ယေဇကျေလအနာဂတ္တိကျမ်း - ၄၁

1ထိုနောက်မှ ဗိမာန်တော်သို့ခေါ်၍ တံခါးတိုင်တို့ကိုတိုင်းလျှင်၊ နှစ်ဖက်၌ တံခါးတိုင်ထုသည် ဗိမာန်တော်ထုနှင့်အမျှ ခြောက်တောင်ရှိ၏။ 2ဗိမာန်တော်တံခါးဝအကျယ်ကား ဆယ်တောင်ရှိ၏။ တံခါးဝတစ်ဖက်နှင့် တစ်ဖက်လည်း ငါးတောင်စီကျယ်၏။ ဗိမာန်တော်ကိုတိုင်း၍၊ အလျားကား အတောင်လေးဆယ်၊ အနံကား အတောင်နှစ်ဆယ်ရှိ၏။ 3ထိုနောက်၊ အထဲသို့ဝင်၍ အရာရာတို့ကိုတိုင်းလျှင်၊ တံခါးတိုင် နှစ်တောင်၊ တံခါးဝခြောက်တောင်၊ တံခါးဝ တစ်ဖက်တစ်ချက် ခုနစ်တောင်စီရှိ၏။ 4ထိုအခန်းသည် ဗိမာန်တော်အနံနှင့် တညီတည်းဖြစ်လျက်၊ အလျားအတောင်နှစ်ဆယ်၊ အနံလည်း အတောင်နှစ်ဆယ်ရှိသည်ကို တိုင်း၍၊ ဤအခန်းကား အလွန်သန့်ရှင်းရာဌာနဖြစ်သည်ဟု ငါ့အားပြောဆို၏။
ထရံအခန်းများ
5ထိုနောက်၊ အိမ်တော်ထရံကိုတိုင်း၍ အထုခြောက်တောင်ရှိ၏။ အိမ်တော်ပတ်လည် ထရံအခန်းတို့သည် အနံ လေးတောင်စီရှိ၏။ 6ထရံအခန်းတို့သည် အစဉ်အတိုင်းသုံးဆယ်၊ အဆင့်သုံးဆင့်ပေါင်း သုံးဆယ်သုံးလီရှိကြ၏။ ထိုအခန်းတို့သည် အိမ်တော်ထရံထဲသို့ မဝင်ဘဲ ထရံအောက်ပိုင်းထွက်သောခြေအပေါ်မှာ မှီနေကြ၏။ 7ထရံအခန်းအောက်ဆင့်မှသည် ဒုတိယအဆင့်သို့လည်းကောင်း၊ ဒုတိယအဆင့်မှသည် တတိယအဆင့်သို့လည်းကောင်း တက်သည်အတိုင်း၊ အိမ်တော်ထရံပတ်လည် တစ်လျှောက်လုံး ဆက်ကာဆက်ကာ ဆုတ်၍၊ အခန်းနေရာသည် အစဉ်အတိုင်း ကျယ်လျက် အဆင့်ဆင့်တက်၏။ 8အိမ်တော်အထက်ပိုင်းပတ်လည်၌ အမြင့်ဆုံးသော ထရံအခန်းတို့သည် ခြောက်တောင်ရှည်သော ကျူတစ်ပြန်မျှ ကျယ်ကြ၏။ 9ထရံအခန်းပြင်ဘက်၌ ကာသောထရံသည် အထုငါးတောင်ရှိ၏။ ကျန်ကြွင်းသောအရပ်သည် ထရံအခန်းတို့နှင့် ဆိုင်၏။ 10အိမ်တော်ပတ်လည်၌ ထရံအခန်းတို့သည် အိမ်တော်တံတိုင်းအခန်းတို့နှင့် အတောင်နှစ်ဆယ်ကွာလျက်ရှိကြ၏။ 11ထရံအခန်းတို့သည် ကျန်ကြွင်းသောအရပ်သို့ဖွင့်၍ မြောက်ဘက်သို့လည်းကောင်း၊ တောင်ဘက်သို့လည်းကောင်း မျက်နှာပြုကြ၏။ ကျန်ကြွင်းသောအရပ်သည် ပတ်လည်၌ အနံငါးတောင်ရှိ၏။
အနောက်တံတိုင်း
12လွတ်လပ်သော အရပ်ကိုပိတ်၍ အနောက်ဘက်၌ရှိသော တံတိုင်းသည် အလျား အတောင်ခုနစ်ဆယ်ရှိ၍၊ အိမ်တော်ပတ်လည် တံတိုင်းသည်လည်း အထုငါးတောင်၊ အလျားအတောင်ကိုးဆယ်ရှိ၏။
ဗိမာန်တော်အကျယ်အဝန်း
13ထိုသို့ အိမ်တော်ကိုတိုင်း၍ လွတ်လပ်သောအရပ်၊ အိမ်တော်ထရံ၊ တံတိုင်းပါလျက် အလျား အတောင်တစ်ရာရှိ၏။ 14အရှေ့မျက်နှာ၌ လွတ်လပ်သောအရပ်ပါလျက်၊ အိမ်တော်ဦးအတိုင်းအရှည်လည်း အတောင်တစ်ရာရှိ၏။
အသေးစိတ်အချက်များ
15လွတ်လပ်သောအရပ်၌ ကာသောရှေ့တံတိုင်းနှင့် နောက်တံတိုင်းကို တိုင်း၍၊ တစ်ဖက်တစ်ချက်၌ရှိသော ထရံအခန်းပါလျက် အလျားအတောင်တစ်ရာရှိ၏။
16အတွင်းဗိမာန်နှင့် တံတိုင်းမုခ်များ၊ တံခါးခုံများ၊ ကျဉ်းသောပြတင်းပေါက်များ၊ တံခါးခုံရှိသမျှ တစ်ဖက်တစ်ချက်သုံးဆင့်ရှိသော ထရံအခန်းနံရံများတို့သည် မြေမှပြတင်းပေါက်တိုင်အောင် ပျဉ်ပြားနှင့် ဖုံးအုပ်လျက်ရှိ၏။ ပြတင်းပေါက်တို့သည်လည်း ကွယ်ကာလျက် ရှိကြ၏။
17တံခါးပေါက်ရှိသမျှအထက်၊ အတွင်းဗိမာန်ပြင်ဘက်၊ အိမ်တော်အတွင်းပြင် ထရံပတ်လည်၌ ခေရုဗိမ်နှင့် စွန်ပလွံပင်ပုံထု၍၊ 18ခေရုဗိမ်နှစ်ခုကြားမှာ စွန်ပလွံပင်တစ်ခုစီရှိ၏။ ခေရုဗိမ်တစ်ခု၌ မျက်နှာနှစ်ခုစီပါလျက်၊ 19စွန်ပလွံပင်နှစ်ခုကြားမှာ တစ်ဖက်၌လူမျက်နှာ၊ တစ်ဖက်၌ ခြင်္သေ့မျက်နှာကို ပြကြ၏။ 20ထိုသို့ အိမ်တော်ပတ်လည်၊ မြေမှသည် တံခါးပေါက်အထက်တိုင်အောင် ဗိမာန်တော်ထရံ၌ ခေရုဗိမ်နှင့် စွန်ပလွံပင် အရုပ်ထုလျက်ရှိ၏။ 21ဗိမာန်တော်တိုင်တို့သည် လေးထောင့်ဖြစ်ကြ၏။ သန့်ရှင်းရာဌာနနှင့် မျက်နှာချင်းတူကြ၏။
သစ်သားယဇ်ပလ္လင်
22သစ်သားယဇ်ပလ္လင်သည် အမြင့်သုံးတောင်၊ အလျားနှစ်တောင်၊ အနံနှစ်တောင်ရှိ၏။ ပလ္လင်ထောင့်၊ ဖိနပ်၊ နံရံတို့သည် သစ်သားဖြင့်ပြီးကြ၏။ ဤစားပွဲကား၊ ထာဝရဘုရားရှေ့တော်မှာ တင်သော စားပွဲပေတည်းဟု ငါ့အားပြောဆို၏။
တံခါးများ
23ဗိမာန်တော်နှင့် သန့်ရှင်းရာဌာန၌ တံခါးပေါက် တစ်ပေါက်စီရှိ၍၊ 24တံခါးတို့သည်လည်း တပ်သော တံခါးရွက်နှစ်ရွက်စီရှိ၏။ 25ဗိမာန်တော်ထရံ၌ထုသကဲ့သို့ တံခါးရွက်တို့၌ ခေရုဗိမ်နှင့် စွန်ပလွံပင်ပုံထုလျက်ရှိ၏။ မုခ်ဦးအထက်မှာ ထုပ်တင်လျက်ရှိ၏။ 26မုခ်နံရံ၊ အိမ်တော်အခန်းထရံတို့သည် ထုပ်များ၊ ကျဉ်းသော ပြတင်းပေါက်များ၊ စွန်ပလွံပင်များနှင့် ပြည့်စုံကြ၏။

