမျိုးစေ့) ဘိုးဘေး အစပြု၊ အစရှိသဖြင့် ဖွင့်ဆိုကြသည် (ယေဇ ၂၁:၂၇ နှင့် ယှဉ်ဖတ်ပါ)။

၄၉:၁၃ ဇာဗုလုန်သည် ကုန်စည်ကူးသန်းရောင်ဝယ်ခြင်းဖြင့် စီးပွားရေးရာ ဖြစ်ထွန်းအောင်မြင်မည်။ ထိုမျိုးနွယ်စု၏ ပိုင်နက်သည် ဓမ္မဟောင်းကာလတွင် အကန့်အသတ် စည်းခြားထားသည်။ ထို့ကြောင့် အနှစ် တစ်ထောင် ကာလနောက်မှ ပြည့်စုံမည်ဟု ယုံကြည်ရသည်။

၄၉:၁၄၁၅ ဣဿခါသည် သန်မာထွားကျိုင်းသောမြည်း ကဲ့သို့ဖြစ်သည်။ သူတစ်ပါးကို ရန်စစော်ကားခြင်းမပြုသကဲ့သို့ သူတစ်ပါး၏ ကျူးကျော်တိုက်ခိုက်ခြင်းလည်း မခံချင်။ မိမိခွန်အား ဗလကို အားကိုး၍ အေးအေးဆေးဆေး ထွန်ယက်စိုက်ပျိုးသူဖြစ်မည်။ တင်းတိမ်ရောင့်ရဲတတ်သူ ဖြစ်လာမည်။

၄၉:၁၆၁၈ ဒန်သည် ဣသရေလလူမျိုးတွင် မျိုးနွယ်စုတစ်မျိုးအဖြစ် ပါဝင်မည်။ အပိုဒ်ငယ်(၁၇)သည် အဓိပ္ပါယ်သေချာစွာ မပေါ်လွင်။ ရုပ်တုဆင်းတု ကိုးကွယ်သောလူမျိုးအား တရားစီရင်ရမည်ဟု နားလည်နိုင်သည် (သူကြီး ၁၈:၃၀-၃၃)။ အချို့က အန္တိခရစ်သည် ဒန်လူမျိုးထဲမှ ပေါ်ထွက်လာမည်ဟု ယူဆကြ၏။ အကယ်၍ ထိုအယူအဆမှန်လျှင် (၅ရာ ၂:၃-၈:၄၀ နှင့် ဗျာ ၇:၃-၈) ၌ အဘယ်ကြောင့်မပါရှိသနည်း။ အပိုဒ်ငယ် (၁၈)၌ ရန်သူများဘေးရန်မှ လွတ်ငြိမ်းဖို့ နောက်ဆုံး အကြိမ် ဆုတောင်းမေတ္တာပို့သသည်။

၄၉:၁၉ ဂဒ် လူမျိုးသည် ယောဒန်မြစ် အရှေ့ဖက်ကမ်းတွင် အခြေချနေထိုင်ကြမည်။ ရန်သူများက မကြာခဏ လုယက်တိုက်ခိုက်ကြမည် ဖြစ်သော်လည်း ပြန်လည်ခုခံတွန်းလှန်နိုင်စွမ်းရှိမည်။

၄၉:၂၀ အာရှာ (ပျော်ရွှင်ခြင်း) လူမျိုးသည် ပူပင်သောကမရှိ၊ အေးအေးလူလူ ထွန်ယက်စိုက်ပျိုး၍ ရှင်ဘုရင်၏ ခဲဘွယ်ဘောဇဉ် ထုတ်လုပ်ပေးသူဖြစ်မည်။ စားတော်ကဲ စားဖိုမှူးကြီးများဖြစ်သည်။

