ယေဇကျေလအနာဂတ္တိကျမ်း - ၁၃

ပရောဖက်မိုက်တို့ကိုရှုတ်ချခြင်း
1တစ်ဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊ 2အချင်းလူသား၊ ကိုယ်အလိုအလျောက်ပရောဖက်ပြု၍ ဟောပြောတတ်သော ဣသရေလအမျိုး ပရောဖက်တို့တစ်ဖက်၌ ဟောပြောလော့။ ထာဝရဘုရား၏ အမိန့်တော်ကိုနားထောင်ကြဟု သူတို့အားပြောလော့။ 3အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အဘယ်အရာကိုမျှ မမြင်ဘဲ၊ ကိုယ်စိတ်အလိုသို့ လိုက်တတ်သော ပရောဖက်မိုက်တို့သည် အမင်္ဂလာရှိကြ၏။ 4အို ဣသရေလအမျိုး၊ သင်၏ပရောဖက်တို့သည် တော၌နေသော မြေခွေးနှင့်တူကြ၏။ 5ဣသရေလအမျိုးသည် ထာဝရဘုရား၏နေ့ရောက်မှ စစ်တိုက်၍ ခံနိုင်မည်အကြောင်း၊ သူတို့သည် မြို့ရိုးပျက်အပေါ်သို့ တက်၍၊ ပြုပြင်ခြင်းအမှုကို မပြုဘဲနေကြ၏။ 6အချည်းနှီးသောအရာကို မြင်ကြပြီ။ ထာဝရဘုရားစေလွှတ်တော်မမူဘဲ၊ ထာဝရဘုရား မိန့်တော်မူသည်ဟု ဆိုလျက်၊ လှည့်စား၍ ပရောဖက်ပြုကြပြီ။ ကိုယ်စကားပြည့်စုံမည်ဟု သူတစ်ပါးယုံစေခြင်းငှာ ပြုကြပြီ။ 7ငါမပြောဘဲ ထာဝရဘုရားမိန့်တော်မူသည်ဟု သင်တို့ဆိုလျက်၊ အချည်းနှီးသောအရာကို မြင်ကြပြီမဟုတ်လော။ လှည့်စား၍ ပရောဖက်ပြုကြပြီ မဟုတ်လော့။
8ထိုကြောင့် အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့သည် အချည်းနှီးသောစကားကိုပြော၍ မုသားရူပါရုံကိုမြင်သောကြောင့် ငါသည် သင်တို့တစ်ဖက်၌နေ၏။ 9အချည်းနှီးသောအရာကိုမြင်၍ မုသားစကားကို ဟောပြောတတ်သော ပရောဖက်တို့ကို ငါဆီးတားသဖြင့်၊ သူတို့သည် ငါ၏ပရိသတ်စည်းဝေးရာသို့ မဝင်ရကြ။ ဣသရေလအမျိုး၏စာရင်း၌ သူတို့အမည်ကို မသွင်းရ။ ဣသရေလပြည်၌ နေရာမချရ။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။ 10ငြိမ်သက်ခြင်း မရှိသော်လည်း၊ ငြိမ်သက်ခြင်းရှိသည်ဟု သင်တို့ဆိုလျက်၊ ငါ၏လူတို့ကို လှည့်စားသောကြောင့်လည်းကောင်း၊ တစ်ယောက်ကား အုတ်ရိုးကိုတည်လျက်၊ တစ်ယောက်ကား အင်္ဂတေနှင့်မွမ်းမံလျက် ပြုသောကြောင့်လည်းကောင်း၊ 11ထိုအုတ်ရိုးသည် ပြိုလဲမည်ဟု အင်္ဂတေနှင့် မွမ်းမံသောသူတို့အား ပြောလော့။ မိုးရေလွှမ်းမိုးလိမ့်မည်။ ကြီးစွာသောမိုးသီး ကျလိမ့်မည်။ မိုးသက်မုန်တိုင်းတိုက်ဖျက်လိမ့်မည်။ 12ထိုအုတ်ရိုးသည် ပြိုလဲပြီးမှ၊ သင်တို့မွမ်းမံသော အင်္ဂတေသည် အဘယ်မှာရှိသနည်းဟု သင်တို့အား သူတစ်ပါးမေးလိမ့်မည် မဟုတ်လော။ 13ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည်အမျက်ထွက်၍၊ သင်တို့အုတ်ရိုးကို မိုးသက်မုန်တိုင်းအားဖြင့်တိုက်၍ ဖျက်မည်။ ငါ၏ဒေါသအရှိန်ကြောင့် မိုးရေလွှမ်းမိုး၍၊ ကြီးစွာသောမိုးသီးနှင့် ဆုံးစေမည်။ 14ထိုသို့သင်တို့သည် အင်္ဂတေနှင့် မွမ်းမံသောအုတ်ရိုးကို