ထွက်မြောက်ရာကျမ်း - ၃၁

ဗေဇလေလနှင့်အဟောလျဘ
(ထွ၊ ၃၅:၃၀—၃၆:၁)
1တစ်ဖန် ထာဝရဘုရားသည်၊ မောရှေအားမိန့်တော်မူပြန်သည်ကား၊ 2နားထောင်လော့၊ ငါသည် ယုဒအမျိုးသားဟုရ၏သားဖြစ်သော ဥရိ၏သား ဗေဇလေလကို အမည်ဖြင့်ခန့်ထား၏။ 3-5သူသည် ရွှေငွေကြေးဝါကို လုပ်သောအတတ်၊ ကျောက်ကိုသွေး၍ စီသောအတတ်၊ သစ်သားကို ထုလုပ်သောအတတ်နှင့် အမျိုးမျိုးသောအလုပ်ကို ထူးဆန်းစွာ လုပ်တတ်မည်အကြောင်း၊ ဉာဏ်ပညာနှင့်တကွ သိပ္ပံအတတ်အမျိုးမျိုးတို့ကိုငါပေး၍ ဘုရားသခင်၏ ဝိညာဉ်တော်နှင့်ပြည့်စုံစေ၏။ 6သူနှင့်အတူ ဒန်အမျိုးသားအဟိသမက်၏သား၊ အဟောလျဘကိုလည်း ငါခန့်ထား၏။ ငါသည် သင့်အားမှာထားသမျှတို့ကို လိမ္မာသောသူအပေါင်းတို့သည် လုပ်တတ်မည်အကြောင်း၊ သူတို့နှလုံးထဲသို့ ဉာဏ်ပညာကိုငါသွင်းထားပြီ။ 7ထိုသူတို့သည် ပရိသတ်စည်းဝေးရာတဲတော်၊ သက်သေခံချက်သေတ္တာ၊ သေတ္တာအပေါ်မှာတင်သော သေတ္တာအဖုံး၊ တဲတော်တန်ဆာရှိသမျှကိုလည်းကောင်း၊ 8စားပွဲနှင့် စားပွဲတန်ဆာကိုလည်းကောင်း၊ စင်ကြယ်သောမီးခုံနှင့် မီးခုံတန်ဆာရှိသမျှကိုလည်းကောင်း၊ နံ့သာပေါင်းရှို့သောပလ္လင်၊ 9မီးရှို့ရာယဇ်ပူဇော်သော ပလ္လင်တန်ဆာ ရှိသမျှကိုလည်းကောင်း၊ အင်တုံနှင့် အင်တုံခြေထောက်ကိုလည်းကောင်း၊ 10အမှုတော်ကိုထမ်းစရာအဝတ်၊ ယဇ်ပုရောဟိတ်အမှုကိုဆောင်သောအခါ၊ ယဇ်ပုရောဟိတ်အာရုန်နှင့် သူ၏သားဝတ်ဖို့ သန့်ရှင်းသောအဝတ်ကိုလည်းကောင်း၊ 11လိမ်းစရာဆီနှင့် သန့်ရှင်းရာဌာန၌သုံးဖို့ နံ့သာပေါင်းမွှေးကိုလည်းကောင်း၊ ငါမှာထားသမျှအတိုင်း လုပ်ရကြမည်ဟု မိန့်တော်မူ၏။
ဥပုသ်နေ့
12တစ်ဖန် ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ 13ငါသည် သင်တို့ကိုသန့်ရှင်းစေသော ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိစေခြင်းငှာ၊ ငါနှင့် သင်တို့၏သားစဉ်မြေးဆက်စပ်ကြား၌ လက္ခဏာသက်သေဖြစ်ဖို့ရာ၊ ငါ့ဥပုသ်နေ့ကို စင်စစ်စောင့်ရကြမည်။ 14ဥပုသ်နေ့သည် သင်တို့အားသန့်ရှင်းသောကြောင့် ထိုနေ့ကိုစောင့်ရကြမည်။ ဥပုသ်နေ့ကိုဖျက်သောသူတိုင်း အသေခံရမည်။ ထိုနေ့၌ အလုပ်လုပ်သော သူမည်သည်ကား၊ မိမိအမျိုးမှ ပယ်ရှင်းခြင်းကိုခံရမည်။ 15ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့သည် ထာဝရဘုရားအား သန့်ရှင်း၍ ငြိမ်ရသောဥပုသ်နေ့ဖြစ်၏။ ဥပုသ်နေ့၌ အလုပ်လုပ်သောသူမည်သည်ကား၊ ဧကန်အမှန်အသေခံရမည်။ထွ၊ ၂၀:၈-၁၁၊ ၂၃:၁၂၊ ၃၄:၂၁၊ ၃၅:၂၊ ဝတ်၊ ၂၃:၃၊ တရား၊ ၅:၁၂-၁၄။ 16သို့ဖြစ်၍ ဣသရေလအမျိုးသား အစဉ်အဆက်တို့သည်၊ ထာဝရပဋိညာဉ် ဖြစ်စေခြင်းငှာ၊ ဥပုသ်နေ့ရက်အစဉ်အတိုင်း ဥပုသ်စောင့်ရကြမည်။ 17ထိုသို့စောင့်လျှင်၊ ငါနှင့်ဣသရေလအမျိုးသားစပ်ကြား၌ ထာဝရလက္ခဏာသက်သေဖြစ်လိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် မိုးကောင်းကင်နှင့်မြေကြီးကို၊ ခြောက်ရက်တွင်ဖန်ဆင်း၍၊ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေလျက် အားဖြည့်တော်မူသည်ဟု မောရှေအားမိန့်တော်မူ၏။ထွ၊ ၂၀:၁၁။ 18ထိုသို့ ဘုရားသခင်သည် သိနာတောင်ပေါ်မှာ မောရှေနှင့် နှုတ်ဆက်တော်မူသည်အဆုံး၌၊ လက်ညှိုးတော်နှင့် အက္ခရာတင်သော သက်သေခံချက်၊ ကျောက်ပြားနှစ်ပြားကို ပေးတော်မူ၏။

ထွက်မြောက်ရာကျမ်း - ၃၁ (အနက်ဖွင့်)

၆။ လက်မှုပညာဆုလက်ဆောင် (၃၁:၁၁)

          ၃၁:၁၁ ဘုရားသခင်က ခုရိတ်သား ဗေဇလေလ၂၈ နှင့် အဟိသမက်သားအဟောလုဘတို့အား တဲတော်ကို ပြင်ဆင်ရန် လက်မှုပညာ လက်ဆောင်သီးသန့်ပေးထားသည်။ အခြားသူများကိုလည်း သင်ပေးနိုင်သော ဉာဏ်ပညာပေးထားသည် (ငယ် ၆)။ ဘုရားသခင်က သူ့လူများကို အသိပညာအတတ်ပညာ၊ ဉာဏ်ပညာအသီးသီး တစ်ယောက်တစ်မျိုးပေးထားသည်။ ထိုပညာများသည် ဘုရားသခင်၏ ဘုန်းတော်ထင်ရှားဖို့ အသုံးပြုရသည် (ငယ် ၆)။ အမှုအရာအားလုံးကို ဘုရားသခင်ပိုင်ဆိုင်သည်။ ဘုရားသခင်အားဖြင့်သာပြည့်စုံသည်။ သို့သော် ဘုရားသခင်သည် လူများကို ဘုန်းတော်ထင်ရှားဖို့ ကရိယာတန်ဆာပလာအဖြစ် အသုံးပြုသည်။ ဘုရားရှင်ကိုယ်စား လုပ်ဆောင်ဖို့ ဉာဏ်ပညာအမျိုးမျိုးပေးသည်။

၇။ ဥပုသ်နေ့အင်္ဂါရပ် (၃၁:၁၂၁၈)

          ၃၁:၁၂၁၇ ဥပုသ်နေ့ စောင့်ထိန်းခြင်းသည် ဘုရားသခင်နှင့် ဣသရေလလူမျိုးတို့အကြား ဆက်နွယ်မှု အမှတ်လက္ခဏာ ဖြစ်သည်။ သတ္တမနေ့တွင် မည်သည့် အလုပ်အကိုင်ဟူသော ပညတ်ချက်ကို ချိုးဖောက်လုပ်ဆောင်ခြင်း၏ အပြစ်ဒဏ်သည် သေဒဏ် တစ်ခုတည်းသာဖြစ်သည်။

