ကမ္ဘာဦးကျမ်း - ၄၉
ကမ္ဘာဦးကျမ်း - ၄၉ (အနက်ဖွင့်)
၁၁။ သားများအပေါ် ယာကုပ်၏ ပရောဖက်ပြုချက် (အခန်း ၄၉)
၄၉:၁–၂ အခန်းငယ်(၁)သည် ယာကုပ်၏ ပရောဖက်ပြုချက်ဖြစ်၍ အခန်းငယ်(၂)သည် နောက်ဆုံးကေင်းကြီးမင်္ဂလာ ပေးခြင်းဖြစ်သည်။
၄၉:၃–၄ သားအကြီးဆုံးသည် ရုဗင်ဖြစ်သည်။ သားကြီးအဖရာ ဆိုစကားအတိုင်း ဖခင်၏ညာလက်ရုံး၊ ဖခင်၏ ဂုဏ်သိက္ခာ၊ ဖခင်၏မျှော်လင့်ချက်၊ အနာဂတ်အားအင်ဖြစ်သည်။ သားဦးသည် အခြားညီငယ်များထက် ဝေစု(၂)ဆ ရပိုင်ထိုက်သူဖြစ်သည်။ သို့သော် စိတ်တည်ငြိမ်မှုမရှိ ဖြစ်သလိုနေတတ်သည်။ ဖခင်၏ မယာငယ်နှင့် ဖောက်ပြန်သည် (၃၅:၂၂)။ ထို့ကြောင့် ထူးမြတ် အောင်မြင်ခြင်း မရှိနိုင်။
၄၉:၅–၇ ရှိမောင်နှင့်လေဝိတို့ ညီအစ်ကိုသည် နွားသိုးကြိုးပြတ်သကဲ့သို့ ဒေါသအရှိန်အဟုတ် အမျက်ကြီးသူများဖြစ်သည် ရှေခင်တွင် သူတို့နှမကို အနိုင်ကျင့်သူများအား သတ်ဖြတ်ခဲ့ခြင်းဖြင့် ဖခင်အား လူမိုက်များ၏ ဖခင်ဖြစ်စေကြသည်။ ထို့ကြောင့် လူမျိုးကြီးမဖြစ်စေရ။ မထင်မရှား ပါမွှားလူမျိုးနွယ်များသာ ဖြစ်ကြသည် (တော ၂၆)။ ယုဒက ရှိမောင်အား သိမ်းသွင်းသောကြောင့် အနှံ့အပြားကွဲပြားခဲ့ကြခြင်းဖြင့် ဤပရောဖက်ပြုချက် ပြည့်စုံခဲ့သည် (ယောရှု ၁၉:၁-၉)။ လေဝိအမျိုးသည် မြို့ကြီး(၄၈)မြို့တည်လျက် ထိုအရပ်ဒေသတခွင်တွင် ကောင်းကြသည်။ သို့သော်လည်း ဖခင်ယာကုပ်၏ ကျိန်ခြင်းအမင်္ဂလာကြောင့် သား(၂)ယောက် ကိုယ်တိုင်မှာ မကောင်းစားခဲ့ကြ။
၄၉:၈–၁၂ ယုဒသည် သူ့ရန်သူများကို တိုက်ခိုက်နှိမ်နင်းအောင်မြင်သောကြောင့် နာမည်နှင့် အညီ အစ်ကိုများက ချီးမွမ်းထောပနာပြုကြသည်။ သားကောင်များကို ဖမ်းဆီး၍ သိုက်မြုံတွင် ဝန့်ဝန့်စားစား ကိုက်ဖြတ်သော ခြင်္သေ့ပျိုကဲ့သို့ ရဲရင့်မည်။ မည်သူကမှ ရန်စကျူးကျော်ခြင်း မပြုဝံ့ရ။ ယောသပ်သည် မွေးရာပါ အခွင့်အရေး အကျိုးခံစားသကဲ့သို့ ယုဒသည်လည်း အချုပ်အချာအာဏာ လက်ဝယ်တည်ရမည်။ ရှိလော (မေရှိယ)မပေါ်ထွန်းမီကာလပတ်လုံး ယုဒလက်ထဲ၌ ရာဇလှံတံ တည်မည်။ တိုင်းသူပြည်သား လူအများကလည်း ယုဒအား ကြည်ညိုလေးစားနာခံကြရမည်။ ရှိလော၏ အနက်အဓိပ္ပါယ်မှာ “အကန့်အသတ်” ဖြစ်သည်။ အချို့က ငြိမ်သက်ခြင်းသခင်၊ တညငြိမ်ခြင်း၊ မျိုးစေ့ (ယုဒမျိုးစေ့) ဘိုးဘေး အစပြု၊ အစရှိသဖြင့် ဖွင့်ဆိုကြသည် (ယေဇ ၂၁:၂၇ နှင့် ယှဉ်ဖတ်ပါ)။