မြေတိုင်အောင်ငါဖြိုချ၍ အမြစ်ကိုလှန်သဖြင့်၊ အုတ်ရိုးသည်လဲ၍ ဖိမိလျက်၊ သင်တို့သည် အသက်ဆုံးကြလိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို ထိုအခါ သိရကြလိမ့်မည်။ 15ထိုသို့ အုတ်ရိုး၌လည်းကောင်း၊ အင်္ဂတေနှင့် မွမ်းမံသော သူတို့၌လည်းကောင်း၊ ငါသည်ကိုယ်အမျက်ကို ဖြေမည်။ အုတ်ရိုးမရှိ ဟူ၍လည်းကောင်း၊ အင်္ဂတေနှင့် မွမ်းမံသောသူတည်းဟူသော၊ 16ငြိမ်သက်ခြင်းမရှိသောအခါ ယေရုရှလင်မြို့အဖို့ ငြိမ်သက်ခြင်းရူပါရုံကိုမြင်၍ ဟောပြောသော ဣသရေလပရောဖက်များ မရှိကြဟူ၍လည်းကောင်း၊ သူတို့အားငါပြောမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
အမျိုးသမီးပရောဖက်အတုများကိုရှုတ်ချခြင်း
17ထိုမှတစ်ပါး၊ အချင်းလူသား၊ ကိုယ်အလိုအလျောက် ပရောဖက်ပြုသော သင်၏အမျိုးသမီးတို့တစ်ဖက်၌ မျက်နှာပြု၍၊ 18အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဟောပြောဆင့်ဆိုရမည်မှာ၊ အသက်ဝိညာဉ်တို့ကိုဖမ်းခြင်းငှာ ခပ်သိမ်းသောသူတို့၏နံပါး၌ ခေါင်းအုံးကိုထည့်၍၊ လူအကြီးအငယ်တို့ ခေါင်းပေါ်မှာ ဦးထုပ်တို့ကို တင်ထားသောမိန်းမတို့သည် အမင်္ဂလာရှိကြ၏။ ငါ့လူတို့၏ အသက်ဝိညာဉ်ကိုဖမ်း၍၊ ကိုယ်အသက်ဝိညာဉ်ကို သေခြင်းမှ ကယ်ချွတ်ကြလိမ့်မည်လော။ 19မုယောဆန် တစ်လက်ဆွန်းနှင့် မုန့်တစ်ဖဲ့ကိုရအံ့သောငှာ၊ ငါ၏လူတို့တွင် ငါ့ကိုရှုတ်ချကြလိမ့်မည်လော။ မုသားစကားကို နားထောင်တတ်သော ငါ၏လူတို့အား မုသားစကားကို ပြောသောအားဖြင့်၊ မသေအပ်သော သူတို့၏အသက်ကိုသတ်၍၊ မရှင်အပ်သောသူတို့ကို အသက်ချမ်းသာပေးကြလိမ့်မည်လော။ 20ထိုကြောင့် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် အသက်ဝိညာဉ်တို့ကို ရအောင်ဖမ်းလျက်၊ သုံးတတ်သော ခေါင်းအုံးတို့ကို ငါသည် ရန်ဘက်ပြု၍ သင်တို့နံပါးမှ ဆွဲနုတ်ပြီးလျှင်၊ သင်တို့ရအောင်ဖမ်းသော အသက်ဝိညာဉ်တို့ကို ငါလွှတ်လိုက်မည်။ 21သင်တို့ဦးထုပ်တို့ကိုလည်း ငါဆုတ်၍၊ ငါ၏လူတို့ကို သင်တို့လက်မှ ကယ်နုတ်မည်။ နောက်တစ်ဖန် သူတို့သည် အဖမ်းခံ၍၊ သင်တို့လက်သို့ မရောက်ရကြ။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။ 22ငါမညှိုးငယ်စေသော လူကောင်းတို့ကို သင်တို့သည် မုသားစကားအားဖြင့် ညှိုးငယ်စေသောကြောင့်လည်းကောင်း၊ လူဆိုးတို့သည် ဆိုးသောလမ်းကို မရှောင်စေခြင်းငှာ အသက်ချမ်းသာပေး၍၊ သူတို့ကို ခိုင်မာစေသောကြောင့်လည်းကောင်း၊ 23နောက်တစ်ဖန် သင်တို့သည် အချည်းနှီးသောအရာကို မမြင်ရကြ။ ပရောဖက်ပြု၍ မဟောရကြ။ ငါ၏လူတို့ကို သင်တို့လက်မှ ငါကယ်နုတ်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။