၃၁:၁၈ ထိုသို့ဖြင့် ဘုရားသခင်က မောရှေအား လက်ညှိုးတော်နှင့်အက္ခရာတင်ထားသော ကျောက်ပြား နှစ်ချပ်ကို သိနာတောင်ပေါ်တွင်ပေးခဲ့သည်။ ထိုကျောက်ပြားညွှန်ကြားချက်ကို ပညတ်တော်ဆယ်ပါး (တရား ၁၀:၄ နှင့် ယှဉ်ဖတ်)ဟု ခေါ်ဆိုသည်။

ဘုရားသခင်၏ခရစ်တော်ပုံဆောင်သောတဲတော်

ယေဘူယျအားဖြင့် တဲတော်သည် ခရစ်တော်ပုံဆောင်သည်။ နှုတ်ကပတ်တော်သည် အသွေးအသား ခံယူ၍ လူသားများအလယ်တွင် တဲတော်အဖြစ် ထင်ရှားသည်။ (ဟေလသ၊ ယော ၁:၁၄)။၂၉

ဘုရားသခင်ပေးသော ကယ်တင်ခြင်းနိယာမ၊ နိစ္စထာဝရအသက်နှင့် ယုံကြည်ခြင်းအမှုတော်ဟုလည်း ဆိုနိုင်သည်။

ကယ်တင်ခြင်းနိယာမဟု ဆိုသော်လည်း ဘုရားသခင်နှင့်နှီးနွယ်ဆက်စပ် ပတ်သက်နေသူများနှင့်သာ သက်ဆိုင်သည်။ ကယ်တင်ခြင်းနည်းလမ်းကို တဲတော်ပုံစံဖြင့် ပေးခြင်းသည် အပြင်ပန်းလက္ခဏာ၊ ဇာတိအစဉ်အလာ၊ ထုံးတမ်းနည်းနာများ စင်ကြယ်သန့်ရှင်းစေခြင်းဖြစ်၍ ဘုရားသခင်ထံတော်သို့ ပို့ဆောင်ခြင်း ဖြစ်သည်။

တဲတော်နှင့် အမှုတော်ဆက်စပ်ပုံကို ကောင်းကင်နိုင်ငံနှင့် ယှဉ်၍ (ဟေဗြဲ ၈:၅၊ ၉:၂၃-၂၄)တို့တွင် လေ့လာနိုင်သည်။ ကောင်းကင်နိုင်ငံတွင် ထိုကဲ့သို့သော တဲတော် ပြန်လည်တွေ့ရှိရမည်ဟု ဆိုလိုခြင်းမဟုတ်။ ဝိညာဉ်ရေးရာအဖြစ်ဖြင့် ကောင်းကင်နိုင်ငံကို ရှုမှတ်ဖို့ဖြစ်သည်။ အောက်ပါအချက်များကိုကြည့်ကြရအောင်။

မြေကြီးပေါ်တွင် သန့်ရှင်းစင်ကြယ်ခြင်း

 

(ဟေဗြဲ ၉:၁-၅)

ကောင်းကင်နိုင်ငံတွင်သန့်ရှင်းခြင်း

 

(ဟေဗြဲ ၈:၂၊၉:၁၁-၁၅)

အရာခပ်သိမ်းတွင်အသန့်ရှင်းဆုံး

 

(ဟေဗြဲ ၉:၃)

ဘုရားသခင်ကိန်းဝပ်ရာ၊ အသန့်ရှင်းဆုံးနေရာ

 

(ဟေဗြဲ ၁၀:၁၉)

ကုလားကာ

 

(ဟေဗြဲ ၉:၃)

ကုလားကာ၊ ခရစ်တော်၏ ခန္ဓာကိုယ်

 

(ဟေဗြဲ ၁၀:၂၀)

တိရစ္ဆာန်ယဇ်ကောင်အသွေး

 

(ဟေဗြဲ ၉:၁၃)

ခရစ်တော်၏အသွေး

 

(ဟေဗြဲ ၉:၁၄)

ယဇ်ပလ္လင်

 

(ဟေဗြဲ ၇:၁၃၊ ထွ ၂၇:၁-၈)