၄၉:၁၃ ဇာဗုလုန်သည် ကုန်စည်ကူးသန်းရောင်ဝယ်ခြင်းဖြင့် စီးပွားရေးရာ ဖြစ်ထွန်းအောင်မြင်မည်။ ထိုမျိုးနွယ်စု၏ ပိုင်နက်သည် ဓမ္မဟောင်းကာလတွင် အကန့်အသတ် စည်းခြားထားသည်။ ထို့ကြောင့် အနှစ် တစ်ထောင် ကာလနောက်မှ ပြည့်စုံမည်ဟု ယုံကြည်ရသည်။
၄၉:၁၄–၁၅ ဣဿခါသည် သန်မာထွားကျိုင်းသောမြည်း ကဲ့သို့ဖြစ်သည်။ သူတစ်ပါးကို ရန်စစော်ကားခြင်းမပြုသကဲ့သို့ သူတစ်ပါး၏ ကျူးကျော်တိုက်ခိုက်ခြင်းလည်း မခံချင်။ မိမိခွန်အား ဗလကို အားကိုး၍ အေးအေးဆေးဆေး ထွန်ယက်စိုက်ပျိုးသူဖြစ်မည်။ တင်းတိမ်ရောင့်ရဲတတ်သူ ဖြစ်လာမည်။
၄၉:၁၆–၁၈ ဒန်သည် ဣသရေလလူမျိုးတွင် မျိုးနွယ်စုတစ်မျိုးအဖြစ် ပါဝင်မည်။ အပိုဒ်ငယ်(၁၇)သည် အဓိပ္ပါယ်သေချာစွာ မပေါ်လွင်။ ရုပ်တုဆင်းတု ကိုးကွယ်သောလူမျိုးအား တရားစီရင်ရမည်ဟု နားလည်နိုင်သည် (သူကြီး ၁၈:၃၀-၃၃)။ အချို့က အန္တိခရစ်သည် ဒန်လူမျိုးထဲမှ ပေါ်ထွက်လာမည်ဟု ယူဆကြ၏။ အကယ်၍ ထိုအယူအဆမှန်လျှင် (၅ရာ ၂:၃-၈:၄၀ နှင့် ဗျာ ၇:၃-၈) ၌ အဘယ်ကြောင့်မပါရှိသနည်း။ အပိုဒ်ငယ် (၁၈)၌ ရန်သူများဘေးရန်မှ လွတ်ငြိမ်းဖို့ နောက်ဆုံး အကြိမ် ဆုတောင်းမေတ္တာပို့သသည်။
၄၉:၁၉ ဂဒ် လူမျိုးသည် ယောဒန်မြစ် အရှေ့ဖက်ကမ်းတွင် အခြေချနေထိုင်ကြမည်။ ရန်သူများက မကြာခဏ လုယက်တိုက်ခိုက်ကြမည် ဖြစ်သော်လည်း ပြန်လည်ခုခံတွန်းလှန်နိုင်စွမ်းရှိမည်။
၄၉:၂၀ အာရှာ (ပျော်ရွှင်ခြင်း) လူမျိုးသည် ပူပင်သောကမရှိ၊ အေးအေးလူလူ ထွန်ယက်စိုက်ပျိုး၍ ရှင်ဘုရင်၏ ခဲဘွယ်ဘောဇဉ် ထုတ်လုပ်ပေးသူဖြစ်မည်။ စားတော်ကဲ စားဖိုမှူးကြီးများဖြစ်သည်။
