ကမ္ဘာဦးကျမ်း - ၁၂

အာဗြံကိုရွေးကောက်တော်မူခြင်း
1ထာဝရဘုရားသည်လည်း အာဗြံကိုခေါ်တော်မူ၍၊ သင်၏ပြည်နှင့်တကွ အမျိုးသားချင်းပေါက်ဖော်များထဲက ထွက်ပြီးလျှင်၊ ငါပြလတ္တံ့သောပြည်သို့ သွားလော့။တ၊ ၇:၂-၃၊ ဟေဗြဲ၊ ၁၁:၈။ 2ငါသည် သင့်ကို လူမျိုးကြီးဖြစ်စေမည်။ ငါကောင်းချီးပေး၍ သင်၏နာမကို ကြီးမြတ်စေမည်။ သင်သည် ကောင်းချီးခံရသောသူဖြစ်လိမ့်မည်။ 3သင့်ကို ကောင်းချီးပေးသောသူကို ငါကောင်းချီးပေးမည်။ သင့်ကို ကျိန်ဆဲသောသူကို ငါကျိန်ဆဲမည်။ သင်အားဖြင့်လည်း လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကိုခံရကြလိမ့်မည်ဟု မိန့်တော်မူ၏။ဂလ၊ ၃:၈။ 4ထိုသို့ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း၊ အာဗြံထွက်သွား၍ လောတလည်းလိုက်လေ၏။ အာဗြံသည် ခါရန်မြို့မှထွက်သွားသောအခါ အသက်ခုနစ်ဆယ်ငါးနှစ်ရှိ၏။ 5အာဗြံသည် မယားစာရဲ၊ အစ်ကိုသားလောတနှင့်၊ ဥစ္စာရတတ်သမျှကိုလည်းကောင်း၊ ခါရန်မြို့၌ရသော လူတို့ကိုလည်းကောင်း၊ ယူပြီးလျှင် ခါနာန်ပြည်သို့ရောက်ခြင်းငှာ၊ ထွက်သွား၍၊ ထိုပြည်သို့ ရောက်ကြ၏။
6အာဗြံသည် ထိုပြည်ကိုလျှောက်သွား၍ ရှိခင်အရပ်၊ မောရေသပိတ်ပင်သို့ရောက်လေ၏။ ထိုအခါ၊ ခါနာန်အမျိုးသားတို့သည် ထိုပြည်၌ရှိကြ၏။ 7ထာဝရဘုရားသည် အာဗြံအားထင်ရှား၍၊ ဤပြည်ကို သင်၏အမျိုးအနွယ်အားငါပေးမည်ဟု မိန့်တော်မူ၏။ ထိုသို့ထင်ရှားတော်မူသောထာဝရဘုရားဖို့၊ ထိုအရပ်၌၊ ယဇ်ပလ္လင်ကိုတည်လေ၏။တ၊ ၇:၅၊ ဂလ၊ ၃:၁၆။
8ထိုအရပ်မှသွားပြန်၍၊ ဗေသလမြို့အရှေ့၌ရှိသောတောင်သို့ ပြောင်းသဖြင့်၊ ဗေသလမြို့အရှေ့၊ အာဣမြို့အနောက်စပ်ကြားမှာ တဲကိုဆောက်၍၊ ထာဝရဘုရားဖို့ ယဇ်ပလ္လင်ကိုတည်ပြီးလျှင်၊ ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြု၏။ 9အာဗြံသည် ခရီးသွားလျက်၊ ပြောင်းလျက်၊ တောင်မျက်နှာသို့ရောက်လေ၏။
အဲဂုတ္တုပြည်သို့အာဗြံရောက်ရှိခြင်း
10ထိုနောက်၊ ခါနာန်ပြည်၌ အစားခေါင်းပါးခြင်းဖြစ်၏။ အလွန်အစားခေါင်းပါးသောကြောင့်၊ အာဗြံသည် အဲဂုတ္တုပြည်၌တည်းခိုခြင်းငှာ သွားလေ၏။ 11အဲဂုတ္တုပြည်နှင့်နီးသောအခါ၊ မိမိမယားစာရဲကို၊ သင်သည် အဆင်းလှသောမိန်းမဖြစ်သည်ကိုငါသိ၏။ 12အဲဂုတ္တုလူတို့သည် သင့်ကိုမြင်သောအခါ၊ ဤမိန်းမသည် သူ၏မယားဖြစ်၏ဟုဆိုလျက်၊ ငါ့ကိုသတ်၍ သင့်ကိုအသက်ချမ်းသာပေးလိမ့်မည်။ 13သို့ဖြစ်၍ သင်သည် ငါ့နှမဖြစ်ကြောင်းကိုပြောပါလော့။ သို့ပြောလျှင် သင့်အတွက် ငါကောင်းစားလိမ့်မည်။ သင်၏ကျေးဇူးအားဖြင့် ငါအသက်ချမ်းသာရလိမ့်မည်ဟု ဆို၏။က၊ ၂၀:၂၊ ၂၆:၇။
14အာဗြံသည် အဲဂုတ္တုပြည်သို့ရောက်သောအခါ၊ သူ၏မယားသည် အလွန်အဆင်းလှသည်ကို အဲဂုတ္တုလူတို့သည်မြင်ကြ၏။ 15ဖာရောဘုရင်၏မှူးတော်မတ်တော်တို့လည်းမြင်၍၊ ရှေ့တော်၌ချီးမွမ်းပြီးလျှင်၊ နန်းတော်သို့သွင်းရကြ၏။ 16ဖာရောဘုရင်သည် ထိုမိန်းမအတွက် အာဗြံ၌ကျေးဇူးပြုသဖြင့်၊ သူသည် သိုး၊ နွား၊ မြည်းထီး၊ မြည်းမ၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကုလားအုတ်များနှင့်ကြွယ်ဝ၏။ 17ထာဝရဘုရားသည်၊ အာဗြံ၏မယားစာရဲအတွက်ကြောင့်၊ ဖာရောဘုရင်မှစ၍ နန်းတော်သားတို့ကို ကြီးသောဘေးဒဏ်ဖြင့် ဆုံးမတော်မူ၏။ 18ဖာရောဘုရင်သည်လည်းအာဗြံကိုခေါ်၍၊ သင်သည်ငါ၌ပြုသောအမှုကား အဘယ်သို့နည်း။ သူသည်သင်၏မယားဖြစ်ကြောင်းကို၊ ငါအားအဘယ်ကြောင့် မပြောသနည်း။ 19ငါသည် သူ့ကိုသိမ်းပိုက်စေခြင်းငှာ၊ သူသည် ငါ့နှမဖြစ်သည်ဟု အဘယ်ကြောင့်ဆိုသနည်း။ သင်၏မယားကို ယခုယူ၍သွားလော့ဟု အမိန့်ရှိ၏။ 20ထိုသို့အာဗြံအမှုကိုစီရင်၍၊ မိမိလူတို့အားမှာထားသဖြင့်၊ သူတို့သည် အာဗြံ၌ရှိသမျှသောဥစ္စာနှင့်တကွ၊ သမီးမောင်နှံတို့ကို လွှတ်လိုက်ကြ၏။

