ယေဇကျေလအနာဂတ္တိကျမ်း - ၁၂

ဒုက္ခသည်အသွင်ဆောင်စေခြင်း
1တစ်ဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ 2အချင်းလူသား၊ သင်သည် ပုန်ကန်တတ်သော အမျိုးထဲမှာနေ၏။ သူတို့သည် မြင်ရသော မျက်စိရှိသော်လည်း မမြင်တတ်။ ကြားရသော နားရှိသော်လည်း မကြားတတ်။ ပုန်ကန်တတ်သော အမျိုးဖြစ်ကြ၏။ 3သို့ဖြစ်၍၊ အချင်းလူသား၊ အခြားသို့ ပြောင်းသွားခြင်းငှာ ဥစ္စာပရိကံများကို ပြင်ဆင်၍၊ နေ့အချိန်၌ သူတို့မျက်မှောက်တွင် ပြောင်းသွားလော့။ သူတို့မျက်မှောက်တွင် အခြားတစ်ပါးသို့ နေရာပြောင်းလော့။ ပုန်ကန်တတ်သော အမျိုးဖြစ်သော်လည်း၊ သတိရကောင်း ရကြလိမ့်မည်။ 4နေရာပြောင်းစရာဖို့ ပြင်ဆင်သော ဥစ္စာပရိကံများကဲ့သို့၊ သင်၏ဥစ္စာပရိကံများကို နေ့အချိန်၌ သူတို့မျက်မှောက်တွင် ထုတ်ရမည်။ သိမ်းသွားခြင်းကို ခံရသောသူကဲ့သို့၊ ညအချိန်၌ သူတို့မျက်မှောက်တွင် ထွက်သွားရမည်။ 5သူတို့မျက်မှောက်၌ အုတ်ရိုးကိုတူးဖောက်၍၊ ဥစ္စာပရိကံများကို ထုတ်သွားလော့။ 6ညဉ့်ဦးယံအချိန်၌ သူတို့မျက်မှောက်တွင် ပခုံးပေါ်မှာထမ်း၍ ထုတ်ရမည်။ မြေကိုမမြင်ရအောင် မျက်နှာကိုဖုံးရမည်။ အကြောင်းမူကား၊ သင့်ကို ဣသရေလအမျိုးအား နိမိတ်လက္ခဏာဖြစ်စေခြင်းငှာ ငါခန့်ထားပြီဟု မိန့်တော်မူသည်အတိုင်း၊ 7ငါသည် သိမ်းသွားခြင်းကို ခံရသောသူ၏ ဥစ္စာပရိကံများကဲ့သို့၊ ငါ၏ဥစ္စာပရိကံများကို နေ့အချိန်၌ထုတ်၍၊ ညအချိန်၌ အုတ်ရိုးကို ကိုယ်လက်နှင့် တူးဖောက်ပြီးမှ၊ ညဉ့်ဦးယံအချိန်၌ သူတို့မျက်မှောက်တွင် ပခုံးပေါ်မှာထမ်းသွား၏။
8နံနက်အချိန်၌ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ 9အချင်းလူသား၊ ပုန်ကန်တတ်သော ဣသရေလအမျိုးက၊ သင်သည် အဘယ်သို့ပြုသနည်းဟု သင့်အားမေးသည်ရှိသော်၊ 10အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုရမည်။ ဤဗျာဒိတ်တော်သည် ယေရုရှလင်မြို့ကို အစိုးရသောမင်းမှစ၍၊ ထိုမြို့၌ရှိသော ဣသရေလအမျိုးသားအပေါင်းတို့နှင့် ဆိုင်ပေ၏။ 11ငါသည်သင်တို့၏နိမိတ်လက္ခဏာဖြစ်၏။ ငါပြုသကဲ့သို့ သင်တို့သည် ပြုရကြလိမ့်မည်။ နေရာပြောင်း၍ သိမ်းသွားခြင်းကို ခံရကြလိမ့်မည်။ 12သင်တို့၏ မင်းသည်လည်း၊ မိမိပခုံး၌ထမ်း၍ ညဉ့်ဦးယံအချိန်၌ ထုတ်သွားရလိမ့်မည်။ ထုတ်သွားစရာဖို့ အုတ်ရိုးကို တူးဖော်ရလိမ့်မည်။ မြေကိုမမြင်ရအောင် မျက်နှာကို ဖုံးရလိမ့်မည်။ 13ထိုမင်းကိုလည်း ငါ၏ပိုက်ကွန်နှင့်အုပ်၍၊ ငါ၏ကျော့ကွင်း၌ ကျော့မိစေမည်။ ခါလဒဲပြည် ဗာဗုလုန်မြို့သို့ ဆောင်သွားမည်။ ထိုမြို့၌ သေရသော်လည်း မြို့ကိုမမြင်ရ။ 14သူ့ကိုမစခြင်းငှာ ဝိုင်းသောသူတို့နှင့် တပ်သားအပေါင်းတို့ကို အရပ်ရပ်သို့ ဖြန့်ကြဲမည်။ သူတို့နောက်၌လည်း ဓားကိုလွှတ်လိုက်မည်။ 15လူအမျိုးမျိုးတို့တွင် ကွဲပြားစေ၍၊ အတိုင်းတိုင်း အပြည်ပြည်သို့ဖြန့်ကြဲသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်။ 16သို့ရာတွင်၊ ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးတို့နှင့် လွတ်၍၊ ငါကျန်ကြွင်းစေသော သူအချို့တို့သည် မိမိတို့ပြုဖူးသော စက်ဆုပ်ရွံရှာဖွယ် အမှုရှိသမျှတို့ကို၊ နောက်ရောက်သော တစ်ပါးအမျိုးသားနေရာပြည်တို့၌ ဖော်ပြကြလိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
တုန်လှုပ်သောပရောဖက်
17တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ 18အချင်းလူသား၊ တုန်လှုပ်လျက် အစာကိုစားလော့။ တုန်လှုပ်လျက်၊ သတိပြုလျက် ရေကိုသောက်လော့။ 19အရှင်ထာဝရဘုရားသည် ဣသရေလပြည်၊ ယေရုရှလင်မြို့သားတို့ကို ရည်မှတ်၍ မိန့်တော်မူသောစကားကို ဆင့်ဆိုရမည်မှာ၊ သူတို့သည် သတိပြုလျက် အစာကို စားရကြမည်။ မိန်းမောတွေဝေလျက် ရေကို သောက်ရကြမည်။ ထိုသို့သောအားဖြင့်၊ ပြည်သူပြည်သား အပေါင်းတို့ပြုသော အဓမ္မအမှုကြောင့်၊ ဣသရေလပြည်သည် မိမိပြည့်စုံခြင်းနှင့် ကင်းလွတ်ရလိမ့်မည်။ 20လူနေသော မြို့တို့သည်လည်း ပျက်စီး၍၊ တစ်ပြည်လုံး ဆိတ်ညံလျက် ရှိရလိမ့်မည်။ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့ သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
ဣသရေလ၌သုံးသောစကားပုံ
21တစ်ဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊ 22အချင်းလူသား၊ နေ့ရက်ကာလ ရွေ့လျက်ရှိ၍၊ ခပ်သိမ်းသော ဗျာဒိတ်ရူပါရုံလည်း ပျက်ကြပြီဟု၊ ဣသရေလပြည်၌ သုံးတတ်သော စကားပုံကား အဘယ်သို့နည်း။ 23သို့ဖြစ်၍၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ထိုစကားပုံကို ငါပျောက်စေမည်။ နောက်တစ်ဖန် ဣသရေလအမျိုး၌ မသုံးရကြ။ နေ့ရက်ကာလနီးပြီ။ ခပ်သိမ်းသော ဗျာဒိတ်ရူပါရုံလည်း ပြည့်စုံကြလိမ့်မည်ဟု ပြောလော့။ 24နောက်တစ်ဖန် ဣသရေလအမျိုး၌ အချည်းနှီးသော ရူပါရုံမရှိရ။ ချော့မော့စွာ ပရောဖက်ပြုခြင်းလည်း မရှိရ။ 25ငါသည် ထာဝရဘုရား ဖြစ်၏။ ငါပြောလျှင်၊ ပြောသည်အတိုင်း ပြည့်စုံလိမ့်မည်။ ပြည့်စုံချိန်လည်း မရွေ့ရ။ အချင်းပုန်ကန်တတ်သောအမျိုး၊ သင်တို့လက်ထက်၌ ငါပြောမည်။ ပြောသည်အတိုင်းလည်း ပြည့်စုံစေမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
26တစ်ဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ 27အချင်းလူသား၊ ဣသရေလအမျိုးသားတို့က၊ သူမြင်သော ဗျာဒိတ်ရူပါရုံသည် ဝေးသေး၏။ ဝေးသေးသောကာလကို ရည်မှတ်၍ ဟောတတ်သည်ဟု ပြောဆိုကြ၏။ 28သို့ဖြစ်၍ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ငါ၏စကား ပြည့်စုံချိန်မရွေ့ရ။ ငါပြောသည်အတိုင်းလည်း ပြည့်စုံစေမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။