၄၉:၂၁ နဿလိ ချိုးငှက်ကဲ့သို့ သန့်ပြန့်သူ ဖြစ်၍ အရှုပ်အရှင်းပြဿနာများနှင့် ကင်းစင်သည်။ မင်္ဂလာသတင်းကောင်းများ ဆောက်တည်သယ်ဆောင်သူဖြစ်မည်။ သစ္စာဖောက်မှလွဲ၍ တပည့်တော်ဆယ့်တစ်ပါးသည် နဿလိအရပ်ဒေသမှ ပေါ်ထွန်းလာသူများဖြစ်သည်။ ခရစ်တော်ဘုရား သာသနာပြုရာ အရပ်ဒေသဖြစ်သည် (မ ၄:၃-၁၆)။

၄၉:၂၂၂၆ ဧဖရိမ်နှင့် မနာရှဲတို့သို့ကောင်းကြီးမင်္ဂလာ တိုက်ရိုက်ပေးခဲ့သည့်အတိုင်း ယောသပ်၏ အမျိုးအနွယ်သည် မိမိတို့ခြံစည်းရိုးနယ်မြေ ကျော်လွန်သည့်တိုင်အောင် ကောင်းကြီးမင်္ဂလာနှင့် ပြည့်စုံကြမည်။ မိမိကိုယ်တိုင် ပုဆိုးခါးတောင်းကျိုက်၍ ခါးချိအောင် လုပ်ကိုင်စရာမလို။ ပြုလေ၊ ကိုင်လေသမျှတိုင်း၌ ကောင်းကြီးမင်္ဂလာ ပြည့်စုံသောကြောင့် ကြံတိုင်းအောင် ဆောင်တိုင်းမြှောက်မည်။ ယာကုပ်၏ ဘုရားသခင်က ကောင်းကြီးမင်္ဂလာသွန်းလောင်းပေးသည်။ ဣသရေလအမျိုးတို့၏ ကျောက် ဆိုသည်မှာ မေရှိယသခင်ကို ရည်ညွှန်းသည်။ ဘုရားသခင်က ယောသပ်မြေပေါ်တွင် ရွှေမိုးရွာစေ၍ မြေကြီးထဲမှ ပဒေသာပင် ပေါက်စေသောကြောင့် ရေတွက်၍ မကုန်နိုင်အောင် စည်ပင်ဝပြောကြမည်။ ရှေးဘိုးဘေးများထက်ကြွယ်ဝချမ်းသာမည့်အကြောင်း ယာကုပ်က ကောင်းကြီးပေးခဲ့သည်။ ညီအစ်ကိုများက စွန့်လွှတ်ပထုတ်ခဲ့သော ယောသပ်သည် ဖခင်၏ ကောင်းကြီးမင်္ဂလာအပြည့်အဝခံစားရသည်။

၄၉:၂၇ ဗင်္ယာမိန်သည် စစ်တိုက်စားသော သူရဲကောင်းအမျိုးဖြစ်မည်။ သူများကို နိုင်ထက်စီးနင်းသော အမျိုးဖြစ်မည်။ ဆရားကြီးတစ်ပါးက “ဗင်္ယာမိန်အမျိုးသည် စစ်တိုက်ကျွမ်းကျင်ဆုံး လူမျိုးစုဖြစ်သည်” ဟု မှတ်ချက်ချရေးသည်။

၄၉:၂၈၃၃ နောက်ဆုံးတွင် ယာကုပ်က သူ့အလောင်းအား ဧဖရုန်လယ်ပြင် မာဂပေလသင်္ချိုင်းတွင် မြှုပ်နှံရန် မှာခဲ့သည်။ ထိုသင်္ချိုင်းသည် အာဗြဟံနှင့် စာရာ၊ ဣဇက်နှင့် ရေဗက္ကာနှင့် လေအာတို့ မြှုပ်နှံရာ မျိုးရိုးစဉ်လာ သုဿန်တစပြင်ဖြစ်သည်။ ပုဂ္ဂိုလ်ရေးသာမက မျိုးရိုးဇာတိအကြောင်းပါ မကျန်အကုန်အစင် မှာကြားခဲ့ပြီးမှ ယာကုပ်သည် ခုတင်ပေါ်၌ အသာအယာခြေဆင်း၍ နောက်ဆုံးထွက်သက် ရှူထုတ်သွားသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။