ယုံကြည်သူများ၏ယဇ်ပလ္လင်၊ ခရစ်တော်

 

(ဟေဗြဲ ၁၃:၁၀)

ယဇ်ပုရောဟိတ်ကြီး

 

(ဟေဗြဲ ၅:၁-၄)

အမြင့်ဆုံးသောယဇ်ပုရောဟိတ်ကြီး၊ ခရစ်တော်

 

(ဟေဗြဲ ၄:၁၄-၁၅၊၅:၅-၁၀၊၇:၂၀-၂၈၊၈:၁၊၁၀:၂၁)

ယဇ်ပူဇော်ခြင်း

 

(ဟေဗြဲ ၁၀:၁-၄၊၁၁)

ပြည်သူများ၏ယဇ်ပူဇော်ခြင်း၊ ခရစ်တော်

 

(ဟေဗြဲ ၉:၂၃-၂၈၊ ၁၀:၁၂)

ပဋိညာဉ်သေတ္တာ

 

(ဟေဗြဲ ၉:၄)

ကျေးဇူးတော်ပလ္လင်တော်

 

(ဟေဗြဲ ၄:၁၆)

အမွှေးတိုင်ယဇ်ပလ္လင်

 

(ဟေဗြဲ ၉:၄ KJV)

ကောင်းကင်နိုင်ငံရှိ အမွှေးတိုင်ယဇ်ပလ္လင်

 

(ဗျာ ၈:၃)

 

တဲတော်ဝင်းကာရံထားသောကုလားကာ (၁၅၀ ပေ × ၇၅ ပေ )

ထိုကုလားကာများကို ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ပုံဆောင်သော အဖြူရောင်ပိတ်ချောဖြင့် ပြုလုပ်ထားသည်။ ၇ ၁/၂ ပေ မြင့်၍ ထုပ်ချင်းပေါက် မမြင်နိုင်အောင် ကွယ်ကာထားသည်။ ဘုရားသခင်နှင့် ဖြောင့်မတ်ဖြူစင်ခြင်း နှင့် လူသား၏ အကျင့်ဖြောင့်မတ်မှု မတူညီပုံ (ရော ၃:၂၃) သရုပ်ဖော်သည်။ အပြစ်ဒုစရိုက် လူသားများသည် ဘုရားသခင်၏ အမှုအရာများ သိမြင်နိုင်စွမ်းမရှိပုံကို ဥပမာပြုသည် (၁ပေ ၂:၁၄)။ ကုလားကာကို ကြေးတိုင်(၅၆)တိုင်ဖြင့် ထောင်၍ ထိုတိုင်အသီးသီးတွင် အောက်ခြေ၌ ငွေအလုံးနှင့်ငွေချိတ်များ တပ်ဆင်ထားသည်။

ဝင်ပေါက်တံခါး

တဲတော်သို့ ဝင်ပေါက်တစ်ခုတည်းသာဖောက်ထားသည်။ ခရစ်တော်တစ်ပါးတည်းဖြင့်သာ အဘဘုရားသခင်ထံတော်သို့ ရောက်နိုင်ကြောင်း ပုံဆောင်သည်။ (ယော ၁၄:၆၊ တ ၄:၁၂)။ တံခါးသည် ပေ ၃၀ ကျယ်ဝန်း၍ ခရစ်တော်ထံသို့ လူမျိုးတိုင်း လွတ်လပ်စွာဝင်ရောက်နိုင်သည် (ယော ၆:၃၇၊ ဟေဗြဲ ၇:၂၅) ဟု သရုပ်ဖော်သည်။

တံခါးမ ကုလားကာကြီးကို ပိတ်ဖြူချောဖြင့် ရက်လုပ်၍ အပြာရောင်နှင့် ကြက်သွေးရောင်များ ဖောက်ထားသည်။ ထိုအရောင်(၄)ရောင်သည် ခရစ်ဝင်ကျမ်း (၄)စောင်ကို ကိုယ်စားပြုသည်။

ခရမ်းရောင်                    မဿဲ                ရှင်ဘုရင် (မ ၂:၂)