ယေဇကျေလအနာဂတ္တိကျမ်း - ၁၂ (အနက်ဖွင့်)

(ယေဇကျေလ ပြည်နှင်ခံရမည့်အကြောင်း နိမိတ်လက္ခဏာ (အခန်း၁၂)

(ဥစ္စာပရိကံ (၁၂:၁၆)

၁၂:၁−၁၂ ယေဇကျေလအား အထုပ်အပိုးများ သိမ်းဆည်း၍ မိမိအိမ်မှ အခြားနေရာသို့ သွားခိုင်းကြောင်း ရူပါရုံမြင်ရသည်။ ထိုအတိတ်န်မိတ်မှာ ယုဒလူမျိုးများ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းခံရမည့် နိမိတ် လက္ခဏာ ဖြစ်သည်။ ညဉ့်အချိန်မြို့ရိုးအောက် ခြေတူးဖြိုကြခြင်းနှင့် မျက်နှာဖုံးအုပ်ခြင်းမှာ ဇေဒကိမင်း ညဥ့်အချိန် ထီးနန်းစွန့်ခွာ ထွက်ပြေးရမည့်အကြောင်း နိမိတ်ပြခြင်းဖြစ်သည်။ (မျက်နှာဖုံးထား၍ အမြင်ကွယ်နေခြင်းမှာ ညအချိန်ကဲ့သို့ ဖြစ်သည်။

၁၂:၁၃−၁၆ ထိုနည်းတူပင် ယေဇကျေလသည် တခါမှ မမြင်ဘူး၊ စိတ်ကူးမရဘူးသည့် ဗာဗုလုန်ပြည်သို့ ဖမ်းဆီးသိမ်းသွားခြင်းခံရသည်(ငယ်၁၃)။ မြင်ခဲ့ရသော ဗျာဒိတ်ရူပါရုံနှင့် ဗာဗုလုန်အဖြစ်ပျက်သည် ကွက်တိဖြစ်သည်။ ဇေဒေကိသည် ယေရုရှလင်မြို့ထဲမှ ထွက်ပြေးသော်လည်း ခါလဒဲပြည်ဗာဗုလုန်သို့ ဖမ်းဆီးခံရ၍ ရိဗလမြို့တွင် မျက်စိဖောက်ထုတ်ခြင်း ခံရသည်(၄ရာ၊ ၂၅:၇)။ လူအများတို့မှာ စစ်ပွဲတွင် သေသူသေ၊ ဖရိုဖရဲ ကစဉ်းကလျား ထွက်ပြေးသူနှင့် တိုင်းနိုင်ငံ အရပ်ရပ်သို့ ကွဲလွှင့်ကုန်သည်။ ရန်သူ့ ဓါးချက်ဖြင့်၎င်း၊ ငတ်မွတ်ဘေးကြောင့်၎င်း၊ ကပ်ရောဂါကြောင့်၎င်း သေကြေကြရသည်။

