ကမ္ဘာဦးကျမ်း - ၁၄

လောတကိုကယ်ခြင်း
1ထိုရောအခါ၊ ရှိနာမင်းကြီးအံရဖေလ၊ ဧလာသာမင်းကြီးအာရုတ်၊ ဧလံမင်းကြီးခေဒေါရလောမာ၊ ဂေါအိမ်မင်းကြီးတိဒလတို့သည်၊ 2သောဒုံမင်းကြီးဗေရ၊ ဂေါမောရမင်းကြီးဗိရရှ၊ အာဓမာမင်းကြီးရှိနပ်၊ ဇေဘိုင်မင်းကြီးရှေမဘာ၊ ဗေလာမင်းကြီးတို့နှင့် စစ်တိုက်ကြ၏။ ဗေလပြည်ကား၊ ဇောရအမည်လည်းရှိသတည်း။ 3ထိုပြည်ရှိသမျှတို့သည်၊ သောဒုံအိုင်ဖြစ်သောစိဒ္ဒိမ်ချိုင့်တွင် နီးစပ်လျက်ရှိကြ၏။ 4တစ်ဆယ်နှစ်နှစ်ပတ်လုံး ခေဒေါရလောမာမင်းကြီးထံကျွန်ခံပြီးလျှင်၊ တစ်ဆယ်သုံးနှစ်မြောက်သောအခါ ပုန်ကန်ကြ၏။ 5တစ်ဆယ်လေးနှစ်မြောက်လျှင်၊ ခေဒေါရလောမာမင်းသည်၊ မိမိဘက်ကနေသော မင်းကြီးတို့နှင့်တကွလာ၍၊ အာရှတရုတ်ကာနိမ်မြို့၌၊ ရေဖိမ်လူများကိုလည်းကောင်း၊ ဟာမမြို့၌ ဇူဇိမ်လူများကိုလည်းကောင်း၊ ကိရယသိမ်ချိုင့်၌ ဧမိမ်လူများကိုလည်းကောင်း၊ 6စိရတောင်ပေါ်မှာဟောရိလူများကိုလည်းကောင်း လုပ်ကြံ၍၊ တောနားမှာရှိသော ဧလပါရန်မြို့တိုင်အောင် လိုက်ကြ၏။ 7တစ်ဖန်ပြန်လာ၍၊ ကာဒေရှပြည်၊ အင်မိရှပတ်မြို့သို့ရောက်ပြီးလျှင်၊ အာမလက်ပြည်ရှိသမျှကိုလည်းကောင်း၊ ဟာဇဇုန္တမာမြို့၌နေသော အာမောရိလူများကိုလည်းကောင်း လုပ်ကြံကြ၏။ 8ထိုအခါ သောဒုံမင်းကြီး၊ ဂေါမောရမင်းကြီး၊ အာဓမာမင်းကြီး၊ ဇေဘိုင်မင်းကြီး၊ ဇောရတည်းဟူသော ဗေလာမင်းကြီးတို့သည်ချီထွက်၍၊ စိဒ္ဒိမ်ချိုင့်၌ စစ်ပြိုင်ကြ၏။ 9ထိုသို့ ဧလံမင်းကြီးခေဒေါရလောမာ၊ ဂေါအိမ်မင်းကြီးတိဒလ၊ ရှိနာမင်းကြီးအံရဖေလ၊ ဧလာသာမင်းကြီးအာရုတ်တည်းဟူသော၊ မင်းကြီးလေးပါးနှင့်၊ မင်းကြီးငါးပါးတို့သည် စစ်ပြိုင်ကြ၏။ 10စိဒ္ဒိမ်ချိုင့်၌ ရေညှိအကျိအချွဲနှင့်ပြည့်သော တွင်းများရှိ၏။ သောဒုံမင်းကြီး၊ ဂေါမောရမင်းကြီးတို့သည်ပြေး၍ ထိုတွင်းများ၌ ကျလေ၏။ ကြွင်းသောသူတို့သည် တောင်သို့ပြေးကြ၏။ 11အောင်သောမင်းတို့သည်၊ သောဒုံမြို့နှင့် ဂေါမောရမြို့၌ ရှိသမျှသောဥစ္စာနှင့် မြို့ရိက္ခာရှိသမျှတို့ကို ယူ၍သွားကြ၏။ 12သောဒုံမြို့၌နေသော အာဗြံအစ်ကိုသားလောတနှင့် သူ၏ဥစ္စာတို့ကိုလည်း သိမ်းယူ၍သွား၏။