ယေဇကျေလအနာဂတ္တိကျမ်း - ၄၁ (အနက်ဖွင့်)

(သန့်ရှင်းရာဌာနနှင့်အသန့်ရှင်းဆုံးဌာန (၄၁:)

သန့်ရှင်းရာဌာနတော်၏ အကျယ်အဝန်းအတိုင်းအတာမှာ ရှောလမုန်ဗိမာန်တော်၏ သန့်ရှင်းရာဌာနတော်နှင့် အရွယ်ပမာဏတူ၍၊ ကန္တာတောခရီးကြမ်းမှ တဲတော်၏ နှစ်ပြန်ကျယ်ဝန်းသည်။ မျဉ်းတံကိုင်ဆောင်သောသူက ယေဇကျေလအား သန့်ရှင်းရာဌာနတော်ထဲသို့ ခေါ်ဆောင်သွားသည်။ အသန့်ရှင်းဆုံးဌာနတော်ထဲသို့မူ ထိုသူတစ်ဦးထဲ ဆက်ဝင်သွားသည်။ ရှေးက ဗိမာန်တော်ထဲသို့ ဝင်ရောက်ခြင်းကို ကန့်သတ်ချက်ရှိသည်(ဟေဗြဲ ၉:၈−၁၂၊၁၀:၁၉ တို့ကိုကြည့်ပါ)။ ထိုခေတ်ကာလ ဗိမာန်တော်အား နှစ်ပိုင်းကန့်ထားသကဲ့သို့ မိလေနိ(နှစ်တထောင်)ဗိမာန်တော်တွင်လည်း ဆက်လက် ကန့်သတ်ဦးမည်။