ကြက်သွေးရောင်                        မာကု                အစေခံ၊ ဆင်းရဲဒုက္ခဟုအဓိပ္ပါယ်ရသည် (ဟေရှာ ၁:၁၈)

အဖြူရောင်                    လုကာ              ပြည့်စုံသူ (လု ၃:၂၂)

အပြာရောင်                    ယောဟန်          ကောင်းကင်လူသား (ယော ၃:၁၃)

မီးရှို့ပူဇော်ရာကြေးယဇ်ပလ္လင် (. ပေစတုရန်းပုံ . ပေအမြင့်)

ပထမဦးစွာ ဝင်းအတွင်းရှိ ယဇ်ပူဇော်ရာပလ္လင်အကြောင်း ပြောကြပါစို့။ ထိုယဇ်ပလ္လင်သည် ကရာနီကုန်းပေါ်မှာ ရှိသောကြောင့် ဘုရားသခင်နှင့် နီးစပ်သည်ဟု အဓိပ္ပါယ်ရသည်။ ထိုယဇ်ပလ္လင်ကို ကြေးဝါနှင့် အကာရှသားဖြင့် ပြုလုပ်သည်။ အကာရှသားသည် တောသစ်ဖြစ်သည်။ ကြေးဝါသည် ဒြပ်စင်ဖြစ်၍ စစ်မှန်ခြင်းကို ဆိုလိုသည်။ သစ်သားသည် ခရစ်တော်၏အပြစ်မရှိသော လူ့ဘဝကို ဆိုလိုသည်။ သစ်သားသည် ခရစ်တော်၏ အပြစ်မရှိသော လူ့ဘဝကို ဆိုလိုသည်။ အပြစ်ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်တော်မူ၏။ (၂ကော ၅:၂၁)

ယဇ်ကောင်ပူဇော်ရာယဇ်ပလ္လင်သည် စင်ကြယ်သည်။ ထောင့်အသီးသီးတွင် ကြေးဝါကွပ်ထားသော ဦးချိုတစ်ချောင်းစီရှိသည် (ထွ ၂၇:၂)။ ယဇ်ကောင်သည် ဦးချိုပေါ်၌ တည်သည် (ဆာ ၁၁၈:၂၇)။ ထိုကဲ့သို့ပင် ကယ်တင်ရှင်ယေရှုသခင်ကို ကားတိုင်ပေါ်တွင် မြဲမြံအောင် သံမှိုနှက်ခြင်းသည် ယုံကြည်သူလူသားများ အပေါ် ချစ်ခြင်းမေတ္တာ ထာဝရခိုင်မြဲသည်ဟု အနက်ရသည်။

တိရစ္ဆာန်ဖြင့် အပြစ်ဖြေယဇ်ပူဇော်ရတွင် ယဇ်ပူဇော်သူသည် ယဇ်ကောင်ပေါ်တွင် လက်တင်ရသည်။ ထိုသို့ပြုလုပ်ခြင်းသည် သူ့အပြစ်ဒုစရိုက်များကို ယဇ်ကောင်ပေါ်သို့ တင်လွှတ်ပေးခြင်းဖြစ်၍ သူ့ကိုယ်စား ယဇ်ကောင်က အသေခံသည်။ ထိုယဇ်ကောင်ကို သတ်ဖြတ်ပြီးနောက် အသွေးသွန်းလောင်းခြင်းမှတပါး အပြစ်လွှတ်စရာနည်းလမ်းမရှိ (ဟေဗြဲ ၉:၂၂)ဟု အဓိပ္ပါယ်ရသည်။

သားရေမှလွဲ၍ ကျန်သော ယဇ်ကောင်အသားကို မီးရှို့ပူဇော်ရသည်။ ခရစ်တော်သည် သူ့သက်တော် တစ်ခုလုံးအား အဘဘုရားသခင်အလိုတော်အတိုင်း တင်လှူပူဇော်သည်ဟု ဆိုလိုသည်။

မွှေးကြိုင်သောရနံ့ပူဇော်ခြင်းဆိုသည်မှာ ခရစ်တော်၏ ပြုတော်မူသော အမှုတော်အားလုံးသည် အဘခမည်းတော်ရှေ့တွင် သင်းပျံ့မွှေးကြိုင်သော ရနံ့ ဖြစ်သည်။ စိတ်တော်နှင့် ထိတွေ့ဖွယ်ရာ ဖြစ်သည်ဟု ဆိုလိုသည်။