ယေဇကျေလအနာဂတ္တိကျမ်း - ၁၃ (အနက်ဖွင့်)

(အတုအယောင်ပရောဖက်မိုက်တို့၏ ကံကြမ္မာဆိုး(အခန်း ၁၃)

          ၁၃:၁−၃ ဤအခန်းတွင် မှားယွင်းသောမိစ္ဆာ ယောက်ျားပရောဖက်(ငယ် ၂၁−၁၆)၊ မိစ္ဆာမိန်းမ ပရောဖက်(ငယ် ၁၇−၂၃)များအကြောင်းကို ဖော်ပြထားသည်။ ထိုအတုအယောင် ပရောဖက်မိုက်တို့သည် သူတို့စိတ်ထဲမှထွက်ပေါ် သမျှစိတ်ကူးကို ဘုရားစကားတော်အဖြစ် ပရောဖက် ပြုကာ လူပြိန်းကြိုက်ဟောပြော ကြသည်။ “ဘူရားသခင်ပြောသည်မှာ”ဟု အစပြုသော်လည်း နောက်ဆက်တွဲမှာမုသာစကား၊ ပရောဖက်ပြုချက်အတုအယောင် သာဖြစ်သည်။

ယနေ့ခေတ်၌လည်း ကိုယ်ပိုင်တွေးခေါ် ယူဆချက်များ ကြားညှပ်ဖြည့်စွက်ခြင်းမပြုဘဲ၊ နှုတ်ကပတ်တော် စစ်စစ်သွန်သင်သည့် ဆရာများကို လိုအပ်နေပါသည်။

ပရောဖက်ယေဇကျေလခေတ် မှားယွင်းသော သွန်သင်မှု သဘောသဘာဝအကြောင်း Denis Lane က ဤသို့မှတ်ချက် ပြုထားပါသည်။

လှည့်စားသော သွန်သင်ချက်သည် သူတို့၏အသိ ဉာဏ်ပညာအဆင့်ထက် မြင့်မားခြင်းမရှိပါ။ ဘုရားသခင်နှုတ်ထွက်စကားအဖြစ် အယောင်အဆောင်၍ လှည့်ဖျား ပရောဖက်ပြုတတ်သည်။ အပေါစားအကျိုးရလဒ်ကို ငါးစာပြ၍ လတ်တလော ပေါ်ပင်ဖြစ်နေသော လောကအမြင်ကိုသာ ထင်ဟပ်မျှ‌ဝေပေး နိုင်သည်။၁၄

၁၃:၄−၇ မှားယွင်းသော ဘာသာရေးဆရာများသည် ကန္တာရတောထဲမြေခွေး ကဲ့သို့ ဖြစ်သည်။ သူတို့လိုဘနှင့်ဆန္ဒရမက်အတွက် သားကောင်အမိဖမ်းရန် ချောင်းမြောင်းနေသည်။ လူတို့သည် နောင်တရကြ၍ သန့်ရှင်းသောအသက်တာ၌ ရပ်တည်နိုင်ကြဖို့ရန် ခံတပ်မြို့ရိုး ပြုပြင်ခြင်းအတွက် ဦးဆောင်မှုမပြုကြ။ စင်စစ်တွင် လတ်တလောအခြေအနေ၌ သူတို့ပြုရမည့်ဝတ္တရားမှာ ဘုရားသခင်နှင့် လူအကြားကွာဟမှုအား ကြားခံဆက်စပ်ပေးဖို့ ဖြစ်သည်။

၁၃:၈−၁၆ ငြိမ်သက်ခြင်းမရှိသော်လည်း ရှိလေဟန ဟောပြောသူတို့ကို၎င်း၊ ပြိုလဲတော့မည့်အုတ်ရိုးကို တစ်ဦးကတည်လျက်၊တစ်ဦးက မခိုင်သောအင်္ဂတေဖြင့် မွမ်းမံခြင်းအား၎င်း၊ ဘုရားသခင်က ရှင်းရှင်းဖြိုလဲဖျက်ဆီး ပစ်မည်။ ဤနေရာတွင် အုတ်ရိုးဆိုသည်မှာ အုပ်စိုးသူမင်းများက ဘုရားသခင်၏ တရားစီရင်ကို ကာကွယ်ရန် မိုးကြိုးပစ် ထန်းလက်ကာမည့် အားထုတ်မှုအစီအမံကို ပုံဆောင်သည်။ Davidson ဤသို့သရုပ်ဖော် ရှင်းလင်းပြသည်။

