ယေဇကျေလအနာဂတ္တိကျမ်း - ၄၀

ဗိမာန်တော်ကိုမြင်သောဗျာဒိတ်
(၄၀:၁–၄၈:၃၅)
ဗိမာန်တော်ဆိုင်ရာဗျာဒိတ်
1ငါတို့သည် သိမ်းသွားခြင်းကိုခံရာ သက္ကရာဇ်နှစ်ဆယ်ငါးခု၊ ပထမလဆယ်ရက်နေ့၊ မြို့တော်ကို လုပ်ကြံ၍၊ တစ်ဆယ်လေးနှစ် စေ့သောနေ့တွင်၊ ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်မှာရှိ၍ ထိုမြို့သို့ဆောင်သွားတော်မူ၏။ 2ဘုရားသခင်၏ ဗျာဒိတ်ရူပါရုံအားဖြင့် ငါ့ကို ဣသရေလပြည်သို့ဆောင်သွား၍၊ အလွန်မြင့်သော တောင်ပေါ်မှာ တင်ထားတော်မူ၏။ ထိုတောင်အနားမှာ တောင်ဘက်၌ မြို့ပုံသဏ္ဌာန်ရှိ၏။ 3ထိုအရပ်သို့ ငါ့ကို ဆောင်သွားတော်မူသောအခါ၊ ကြေးဝါကဲ့သို့အဆင်းအရောင်ရှိသော လူတစ်ဦးသည် တိုင်းစရာကျူလုံးနှင့် ချည်ကြိုးကို ကိုင်လျက် မြို့တံခါးဝမှာ ရပ်နေ၏။ 4ထိုသူက၊ အချင်းလူသား၊ စေ့စေ့ကြည့်ရှုလော့။ စေ့စေ့နားထောင်လော့။ ငါပြလတ္တံ့သမျှတို့ကို နှလုံးသွင်းလော့။ သင့်အား ငါပြအံ့သောငှာ သင့်ကိုဤအရပ်သို့ဆောင်ခဲ့တော်မူပြီ၊ မြင်သမျှတို့ကိုလည်း ဣသရေလအမျိုးအား ပြရမည်ဟုဆို၏။
တံတိုင်း
5အိမ်တော်ပြင်ပတ်လည်၌ တံတိုင်းရှိ၏။ ထိုသူသည် သံတောင်အားဖြင့် အရှည်ခြောက်တောင်ရှိသော ကျူလုံးကို ကိုင်လျက်၊ ထိုတံတိုင်းကိုတိုင်း၍ အထုကျူတစ်ပြန်၊ အမြင့်လည်း ကျူတစ်ပြန်ရှိ၏။ 6ထိုနောက်၊ အရှေ့တံခါးသို့သွား၍ လှေကားကို တက်ပြီးမှ၊ တံခါးထုပ်နှင့် တံခါးခုံကိုတိုင်း၍ အနံ ကျူတစ်ပြန်စီရှိ၏။ 7အခန်းငယ်တို့သည် တစ်ခန်းနှင့် တစ်ခန်း ငါးတောင်ကွာလျက် အလျားကျူတစ်ပြန်၊ အနံလည်း ကျူတစ်ပြန်စီရှိကြ၏။ 8အတွင်းတံခါးခုံလည်း အနံကျူတစ်ပြန်ရှိ၏။ 9တံခါးမုခ်ကိုလည်း တိုင်း၍ အလျားရှစ်တောင်ရှိ၏။ မုခ်တိုင်အမြင့် နှစ်တောင်စီရှိ၏။ တံခါးမုခ်သည် တံခါးအတွင်းဘက်၌ ရှိသတည်း။ 10အရှေ့တံခါး တစ်ဖက်တစ်ချက်၌ အခန်းငယ်သုံးခန်းစီရှိ၍၊ အလျားအနံတညီတည်း၊ တစ်ဖက်တစ်ချက်၌ တိုင်အမြင့်လည်း တညီတည်းရှိကြ၏။ 11တံခါးဝကိုလည်းတိုင်း၍ အနံဆယ်တောင်၊ အမြင့်တစ်ဆယ်သုံးတောင်ရှိ၏။ 12အခန်းငယ်တို့ရှေ့မှာ တစ်ဖက်တစ်ချက်၌ ကြမ်းပြင်အနံ တစ်တောင်ရှိ၏။ တစ်ဖက်တစ်ချက်၌ရှိသော အခန်းငယ်တို့သည် အလျားအနံ ခြောက်တောင်စီရှိ၏။ 13ထိုနောက်၊ အခန်းငယ်အမိုးစွန်း တစ်ခုမှသည် တစ်ခုတိုင်အောင် တိုင်း၍ အကျယ်နှစ်ဆယ်ငါးတောင်ရှိ၏။ တံခါးတို့သည် မျက်နှာချင်းဆိုင်ကြ၏။ 14တံခါးပတ်လည် တံတိုင်းအတွင်း၊ ထောင့်တိုင်အထိ၊ အတောင်ခြောက်ဆယ်ကျယ်အောင် တိုင်များကို ထားလေ၏။ 15ပြင်တံခါးဝမှသည် အတွင်းတံခါးမုခ်ဝတိုင်အောင် အတောင်ငါးဆယ်ရှိ၏။ 16အခန်းများ၊ တံခါးအတွင်းပတ်လည်တိုင်များ၊ တံခါးမုခ်များ အတွင်းဘက်၌ ကျဉ်းသောပြတင်းပေါက်များရှိ၏။ တိုင်များ၌ စွန်ပလွံပင်ပုံ ထုလျက်ရှိ၏။
အပြင်တံတိုင်း
17ထိုနောက်၊ ငါ့ကို ပြင်တံတိုင်းထဲသို့ သွင်း၍ အခန်းများကို ငါမြင်၏။ ကျောက်ခင်းလည်းရှိ၏။ ကျောက်ခင်းအပေါ်မှာ အခန်းသုံးဆယ်ရှိ၏။ 18တံခါးများ အစဉ်အတိုင်းလိုက်၍၊ တံခါးအနားမှာ ရှိသော ကျောက်ခင်းသည် အောက်ကျောက်ခင်း ဖြစ်၏။ 19ထိုနောက်၊ အောက်တံခါးဦးမှသည် အတွင်း တံတိုင်းပြင်ဘက်ဦးတိုင်အောင် တိုင်း၍၊ အရှေ့မျက်နှာ၌ အတောင်တစ်ရာကွာ၏။
ပြင်တံတိုင်းမြောက်ဘက်
20တစ်ဖန် မြောက်မျက်နှာသို့ ခေါ်သွား၍၊ ပြင်တံတိုင်းမြောက်ဘက်သို့ မျက်နှာပြုသော တံခါးအမြင့်နှင့် အနံကို တိုင်းလေ၏။ 21အခန်းတို့သည် တစ်ဖက်တစ်ချက်၌ သုံးခန်းစီရှိ၏။ တိုင်များ၊ မုခ်များတို့သည် အရင်တံခါးကဲ့သို့ဖြစ်၍၊ အလျားအတောင်ငါးဆယ်၊ အနံနှစ်ဆယ်ငါးတောင်ရှိ၏။ 22ပြတင်းပေါက်၊ မုခ်၊ စွန်ပလွံပင်များတို့သည် အရှေ့တံခါးကဲ့သို့ ဖြစ်ကြ၏။ လှေကားခုနစ်ထစ်ဖြင့် တံခါးသို့တက်ရ၏။ မုခ်တို့သည် လှေကားနှင့် တစ်တန်းတည်းရှိကြ၏။ 23အရှေ့ဘက်၌ရှိသကဲ့သို့ မြောက်တံခါးမျက်နှာချင်းဆိုင်အတွင်း တံတိုင်းတံခါးဝရှိ၏။ တံခါးဝတစ်ခုနှင့် တစ်ခု အတောင်တစ်ရာကွာ၏။
တောင်တံခါး
