ကမ္ဘာဦးကျမ်း - ၁၃

အာဗြံနှင့်လောတတို့ခွဲခွာကြခြင်း
1အာဗြံသမီးမောင်နှံတို့သည်လည်း၊ လောတနှင့်တကွ မိမိတို့၌ရှိသမျှသော ဥစ္စာကိုယူ၍၊ အဲဂုတ္တုပြည်မှထွက်သွားသဖြင့်၊ ခါနာန်ပြည်တောင်ပိုင်းသို့ ရောက်ကြ၏။ 2ထိုအခါ အာဗြံသည်၊ သိုး၊ နွားစသည်တို့ကိုလည်းကောင်း၊ ရွှေငွေကိုလည်းကောင်းအလွန်ရတတ်၏။ 3တစ်ဖန်တောင်ပိုင်းမှခရီးသွား၍၊ ဗေသလနယ်အတွင်း၊ ဗေသလမြို့၊ အာဣမြို့စပ်ကြား၌၊ အထက်ကတဲကိုဆောက်၍၊ 4ယဇ်ပလ္လင်ကိုတည်ခဲ့ဖူးသောအရပ်သို့ ရောက်ပြန်လျှင်၊ ထိုအရပ်တွင် ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြု၏။ 5အာဗြံနှင့်အတူလိုက်လာသော လောတသည်လည်း သိုး၊ နွားများနှင့် တဲအများရှိသဖြင့်၊ 6ထိုလူနှစ်ဦးတို့သည် အတူနေခြင်းငှာ ထိုမြေမဆံ့နိုင်။ ဥစ္စာများလွန်း၍၊ သူတို့သည်တစ်ရပ်တည်းမနေနိုင်ကြ။ 7အာဗြံ၏နွားကျောင်းသား၊ လောတ၏နွားကျောင်းသားတို့သည်လည်း ခိုက်ရန်ပြုကြ၏။ ထိုအခါ၊ ခါနာန်အမျိုးသား၊ ဖေရဇိအမျိုးသားတို့သည် ထိုပြည်၌နေကြသတည်း။ 8အာဗြံကလည်း၊ ငါတို့သည် ညီအစ်ကိုချင်းဖြစ်လျက်၊ ငါနှင့် သင်၌လည်းကောင်း၊ ငါ့နွားကျောင်းသားတို့နှင့်၊ သင့်နွားကျောင်းသားတို့၌လည်းကောင်း၊ ခိုက်ရန်မရှိပါစေနှင့်။ 9မြေတစ်ပြင်လုံးသည် သင့်ရှေ့မှာရှိသည်မဟုတ်လော့။ ငါနှင့်ခွာ၍နေပါလော့။ သင်သည် လက်ဝဲဘက်သို့သွားလျှင်၊ ငါသည်လက်ယာဘက်သို့သွားမည်။ သင်သည် လက်ယာဘက်သို့သွားလျှင်၊ ငါသည် လက်ဝဲဘက်သို့သွားမည်ဟု ဆို၏။ 10ထိုကာလအခါ၊ သောဒုံမြို့နှင့် ဂေါမောရမြို့ကို ထာဝရဘုရားဖျက်ဆီးတော်မမူမီ၊ ဇောရမြို့သို့သွားသောလမ်း၊ ယော်ဒန်မြစ်ပတ်ဝန်းကျင်အရပ်ရပ်၌ ရေများ၍၊ ထာဝရဘုရား၏ဥယျာဉ်တော်ကဲ့သို့လည်းကောင်း၊ အဲဂုတ္တုပြည်ကဲ့သို့လည်းကောင်းဖြစ်သည်ကို၊ လောတမျှော်ကြည့်၍မြင်လျှင်၊က၊ ၂:၁၀။ 11ယော်ဒန်ချိုင့်တစ်လျှောက်လုံးကို ရွေးချယ်၍၊ အရှေ့သို့ပြောင်းသွားသဖြင့်၊ အချင်းချင်း တစ်ဦးနှင့် တစ်ဦးကွဲပြားကြ၏။ 12အာဗြံသည် ခါနာန်ပြည်၌နေလေ၏။ လောတမူကား၊ မြစ်ပတ်ဝန်းကျင်မြို့တို့တွင်နေ၍၊ သောဒုံမြို့နားမှာ တဲကိုဆောက်လေ၏။ 13သောဒုံမြို့သားတို့သည် ဆိုးသောသူ၊ ထာဝရဘုရားရှေ့၌၊ အလွန်အပြစ်များသောသူ ဖြစ်ကြသတည်း။
ဟေဗြုန်မြို့သို့ပြောင်းရွှေ့လာခြင်း
14လောတသည် အာဗြံနှင့်ခွာ၍သွားပြီးမှ၊ ထာဝရဘုရားသည် အာဗြံကိုခေါ်၍၊ သင်ရှိသောအရပ်က၊ တောင်၊ မြောက်၊ အရှေ့၊ အနောက်သို့မျှော်ကြည့်လော့။ 15သင်မြင်သော မြေတစ်ပြင်လုံးကို၊ သင်နှင့် သင်၏အမျိုးအနွယ်အား၊ ငါသည်ကာလအစဉ်အမြဲပေးမည်။တ၊ ၇:၅။ 16သင်၏အမျိုးအနွယ်ကို မြေမှုန့်ကဲ့သို့ငါများပြားစေမည်။ သို့ဖြစ်၍ လူသည်မြေမှုန့်ကိုရေတွက်နိုင်လျှင်၊ သင်၏အမျိုးအနွယ်ကို ရေတွက်နိုင်ကြလိမ့်မည်။ 17သင်ထ၍မြေကို အလျားအားဖြင့်လည်းကောင်း၊ အနံအားဖြင့်လည်းကောင်း လျှောက်သွားလော့။ သင်အားငါပေးမည်ဟု မိန့်တော်မူ၏။ 18တစ်ဖန် အာဗြံသည် တဲကိုပြောင်း၍၊ ဟေဗြုန်မြို့၊ မံရေသပိတ်တောသို့ရောက်မှ နေရာကျ၍ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်လေ၏။

