ယေဇကျေလအနာဂတ္တိကျမ်း - ၃၈

ဂေါဂမင်းစစ်ချီလာခြင်း
1တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ 2အချင်းလူသား၊ ရောရှပြည်၊ မေရှက်ပြည်၊ တုဗလပြည်ကို အစိုးရသော မာဂေါဂပြည်သား ဂေါဂမင်းတစ်ဖက်၌ မျက်နှာထား၍ ပရောဖက်ပြုလျက်၊ 3အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ရောရှ၊ မေရှက်၊ တုဗလပြည်တို့ကို အစိုးရသော အို ဂေါဂမင်း၊ သင့်တစ်ဖက်၌ ငါနေ၏။ 4သင့်ကို ငါပြန်လာစေမည်။ သင့်ပါးရိုးကို သံချိတ်နှင့်ချိတ်ပြီးလျှင်၊ သင်မှစ၍ ထူးဆန်းသော လက်နက်စုံ အမျိုးမျိုးကိုဆောင်သောသူ၊ ဒိုင်းလွှားပါ၍ ဓားကို လက်စွဲသောလူ အလုံးအရင်းများနှင့် မြင်း၊ မြင်းစီးသူရဲ ဗိုလ်ခြေအပေါင်းတို့ကို ငါဆောင်ခဲ့မည်။ 5အသီးအသီး ဒိုင်းလွှားကိုင်၍ သံခမောက်လုံးကို ဆောင်းသော ပေရသိပြည်သား၊ ကုရှပြည်သား၊ ဖုတပြည်သား၊ 6ဂေါမာနှင့် သူ၏တပ်များ၊ မြောက်ပြည်သား တောဂါမအမျိုးနှင့် သူ၏တပ်များ အလုံးအရင်း အပေါင်းတို့သည် သင်နှင့်အတူ လိုက်လာကြလိမ့်မည်။ 7သင်သည် မိမိ၌စုဝေးသော လူအလုံးအရင်းများနှင့်တကွ ကိုယ်ကိုပြင်ဆင်လော့။ ပြင်ဆင်လျက်နေလော့။ သူတို့ကို စောင့်လျက်နေလော့။ 8ကြာမြင့်စွာ ကာလလွန်ပြီးမှ သင်သည် အုပ်ချုပ်ရသောအခွင့် ရှိလိမ့်မည်။ ဓားဘေးနှင့်လွတ်၍ လူအမျိုးမျိုးထဲက နုတ်သောပြည်သား၊ ကြာမြင့်စွာ ဆိတ်ညံလျက်နေသော ဣသရေလတောင်တို့အပေါ်သို့၊ တစ်ဖန်ဆောင်ခဲ့သော ပြည်သားတို့ရှိရာသို့ နောင်ကာလ၌ သင်သည် စစ်ချီ၍လာလိမ့်မည်။ ထိုပြည်သားတို့သည် လူအမျိုးမျိုးထဲက နုတ်ဆောင်သောသူဖြစ်၍၊ တစ်ပြည်လုံး ငြိမ်ဝပ်လျက်ရှိနေသောအခါ၊ 9သင်သည် မိုးသက်မုန်တိုင်းကဲ့သို့ တက်လာ၍၊ သင်၌ပါသမျှသော တပ်သားအလုံးအရင်းနှင့်တကွ၊ ထိုပြည်ကို မိုးအုံ့သကဲ့သို့ ဖြစ်လိမ့်မည်။ 10အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုအခါ သင်သည် အရာရာတို့ကို အောက်မေ့၍ မကောင်းသောအကြံကို ကြံစည်လျက်၊ 11ရွာဇနပုဒ်များသောပြည်၊ မြို့ရိုးမရှိ၊ တံခါးကျင်နှင့် တံခါးမရှိ၊ စိုးရိမ်စရာအကြောင်းအလျှင်းမရှိ၊ ငြိမ်ဝပ်သောပြည်သားတို့ရှိရာသို့ ငါချီသွား၍၊ 12သူတို့ဥစ္စာကို လုယက်သိမ်းယူမည်။ အရင်ဆိတ်ညံ၍ ယခုလူနေသော အရပ်တို့ကိုလည်းကောင်း၊ လူအမျိုးမျိုးထဲက စုဝေးသဖြင့် တိရစ္ဆာန်များနှင့် ဥစ္စာများကိုရတတ်၍၊ ပြည်အလယ်၌နေသော သူတို့ကိုလည်းကောင်းတိုက်မည်ဟု ကြံစည်လိမ့်မည်။ 13ရှေဘပြည်သား၊ ဒေဒန်ပြည်သား၊ တာရှုကုန်သည်များ၊ ခြင်္သေ့ပျိုအပေါင်းတို့က၊ ကိုယ်တော်သည် သူ့ဥစ္စာကို လုယူခြင်းငှာ လာသလော။ သူ့ဥစ္စာကိုဝေငှ၍ ရွှေငွေကိုလည်းကောင်း၊ တိရစ္ဆာန်များနှင့် ဥစ္စာများကိုလည်းကောင်း သိမ်းသွားလျက်၊ များစွာ လုယက်ဖျက်ဆီးခြင်းငှာ အပေါင်းအသင်းကို စုဝေးစေပြီလောဟု မေးမြန်းကြလိမ့်မည်။
