ယေဇကျေလအနာဂတ္တိကျမ်း - ၃၅

စိရတောင်အပေါ်ဒဏ်ခတ်ခြင်း
1တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ 2အချင်းလူသား၊ သင်သည် စိရတောင်တစ်ဖက်၌ မျက်နှာထား၍ ပရောဖက်ပြုလျက်၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ 3အို စိရတောင်၊ သင့်တစ်ဖက်၌ ငါနေ၏။ သင့်ကို ငါတိုက်၍ သုတ်သင်ပယ်ရှင်းမည်။ 4သင်၏မြို့တို့ကို ငါဖျက်ဆီးသဖြင့် သင်သည် လူဆိတ်ညံလျက် ရှိ၍၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရလိမ့်မည်။ 5သင်သည် အစဉ်ရန်ငြိုးဖွဲ့၍ ဣသရေလအမျိုးသားတို့၌ အမှုရောက်သောကာလ၊ အပြစ်ကြောင့် ခံရသောကာလအဆုံး၌၊ သူတို့အသက်ကို ဓားနှင့် သတ်သောကြောင့်၊ 6အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ အသက်သတ်ခြင်းအမှုကို သင်၌ငါပြု၍၊ ထိုအမှုသည် သင့်ကိုလိုက်မည်။ အသက်သတ်ခြင်းအမှုကို သင်မမုန်းသောကြောင့်၊ ထိုအမှုသည် သင့်ကိုလိုက်ရလိမ့်မည်။ 7ထိုသို့ စိရတောင်ကို ငါသုတ်သင်ပယ်ရှင်းသဖြင့် ထွက်သွားသောသူ၊ ပြန်လာသောသူတို့ကို ပယ်ဖြတ်မည်။ 8သင်၏တောင်တို့ကိုလည်း သင်၏သူရဲ အသေကောင်တို့နှင့် ငါပြည့်စေမည်။ သင့်နေရာကုန်း၊ ချိုင့်၊ မြစ်နား၌ ဓားဖြင့် အသေခံရသော သူတို့သည် ရှိကြလိမ့်မည်။ 9သင့်ကိုအစဉ်မပြတ် သုတ်သင်ပယ်ရှင်းသဖြင့်၊ သင်၏မြို့တို့၌ အဘယ်သူမျှ မနေရ။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်သိရလိမ့်မည်။ 10သင်က၊ ဤတိုင်းပြည်နှစ်ပြည်ကို ငါတို့သည်သိမ်း၍ ပိုင်မည်ဟု ထိုပြည်၌ ထာဝရဘုရားရှိလျက်နှင့် ဆိုမိသောကြောင့်၊ 11အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ သင်သည် သူတို့ကိုရန်ငြိုးဖွဲ့၍ ဒေါသစိတ်၊ ငြူစူသောစိတ် တိုက်တွန်းသည်နှင့်အညီ သင်၌ငါပြုမည်။ သင့်ကို စီရင်သောအခါ သူတို့တွင် ငါထင်ရှားလိမ့်မည်။ 12သင်က၊ ဣသရေလတောင်တို့သည် ပျက်စီး၍ ငါတို့စားစရာဖို့ ဖြစ်ကြ၏ဟု ကဲ့ရဲ့၍ပြောဆိုသော စကားအလုံးစုံတို့ကို ငါထာဝရဘုရားကြားကြောင်းကို သင်သိရလိမ့်မည်။ 13ထိုသို့သင်သည် ငါ့တစ်ဖက်၌ဝါကြွား၍ ပြောမိသောစကားအလုံးစုံတို့ကို ငါကြားပြီဟု မိန့်တော်မူ၏။ 14အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ တစ်ပြည်လုံး ရွှင်လန်းသောအခါ သင့်ကိုငါဖျက်ဆီးမည်။ 15ဣသရေလအမျိုးသားတို့ အမွေမြေပျက်စီးသည်ကို သင်သည် ဝမ်းမြောက်သောကြောင့်၊ ထိုအတူ သင်၌ငါပြုမည်။ အို စိရတောင်၊ သင်နှင့်တကွ ဧဒုံပြည်သည် အကုန်အစင်ပျက်စီး၍ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။