24ထိုနောက်၊ တောင်မျက်နှာသို့ခေါ်သွား၍ တောင်တံခါးကိုငါမြင်၏။ တိုင်များ၊ မုခ်များကိုတိုင်း၍ အရင်ပမာဏနှင့် တညီတည်းရှိကြ၏။ 25အရင်ပြတင်းပေါက်ကဲ့သို့ ပြတင်းပေါက်များ၊ မုခ်များရှိ၍၊ အလျားအတောင်ငါးဆယ်၊ အနံ နှစ်ဆယ်ငါးတောင်ရှိ၏။ 26လှေကား ခုနစ်ထစ်ဖြင့် တံခါးသို့တက်ရ၏။ မုခ်တို့သည် လှေကားနှင့် တစ်တန်းတည်းရှိကြ၏။ တစ်ဖက်တစ်ချက်တိုင်များ၌ စွန်ပလွံပင်ပုံ ထုလျက်ရှိ၏။ 27တောင်မျက်နှာ၌ အတွင်းတံတိုင်းတံခါးဝရှိ၏။ ထိုမျက်နှာ၌ တံခါးဝတစ်ခုမှသည် တစ်ခုတိုင်အောင်တိုင်း၍ အတောင်တစ်ရာ ကွာ၏။
တောင်ဘက်အတွင်းတံတိုင်း
28တစ်ဖန် အတွင်းတံတိုင်းထဲသို့ တောင်တံခါးဖြင့်သွင်း၍၊ အရင် ပမာဏနှင့်အညီ ထိုတံခါးကို တိုင်းလေ၏။ 29အခန်းငယ်များ၊ တိုင်များ၊ မုခ်များတို့သည် အရင်ပမာဏနှင့် တညီတည်းရှိကြ၏။ တံခါးဝပတ်လည်၌လည်းကောင်း၊ မုခ်များ၌လည်းကောင်း ပြတင်းပေါက်ရှိ၍၊ အလျားအတောင် ငါးဆယ်၊ အနံနှစ်ဆယ်ငါးတောင်ရှိ၏။ 30ပတ်လည်၌ရှိသော မုခ်တို့သည်လည်း အလျား အတောင်နှစ်ဆယ်ငါးတောင်၊ အနံ ငါးတောင်ရှိ၏။ 31မုခ်တို့သည် ပြင်တံတိုင်းသို့မျက်နှာပြု၍၊ တိုင်များအပေါ်မှာ စွန်ပလွံပင်ပုံ ထုလျက်ရှိ၏။ လှေကား ရှစ်ထစ်ဖြင့် တက်ရ၏။
အရှေ့ဘက်အတွင်းတံတိုင်း
32အရှေ့ဘက်၌လည်း အတွင်းတံတိုင်းထဲသို့ သွင်း၍၊ ထိုတံခါးကို အရင်ပမာဏနှင့်အညီ တိုင်းလေ၏။ 33အခန်းငယ်များ၊ တိုင်များ၊ မုခ်များတို့သည် အရင်ပမာဏနှင့် တညီတည်းရှိကြ၏။ တံခါးဝပတ်လည်၌လည်းကောင်း၊ မုခ်များ၌လည်းကောင်း ပြတင်းပေါက်ရှိ၍၊ အလျား အတောင်ငါးဆယ်၊ အနံ နှစ်ဆယ်ငါးတောင်ရှိ၏။ 34မုခ်တို့သည် ပြင်တံတိုင်းသို့ မျက်နှာပြု၍၊ တစ်ဖက်တစ်ချက်တိုင်များပေါ်မှာ စွန်ပလွံပင်ပုံ ထုလျက်ရှိ၏။ လှေကားရှစ်ထစ်ဖြင့် တက်ရ၏။
မြောက်တံခါး
35တစ်ဖန် မြောက်တံခါးသို့ ခေါ်သွား၍ အရင်ပမာဏနှင့်အညီ တိုင်းလေ၏။ 36အခန်းငယ်များ၊ တိုင်များ၊ မုခ်များ၊ ပတ်လည်၌ ပြတင်းပေါက်များတို့နှင့် ပြည့်စုံ၍၊ အလျား အတောင်ငါးဆယ်၊ အနံ နှစ်ဆယ်ငါးတောင်ရှိ၏။ 37မုခ်တို့သည် ပြင်တံတိုင်းသို့ မျက်နှာပြု၍၊ တစ်ဖက်တစ်ချက်တိုင်များအပေါ်မှာ စွန်ပလွံပင်ပုံ ထုလျက်ရှိ၏။ လှေကားရှစ်ထစ်ဖြင့် တက်ရ၏။
မြောက်တံခါး၀
