ထွက်မြောက်ရာကျမ်း - ၃၀
ထွက်မြောက်ရာကျမ်း - ၃၀ (အနက်ဖွင့်)
(ဂ) တဲတော်နှင့်ပတ်သက်၍ အခြားညွှန်ကြားချက်များ (အခန်း ၃၀၊၃၁)
၁။ နံ့သာပေါင်းယဇ်ပလ္လင် (၃၀:၁–၁၀)
၃၀:၁–၁၀ နံ့သာပေါင်းမီးရှို့ရာယဇ်ပလ္လင်ကို ရွှေဖြင့် ကွပ်ထား၍ သန့်ရှင်းရာ အကန့်တွင် ထားရှိရမည်။ ၁၈ လက်မစတုရန်းပုံရှိ၍ ၃ပေ အမြင့်ရှိသည်။ ရွှေယဇ်ပလ္လင်ဟုလည်း လူသိများသည်။ ထိုယဇ်ပလ္လင်ပေါ်တွင် နံ့သာပေါင်းကို နံနက်ခင်းနှင့်ညနေခင်းတို့တွင် မီးရှို့ရသည်။ ထိုသို့ မီးရှို့ခြင်းသည် လူသားများကိုယ်စား ပြုတော်မူသော ခရစ်တော်၏အမှုကို ပုံဖော်သည်။ ထိုယဇ်ပလ္လင်သည် သန့်ရှင်းရာအကန့်တွင် ထားရှိသော်လည်း အမှန်တကယ်မှာ အသန့်ရှင်းဆုံးကျက်သရေဆောင်နှင့် ပတ်သက်သည်။ KJV ဟေဗြဲကျမ်းမူတွင် ဒုတိယကုလားကာ နောက်တွင် ဟုရေးသား၍ NKJV၂၇ ကျမ်းမူတွင် Censer ဟုရေးထားသည်။ ထိုယဇ်ပလ္လင်ကိုလည်း အလွယ်တကူ သယ်ဆောင်နိုင်ရန် တစ်ဘက်တစ်ချက်တွင် လျှိုကွင်းများ တပ်ဆင်ထားသည်။
၂။ အသက်ရွေးရန်ငွေ (၃၀:၁၁–၁၆)
၃၀:၁၁–၁၆ အသက်(၂၀)အထက်ရှိသော ဣသရေလအမျိုးသားများတိုင်း အသက်ရွေးနှုတ်ခ (ခေတ်စကားအရ အသက်အာမခံ) ဂေရနှစ်ဆယ်ဘုရားရှင်ထံထားခိုင်းသည်။ ဆင်းရဲချမ်းသာမရွေးပေးနိုင်သော ငွေကြေးပမာဏဖြစ်သည်။ ထိုအာမခံကြေးကို တဲတော်အမှုဘဏ္ဍာတော်အဖြစ် ထားရှိရသည်။ ထိုအာမခံကြေးက ကပ်ဆိုးဘေးဆိုးမှ ကွယ်ကာလုံခြုံပေးသည် (ငယ် ၁၂)။
၃။ အင်တုံ (၃၀:၁၇–၂၁)
၃၀:၁၇–၂၁ ကြေးဝါအင်တုံကို တဲတော်ဝင်တံခါးဝနှင့် ယဇ်ပလ္လင်အကြားတွင် ထားရသည်။ အာရုန်နှင့်သားများ ခြေလက်ဆေးကြောရာအင်တုံ၏ ဇလုံဖြစ်သည်။ အမျိုးသမီးများက ပေးလှူသော ကြေးဝါမှန်ဖြင့် ပြုလုပ်သည် (၃၈:၈)။ ကိုယ်လက်သန့်စင်ဆေးကြောခြင်းမရှိဘဲ သန့်ရှင်းသော အရာများကို ထိပါးကိုင်တယ်သူများသည် သေရသည်။ ထို့ကြောင့်ဘုရားသခင်ထံသို့ ဝင်ရောက်သောအခါ စိတ်ဝိညာဉ်နှင့် ခံယူချက်သဘောထား ဖြူစင်ကြည်လင်စွာ ပါဝင်ရသည် (ဟေဗြဲ ၁၀:၂၂ ကိုလည်းကြည့်)။
၄။ ဘိသိက်ဆီ (၃၀:၂၂–၃၃)
၃၀:၂၂–၂၃ ယဇ်ပုရောဟိတ်များကိုယ်တိုင်နှင့် ပရိဘောဂ အသုံးအဆောင်များကို စင်ကြယ်သော ဘိသိက်ဆီ လိမ်းရသည်။ အခြားသူများ သုံးစွဲခွင့်မရှိ။ သမ္မာကျမ်းစာတွင် ဆီသည် သန့်ရှင်းသော ဝိညာဉ်တော်အစား မကြာခဏ သုံးနှုန်းလေ့ရှိသည်။ ယဇ်ပုရောဟိတ်များအား ဘိသိက်ဆီလိမ်းခြင်းသည် ဘုရားသခင်၏ ဝိညာဉ်တော်ပါဝင်ပြည့်ဝသွားသည်ဟု အဓိပ္ပါယ်ရသည်။
၅။ အမွှေးတိုင် (၃၀:၃၄–၃၈)
၃၀:၃၄–၃၈ နံ့သာရေမွှေးပေါင်းစုံဖြင့် ပြုလုပ်ထားသော အမွှေးတိုင်ကို ရွှေယဇ်ပလ္လင်ပေါ်တွင် နံနက်ခင်းနှင့် ညနေခင်းတွင် မီးရှို့ပူဇော်ရသည်။ ထိုအမွှေးတိုင်သည် ဝတ်ပြုပူဇော်ရာအတွက် သီးသန့်ပြုလုပ်ခြင်း ဖြစ်၍ ပေါ့ပေါ့တန်တန် သဘောမထားရ။ ကြုံရာနေရာတွင် မသုံးရ။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။