ယေဇကျေလအနာဂတ္တိကျမ်း - ၂၅

အမ္မုန်ပြည်နှင့်ဆိုင်သည့်ဗျာဒိတ်
1တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ 2အချင်းလူသား၊ သင်သည် အမ္မုန်အမျိုးသားတို့တစ်ဖက်၌ မျက်နှာထား၍ ပရောဖက်ပြုလျက်၊ 3ဆင့်ဆိုရမည်မှာ၊ အရှင်ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ကြလော့။ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ရှုတ်ချလျက်ရှိသော ငါ၏သန့်ရှင်းရာဌာနကိုလည်းကောင်း၊ လူဆိတ်ညံခြင်းသို့ရောက်သော ဣသရေလပြည်ကိုလည်းကောင်း၊ အေ့ဟေဟု သင်ဆိုမိသောကြောင့်၊ 4သင့်ကို အရှေ့ပြည်သားတို့အား ငါအပိုင်ပေးမည်။ သူတို့သည် သင်၏အထဲ၌ ဘုံဗိမာန်တို့ကို တည်ဆောက်၍ နေရာကျကြလိမ့်မည်။ သင်၏အသီးအနှံကိုစား၍ သင်၏နို့ကိုသောက်ကြလိမ့်မည်။ 5ရဗ္ဗာမြို့ကို ကုလားအုတ်တင်းကုပ်၊ အမ္မုန်ပြည်ကို သိုးကျက်စားရာငါဖြစ်စေမည်။ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့ သိရကြလိမ့်မည်။ 6သင်သည် ဣသရေလပြည်ကို မနာလိုသောစိတ်အားကြီးလျက် လက်ခုပ်တီးခြင်း၊ ခြေနှင့်ဆောင့်ခြင်းကို ဝမ်းမြောက်စွာ ပြုသောကြောင့်၊ 7ငါသည် သင့်ကိုတိုက်၍၊ လူအမျိုးမျိုးလုယူဖို့ရာအပ်မည်။ လူနေရာအတိုင်းတိုင်းအပြည်ပြည်ထဲက သင့်ကို သုတ်သင်ပယ်ရှင်းမည်။ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သင်သိရလိမ့်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
မောဘပြည်နှင့်ဆိုင်သောဗျာဒိတ်
8တစ်ဖန် မောဘပြည်နှင့် စိရမြို့က၊ ယုဒအမျိုးသည် တစ်ပါးအမျိုးသားအပေါင်းတို့နှင့် တူသည်ဟုဆိုသောကြောင့်၊ 9အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ မောဘနံပါး၊ ပြည်စွန်းနားမှာ နိုင်ငံ၏ဘုန်းဖြစ်သော ဗက်ယေရှိမုတ်မြို့၊ ဗာလမောင်မြို့၊ ကိရယသိမ်မြို့တို့ကို ငါလှန်ထားမည်။ 10ထိုမြို့တို့ကို အမ္မုန်အမျိုးသားတို့နှင့်တကွ အရှေ့ပြည်သားတို့အား အပိုင်ပေးမည်။ အမ္မုန်ပြည်သားတို့ကို တိုင်းနိုင်ငံစုတွင် မမှတ်ရ။ 11မောဘပြည်ကိုလည်း ငါသည်အပြစ်ဒဏ်စီရင်၍၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
ဧဒုံပြည်နှင့်ဆိုင်သောဗျာဒိတ်
12တစ်ဖန်ဧဒုံပြည်သည် ချင်ရဲပြေစေခြင်းငှာ၊ ယုဒအမျိုးတစ်ဖက်၌နေ၍ အလွန်ပြစ်မှားသဖြင့်၊ အပြစ်ဒဏ်စီရင်သောကြောင့်၊ 13အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဧဒုံပြည်ကိုငါတိုက်၍ လူနှင့် တိရစ္ဆာန်တို့ကိုပယ်ဖြတ်မည်။ တေမန်မြို့မှစ၍ လူဆိတ်ညံစေမည်။ ဒေဒန်မြို့တိုင်အောင် ဓားဖြင့်ဆုံးရကြလိမ့်မည်။ 14ငါ၏လူဣသရေလအမျိုးသားများအားဖြင့်၊ ဧဒုံပြည်ကိုငါ၏ ချင်ရဲပြေစေခြင်းငှာ ဒဏ်ပေးမည်။ သူတို့သည် ငါ၏အမျက်အရှိန် အားကြီးသည်အတိုင်း ဧဒုံပြည်ကိုပြုကြလိမ့်မည်။ ငါပေးသောအပြစ်ဒဏ်ကိုသိရကြလိမ့်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
ဖိလိတ္တိနှင့်ဆိုင်သောဗျာဒိတ်
15တစ်ဖန် ဖိလိတ္တိလူတို့သည် အငြိုးထား၍ မနာလိုသောစိတ်အားကြီးသည်နှင့် ဒေါသအလိုကိုပြည့်စုံစွာပြု၍၊ ရှင်းရှင်းဖျက်ဆီးခြင်းငှာ အပြစ်ဒဏ်ပေးသောကြောင့်၊ 16အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဖိလိတ္တိလူတို့ကို ငါတိုက်၍ ခေရသိလူတို့ကို ပယ်ဖြတ်မည်။ ပင်လယ်ကမ်းနား၌ ကျန်ကြွင်းသောသူတို့ကို ဖျက်ဆီးမည်။ 17ပြင်းစွာသော ဆုံးမခြင်းနှင့်တကွ ကြီးစွာသောအပြစ်ဒဏ်ကို ပေးမည်။ ထိုသို့ ငါ၏ချင်ရဲပြေစေခြင်းငှာဒဏ်ပေးသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။

