ယေဇကျေလအနာဂတ္တိကျမ်း - ၂၄

အိုးကင်း
1သက္ကရာဇ်ကိုးခု၊ ဒသမလဆယ်ရက်နေ့တွင်၊ တစ်ဖန်ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊ 2အချင်းလူသား၊ ဤမည်သောနေ့၊ ယခုနေ့ရက်ကိုမှတ်လော့။ ယခုနေ့၌ ဗာဗုလုန်ရှင်ဘုရင်သည် ယေရုရှလင်မြို့ကို ဝိုင်းထားစပြု၏။ 3ပုန်ကန်တတ်သော အမျိုးအားလည်း ပုံစကားတည်းဟူသော၊ အရှင်ထာဝရဘုရား မိန့်တော်မူသောစကားကို ဆင့်ဆိုရမည်မှာ၊ အိုးကင်းကို မီးဖို၌တင်ထား၍ ရေကိုလောင်းလော့။ 4အမဲသားတစ်များ၊ ကောင်းသောအတစ်တို့ကို စုထား၍၊ ပေါင်၊ ပခုံး၊ အစရှိသော အကောင်းဆုံးသောအရိုးတို့ကို အိုးကင်း၌ အပြည့်ထည့်လော့။ 5သိုးအကောင်းဆုံးတို့ကို ယူပြီးလျှင်၊ အရိုးအချို့တို့ကို အိုးကင်းအောက်မှာပုံ၍၊ အိုးကင်းထဲမှာ အရိုးတို့ကို ကျက်စေခြင်းငှာ၊ ကျပ်ကျပ်ဆူစေလော့။ 6ဤအမှု၌ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူအသက်ကို သတ်တတ်သောမြို့၊ သံချေးတက်၍ ရှိသေးသော အိုးကင်းသည် အမင်္ဂလာရှိ၏။ သားတစ်တို့ကို တစ်ခုနောက်တစ်ခု ထုတ်လော့။ စာရေးတံမပြုနှင့်။ 7အကြောင်းမူကား၊ ထိုမြို့သတ်သောသူ၏ အသွေးသည် မြို့အလယ်၌ရှိ၏။ ထိုအသွေးကို မြေမှုန့်နှင့်ဖုံးခြင်းငှာ မြေပေါ်မှာ သွန်းသည်မဟုတ်၊ ရှင်းလင်းသော ကျောက်ပေါ်မှာ တင်ထားပြီ။ 8ငါသည်လည်း အပြစ်ဒဏ်ပေးမည်အကြောင်း၊ ဒေါသအမျက်ထွက်စေခြင်းငှာ၊ ထိုအသွေးကိုမဖုံးဘဲ ရှင်းလင်းသောကျောက်ပေါ်မှာ တင်ထားပြီ။
9ဤအမှု၌ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူအသက်ကို သတ်တတ်သောမြို့သည် အမင်္ဂလာရှိ၏။ ကြီးစွာသောမီးပုံကို ငါစီရင်မည်။ 10ထင်းများကိုပုံထား၍ မီးရှို့လော့။ အမဲသားလျော့၍ မြိန်စွာသော စားဖွယ်ဖြစ်စေလော့။ အရိုးတို့ကိုလည်းကျွမ်းစေ။ 11ထိုနောက်၊ အဘယ်အရာမျှမပါဘဲ မီးခဲပေါ်မှာ တင်ထားလော့။ ကြေးနီပူ၍ မီးတောက်စေ။ အိုးကင်း၌ပါသောအညစ်အကြေးကို အရည်ကျို၍ သံချေးကုန်စေ။ 12ကြိုးစား၍ပင်ပန်းသော်လည်း၊ များစွာသော သံချေးမထွက်တတ်။ မီးအားဖြင့် မကုန်တတ်။ 13သင်၏အညစ်အကြေး၌ အဓမ္မအမှုပါ၏။ ငါဆေးကြော၍ သင်သည် ဆေးကြောခြင်းကို မခံသောကြောင့်၊ ငါ၏အမျက်အရှိန်သည် သင့်အပေါ်သို့မရောက်မချင်းတိုင်အောင်၊ သင်၏အညစ်အကြေးကို မဆေးကြောရ။ 14ငါထာဝရဘုရားပြောပြီ။ ပြောသည်အတိုင်း ငါပြု၍ပြည့်စုံစေမည်။ နောက်သို့မဆုတ်၊ မနှမြော၊ နောင်တမရ၊ သင်ကျင့်ကြံပြုမူသမျှ အတိုင်း၊ ငါစီရင်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
