ယေဇကျေလအနာဂတ္တိကျမ်း - ၃၇

အရိုးတို့နှင့်ပြည့်သောချိုင့်
1တစ်ဖန် ထာဝရဘုရား၏ လက်တော်သည် ငါ့အပေါ်မှာရှိ၍ ဝိညာဉ်တော်အားဖြင့် ငါ့ကိုပြင်သို့ ဆောင်သွားလျက်၊ အရိုးတို့နှင့် ပြည့်သောချိုင့်အလယ်၌ ထားပြီးလျှင်၊ 2ထိုအရိုးတို့ပတ်လည်၌ လျှောက်သွားစေတော်မူ၏။ ထိုချိုင့်မျက်နှာပြင်၌ များစွာသောအရိုးတို့သည်ရှိ၍ အလွန်သွေ့ခြောက်ကြ၏။ 3ထာဝရဘုရားကလည်း၊ အချင်းလူသား၊ ဤအရိုးတို့သည် အသက်ရှင်နိုင်သလောဟု မေးတော်မူလျှင်၊ ငါက၊ အို အရှင်ထာဝရဘုရား၊ ကိုယ်တော်သိတော်မူသည်ဟု လျှောက်လေ၏။ 4ထာဝရဘုရားကလည်း၊ ဤအရိုးတို့အပေါ်မှာ ပရောဖက်ပြု၍ ဟောပြောရမည်မှာ၊ အို သွေ့ခြောက်သော အရိုးတို့၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ကြလော့။ 5ဤသွေ့ခြောက်သော အရိုးတို့အား အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် သင်တို့အထဲသို့ အသက်ကိုသွင်း၍ သင်တို့သည် အသက်ရှင်ရကြမည်။ 6သင်တို့အပေါ်မှာ အကြောတို့ကို ငါတင်၍ အသားကိုတက်စေမည်။ အရေနှင့် ဖုံးလွှမ်း၍၊ အသက်ကို သွင်းသဖြင့် သင်တို့သည် အသက်ရှင်၍၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု၊ 7မှာထားတော်မူသည်အတိုင်း ငါသည် ပရောဖက်ပြု၏။ ပရောဖက်ပြုစဉ်တွင် အသံမြည်၏။ လှုပ်ရှားခြင်းလည်း ရှိ၏။ အရိုးတို့သည် တစ်ခုအနီးသို့တစ်ခု ချဉ်းကြ၏။ 8ငါကြည့်ရှုစဉ်တွင် အကြောတို့သည်ပေါ်လာ၍ အသားလည်းတတ်၏။ အရေလည်း ဖုံးလွှမ်း၏။ သို့ရာတွင်၊ အသက်မရှိသေး။ 9ထာဝရဘုရားကလည်း၊ အချင်းလူသား၊ လေအား ပရောဖက်ပြုလော့။ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို လေအားဆင့်ဆိုရမည်မှာ၊ အို လေ၊ အရပ်လေးမျက်နှာတို့မှလာ၍၊ ဤအသေကောင်တို့သည် အသက်ရှင်မည်အကြောင်း သူတို့အပေါ်မှာ မှုတ်လော့ဟု၊ 10မှာထားတော်မူသည်အတိုင်း ငါသည်ပရောဖက်ပြု၍၊ လေသည် သူတို့အထဲသို့ဝင်သဖြင့် သူတို့သည် အသက်ရှင်၍၊ အလွန်များသော ဗိုလ်ခြေဖြစ်လျက် မတ်တတ်နေကြ၏။ 11ထာဝရဘုရားကလည်း၊ အချင်းလူသား၊ ဤအရိုးတို့သည် ဣသရေလအမျိုးအပေါင်းဖြစ်ကြ၏။ ငါတို့အရိုးများသည် သွေ့ခြောက်ကြ၏။ မျှော်လင့်စရာမရှိ။ ငါတို့သည် ဆုံးရှုံးကြပြီဟု သူတို့ဆိုတတ်ကြ၏။ 12သို့ဖြစ်၍၊ ပရောဖက်ပြုလျက် အရှင်ထာဝရဘုရား၏ အမိန့်တော်ကို သူတို့အား ဆင့်ဆိုရမည်မှာ၊ အချင်းငါ၏လူတို့၊ သင်တို့သင်္ချိုင်းတွင်းများကို ငါဖွင့်၍ သင်တို့ကို ထုတ်ပြီးလျှင် ဣသရေလပြည်သို့ ပို့ဆောင်မည်။ 13အချင်းငါ၏လူတို့၊ သင်တို့သင်္ချိုင်းတွင်းများကို ငါဖွင့်၍သင်တို့ကို ထုတ်ပြီးလျှင်၊ 14အသက်ရှင်စေခြင်းငှာ ငါသည် ကိုယ်အသက်ကို သွင်းပေး၍၊ သင်တို့ကို နေရင်းပြည်၌ နေရာချသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။ ငါထာဝရဘုရားပြောသည်အတိုင်း ပြည့်စုံကြောင်းကိုလည်း သိရကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
တုတ်နှစ်ချောင်း