14သို့ဖြစ်၍၊ အချင်းလူသား၊ ပရောဖက်ပြု၍ အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဂေါဂအား ဆင့်ဆိုရမည်မှာ၊ ငါ၏လူ ဣသရေလအမျိုးသားတို့သည် ငြိမ်ဝပ်စွာနေသောအခါ သင်သည်သိ၍၊ 15မြင်းစီးသောသူ အလုံးအရင်းအပေါင်း၊ အားကြီးသော စစ်သူရဲအပေါင်းတို့နှင့်တကွ မြောက်မျက်နှာမှချီလာမည်။ 16ပြည်ကို မိုးအုံ့သကဲ့သို့ ငါ၏လူ ဣသရေလအမျိုးသားတို့ကို တက်၍တိုက်လာမည်။ နောင်ကာလတွင် ငါ၏ပြည်တစ်ဖက်၌ သင့်ကို ငါဆောင်ခဲ့မည် မဟုတ်လော။ အကြောင်းမူကား၊ အို ဂေါဂ၊ လူအမျိုးမျိုးတို့မျက်မှောက်၌ သင့်အားဖြင့် ငါသည်ချီးမြှောက်ရာသို့ ရောက်သောအခါ၊ သူတို့သည် ငါ့ကိုသိရကြမည် အကြောင်းတည်း။ 17အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် စစ်ချီစေမည်ဟု၊ လွန်လေပြီးသောရှေးကာလ၌ ပရောဖက်ပြုသောငါ၏ကျွန် ဣသရေလပရောဖက်တို့အား ငါသည် ဗျာဒိတ်ပေးသောအခါ၊ သင့်ကိုရည်မှတ်သည်မဟုတ်လော။
ဂေါဂမင်းကိုပြစ်ဒဏ်ပေးခြင်း
18အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလတွင် ဂေါဂသည် ဣသရေလပြည်ကို တိုက်လာသောကာလအခါ၊ ငါသည် ဒေါသအရှိန်ထ၍ အမျက်ထွက်လိမ့်မည်။ 19အကယ်စင်စစ် ထိုအခါ ဣသရေလပြည်၌ ကြီးစွာသော လှုပ်ရှားခြင်းဖြစ်လိမ့်မည်ဟု ငါ၏ဒေါသမီးလောင်လျက် ငါပြောပြီ။ 20ပင်လယ်ငါး၊ မိုးကောင်းကင်ငှက်၊ တောတိရစ္ဆာန်နှင့် မြေ၌တွားတတ်သောတိရစ္ဆာန်၊ မြေပေါ်မှာရှိသော လူအပေါင်းတို့သည် ငါ့ရှေ့မှာ တုန်လှုပ်ကြလိမ့်မည်။ တောင်တို့သည်ပြိုလျက်၊ အဇောက်မြင့်သော အရပ်တို့သည် လဲလျက်၊ အလုံးစုံသောအုတ်ရိုး ပြုတ်လျက် ရှိကြလိမ့်မည်။ 21အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါ့တောင်များ အရပ်ရပ်တို့တွင် သူ့တစ်ဖက်၌ ဓားကို ငါမှာလိုက်သဖြင့်၊ လူအပေါင်းတို့သည် တစ်ယောက်ကိုတစ်ယောက် ဓားနှင့် ခုတ်ကြလိမ့်မည်။ 22ငါသည် ကာလနာဘေး၊ အသေသတ်ခြင်းဘေးအားဖြင့် သူ့ကိုဒဏ်ပေးမည်။ သူနှင့် သူ၌ပါသောတပ်များ၊ အလုံးအရင်းများအပေါ်မှာ လွှမ်းမိုးသောမိုးရေ၊ ကြီးသောမိုးသီး၊ ကန့်နှင့်ရောသော မီးမိုးကိုရွာစေမည်။ 23ထိုသို့ငါသည် ကိုယ်ကိုချီးမြှောက်၍ ရိုသေဖွယ်သော ဂုဏ်လက္ခဏာတို့ကိုပြလျက်၊ များစွာသော လူမျိုးတို့ရှေ့မှာ ထင်ရှားသောအခါ၊ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။