13ထိုဘေးမှ လွတ်၍ပြေးသောသူတစ်ယောက်သည်၊ ဟေဗြဲလူအာဗြံနှင့် မိတ်သဟာယဖွဲ့သောသူ၊ ဧရှကောလနှင့် အာနေရ၏အစ်ကို အာမောရိလူ မံရေ၏သပိတ်တောနားမှာနေသော အာဗြံထံသို့ရောက်၍၊ သတင်းကြားပြောလေ၏။ 14အာဗြံသည် မိမိအစ်ကိုသားကို ဖမ်းသွားကြောင်းကိုကြားလျှင်၊ မိမိအိမ်၌ဖွား၍ သွန်သင်သောလူသုံးရာတစ်ဆယ်ရှစ်ယောက်တို့ကိုစီရင်၍၊ ဒန်မြို့ တိုင်အောင်လိုက်လေ၏။ 15ညအခါ၊ မိမိလူတို့ကိုခွဲ၍ တိုက်စေသဖြင့်၊ လုပ်ကြံပြီးလျှင်၊ ဒမာသက်မြို့မြောက်ဘက် ဟောဘမြို့တိုင်အောင်လိုက်ပြန်လေ၏။ 16ရန်သူတို့သိမ်းသွားသောဥစ္စာရှိသမျှကိုလည်းကောင်း၊ မိမိအစ်ကိုသားလောတနှင့် သူ၏ဥစ္စာကိုလည်းကောင်း၊ မိန်းမများနှင့်လူများကိုလည်းကောင်း၊ တစ်ဖန်ဆောင်ယူခဲ့လေ၏။
မေလခိဇေဒက်
17ခေဒေါရလောမာနှင့်၊ သူ့ဘက်ကနေသောမင်းကြီးတို့ကို လုပ်ကြံရာမှ အာဗြံပြန်လာသောအခါ၊ သောဒုံမင်းကြီးသည် ခရီးဦးကြိုပြုခြင်းငှာ ရှာဝေချိုင့်တည်းဟူသော မင်းကြီးချိုင့်သို့ထွက်သွား၏။ 18အမြင့်ဆုံးသော ဘုရားသခင်၏ယဇ်ပုရောဟိတ်ဖြစ်သော၊ ရှာလင်မင်းကြီး မေလခိဇေဒက်သည်လည်း၊ မုန့်နှင့် စပျစ်ရည်ကိုဆောင်ခဲ့ပြီးလျှင်၊ 19ကောင်းကင်မြေကြီးရှင်၊ အမြင့်ဆုံးသောဘုရားသခင်သည် အာဗြံအား ကောင်းချီးပေးတော်မူပါစေသောဟု၊ အာဗြံကိုကောင်းချီးပေး၍၊ 20သင်၏ရန်သူတို့ကို သင်၏လက်၌အပ်နှံတော်မူသော အမြင့်ဆုံးသော ဘုရားသခင်လည်း၊ မင်္ဂလာရှိတော်မူစေသတည်းဟု မြွက်ဆို၏။ အာဗြံသည်လည်း ဥစ္စာရှိသမျှတို့ကို၊ ထိုမင်းအား ဆယ်ဖို့တစ်ဖို့လှူလေ၏။