15တစ်ဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ 16အချင်းလူသား၊ တုတ်တစ်ချောင်းကိုယူ၍၊ ယုဒအမျိုးနှင့် သူ၏အပေါင်းအဖော် ဣသရေလအမျိုးသားအဖို့ဟု ရေးမှတ်လော့။ တစ်ဖန် တုတ်တစ်ချောင်းကိုယူ၍၊ ယောသပ်အမျိုးနှင့် သူ၏ အပေါင်းအဖော် ဣသရေလအမျိုးသားများအဖို့၊ ဧဖရိမ်တုတ်ပေတည်းဟု ရေးမှတ်လော့။ 17ထိုတုတ်နှစ်ချောင်းကို တစ်ချောင်းတည်းဖြစ်စေခြင်းငှာ ပူးထား၍၊ ထိုတစ်ချောင်းတည်းသော တုတ်ကို လက်စွဲလော့။ 18သင်၏အမျိုးသားချင်းတို့က၊ ထိုသို့ပြုသော်၊ အဘယ်သို့ဆိုလိုသည်ကို ငါတို့အားမပြောသင့်သလောဟု မေးလျှင်၊ 19အရှင်ထာဝရဘုရား၏ အမိန့်တော်ကို သူတို့အား ဆင့်ဆိုရမည်မှာ၊ ဧဖရိမ်ကိုင်သော ယောသပ်၏တုတ်နှင့်၊ သူ၏အပေါင်းအဖော် ဣသရေလအမျိုးအနွယ်တို့ကို ငါယူ၍ ယုဒတုတ်နှင့်အတူ ပူးထားပြီးလျှင်၊ တစ်ချောင်းတည်းဖြစ်သော တုတ်ကို ငါလက်စွဲမည်ဟု ဆင့်ဆိုလျက်၊ 20သင်ရေးမှတ်သော ထိုတုတ်ကို သူတို့မျက်မှောက်၌ လက်စွဲလျက်နေလော့။ 21အရှင်ထာဝရဘုရား၏ အမိန့်တော်ကိုလည်း ဆင့်ဆိုရမည်မှာ၊ ဣသရေလအမျိုးသားတို့ရောက်သော တစ်ပါးအမျိုးသား နေရာအရပ်ရပ်တို့မှ သူတို့ကိုငါခေါ်ခဲ့၍ စုဝေးစေပြီးလျှင်၊ သူတို့ကို နေရင်းပြည်သို့ ပို့ဆောင်မည်။ 22ထိုပြည်တွင် ဣသရေလတောင်တို့အပေါ်၌ လူတစ်မျိုးတည်းဖြစ်စေ၍၊ ရှင်ဘုရင်တစ်ပါးတည်းသာလျှင် ထိုသူအပေါင်းတို့ကို စိုးစံရလိမ့်မည်။ နောက်တစ်ဖန် သူတို့သည် လူနှစ်မျိုးမဖြစ်ရ။ နှစ်တိုင်းနှစ်ပြည် ကွဲပြားလျက်မရှိရ။ 23နောက်တစ်ဖန် သူတို့ရုပ်တုများ၊ စက်ဆုပ်ရွံရှာဖွယ်သော အမှုများ၊ လွန်ကျူးခြင်းအမှုများနှင့် ကိုယ်ကို မညစ်ညူးစေရကြ။ သူတို့ပြစ်မှားလေရာရာ အရပ်တို့မှ ငါကယ်နုတ်၍ သန့်ရှင်းစေမည်။ သူတို့သည် ငါ၏လူဖြစ်ကြလိမ့်မည်။ ငါသည်လည်း သူတို့၏ဘုရားသခင် ဖြစ်မည်။ 24ငါ၏ကျွန်ဒါဝိဒ်သည် သူတို့၏ ရှင်ဘုရင်ဖြစ်၍၊ ထိုသူအပေါင်းတို့သည် သိုးထိန်းတစ်ဦးတည်း ရှိကြလိမ့်မည်။ ငါစီရင်ထုံးဖွဲ့ချက် တရားလမ်းသို့လိုက်၍ စောင့်ရှောက်ကြလိမ့်မည်။ 25ငါ၏ကျွန်ယာကုပ်အားငါပေး၍၊ သင်တို့ ဘိုးဘေးများနေဖူးသော ပြည်၌ သူတို့နှင့် သားမြေးအစဉ်အဆက်တို့သည် နေကြလိမ့်မည်။ ငါ၏ကျွန်ဒါဝိဒ်သည်လည်း သူတို့ကို အစဉ်အမြဲစိုးစံလိမ့်မည်။ 26ထိုမှတစ်ပါး၊ သူတို့နှင့်မိတ်သဟာယပဋိညာဉ်ကို ငါဖွဲ့၍၊ ထိုပဋိညာဉ်သည် နိစ္စထာဝရပဋိညာဉ် ဖြစ်လိမ့်မည်။ သူတို့ကိုနေရာချ၍ များပြားစေမည်။ ငါ၏သန့်ရှင်းရာဌာနကို သူတို့အလယ်၌ အစဉ်အမြဲထားမည်။ 27ငါ၏ဗိမာန်တော်သည်လည်း သူတို့၌ရှိ၍၊ ငါသည် သူတို့၏ ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်လိမ့်မည်။ 28ထိုသို့ ငါ၏သန့်ရှင်းရာဌာနသည် သူတို့အလယ်၌ အစဉ်အမြဲတည်သောအခါ၊ ငါထာဝရဘုရားသည် ဣသရေလအမျိုးကို သန့်ရှင်းစေသည်ဟု တစ်ပါးအမျိုးသားတို့သည် သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။