 

(ယေဇကျေလ တုန်လှုပ်ခြင်း (၁၂:၁၇၂၈)

          ၁၂:၁၇−၂၀ တုန်လှုပ်စွာဖြင့် ယေဇကျေလကို စားသောက်စေခြင်းမှာ တိုင်းတပါးသား လက်အောက်တွင်  စိုးရိမ်ကြောက်လန့် ကျီးလန့်စာစား အသက်ရှင်ရမည့်အကြောင်း နိမိတ်လက္ခဏာ ဖြစ်သည်။

၁၂:၂၁−၂၈ ထိုခေတ်ကာလက “ဘုရားသခင်၏ ပျက်သုဉ်းခြင်းဗျာဒိတ်ပြုချက်သည် ဘယ်သောအခါမှ ပြည့်စုံရိုးမရှိ” ဟူသော ဆိုရိုးစကားရှိသည်။ ယခုဘုရားရှင်တော်က ဆိုရိုးစကားသစ် တစ်ခွန်းပြောပြသည်။ “ဘုရားသခင်၏ ဗျာဒိတ်ပြုချက်ပြည့်စုံမည့် နေ့ရက်သည် လက်တစ်ကမ်းရောက်ပြီ။ ဗျာဒိတ်တော်(ရူပါရုံ) တိုင်း ပြည့်စုံရလိမ့်မည်။ ပြည့်စုံရိုးမရှိ ဟုဆိုသူတို့သည် သူတို့၏ နေ့ရက်မကုန်ဆုံ:မီ မျက်ဝါးထင်ထင် မြင်တွေ့ရကြလိမ့်မည်”ဟူ သတည်း။

လူ့အကြိုက်သဘောထားမှာ ပရောဖက်ပြုချက်များကို အချိန်ဝေးရာသို့ရွှေ့ဆိုင်း လိုကြသည်။ တနည်းအားဖြင့် အနာဂတ်မျိုးဆက်များအတွက်ဟု ထမင်းရည်ပူလာလျှာလွဲ လုပ်လိုကြသည်။ စာအုပ်စာစောင် အားဖြင့်၎င်း၊ ဝေငှချက်အားဖြင့်၎င်း ဘုရားသခင်၏ စကားတော်ကို ကျွန်ုပ်တို့ ကြားသိရသောအခါ ညီအစ်ကို ညီအစ်မများ၏ အသက်တာတွင် မည်သို့လက်တွေ့ အသုံးချမည်၊ မည်သို့အသက်တာပြောင်းလဲစေရမည်ကို ချက်ချင်း တုန့်ပြန်အကောင်အထည်ဖော်ဆောင်ဖို့ လိုသည်။ ထိုသို့မဟုတ်ဘဲ၊ ငါတို့နှင့်မဆိုင်အခြားသူများ သို့လမ်းလွဲကြသော စိတ်ဓာတ်မျိုးမှာ အဖျက်အမှောင့် သဘောထား ဖြစ်သည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်မဟုတ်၊ ဗျာဒိတ်တော် ပရောဖက်ပြုချက်များကို ငြင်းပယ်၍ လိုသလို ကာလအချိန်ရွှေထားသော၊ လူ့အကြိုက်ကို အလိုလိုက်ကာ စကားတန်ဆာဖြင့် ပုံဖျက်ထားသော ဝေငှချက်များကို ကျွန်ုပ်တို့ အထူးသတိပြုရှောင်ရပါမည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။