ယေဇကျေလအနာဂတ္တိကျမ်း - ၂၅ (အနက်ဖွင့်)

၃။ တပါးအမျိုးသားများအပေါ် ပရောဖက်ပြုချက် (အခန်း ၂၅၃၂)

ဤအခန်းတွင်စိတ်နှလုံးခိုင်မာသော လူမျိုး(၇)မျိုး အပေါ် ဘုရားသခင်၏ တရားစီရင်ခြင်းအကြောင်းရေးသည်။ ဤလူမျိုးများသည် ဘုရားသခင်အား နည်းလမ်းအဖုံဖုံဖြင့် ပုန်ကန်နေသူများ ဖြစ်သည်။ ဘုရားသခင်ကို သိကျွမ်းသော လူမျိုးများအား တိုက်ခိုက်သည်။ ဘုရားသခင်ထံပြန်လှည့်လိုခြင်းမရှိအောင် ဟန့်တားကြသည်။ ဤလူမျိုးများအပေါ် ဘုရားသခင်၏ အကြံအစည်နှင့် စီရင်ခြင်းအကြောင်းတို့ကို လေ့လာကြမည်။

(က) အမ္မုန်လူမျိုး (၂၅:၁−၇)

ပထမဦးဆုံး အပြစ်စီရင်မည့်လူမျိုးမှာ အမ္မုန်လူမျိုး ဖြစ်သည်။ အမ္မုန်လူမျိုးသည် ဘုရားသခင်၏ ဗိမာန်တော်ပျက်သုဉ်းခြင်း၊ ဣသရေလနှင့် ယုဒလူများကို ဗာဗုလုန်တို့က ဖမ်းဆီးကျွန်ပြုခြင်းအား နှစ်ထောင်းအားရဝမ်းသာနေသူများ ဖြစ်သည်။ ထို့ကြောင့် အရှေ့ဘက်ကလူများ (ဗာဗုလုန်)၏ တိုက်ခိုက်သတ်ဖြတ်ခြင်းကို ခံရမည်။ ရဗ္ဗာမြို့ကို ကုလားအုပ်တင်းကုပ်၊ အမ္မုန်ပြည်ကို သိုးစားကျက် ဖြစ်စေမည်။

(မောဘလူမျိုး(၂၅:၁၁)

ဒုတိယတရားစီရင်ခြင်းခံရမည့် လူမျိုးများ မောဘအမျိုး ဖြစ်သည်။ စိရမြို့မှ ယုဒတို့သည် တပါးအမျိုးသားများနှင့် ပေါင်းသင်းကြသောကြောင့် အပြစ်စီရင်မည်။ မောဘပြည်သည် ဗာဗုလုန်တို့အား တံခါးဖွင့်ပေးသောကြောင့် အမ္မုန်မြို့ကဲ့သို့ စီရင်မည်။ ထိုမြို့များအား ယုဒနယ်နိမိတ်ထဲမှ စာရင်းပယ်ဖျက်မည်။ ထိုအခါကျ မောဘလူမျိုးတို့ ဘုရားသခင်ကိုသိလာကြသည်။

(ဧဒုံလူမျိုး (၂၅:၁၂၁၄)

တတိယလူမျိုးမှာ ဧဒုံလူမျိုး ဖြစ်သည်။ ယုဒအိမ်ရာများကို ဖျက်ဆီးကြသောကြောင့် ဘုရားသခင်က ယုဒလူမျိုးအတွက် ကလဲ့စားချေပေးမည်။

(ဖိလိတ္တိလူမျိုး (၂၅:၁၅၁၇)

ဖိလိတ္တိလူမျိုးသည် စီရင်ခံရမည့်စတုတ္ထမြောက် လူမျိုးဖြစ်သည်။ ထိုလူမျိုးသည် ယုဒလူမျိုးတို့အား သေတပန်သက်တဆုံး မုန်းတီးသူများ ဖြစ်သည်။ ထို့ကြောင့် ယုဒလူမျိုးကိုယ်စား ဘုရားသခင်က ကလဲ့စားချေးပေးမည်။

ဤသင်ခန်းစာအရ ဘုရားသခင်၏ လူမျိုးတော် ထိပါးခြင်းသည် ဘုရားသခင်အား ထိပါးခြင်းဖြစ်သည်။ ယနေ့ခေတ် ယုံကြည်သူများသည် ဘုရားသခင်၏ မျက်ဝန်းက မခွါတမ်း ကြည့်ရှုစောင့်ရှောက်ခြင်းခံနေ ရသူများဖြစ်သည်။ ဖိလိတ္တိတို့သည် ဘုရားသခင်၏လူများ အပြစ်ဒုစရိုက်နွံထဲ ကျရောက်ခြင်းကို ဝမ်းသာနေသူများဖြစ်သည်။ ယုံကြည်သူများသည် မစင်ကြယ်သော ပျော်ရ္ငင်မှု၊ သူတပါးပျက်စီးခြင်းကို ကျေနပ်အားရခြင်း၊ ကလဲ့စားချေခြင်းစသော စိတ်ဓာတ်မျိုး ရောင်ပြန်ထင်ဟပ်ခြင်း မရှိရန်ဆင်ခြင်ရမည်။ သူတပါးပျက်စီးခြင်းကို မိမိပျက်စီးခြင်းအဖြစ် ယေဇကျေလကဲ့သို့ ရည်မှတ်နိုင်ရမည်။ အပြစ်ဝန်ချတောင်းပန်လိုစိတ်ရှိရမည်။ ဆုတောင်းပေးချင်စိတ်ရှိရမည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။