21သောဒုံမင်းကြီးကလည်း၊ လူတို့ကို ကျွန်ုပ်အားပြန်ပေးပါ။ ဥစ္စာတို့ကိုကား၊ ကိုယ်တိုင်ယူပါလော့ဟု အာဗြံအားပြောဆိုလျှင်၊ 22-24အာဗြံက၊ မင်းကြီးသည် အာဗြံကိုငါရတတ်စေပြီဟု ပြောစရာမရှိစေခြင်းငှာ လုလင်တို့သည် စားပြီးသောအရာကိုလည်းကောင်း၊ ကျွန်ုပ်နှင့်အတူလိုက်လာသောသူ၊ အာနေရ၊ ဧရှကောလ၊ မံရေတို့သည် မိမိတို့အဖို့ကိုယူစေခြင်းငှာ အခွင့်ပေးသဖြင့်၊ သူတို့ယူသောအဖို့ကိုလည်းကောင်း ထား၍ မင်းကြီး၏ဥစ္စာ၊ အပ်ခြည်တစ်မျှင်ဖြစ်စေ၊ ခြေနင်းကြိုးတစ်ပင်ဖြစ်စေ၊ တစ်စုံတစ်ခုကိုမျှငါမယူဟု ကောင်းကင်မြေကြီးရှင်၊ အမြင့်ဆုံးသောဘုရားသခင် ထာဝရဘုရားရှေ့တော်၌၊ ကျွန်ုပ်သည်လက်ကိုချီ၍ အဓိဋ္ဌာန်ပြုပါပြီဟု၊ သောဒုံမင်းကြီးအားပြောဆိုလေ၏။

ကမ္ဘာဦးကျမ်း - ၁၄ (အနက်ဖွင့်)

၁၄:၁၂ ဤကျမ်းချက်ပါရှိသော စစ်ပွဲမတိုင်မီ (၁၃)နှစ်ကာလတွင် ခေဒေါလုလောမာ (ပါရှန်ဘုရင်)က ပင်လယ်သေ(ဆားပင်လယ်) ပတ်ဝန်းကျင်ရှိ မြို့ပြနိုင်ငံများကို လွှမ်းမိုးအုပ်စိုးခဲ့သည်။ (၁၃)နှစ်ပြည့်မြောက်သည့်နှစ်တွင် ()နိုင်ငံက ခေဒေါရလောမာ မင်းအား ပုန်ကန်တိုက်ခိုက်ကြသည်။ ထို့ကြောင့် ခေဒေါရလောမာဘုရင်သည် ဗာဗုလုန်ဒေသရှိ အခြားဘုရင် (၃)ပါးနှင့် မဟာမိတ်ဖွဲ့သည်။ ပင်လယ်သေ အရှေ့ဘက်ခြမ်းရှိနိုင်ငံ၊ အနောက်ဘက်ကမ်းနှင့် မြောက်ဘက်ရှိ သောဒုံနှင့်ဂေါမူရ မြို့ပြနိုင်ငံများနှင့် ပူးပေါင်းသည်။ စိဒ္ဒိမ်ချိုင့်ဝှမ်းတွင် သဲကြီးမဲကြီး စစ်ဖြစ်ခဲ့ကြသည်။ ထိုအရပ်ဒေသသည် ရေညှိအကျအချွဲပြည့်သောတွင်းများပေါများသည်။ ပုန်ကန်ခြင်းခံရသူများက သူပုန်များအား နှိမ်နင်း အောင်ပွဲခံကြသည်။ သောဒုံမြို့နှင့်တကွ မြို့ပြပြည်ရွာများ လုယူသွားကြသည်။ လောတလည်း ဖမ်းဆီးခြင်း ခံရသည်။