ကမ္ဘာဦးကျမ်း - ၁၂ (အနက်ဖွင့်)

၂။ ဣသရေလ ဘိုးဘွားဘီဘင်များ (အခန်း ၁၂၅၀)

(ကအာဗြဟံ (၁၂: – ၂၅:၁၈)

၁။ အာဗြအားခေါ်ခြင်း (၁၂:)

          ၁၂: ဥရုမြို့တွင် အာဗြဟံရှိနေစဉ် ဘုရားသခင်က ခေါ်သည် (ငယ် ၁၊ တ ၇:၁-၂ တို့ကို ယှဉ်ဖတ်)။ ထိုတိုင်းပြည်မှ မိသားစုများနှင့် ထွက်၍ ခမည်းတော်၏ အိမ်တော်သို့ သာဝကခရီးသည် အဖြစ် သွားရောက်ရန် ဘုရားသခင်က ခေါ်သည် (ဟေဗြဲ ၁၁:၉)။ ဘုရားသခင်က အာဗြဟံအား အံ့ဘွယ်ကတိတော်များလည်း ပေးသည်။ တိုင်းပြည်အဖြစ် ခါနာန်မြေ၊ လူမျိုးတော်အဖြစ် ယုဒလူမျိုး ရုပ်ဝတ္ထု ပစ္စည်းနှင့် ဝိညာဉ်ရေးရာ ကြွယ်ဝမှုအဖြစ် အာဗြဟံဟူသော အမည်နာမ၊ ဣသရေလလူမျိုးနှင့် ရင်းနှီးပတ်သတ်သူ များကို ကောင်းကြီးမင်္ဂလာဝေမျှခွင့် ယုဒများ၏ ရန်သူများကို ကျိန်ခြင်း အမင်္ဂလာ သခင်ယေရှုခရစ်တော်ကို ဆင်းသက်ပေါ်ထွန်းစေရာ လူမျိုးအဖြစ် အာဗြံကို ကတိတော်ပေးခဲ့သည်။ ထိုကတိတော်များကို ၁၃:၁၄-၁၇၊ ၁၅:၄-၆၊ ၁၇:၁၀-၁၄ နှင့် ၂၂:၁၅-၁၈ တို့တွင် ပြန်လည် ရှင်းပြထားသည်။