ထိုသူတို့သည် လက်တွေ့တွင် အကျိုးသက်ရောက်မှုမဖြစ်ထွန်းသော လူ့စီမံအားထုတ်မှုနှင့် မခိုင်မာသော လူပြိန်းကြိုက် ပရောဖက်ပြုချက်များကို ပြုခြင်းဖြင့် ကိုယ်ရည်ကိုယ်သွေး ထုတ်ပြချင်သည်။ အားနည်းသူတစ်ဦးသည် ဘာတစ်ခုမျှ ဖြစ်မြောက်အောင် ကိုယ်တိုင်မဖန်တီးနိုင်ပါ။ သူများ၏ အစီအစဉ်၊ အားပေးအားမြှောက်ပြုခြင်းနှင့် အကြံပေးစကားပါမှ လုပ်တတ်သည်။ ဟုတ်ကဲ့၊ မှန်ပါသည်ဟု ချော်လဲရောထိုင်တတ်သည်။ ပါလေရာငပိချက်လုပ်၍ ကိုယ့်ကိုကိုယ်ဂုဏ်ဖော် တတ်သည်။ သူများတည်ဆောက်ထားသော မြို့ရိုးအုတ်နံရံကို ထိုပရောဖက်တို့က ထုံးသုတ်၍  သူတို့ တည်ဆောက်ခဲ့လေဟန် ပြုသည်။ အပေါ်ယံ နှမ်းဖြူးသော အလုပ်ဖြင့် သူများအထင်ကြီးအောင်လုပ်တတ်သော်လည်း အမှန်စင်စစ် သူတို့၏ ဉာဏ်ပညာမှာ အများသူငါထက် သာလွန်ခြင်းမရှိပေ။ သူတို့၏ လုပ်ငန်းဆောင်တာတွင် သဘောညီမျှကြလျှင် လိုတိုးပိုလျှော့ လိုက်လျောဖို့ အဆင်သင့်ရှိသည်။၁၅

ယနေ့ခေတ်ကာလ၌ ဖောက်ပြန်သော ဘာသာရေးခေါင်းဆောင်များသည်လည်း ထိုအုတ်ရိုးထုံးဖြူသုတ်သမား၁၆ များနှင့် အပ်ကျမတ်ကျတူညီ ကြသည်။

၁၃:၁၇−၂၃ မိန်းမမိစ္ဆာပရောဖက်များသည် စုန်းကဝေအတတ်ဖြင့် ပီယသိဒ္ဓိအဆောင် လက်ဖွဲ့များ စီရင်၍ လူတို့အား လက်ကောက်ဝတ်၌၎င်း၊ ခေါင်းဖုံးပုဝါအောက်၌၎င်း ဆောင်စေလျက် ပြုစားတတ်သည်။ ဂါထာမန္တရား ရွတ်ဖတ်လျက် အချို့သူတို့၏ အသက်ဝိညာဉ်ကို နှုတ်ယူဖျက်စီးခြင်း အချို့သူတို့၏ အသက်ချမ်းသာစေခြင်းငှါ ပြုတတ်ကြ၏။ ဘုရားသခင်က မိမိလူများကို ကယ်လွှတ်၍၊ ထိုမိစ္ဆာပရောဖက်မများအား နောက်ထပ်မလှည့်ဖျားနိုင်အောင် ရှင်းရှင်းဖျက်ဆီးပစ်မည်။ အပိုဒ်ငယ် ၁၇−၁၉ ကို Living Bible ကျမ်းက ဤသို့ဖော်ပြသည်။

ဘုရားသခင်ထံတော်မှ သတင်းစကားကိုရရှိထားသူအဖြစ် အယောင်အဆောင်သော မိစ္ဆာပရောဖက်မတို့သည် အမှိုက်၏ သားသမီးများ ဖြစ်ကြ၏။ သူတို့ကိုပြောရမည်မှာ သင်တို့သည် စုန်းအတတ်ဖြင့် လက်ဖွဲ့၊ ခေါင်းဖုံးတို့ကိုစီရင်၍ အသက်ကြီးငယ်မရွေး၊ ငါ့လူတို့၏ ဝိညာဉ်များကို ဖမ်းစားညှို့ယူသောကြောင့် အမင်္ဂလာရှိကြ၏ အခကြေးငွေမရလျှင် မည်သူ့ကိုမှ အကူအညီ မပေးတတ်ကြ။ ဆန်တစ်လက်ဇွန်း၊ မုန့်တစ်ဖဲ့ရယူရန်အတွက် ယုံကြည်သူများကို ငါ့ထံမှ အဝေးသို့ ဆောင်ကြဉ်းချင် သလော။ မသေသင့် သူကိုသေရွာပို့ဆောင်၍၊ မရှင်ထိုက်သူများကို အသက်ချမ်းသာ ပေးရသလော။ သင်သည် ငါ့လူများအားလှည့်ဖျား၍ သေရွာလမ်းသို့ ဦးဆောင်ခဲ့ပြီတကား။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။