၁၄:၁၃၁၆ ထိုသတင်းစကား အာဗြဟံကြားသိသောအခါ ရဲမက်ဗိုလ်ပါစုဆောင်း၍ လူ(၃၁၈)ယောက်ဖြင့် ထိုးစစ်နိုင်သူမြောက်ဘက်အရပ်ရှိ ဒန်လူမျိုး နောက်သို့ ဒလကြမ်း လိုက်စစ်ဆင်သည်။ ဒမာသက်မြို့အနီးတွင် မှီ၍ ထိုသူများကို သုတ်သင်ချေမှုန်းပစ်သည်။ ဖမ်းဆီးသွားသော လောတ ကိုလည်း ပြန်လည် ကယ်ထုတ်သည်။ ဖောက်ပြန် သူများသည် မိမိကိုယ်သာ ဒုက္ခရောက်သည်မဟုတ်။ အပေါင်းအသင်း အချွေအရံများကိုလည်း ဘေးဒုက္ခပေးပါသည်။ အာဗြဟံက လောတအား ဓါးလက်နက်ဖြင့် ကယ်ထုတ်သည်။ နောင်တွင် ကြားခံဆုတောင်းပေးခြင်းဖြင့် ကယ်ထုတ်ဦးမည် (အခန်း ၁၈-၁၉)။

၁၄:၁၇၁၈ ထိုသို့တိုက်စစ်ဆင်နွှဲ၍ အောင်ပွဲနှင့်အတူ အာဗြဟံပြန်လာသောအခါ သောဒုံဘုရင်က ခရီးဦးကြိုပြုသည်။ ကြီးမားသော ဝိညာဉ်စစ်ပွဲ အောင်ပွဲ ခံသောအခါ စာန်မာရ်နတ်က မကြာခဏ စုံစမ်းသည်ကို သတိပြုရမည်။ အမြင်ဆုံးသောဘုရားသခင်၏ ယဇ်ပုရောဟိတ်ရှာလင်မင်းကြီး မေလခိဇေဒက်သည် မုန့်နှင့်စပျစ်ရည်ဖြင့် အာဗြဟံအားဂုဏ်ပြုညစာ တည်ခင်းပေးသည်။ ကယ်တင်ရှင် ယေရှုသခင်၏ ဒဏ်ရာဒဏ်ချက်များ အမှတ်တရ သင်္ကေတပြုသော မုန့်နှင့်စပျစ်ရည်သည် ရှေးဦးကတည်းက ယုံကြည်သူများနှင့် ပတ်သက်နေသည်ကို သတိပြုမိကြမည်။ ကိုယ်တော်ဘုရားပေးဆပ်ခဲ့သော အသွေးတော် အသားတော်က စုံစမ်းမှုပေါင်းစုံမှ ကယ်နှုတ်ပေးသည်။ အားအင်သစ် ဘဝသစ်ဖြစ်စေသည်။

မေလခိဇေဒက် ဆိုသောနာမည်၏ အဓိပ္ပါယ်မှာ ဖြောင့်မတ်ခြင်း၏ ဘုရင်ဖြစ်၍ ရှာလင် ဆိုသည်မှာ (ယေရုရှလင်၏ အတိုကောက်စာလုံး) ငြိမ်သက်ခြင်းဟု အနက်ရသည်။ ထို့ကြောင့် ဖြောင့်မတ်ခြင်းနှင့် ငြိမ်သက်ခြင်း၏ ဘုရင်ဟု အဓိပ္ပါယ်ရသည်။ မေလခိဇေဒက်သည် ဖြောင့်မတ်ခြင်းနှင့် ငြိမ်သက်ခြင်း အစစ်အမှန်ဖြစ်သော ခရစ်တော်၊ အမြင့်ဆုံးသော ယဇ်ပုရောဟိတ်ကို ပုံဆောင်ပါသည်။ ဟေဗြဲ ၇:၂ တွင် မေလခိဇေဒက်သည် “အဘမရှိ၊ အမိမရှိ၊ ရှေးမျိုးစဉ်မရှိ၊ အသက်အပိုင်းအခြားမရှိဘဲ၊ ဘုရားသခင်၏ သားတော်နှင့်တူသည်” ဟုဆိုထားရာ ဤအချက်သည် ထိုမင်း၏ ယဇ်ပုရောဟိတ်အမှုအရာနှင့်သာ သက်ဆိုင်သည်။ ယဇ်ပုရောဟိတ်အမှုအရာသည် များသောအားဖြင့် ဆွေစဉ်မျိုးဆက် ဆက်ခံလေ့ရှိသည်။ သို့သော် မေလခိဇေဒက်မင်း၏ ယဇ်ပုရောဟိတ် အရိုက်အရာသည် မိဘဘိုးဘွားမှ အမွေဆက်ခံခြင်းမဟုတ်။ မှတ်တမ်းမှတ်ရာတွင် သီးသန့်ဖြစ်နေသည်။ သူမှအစပြုခြင်းမဟုတ်သကဲ့သို့ အဆုံးလည်းမဟုတ်။ ခရစ်တော်၏ ယဇ်ပုရောဟိတ် အရိုက်အရာခံယူခြင်းမျိုး ဖြစ်သည် (ဆာ ၁၁၀:၄၊ ဟေဗြဲ ၇:၁၇)။

၁၄:၁၉၂၀ မေလခိဇေဒက်မင်းက အောင်ပွဲခံ အာဗြဟံအားကောင်းကြီးမင်္ဂလာပေး သကဲ့သို့ အာဗြဟံကလည်း ဥစ္စာရှိသမျှထဲမှ ဆယ်ဘို့တစ်ဘို့ကို ဘုရားသခင်၏ ယဇ်ပုရောဟိတ်ထံသို့ ပေးလှူ ဆက်သသည်။ ဤအကြောင်းနှင့်ပတ်သက်၍ ဟေဗြဲ(၇)တွင် လေးနက်သောဝိညာဉ်ရေးရာဖွဲ့နှောင်မှုအဖြစ် ရှင်းပြထားသည်။ အဘယ်ကြောင့်ဆိုသော် အာဗြဟံသည် အာရုန်၏ ဘိုးဘေးဖြစ်သည်။ အာရုန်၏ ယဇ်ပုရောဟိတ်အရာ နိမိတ်ပြခြင်းဖြစ်သည်။ မေလခိဇေဒက်က ကောင်းကြီးပေးခြင်းမှာ အာရုန်၏ ယဇ်ပုရောဟိတ်အရာထက်မေလခိဇေဒက်၏ယဇ်ပရောဟိတ်အရာ ကြီးမြတ်ကြောင်း သက်သေပြသည်။ အဘ်ကြောင့်ဆိုသော် လူတကာကို ကောင်းကြီးပေးနိုင်သော လူမျိုးစု၏ ဘခင်ကြီးအားကောင်းကြီးပေးနိုင်သူဖြစ်သည်။ မေလခိဇေဒက်သို့ ဆယ်ဘို့တစ်ဘို့ ပေးလှူခြင်းသည် အာရုန်၏ ယဇ်ပုရောဟိတ်အရာ ထက်ကြီးမြတ်ကြောင်းထင်ရှားသည်။ အဘယ်ကြောင့် ဆိုသော် ဆယ်ဘို့တစ်ဘို့သည် သာ၍ကြီးမြတ်သူကို ပေးလှူရစမြဲ ဖြစ်သည်။

၁၄:၂၁၂၄ သောဒုံမင်းက ပစ္စည်းကိုယူပါ လူကိုချမ်းသာပေးပါ ဟုဆိုသောအခါ အာဗြဟံက “အပ်ချည်တမျှင်၊ ခြေနင်းကြိုးတစ်ပင်မှစ၍ မယူပါ” ဟုပြန်ပြောပါသည်။ စာတန်သည် ယုံကြည်သူများအား ဥစ္စာပစ္စည်းများဖြင့် ဖျားယောင်းဖျက်ဆီးလေ့ရှိသည်ကို သတိပြုရမည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။