ယေဇကျေလအနာဂတ္တိကျမ်း - ၃၅ (အနက်ဖွင့်)

(ဧဒုံပြည်၏ကံကြမ္မာ (အခန်း၃၅)

၃၅:၁−၇ စိရတောင်သည် ဧဒုံပြည်ကို ကိုယ်စားပြုသည်။ ယုဒလူမျိုးကို မုန်းတီးခြင်း၊ ယေရုရှလင်မြို့ကြီး ပျက်စီးခြင်းကို ဝမ်းမြောက်ဝမ်းသာလက်ခုပ်သြဘာပေးခြင်း၊ ဣသရေလမြေအားသိမ်းပိုက်ရန် ကြံစည်ခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်း စသောစရိုက်ဆိုးများကြောင့် ဧဒုံပြည်အား ဘုရားသခင်က ပြစ်တင်ရှုတ်ချသည်။ ဧဒုံပြည်သည် ကောင်းချီးမင်္ဂလာလိုချင်ကြသော်လည်း ကောင်းချီးမင်္ဂလာပေးပိုင်သော အရှင်ဘုရားသခင်ကိုမူ မလိုချင်ကြ။ ယနေ့ခေတ်ကာလတွင်လည်း ထိုနည်း၄င်းဖြစ်သည်။ ကောင်းချီးမဂ်လာလိုချင်ကြသော်လည်း သခင်ယေရှုကိုလက်မခံလိုကြ။ သခင်ယေရှု မပါလျှင် ကောင်းချီးမခံစားနိုင်၊ မပြည့်စုံနိုင်ပါ။ ဧဒုံပြည်ကံကြမ္မာမှာ ကုန်သွယ်ကူးသန်းမှု ပြတ်တောက်ခန်းခြောက်သောကြောင့် အထီးကျန်ခြောက်သွေ့၍ လူခြေတိတ်လိမ့်မည်( ငယ်၇)။

၃၅:၈−၁၅ ဧဒုံပြည်သည် ယုဒလူမျိုးအား ရန်သူသဖွယ်သဘောပိုက်၍ အပြစ်ရှာမုန်းတီးသည်။ ထိုသို့လူမုန်းသော်လည်း ထိုလူမျိုးနှင့်အတူ ဘုရားသခင်ရှိမည်။ ထိုလူမျိုးဘက်တွင် ရပ်တည်မည်။ ဧဒုံပြည်သည် ငြင်းပယ်ခြင်းမရှိသော်လည်း လက်သင့်ခံခြင်းမရှိ။ ဧဒုံပြည်သည် သူများနှင့်မတူ၊ တမျိုးတဘာသာကျရှုံးမည် ဖြစ်သည်။

ဣသရေလလူမျိုးပျက်စီးသောအခါ ဧဒုံလူမျိုးတို့ ဝမ်းသာကြသကဲ့သို့။ ဧဒုံပြည်ပျက်စီးသည့်အခါ ကမ္ဘာသူကမ္ဘာသားများ နှစ်ထောင်းအားရဖြစ်ကြမည်။

ရန်သူများကျဆုံးသောအခါ ယုံကြည်သူများပျော်ရွှင်ဝမ်းသာကြရန် ဘုရားအလိုတော်မရှိပါ။ ချစ်ခြင်းမေတ္တာတရားသည် သူတပါးဆုံးရှုံ:ခြင်းအပေါ် မင်္ဂလာ မယူသလို ဝမ်းသာခြင်းမရှိပါ။ ရန်သူဖြစ်စေ၊ မိတ်ဆွေဖြစ်စေ ဆုံးရှုံးခြင်းနှင့်ကြုံလာသောအခါ ဝမ်းမြောက်စရာမဟုတ်ပါ။ အားပေးကူညီစရာ၊ နှစ်သိမ့်ပေးစရာ သာဖြစ်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။