38မီးရှို့သော ယဇ်ကောင်ကို ရေနှင့် ဆေးကြောစရာအခန်းများ၊ အခန်းဝင်ဝများတို့သည် ထိုတံခါးမုခ်၌ ရှိကြ၏။
39မီးရှို့ရာယဇ်၊ အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာ ယဇ်ကောင်ကို သတ်စရာဖို့၊ တံခါးမုခ်အတွင်း တစ်ဖက်တစ်ချက်၌ စားပွဲနှစ်ခုစီ ရှိကြ၏။ 40မြောက်တံခါးဝသို့ တက်ရာတံခါးမုခ်၊ ပြင်အနား တစ်ဖက်တစ်ချက်၌လည်း စားပွဲနှစ်ခုစီရှိသည်ဖြစ်၍၊ 41တံခါးဝ တစ်ဖက်တစ်ချက်၌ ယဇ်ကောင်ကိုသတ်စရာ စားပွဲလေးခုစီ၊ ပေါင်းရှစ်ခုရှိကြ၏။ 42မီးရှို့ရာယဇ်ဖို့ စားပွဲလေးခုတို့သည် ဆစ်သောကျောက်ဖြင့်ပြီး၍၊ အလျား တစ်တောင်တစ်ထွာ၊ အနံ တစ်တောင်တစ်ထွာ၊ အမြင့် တစ်တောင်ရှိ၏။ ထိုစားပွဲပေါ်မှာ မီးရှို့ရာယဇ်ကောင်ကို သတ်စရာတန်ဆာများကို တင်ထားရကြ၏။ 43စားပွဲအပေါ်ပတ်လည်၌ အကျယ် လက်တစ်ဝါးရှိသော အနားပတ်တပ်လျက်ရှိ၍၊ ပူဇော်စရာယဇ်သားကို တင်ထားရကြ၏။
44အတွင်းတံခါးပြင်မှာ အတွင်းတံတိုင်း၌ အခန်းနှစ်ခုကို ငါမြင်၏။ တစ်ခန်းကား၊ မြောက်တံခါးအနားမှာရှိ၍ တောင်ဘက်သို့ မျက်နှာပြု၏။ တစ်ခန်းကား၊ တောင်တံခါးအနားမှာရှိ၍ မြောက်ဘက်သို့မျက်နှာပြု၏။ 45တောင်ဘက်သို့မျက်နှာပြုသော ဤအခန်းကား၊ အိမ်တော်အမှုကိုဆောင်သော ယဇ်ပုရောဟိတ် နေစရာဖို့၊ 46မြောက်ဘက်သို့မျက်နှာပြုသော ဤအခန်းကား၊ ယဇ်ပလ္လင်အမှုကိုဆောင်သော ယဇ်ပုရောဟိတ် နေစရာဖို့ ဖြစ်၏။ ထိုသူတို့ကား၊ ထာဝရဘုရားထံတော်သို့ ချဉ်းကပ်၍ အမှုတော်ကိုဆောင်စေခြင်းငှာ၊ လေဝိသားတို့တွင်ရွေးကောက်သော ဇာဒုတ်သားပေတည်းဟု ငါ့အားပြောဆို၏။
အိမ်တော်ဦး
47ထိုအခါ တံတိုင်းကိုတိုင်း၍ အလျား အတောင်တစ်ရာ၊ အနံ အတောင်တစ်ရာ စတုရန်းရှိ၏။ ယဇ်ပလ္လင်သည် အိမ်တော်ရှေ့မှာ တည်၏။ 48အိမ်တော်ဦးသို့ခေါ်၍ တံခါးဝနှစ်ဖက်ကိုတိုင်းလျှင်၊ အကျယ် ငါးတောင်စီရှိ၏။ တံခါးရွက်နှစ်ဖက်၊ အနံ သုံးတောင်စီရှိ၏။ 49အိမ်တော်ဦးအလျားကား အတောင်နှစ်ဆယ်၊ အနံကား တစ်ဆယ်တစ်တောင်ရှိ၏။ လှေကားဆယ်ထစ်ဖြင့် တက်ရ၏။ အိမ်တော်ဦးအနား၊ တစ်ဖက်တစ်ချက်၌ တိုင်တစ်လုံးစီတည်လျက်ရှိ၏။