ယေဇကျေလအနာဂတ္တိကျမ်း - ၃၇ (အနက်ဖွင့်)

(အရိုးခြောက်များစုပုံရာချိုင့်ဝှမ်းမြင်မက်ခြင်း (၃၇:၁၄)

၃၇:၁−၈ အပိုဒ်ငယ် ၁−၂၌ ယေဇကျေလသည် ချိုင့်ဝှမ်းထဲ၌ ဣသရေလနှင့် အရိုးခြောက်ပုံကြီးရူပါရုံကို တွေ့မြင်ရသည်။ ထိုအရိုးခြောက်များ ပြန်လည်အသက်ရှင်လာဖို့ အမိန့်ပေးသည်။ ယနေ့ကာလ ယုံကြည်သူများ လိုအပ်သော အသက်ရှူရှိုက်ခြင်းနှင့် စပ်ဟပ်အောင် Yates က ဤသို့ရှင်းပြသည်။

ကြောက်ရွံ့ဖွယ်ကောင်း၍ စိတ်ကူးယဉ်လည်းဆန်၊ ဧကန်ဖြစ်ရပ်မှန်လည်းဖြစ်သော ယေဇကျေလ၏ပရောဖက်ပြုချက်သည် ဣသရေလတို့အား ဆက်လက်အသက်ရှင်ရန် မျှော်လင့်ချက်ပေးသည်။ ပြန်လည်ရှင်သန်သာလာကြမည်။ အကြောအရွတ်သွေးမျှင် ကြွက်သားကင်းမဲ့သော အရိုးခြောက်များပင်လျှင် အသက်ပြန်ရှင်နိုင်သည်။ ပြန်ကြွလာမည့်သခင်သည် အသက်ကို ယူဆောင်လာလိမ့်မည်။ စိတ်လှုပ်ရှားဖွယ်ကောင်းသည်မှာ ယနေ့ကမ္ဘာအနှံ့ပြန့်ကြဲနေသော အရိုးခြောက်များလည်း အသက်ဟူသောသမ္မာတရားကို လိုအပ်ဆဲရှိသည်။ သန့်ရှင်းဝိညာဉ်တော်၏ ထက်မြတ်သော တန်ခိုး ရောက်လာသည့်အခါ စစ်မှန်သောရှင်ပြန်ခြင်းသည် ကမ္ဘာမြေ အနှံ့သို့ ချက်ချင်းပျံ့နှံ့သွားပေလိမ့်မည်။(က၊ :၇။ဗျာ၊၁၁:၁၁ တို့နှင့် ယှဉ်ဖတ်)၃၅

ထာဝရဘုရား၏ အမိန့်ကို အရိုးခြောက်တို့အား ဆင့်ဆိုစေရာ အရိုးခြောက်များအပေါ် ဦးစွာအကြောအရွတ်တို့ တွဲဆက်မိသည်။ ထိုအပေါ်မှာ ကြွက်သား၊ ထိုနောက် အရေပြားဖုံးအုပ်စေသည်။