ယေဇကျေလခင်ပွန်းသေဆုံးခြင်း
15တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ 16အချင်းလူသား၊ သင်ကြည့်ရှုလိုဖွယ်သောသူကို ငါသည် ဒဏ်ခတ်၍ ပယ်ရှားမည်။ သို့ရာတွင်၊ သင်သည် ငိုကြွေးမြည်တမ်းခြင်းကို မပြုရ။ မျက်ရည်မကျရ။ 17တိုးတိုးညည်းတွားလော့။ သေသောသူအတွက် မြည်တမ်းခြင်းကို မပြုနှင့်။ ခေါင်းပေါင်း ပေါင်း၍ ခြေနင်းကိုစီးလော့။ နှုတ်ကိုမဖုံးနှင့်။ ဆင်းရဲသောသူ၏ အစာကိုမစားနှင့်ဟု မိန့်တော်မူ၏။ 18ထိုသို့ငါသည် နံနက်အချိန်၌ လူများတို့အားကြားပြော၏။ ညဉ့်ဦးအချိန်၌ ငါ့ခင်ပွန်းသည်သေ၏။ မှာထားတော်မူသည်အတိုင်း နက်ဖြန်နံနက်မှငါပြု၏။ 19လူများတို့ကလည်း ဤသို့သင်ပြုသောအမှုသည် ငါတို့နှင့် အဘယ်သို့ဆိုင်သနည်း။ ငါတို့အားမပြောသလောဟု ငါ့အားမေးကြသော်၊ 20ငါက၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ 21အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဣသရေလအမျိုးအားဆင့်ဆိုရမည်မှာ၊ ငါ၏သန့်ရှင်းရာဌာန၊ သင်တို့အစွမ်းသတ္တိ အထွတ်အမြတ်၊ သင်တို့ကြည့်ရှုလိုဖွယ်သောအရာ၊ အလွန်နှမြောသောအရာကို ငါရှုတ်ချမည်။ သင်တို့ဖွားမြင်သော သားသမီးတို့သည် ဓားဖြင့်ဆုံးကြလိမ့်မည်။ 22ထိုအခါ သင်တို့သည် ငါပြုသကဲ့သို့ ပြုရကြလိမ့်မည်။ နှုတ်ကိုမဖုံး၊ ဆင်းရဲသောသူတို့၏ အစာကို မစားရကြ။ 23ခေါင်းပေါင်း ပေါင်း၍ ခြေနင်းကို စီးရကြလိမ့်မည်။ ငိုကြွေးမြည်တမ်းခြင်းကို မပြုရကြ။ ကိုယ်အပြစ်ကြောင့် ပိန်ကြုံ၍ တစ်ယောက်ကိုတစ်ယောက် ညည်းတွားရကြလိမ့်မည်။ 24ထိုသို့ ယေဇကျေလသည် သင်တို့အားပုပ္ပနိမိတ်ဖြစ်ရ၏။ သူပြုသမျှအတိုင်း သင်တို့သည်၊ အမှုရောက်သောအခါပြု၍၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သိရကြလိမ့်မည်။
25အချင်းလူသား၊ သင်၏အမှုမူကား၊ သူတို့အစွမ်းသတ္တိ၊ ဝါကြွားစရာဘုန်း၊ ကြည့်ရှုလိုဖွယ်သောအရာ၊ စိတ်စွဲလမ်းသောအရာကိုလည်းကောင်း၊ သားသမီးတို့ကိုလည်းကောင်း ငါပယ်ရှားသောအခါ၊ 26လွတ်သောသူ တစ်စုံတစ်ယောက်သည် သင်ရှိရာသို့ရောက်လာ၍ ကြားပြောလိမ့်မည်။ 27ထိုအခါ လွတ်လပ်သောသူနှင့်တွေ့သဖြင့် သင်၏နှုတ်ပွင့်လိမ့်မည်။ စကားမပြောဘဲနေချိန်လွန်၍ ဟောပြောရလိမ့်မည်။ ထိုသို့သင်သည် သူတို့အားပုပ္ပနိမိတ်ဖြစ်၍၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။

ယေဇကျေလအနာဂတ္တိကျမ်း - ၂၄ (အနက်ဖွင့်)

(ဆူပွက်နေသောအိုးကင်းပုံပမာ(၂၄:၁၄)

ယေရုရှလင်ခြိမ်းခြောက်ခြင်းခံရမည်။ ထိုနေ့ကို ဆူပွက်နေသောအိုးကင်းနှင့် ခိုင်းနှိုင်းသည်။ အိုးကင်းသည် ယေရုရှလင်မြို့၊ အသားတုံးများသည် ပြည်သူလူထု ဖြစ်သည်။ အိုကင်းကဆူပွက်နေသည်။ ထိုအိုးကင်းသည် အခွံသာရှိသောအခါ သံချေးကိုက်စားသည်။ ဘုရားရှင်ကသူ့လူများကို ရုပ်တုကိုးကွယ်မှုမှ ကင်းဝေးစေသည်။

(ယေဇကျေလ၏ မယားသေဆုံးသည့်နိမိန်လက္ခဏာ (၂၄:၁၅၂၇)

၂၄:၁၅−၁၈ ယေဇကျေလ၏ ရှုမငြီးဇနီးသည် သေဆုံးမည့်အကြောင်း ဘုရားရှင်က ရူပါရုံပေးသည်။ ထိုနေ့ ညနေခင်းတွင် သူ့မိန်းမသေဆုံးမည်။ သို့သော်လည်း လောကသား၊ တရားမပြည့်သူများသဲ့သို့ငိုကြွေး ပူဆွေးခြင်းမပြုဖို့သတိပေးသည်။

၂၄၁၉−၂၄ ထိုရူပါရုံ၏အနက်အဓိပ္ပါယ်မေးမြန်းကြသောအခါ ရှုမငြီးစရာ (ဗိမာန်တော်) သည် ပျက်စီ:မည်။ သူ၏သားသမီးများသည်လည်း သေကြေကြမည်။ ငို‌ကြွေးဝမ်းနည်းခြင်းမရှိရဟု ဆိုသည်။

ထိုပရောဖက်ပြုချက်အမှုအရာများသည် ကြုံတွေ့သည့် အခါတိုင်းလောကသားများသည် ဘုရားသခင်ကို အောက်မေ့ သတိရကြမည် (ငယ် ၂၄)။

၂၄း ၂၅-၂၇ ထိုအဖြစ်အပျက်များသည် ပြည့်စုံသည့်အချိန်အထိ ပရောဖက် ယေဇကျေလသည် နှုတ်ပိတ်ဆွံ့အနေမည်။ ထိုသတင်းစကားလာပြောမှသာလျှင် နှုတ်ဖွင့်စကားပြောနိုင်မည်။ ထိုအကြောင်းကို ၃၃:၂၁−၂၂တွင် မှတ်သားတင်ထားသည်။ အခန်း ၂၅−၃၂ သည် တပါးအမျိုးသားများဖို့ ပရောဖက်ပြုချက်ဖြစ်သည်။ ယုဒလူမျိုးနှင့်မသက်ဆိုင်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။