ယေဇကျေလအနာဂတ္တိကျမ်း - ၄၀ (အနက်ဖွင့်)

၅။ အနှစ်တစ်ထောင်ကာလမြင်ကွင်းကျယ်(အခန်း ၄၀၄၈)

(ကယေရုရှလင်အနှစ်တစ်ထောင်ဗိမာန်တော်(အခန်း ၄၀၄၂)

ဤအခန်းနှင့် လာမည့်အခန်း(၂)ခုတွင် ယေရုရှလင် မြို့၌တည်မည့် ဗိမာန်တော်ပုံစံအသေးစိတ်ကို ဖော်ပြထားသည်။ ဆိုလိုရင်းအတိအကျကို သိရှိနားလည်ရန်ခက်ခဲသော်လည်း ယေဘူယျအားဖြင့် ပုံဖော်နိုင်ပါသည်။ Paul Lee Tan က ဤသို့ရေးထာသည်။

ဤဗိမာန်တော်ဖော်ပြချက်ကို အတိအကျပြန်ယူခြင်းမပြုဘဲ အသင်းတော်၏ပုံဆောင်ချက်အဖြစ်ပုံ ဖော်ကြသည်။ မည်သို့ပင်ဖြစ်စေ၊ ယေဇကျေလကျမ်း၌ အရေးပါသော ပရောဖက်ပြုချက်ဖြစ်ပြီး၊ မိလေနိကာလ ဗိမာန်တော်အတွက် ဖော်ပြချက်၊ ရှင်းလင်းချက်နှင့်အတိုင်းအတာများပါရှိ၍၊ အလွန်အသေးစိပ်သဖြင့်ဗိသုကာ ပုံကြမ်းထုတ်ယူနိုင်သည်။ သမိုင်းဝင်ရှောလမုန်ဘုရင်ဗိမာန်တော်ကဲ့သို့ စနစ်တကျပုံစံချထားခြင်း ဖြစ်သည်။ ဤဗိမာန်တော်အခင်းအကျင်းအတိုင်းအထွာများသည် ဖြစ်နိုင်ဖွယ်မရှိဟု ငြင်းဆိုနေသည့်ကြားမှGardiner က Ellicott’s Commentary on the Whole Bible တွင် ယေဇကျေလ ကျမ်းဖော်ပြချက်အတိုင်း ပုံကြမ်းတစ်ခုကို အောင်မြင်စွာ ဆွဲသားဖော်ပြနိုင်ခဲ့သည်။ Alva J. McClain က “ဝိညာဉ်တော်မှုတ်သွင်းလမ်းညွှန်မှု မရှိသော သာမန်အနက်ဖွင့်သူတစ်ဦးက ဗိမာန်တော်ဗိသုကာပုံကြမ်းကို ရေးဆွဲနိုင်လျှင် အနာဂတ်၌ ဘုရားသခင်၏ လမ်းညွှန်မှုဖြင့် ဆောက် လုပ်မည့်ဗိမာန်တော်တွင် အခက်ခဲပြဿနာမရှိနိုင်ဟုမှတ်ချက်ပြုသည်။