ကမ္ဘာဦးကျမ်း - ၁၃ (အနက်ဖွင့်)

၁၃: အာဗြဟံမိသားစုသည် အဲဂုတ္တုပြည်မှ ဗေသေလသို့ နောက်တဖန် ရောက်ရှိလာကြသည်။ ဘုရားသခင်ထံ ပြန်လည်ခိုလှုံလာကြသည်။ ဘုရားသခင်သည် အာဗြဟံနှင့် အတူ ပါရှိသဖြင့် “ဗေသေလသို့ ပြန်လာခြင်း” သည် ဘုရားသခင်၏ အံ့ဖွယ်ဘုန်းတန်ခိုးများ ထင်ရှားရာဖြစ်သည်။

၃။ လောတ၊ မေလခိဇေဒက် နှင့် ဆက်ဆံပုံ (၁၃:၁၄၂၄)

          ၁၃:၁၃ အိမ်မွေးတိရစ္ဆာန်အကျိုးပေးသော လောတနှင့် ဦးလေး အာဗြဟံသည် သူတို့ ဆိတ်သိုးများ စားကျက်မြေလုမှုကြောင့် အငြင်းပွားအချင်းများလာကြသည်။ တစ်ဘက်သားကို ငဲ့ညှာတတ်သူ၊ သူများကို ဦးစားပေးတတ်သူ၊ စိတ်သဘောထား ပြည့်ဝသူ အာဗြဟံက လောတအား ဦးစားပေး၍ စားကျက်မြေ ရွေးခိုင်းသည်။ လူကြီးသူကောင်းများသည် မိမိထက် အခြားသူများကို ဦးစားပေးသူ (ဖိ၂:၃)ဖြစ်သည်။ လောတသည် မြက်ခင်းစိမ်းစိုသာယာသော ယော်ဒန်မြစ်ကမ်းခြေတလျှောက် ချိုင့်ဝှမ်းလွင်ပြင်ကို ရွေးချယ်သည်။ ထိုမြေသည် အပြစ်ဒုစရိုက်မြို့တော် သောဒုံနှင့် ဂေါမူရ မြို့တည်ရာဖြစ်လာသည်။ လောတသည်လည်း ဘုရားသခင်ကို ယုံကြည်ကိုးစားသူဖြစ် (၂ပေ ၂:၇-၈)၍ လောကစည်းစိမ် အောင်မြင် ချမ်းသာသည်။ ဆရာကြီးတစ်ပါးကမူ “လောတသည် သူ့တိရစ္ဆာန်များအတွက် မြက်ခင်းကြွယ်ဝ၍ အာဗြဟံသည် သားသမီးကောင်းကြီး မင်္ဂလာချမ်းသာသည်” ဟု ဆိုသည်။ (ငယ် ၁၅-၁၆)

သောဒုံသားများသည် လောတကဲ့သို့မဟုတ်။ ဆိုးသောသူ၊ ထာဝရဘုရားရှေ့၌ အလွန်အပြစ်များ သူများဖြစ်သည်။ လောတ၏ ဇာတိအမြင် လိုလားပုံကို လေ့လာကြည့်ပါ။ သူသည် (သူ့လူများ) ရန်ဘက်ပြုသည် (ငယ် ၇)။ ပတ်ဝန်းကျင်ကို မြင်သည် (ငယ် ၁၀)။ စိတ်ကြိုက် ရွေးချယ်သည် (ငယ် ၁၁)။ သူ့အတွက်တဲဆောက်သည် (ငယ် ၁၂)။ မြို့တံခါးဝတွင်ထိုင်၍ နိုင်ငံရေးရာထူးမက်မောသည် (၁၉:၁)။ သောဒုံ မြို့၏ မြို့အကြီးအကဲမြို့တော်ဝန်ပမာ ဖြစ်လာသည်။

၁၃:၁၄၁၈ အာဗြဟံသည် ဖုန်းဆိုးတောမြေသာ ရရှိသွားသော်လည်း ဘုရားသခင်က ခါနာန်ပြည်တစ်ခုလုံးအား နောင်လာနောက်သား သားစဉ်မြေးဆက်ထိ ပိုင်ဆိုင်ခွင့်ပေးသည်။ ထို့အပြင် ရေတွက်၍ မကုန်နိုင်သော ကြွယ်ဝချမ်းသာခြင်း ပေးသည်။ ထိုဒေသတွင် စနစ်တကျ အခြေချပြီးသောအခါ အာဗြဟံသည် ဟေဗြုန်အရပ်တွင် ဘုရားသခင်အတွက် တတိယမြောက် ယဇ်ပလ္လင်တည်ဆောက်ပြန်သည်။ အာဗြဟံသည် သူ့အတွက် ကျောခင်းစရာတဲမရှိလျှင်မရှိမည်။ဘုရားသခင်အတွက် ယဇ်ပလ္လင်ကို အမြဲတမ်း ဦးစားပေးတည်ဆောက်လေ့ရှိသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။