၃၇:၉-၁၄နောက်တဆင့်တွင် အသက်လေအား ဆင့်ဆိုသည့်အခါ လေသည် ခန္ဓာကိုယ်ထဲ ဝင်ရောက်လာ၍ အသက်ရှင်လာမည်။ ဤပုံဥပမာက ဣသရေလလူမျိုးတို့ပြန်လည် နာလံထူထောင်လာမည့်အကြောင်း ပုံဖော်ပြသည် (ငယ် ၁၁ . ၁၄)။ ဦးစွာ ဝိညာဥ်‌ရေးသေနေသောသူများ ပြန်လည်ထူထလာကြမည်။ ထိုနောက်အသစ်တဖန် မွေးဖွားကြမည်။

လူတစ်ဦးမွေးဖွားခြင်းနှင့်အပြိုင် အသစ်တဖန်မွေးဖွားလာခြင်းကို သတိပြုနိုင်ရမည်။ ၎င်း၌ဘုရားသခင်၏ စကားတော်ရှိရမည် (ငယ် ၄)။ ထိုနောက် ဘုရားသခင်၏ ဝိညာဉ်တော် (အသက်လေ) မှုတ်သွင်းရမည်(ငယ်၉)။

 

(ဣသရေလနှင့်ယုဒပြန်လည်ပေါင်းစည်းသင့်မြတ်ခြင်း (၃၇:၁၅၂၈)

၃၇:၁၅−၂၃ ယေဇကျေလအား တုတ်ချောင်းနှစ်ချောင်းယူ၍ တစ်ချောင်းသည် ယုဒလူမျိုးဖြစ်ပြီး အခြားတစ်ချောင်းမှာ ဣသရေလ(ယောသပ်သို့မဟုတ်ဧဖရိမ်)ဖြစ်သည်။ ထိုတုတ်နှစ်ချောင်းကို ထိပ်ဖျားချင်းတေ့ဆက်လိုက်ရာ တစ်ချောင်းတည်းအဖြစ်သို့ ဆက်စပ်သွားသည်။ အဓိပ္ပါယ်မှာ တိုင်းနှစ်ပြည်ထောင်အဖြစ်သို့ ရောဗောင်မင်းလက်ထက်တွင် ကွဲပြိုခဲ့သော်လည်း တစ်ပါးသောဘုရင် (မေရှိယ) လက်ထက်တွင် ပြန်လည်ပေါင်းစည်းမိကြသည်။ ထိုမေရှိယသည် သူတို့အပေါ်မှာ အုပ်စိုးမည်။ သို့ဖြင့် သူတို့ကယ်တင်ခြင်းရ၍ စင်ကြယ်ခြင်းခံလျက်၊ ပြန်လည်ထူထောင်ကြမည်။

၃၇:၂၄-၂၈ ဒါဝိဒ် (ဤနေရာတွင် သခင်ယေရှုကိုဆိုလိုသည်) သည် ဘုရင်ဖြစ်လာပြီး၊ ပြည်သူများက အမိန့်တော်ကိုမြေဝယ်မကျ နားထောင်ကြလိမ့်မည်။ ထိုလူမျိုးအား ငြိမ်သက်ခြင်းဆိုင်ရာ ထာဝရတည်မြဲသော ပဋိညာဉ်တရားဖြင့် ဘုရားရှင်ကဖွဲ့ နှောင်မည်။ သူတို့အလယ်တွင် ဗိမာန်တော်တည်မည်။ ဤအရာတို့သည် အနာဂတ်၌ ဖြစ်လာလိမ့်မည်။

ဤအခန်းနှင့်လာမည့်အခန်းများ၌ ဣသရေလ၏ ရန်သူများ ပျက်စီးမည့်အကြောင်း နိမိတ်ဖော်ပြသည်။ မာဂေါဂပြည်တွင် ဂေါဂသည် ခေါင်းဆောင်ဖြစ်သည်။ ဤကျမ်းစာပညာရှင်အချို့က ဂေါဂကို ထိုသို့မမှတ်ယူကြ။ ဤအခန်းတွင်ဖော်ပြသော ဖြစ်ရပ်ချင်းရာမှာ ဣသရေလလူမျိုးတို့ ကတိတော်မြေသို့ ပြန်လည်စုစည်းမိကြပြီး အနှစ်တထောင်နိုင်ငံတော်မပေါ်ထွန်းမီ ဖြစ်ပျက်ကြမည့် ဖြစ်ရပ်ချင်းရာဖြစ်သည်။ သို့သော် ဗျာဒိတ် ၂၀:၈ တွင် ဂေါဂနှင့် မာဂေါဂအကြောင်းဖော်ပြချက်မှာ အနှစ်တထောင်နိုင်ငံတော်ကာလ နောက်ပိုင်းနှင့် စပ်ဆိုင်နေသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။