ယေဇကျေလအနာဂတ္တိကျမ်း - ၃၈ (အနက်ဖွင့်)

(ဣသရေလ၏ အနာဂတ်ရန်သူများပျက်စီးမည့်အကြောင်း (အခန်း ၃၈၊၃၉)

၃၈:၁၆ ဘုရားသခင်သည် ဂေါဂနှင့် မဟာမိတ်များကိုစုစည်းသွေးဆောင်ပြီး ခေါ်လာမည်(ငယ်  ၁-၆)။ ဂေါဂသည် ရောရှပြည်၃၆၊ မေရှက်ပြည်၊ ကုဗလပြည်တို့၏ အရှင်သခင်ဖြစ်သည်။ အချို့က ရုရှားပြည် မော်စကိုနှင့် တိုဘော့လ်တို့၏ ရှေးဟောင်းအမည်နာမအခေါ် ဖြစ်သည်ဟု ဆိုလိုသည်။ ဖြစ်နိုင်ဖွယ်ရှိသော်လည်းအထောက်အထားမခိုင်မာပါ။ သူတို့သည် ဣသရေလကိုဖြတ်လျက် တောင်ဘက်အရပ်သို့ ရွှေ့လျားသွားကြမည်။ ယုဒမြို့ရွာများသည် ခြံစည်းရိုးမရှိသော်လည် ဘေးရန်လုံခြုံကြမည်။ ဘုရားသခင်သည် ဣသရေလတို့၏ ရန်သူများအကြောင်းအား နှစ်ပေါင်းထောင်ချီ၍ ကြိုတင်သိထားနှင့်ပြီ ဖြစ်သည်။ မိမိလူများကို ကယ်တင်နုတ်ဆောင်ရန် စီမံချက်ရှိထားနှင့်ပြီး ဖြစ်ကြောင့် ယုံကြည်သူများအား သက်သာခြင်းရစေပါသည်။

၃၈:၁၇-၂၃ ထိုသို့ဖြင့် ဂေါဂနှင့် အင်အားစုသည် ကမ္ဘာမြေအနှံ့တွင် ပြည့်နှက်လှုပ်ရွလာကြမည်။ သို့သော်လည်း ဘုရားသခင်၏ သဝန်တိုမှုနှင့် အမျက်ဒေါသသင့်ရောက်မည်။ ကြောက်မက်ဖွယ် မြေငလျင်ကြီးလှုပ်ခတ်မည်။ ကာလနာရောဂါ၊ သွေးချောင်းစီးစစ်ပွဲ၊ ရေလွှမ်းမိုးခြင်း၊ မိုးသီးမိုးဥရွာသွန်းခြင်း၊ လောင်မီးကျခြင်း (ငယ်၁၇−၂၃)တို့ကြောက်ရွံ့တုန်လှုပ်ကြမည်။

ဘုရားသခင်၏ လူမျိုးတော်အား ရန်ဘက်ပြုသူများ ပျက်စီးမည့်အကြောင်းကို ဟေရှာ ၅၄:၁၇ တွင်လည်း “သင့်တဘက်၌ လက်နက်တစုံတရာ အထမမြောက်ရ။ သင့်ကို တရားတွေ့သော သူမည်သည်ကား အရှုံးခံရလိမ့်မည်။ ထာဝရဘုရား၏ ကျွန်တို့သည် အမွေတော်ခံရ၍ ဖြောင့်မတ်ခြင်းသို့ရောက်လိမ့်မည်ဟု ဆိုထားပါသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။