(၁၀ပရဂုဏ်ဝင်းဘေးနံရံခန်းများ (၄၁:၁၁)

ဗိမာန်တော်သည် ထုထည်ကြီးမားကျယ်ဝန်းသည်။ အထပ်(၃)ထပ်ရှိ၍ အထပ်တိုင်းတွင် အခန်း(၃၀)စီရှိသည်။ အခန်းအဆင့်ဆင့် အမြင့်သို့ တက်သွားတိုင်း ပို၍ ကျယ်ဝန်းလာသည်။ အောက်ဆုံးအဆင့်မှ ပင်မဆောင်သို့ချဉ်းကပ်လေ ပိုမြင့်လေဖြစ်၍ လှေကားထစ်ပုံစံ တက်သွားဟန်ရှိသည်(အငယ် ၇)

(၁၁ဗိမာန်တော်အနောက်ဘက်အဆောက်အဦ (၄၁:၁၂)

ဗိမာန်တော်အနောက်ဖက်တံစက်မြိတ်နှင့် တဆက်တည်းကပ်လျက် သီးသန့်အဆောက်အဦးတလုံးရှိသည်။ ထိုအဆောက်အဦသည် အနံအတောင် ၇၀၊ အလျားအတောင် ၉၀ ကျယ်ဝန်းသည်။ မည်သည့်အတွက်အသုံးပြုသည်ကို မရှင်းပြပါ။

(၁၂ဗိမာန်တော်၏အတိုင်းအတာပမာဏ(၄၁:၁၃၁၅)

ယေဇကျေလဖော်ပြသည့် ဗိမာန်တော်အကျယ်အဝန်းပမာဏမှာ အလျားအတောင်(၁၀၀)နှင့် အနံအတောင်(၁၀၀) ဖြစ်သည်။

(၁၃ဗိမာန်တော်အတွင်းပိုင်းမွမ်းမံပြင်ဆင်ပုံ(၄၁:၁၆၂၆)

ဗိမာန်တော်အတွင်း၌ တိုင်များသည် အနုပညာလက်ရာမြောက်စွာထုလုပ်ထားသည်။ ပြတင်းပေါက်တိုင်နှင့် ပြတင်းကျည်းဘောင်များသည် ပန်းနွယ်ပန်းခြူး ကနုတ်အိမ်များဖြင့် လှပနုရွသည်။

အဆောက်အဦအတွင်းပိုင်းကို ခေရုဗိမ်နှင့် သံလွင်ပင်များဖြင့် ပတ်လည်အလှ တန်ဆာဆင်ထားသည်။ ဘုရားသခင်၏သန့်ရှင်းစင်ကြယ်ခြင်း သင်္ကေတဖြစ်သော ခေရုဗိမ်(က၊၃ကိုကြည့်)၏ ခြင်္သေ့ပျိုမျက်နှာမှာ သံလွင်ပင်ဖက်သို့မျက်နှာ လှည့်ထားသည်။ အခြားတဘက် လူ့မျက်နှာမှာ အခြားသံလွင်ပင် တစ်ပင်က်သို့ မျက်နှာလှည့်ထားသည်။ သံလွင်ပင်သည်အောင်မြင်ခြင်းနှင့် ဖြောင့်မတ်ခြင်း၏ ကက္ခဏာအဖြစ်ကျမ်းစာ ဖော်ညွှန်းထားသည်။

သစ်သားဖြင့်ပြုလုပ်ထားသော ယဇ်ပလ္လင်ကို”ထာဝရဘုရားရှေ့တော်မှာ မုန့်တင်သောစားပွဲ”ဟု ယေဇကျေလက ပြောသည်။

အတွင်းဗိမာန်တော်တွင် တံခါးနှစ်ပေါက်ရှိ၍ တံခါးရွက်နှစ်ရွက်စီရှိသည်။ တံခါးရွက်များအပြင်ဖက်၌ ခေရုဗိမ်နှင့် စွန်ပလွံပုံထွင်းထားသည်။

မုခ်ဦးအထက်တွင် သစ်သားထုပ်တင်ထားသည်။ ကုလားကာ၊ သေတ္တာတော်နှင့် ယဇ်ပုရောဟိတ်ကြီးများ အကြောင်း မတွေ့ရှိရပါ။ ထိုကုလားကာကို ကရာနီတော်က နှစ်ခြမ်းပြဲစေပါသည်။ သေတ္တာတော်တန်ခိုးသည် ခရစ်တော်၌ ပြည့်စုံသွားသည်။ ခရစ်တော်ဘုရားသည် အမြင့်ဆုံးသော ယဇ်ပုရောဟိတ် မင်းဖြစ်တော်မူသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။