၄၉:၂၁ နဿလိ ချိုးငှက်ကဲ့သို့ သန့်ပြန့်သူ ဖြစ်၍ အရှုပ်အရှင်းပြဿနာများနှင့် ကင်းစင်သည်။ မင်္ဂလာသတင်းကောင်းများ ဆောက်တည်သယ်ဆောင်သူဖြစ်မည်။ သစ္စာဖောက်မှလွဲ၍ တပည့်တော်ဆယ့်တစ်ပါးသည် နဿလိအရပ်ဒေသမှ ပေါ်ထွန်းလာသူများဖြစ်သည်။ ခရစ်တော်ဘုရား သာသနာပြုရာ အရပ်ဒေသဖြစ်သည် (မ ၄:၃-၁၆)။
၄၉:၂၂–၂၆ ဧဖရိမ်နှင့် မနာရှဲတို့သို့ကောင်းကြီးမင်္ဂလာ တိုက်ရိုက်ပေးခဲ့သည့်အတိုင်း ယောသပ်၏ အမျိုးအနွယ်သည် မိမိတို့ခြံစည်းရိုးနယ်မြေ ကျော်လွန်သည့်တိုင်အောင် ကောင်းကြီးမင်္ဂလာနှင့် ပြည့်စုံကြမည်။ မိမိကိုယ်တိုင် ပုဆိုးခါးတောင်းကျိုက်၍ ခါးချိအောင် လုပ်ကိုင်စရာမလို။ ပြုလေ၊ ကိုင်လေသမျှတိုင်း၌ ကောင်းကြီးမင်္ဂလာ ပြည့်စုံသောကြောင့် ကြံတိုင်းအောင် ဆောင်တိုင်းမြှောက်မည်။ ယာကုပ်၏ ဘုရားသခင်က ကောင်းကြီးမင်္ဂလာသွန်းလောင်းပေးသည်။ ဣသရေလအမျိုးတို့၏ ကျောက် ဆိုသည်မှာ မေရှိယသခင်ကို ရည်ညွှန်းသည်။ ဘုရားသခင်က ယောသပ်မြေပေါ်တွင် ရွှေမိုးရွာစေ၍ မြေကြီးထဲမှ ပဒေသာပင် ပေါက်စေသောကြောင့် ရေတွက်၍ မကုန်နိုင်အောင် စည်ပင်ဝပြောကြမည်။ ရှေးဘိုးဘေးများထက်ကြွယ်ဝချမ်းသာမည့်အကြောင်း ယာကုပ်က ကောင်းကြီးပေးခဲ့သည်။ ညီအစ်ကိုများက စွန့်လွှတ်ပထုတ်ခဲ့သော ယောသပ်သည် ဖခင်၏ ကောင်းကြီးမင်္ဂလာအပြည့်အဝခံစားရသည်။
၄၉:၂၇ ဗင်္ယာမိန်သည် စစ်တိုက်စားသော သူရဲကောင်းအမျိုးဖြစ်မည်။ သူများကို နိုင်ထက်စီးနင်းသော အမျိုးဖြစ်မည်။ ဆရားကြီးတစ်ပါးက “ဗင်္ယာမိန်အမျိုးသည် စစ်တိုက်ကျွမ်းကျင်ဆုံး လူမျိုးစုဖြစ်သည်” ဟု မှတ်ချက်ချရေးသည်။
၄၉:၂၈–၃၃ နောက်ဆုံးတွင် ယာကုပ်က သူ့အလောင်းအား ဧဖရုန်လယ်ပြင် မာဂပေလသင်္ချိုင်းတွင် မြှုပ်နှံရန် မှာခဲ့သည်။ ထိုသင်္ချိုင်းသည် အာဗြဟံနှင့် စာရာ၊ ဣဇက်နှင့် ရေဗက္ကာနှင့် လေအာတို့ မြှုပ်နှံရာ မျိုးရိုးစဉ်လာ သုဿန်တစပြင်ဖြစ်သည်။ ပုဂ္ဂိုလ်ရေးသာမက မျိုးရိုးဇာတိအကြောင်းပါ မကျန်အကုန်အစင် မှာကြားခဲ့ပြီးမှ ယာကုပ်သည် ခုတင်ပေါ်၌ အသာအယာခြေဆင်း၍ နောက်ဆုံးထွက်သက် ရှူထုတ်သွားသည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။