၁၂: ခါရန်နေ့ရက်များ ကုန်လွန်ပြီး နောက်ဆိုသည်မှာ ခါရန်တွင် ရှိနေကြစည် တိုးတက်ပြောင်းလဲ ခြင်းမရှိဟု ဆိုလိုသည်။ အာဗြံသည် ဇနီးသည် စာရာ၊ တူ လောတ တို့နှင့်အတူ ပိုင်ဆိုင်သမျှကို ယူဆောင်၍ ခါနာန်ပြည်သို့ ဆက်လက်ချီတက်ကြသည်။ ရှေခင် အရပ်ဒေသသို့ ရောက်သောအခါ အာဗြံသည် ဘုရားသခင်အတွက် ယဇ်ပလ္လင် ပထမဦးဆုံးတည် ဆောက်သည်။ ယုံကြည်ခြင်းဖြင့် လျှောက်လှမ်းသူဖြစ်သောကြာင့် ဒေသခံခါနာန်သား များကို မကြောက်။ အခက်အခဲပြဿနာ မရှိ။ ဗေသေလနှင့် အာဣမြို့အကြားတွင် ဘုရားသခင်အတွက်တဲတော် ဆောက်ပြန်သည်။ သူ့မိသားစုနေထိုင်ဖို့ တဲအိမ်သာမက၊ ဘုရားသခင်အတွက် တဲအိမ်ဦးစားပေး ဆောက်ခြင်းသည် သင်ခန်းစာ နမူနာယူစရာဖြစ်သည်။ လူထက် ဘုရားသခင်ကို ဦးစားပေးရသည့် သင်ခန်းစာဖြစ်သည်။ ထိုနေရာမှ တောင်ဘက်အရပ် (Negev) သို့ ဆက်သွားသည်ဟု အပိုဒ်ငယ် (၉)တွင် တွေ့ရသည်။

၂။ အဲဂုတ္တုပြည်သို့ ပြန်သွားခြင်း (၁၂:၁၀၁၃:)

          ၁၂:၁၀၂၀ အာဗြဟံ၏ ယုံကြည်ခြင်းလစ်ဟင်းသွားသည်။ ကမ္ဘာမီးလောင် သားကောင် ချနင်း သကဲ့သို့ ငတ်မွတ်ခေါင်းပါးခြင်းဘေးဒဏ်ကြုံတွေ့သော အာဗြဟံသည် ဘုရားသခင်ပြောသော ကတိတော်ကို မေ့လျော့ပြီး အဲဂုတ္တုပြည်သို့ မိသားစုများနှင့်အတူ ပြန်သွားသည်။ တစ်နည်းအားဖြင့် လူ့လောက ဇာတိမြေသို့ ခြေဦးပြန်လှည့်ခြင်းဖြစ်သည်။ ထိုသို့ လောကမြေသို့ ပြန်သွားသောအခါ စိုးရိမ်ထိတ်လန့်ခြင်း ကြံတွေ့ရသ့ည်။ အလှပဂေးဇနီးသည် စာရာကြောင့် ဖာရောမင်း၏ ဓါးချက် စိုးရိမ်သည်။ ထို့ကြောင့် ဇနီးသည်စာရာအား နှမ အဖြစ် ဟန်ဆောင်ခိုင်းသည်။ စင်စစ်တွင်လည်း ဖအေတူမအေကွဲညီမ(၂၀:၁၂)ဖြစ်သည်။ သို့သော်လည်း လိမ်လည် လှည့်ဖျားလိုသောစိတ်ဖြင့် မုသာစကားဆိုခြင်းဖြစ်သည်။ ဥပယ်တမျှင် ညှည့်ဖျားစကားကြောင့် အာဗြံသည် ဆုလာဒ်လက်ဆောင် အများအပြားရရှိသွားသော်လည်း ဇနီးသည်စာရာအတွက်မူ မကောင်း။ ဖာရောမင်း၏ သိမ်းပိုက်ခြင်း ခံရသည်။ ဖာရောဘုရင်၏ နန်းရင်ပြင်တွင် ပလိပ်ရောဂါကပ်ဆိုး သင့်လာသည်။ ဖာရောဘုရင်က အာဗြဟံ လိမ်လည်မှန်း သိရှိသွားသောကြောင့် ခါနာန်ပြည်သို့ ပြန်လည် မောင်းထုတ်လိုက်သည်။

ဤနေရာတွင် မိမိတို့ဝိညာဉ်ရေးရာ လက်နက်များအား ဇာတိအသွေးအသား စစ်ပွဲအတွက် ထုတ်သုံးစရာ မဟုတ်ကြောင်း နားလည်ရသည်။ ပြန်လည်မောင်းထုတ်ခံရခြင်းကို ဆိုလိုခြင်းမဟုတ်ပါ။ အလွဲသုံးစားမလုပ်ဖို့ သင်ခန်းစာပေးပါသည်။

ဘုရားသခင်က အာဗြဟံအား ပစ်ပယ်လက်တွဲမဖြုတ်ပါ။ အပြစ်ဒုစရိုက်ကို ပြန်လည် ရွေးချယ်သောကြောင့် အမြင်မှန် ရရန် ဘုရားသခင်က ခွင့်ပြုသည်။ အာဗြဟံသည် ဖာရောမင်းထံ အောက်ကျို့စွာ ဝင်ရောက်သော်လည်း အဆုံးတွင် အရှက်ခွဲခြင်း ခံရသည်။

ဖာရော ဟူသော နာမည်သည် လူနာမည်မဟုတ်။ ရှင်ဘုရင် ဧကရာဇ် သမ္မတ အစရှိသည်တို့၏ ဂုဏ်ပုဒ်ဖြစ်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။