 

(မျဉ်းတံနှင့်လူ (၄၀:)

အဖွင့်ကျမ်းပိုဒ်၌ အနာဂတ်ယေရုရှလင်နှင့် မိလေနိဗိမာန်တော်ရူပါရုံကို ယေဇကျေလ လက်ခံရရှိသည်။ ယေရုရှလင်မြို့ ဖျက်ဆီးခံရပြီးနောက် (၁၄)နှစ် ပြည့်သောအခါ ယေဇကျေလသည် အလွန်မြင့်သော တောင်ပေါ်သို့ဆောင်ယူခံရ၍ မြို့တော်နှင့်ဗိမာန်တော်ရူပါရုံကို ခံရသည်။ ကြေးဝါအဆင်းရှိသော လူတစ်ဦးကို မျဉ်းတံကိုင်လျက်တွေ့ရသည်။ ထိုသူက ယေဇကျေလအား မြင်တွေ့ကြားသိသမျှ အသေအချာနှလုံးသွင်းရန်မှာသည်။ ပြီးလျှင် ဣသရေလတို့အား ပြန်ပြောပြရမည်ဟု ပြောဆိုသည်။

 

(အရှေ့ဘက်တံတိုင်းတံခါးပေါက် (၄၀:၁၆)

ဗိမာန်တော်ကို အရှေ့အနောက် ဦးတည်ချက်ဆောက်ထား၍ပင် မဝင်ပေါက်တံခါးမှာ အရှေ့ဘက်၌ရှိ၏။ ဤတံခါးပေါက်မှစတင်ကာ စနစ်ပုံကျ အတိုင်းအထွာ ဖော်ပြသည်။ ဗိမာန်တော်၏ အပြင်ဘက်ပတ်လည် အုတ်တံတိုင်းကို စတင်တိုင်းထွာပါသည် (ငယ်၅)။ ဤတံခါးကို အရှေ့ဘက်ဝင်ပေါက်တံခါးဝ ဟူ၍ခေါ်သည် (အငယ် ၆−၁၆)။

(၃) အပြင်တံတိုင်း (၄၀:၁၇−၁၉)

အပြင်တံတိုင်း၏ အတွင်းဘက်ခြမ်းမျက်နှာတွင် ကျောက်ပြားစင်္ကြန် လမ်းခင်းထားသည်။ ၆ရာ ၇:၃ နှင့် ဧ၊၁:၆ တို့၌ ဖော်ပြချက်အရ အခန်းငယ်ပေါင်း(၃၀) ဖွဲ့စည်းထားသည်။

(၄) အပြင်တံတိုင်းရှိအခြားတံခါးပေါက်နှစ်ခု (၄၀:၂၀−၂၇)

မြောက်ဘက်တံခါးသည် အရှေ့တံခါးအတိုင်းဖြစ်သည်။ ဝင်လမ်းဘေးဝဲယာတွင် သံလွင်ပင်များစိုက်ပျိုး ထားသည်။ တောင်ဘက်ရှိ အခြားတံခါးပေါက်သည်လည်း ထိုပုံစံအတိုင်းအတာအတိုင်း ဖြစ်သည်။ အနောက်ဘက်တံခါးပေါက်ဝင်လမ်း မခင်းထားပေ။

(၅) အတွင်းတံတိုင်းသို့ဝင်ပေါက် (၃)ခု (၄၀:၂၈−၃၇)

အတွင်းတံတိုင်းတွင် တံခါးပေါက်(၃) ခုရှိသည်။ တောင်ဖက် (ငယ် ၂၈−၃၁)၊ အရှေ့ဖက်(ငယ် ၃၂−၃၄)နှင့် မြောက်ဖက် (ငယ် ၃၅−၃၇) တို့သို့ အသီးသီးရှိကြသည်။

(၆) ဖူဇော်စရာတန်ဆာပလာများ (၄၀:၃၈−၄၃)

မြောက်ဘက်မုခ်ဆောင်၏ တံခါးဝ၌ ယဇ်ကောင်ပြင်ဆင်ရာယဇ်ခုံ (၈) လုံးရှိသည်။ မီးရှို့မည့်ယဇ်ကောင် ခုတ်ထစ်ရာ ကျောက်စားပွဲ (၄) လုံးလည်းရှိသည်။ ထိုစားပွဲခုံပတ်လည်၌ ယဇ်ကောင်အသားနှင့် သံချိပ်၊ ဒါး စသော ကရိယာတန်ဆာပလာများ တင်ရန်နေရာပါရှိသည်။

(၇) ယဇ်ပုရောဟိတ်များအတွက် အခန်းများ (၄၀:၄၄−၄၇)

ယဇ်ပုရောဟိတ်များအတွက် သီးသန့်အခန်းများကိုလည်း တောင်ဘက်နှင့် မြောက်ဘက် မျက်နှာချင်းဆိုင်ဖွဲ့စည်းထားသည်။ တောင်ဘက်သို့ လှည့်ထားသောအခန်းများမှာ ဗိမာန်တော် ဗာဟီရအမှုကိစ္စအဖို့ တာဝန်ရှိသော ယဇ်ပုရောဟိတ်များအတွက် ဖြစ်၍ မြောက်ဘက်သို့ လှည့်ထားသော အခြားအခန်းများမှာ ယဇ်ပလ္လင်ကြီးကြပ်ကွပ်ကဲရသော ယဇ်ပုရောဟိတ်များ (ဇာဒုတ်သားများ) အတွက်ဖြစ်သည်။

(၈) ဗိမာန်တော်မုခ်ဦးဆောင် (၄၀:၄၈−၄၉)

ဗိမာန်တော် မုခ်ဦးဆောင်သို့မဟုတ် ဗိမာန်တော် ဆင်ဝင်သည်ရှောလမုန် ဗိမာန်တော်နှင့် ဆင်တူသည်။ မုခ်ဦးတိုင်များကိုလည်း ယာခိန်နှင့်ဗောဇဟု နာမည်ပေးထားသည် (၃ရာ ၇:၂၁)။

အခန်း(၄၀)သည် ဗိမာန်တော်ဘေးပရဝုဏ်အနေအထားကို ခင်းကျင်းပြသ၍ အခန်း(၄၁)တွင် ဗိမာန်တော်ပင်မဆောင်ကို ပုံဖော်သည်။

အခန်း၄၀−၄၃ပါ အချက်အလက်များက ယုံကြည်သူများအမှုတော်တွင် ပါဝင်ရာ၌ ဘုရားရှင်၏ ညွှန်ကြားချက် အသေးစိတ်ကို ဂရုစိုက်ဖို့သွန်သင်နေသည်။ (ထွ ၂၅:၄၀ကိုလည်းကြည့်)။ အနုစိပ်အတိုင်းအထွာများသည် တိကျသောအဆောက်အဦအတွက် မဟုတ်လျှင် အဓိပ္ပါယ်ကင်းမဲ့ပေလိမ့်မည်။ စာအလင်္ကာစာတန်ဆာမျှအတွက် ဗိသုကာမြောက်အချက်အလက်များက ပိုကဲလွန်းနေသည်။ အစိတ်အပိုင်းသည် ပုံဆောင်ချက်သာဖြစ်ကြောင်း ရှင်းပြချက်များမှာလည်း စိတ်တိုင်းကျကျေနပ်လက်ခံလောက်စရာ မရှိပါချေ။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။