အင်တုံ

အမျိုးသမီးများ၏ ကြေးဝါမှန်ဖြင့် (ထွ ၃၈:၈)ဖြင့် ပြုလုပ်ထားသည်။ J.H.Brown က “အမျိုးသမီးများက အမျိုးသမီးကိုယ်စားပေးလှူကြခြင်း ဖြစ်သည်။ အမှုတော်လုပ်ငန်းတွင် အမျိုးသမီးများ၏ ပါဝင်မှု အခန်းကဏ္ဍတစ်ချို့တစ်ဝက် ပြဌာန်းခြင်းဖြစ်သည်” ဟု မှတ်ချက်ပြုသည်။ မိမိကိုယ်ကို စီရင်စစ်ကြောခြင်းသည် ဝတ်ပြုကိုးကွယ်ခြင်းတစ်မျိုးဖြစ်သည်။ (၁ကော ၁၁:၃၂)။

အင်တုံသည် ယဇ်ပုရောဟိတ်များအတွက်ဖြစ်သည်။ အမှုတော်လုပ်ဆောင်ရန် ပထမဦးစွာ သန့်ရှင်းစင်ကြယ်ခြင်း ပြုလုပ်ရသည့်နေရာဖြစ်သည်။ (ဟေရှာ ၅၂:၁၁)။ ယဇ်ပုရောဟိတ်ဆရာများသည် အမှုတော်မထမ်းဆောင်မီ ဦးစွာတစ်ကိုယ်လုံးသန့်စင် ရေချိုးရသည် (ဝတ် ၈:၆)။ ထို့နောက် တစ်ခါ ခြေလက်သန့်စင်ရသည်။ ရေတစ်ခါချိုးသည်။ ကိုယ်လက်အင်္ဂါ ခဏခဏ သန့်စင်ရသည်။ ယနေ့ ယုံကြည်သူများသည် ယဇ်ပုရောဟိတ်များဖြစ်ကြသည် (၁ပေ ၂:၅-၉)။ အသစ်တဖန် မွေးဖွားရသည် (ယော ၃:၅၊ ၁၃:၁၀၊ တိ ၃:၅)။ သို့သော် ခြေလက်မကြာခဏသန့်စင်ရသည်။ အမှုတော်ထမ်းဆောင်လုပ်ကိုင်ရာတွင် အမှုတော်အတွက် ခြေဆန့်ရာတွင် သန့်ရှင်းစင်ကြယ်ရသည် (ယော ၁၃:၁၀)။ နှုတ်ကပတ်တော်ဖြင့် စင်ကြယ်စေရသည် (ဆာ ၁၁၉:၁၁၊ ယော ၁၅:၃၊ ဧ ၅:၂၆)။

အင်တုံတွင် အပေါ်ဇလုံနှင့် အောက်ဇလုံရှိကောင်းရှိနိုင်သည်။ လက်ဆေးဖို့ အင်တုံနှင့် ခြေဆေးဖို့ အင်တုံဟုရှိနိုင်သည်။ သို့သော်ကျမ်းစာက ထိုသို့ အတိအကျမပြော။ အရွယ်အစားနှင့်ပုံစံကိုလည်း အသေးစိတ်မဆို။

တဲတော် (၁၅ ပေ × ၄၅ ပေ)

အပြင်ပန်းအားဖြင့် ကြည့်လျှင် ရိုးရိုးစင်းစင်းဖြစ်သည်။ အတွင်းပိုင်းမှာမူ လှပတင့်တယ်သည်။ ပစ္စည်းတိုင်းကို ရွှေဖြင့် ကွပ်ထားသည်။ ခရစ်တော်ဘုရားသည်လည်း ထိုနည်းနှင်နှင်ဖြစ်သည်။ အပြင်ပန်း သဏ္ဍာန်ဖြင့် ကြည့်လျှင် အကျည်းတန်အရုပ်ဆိုးသည်။ သူတစ်ပါးမထီမဲ့မြင်ပြုခြင်း၊ နှိမ့်ချခြင်း၊ ပစ်ပယ်ခြင်းခံရသည်။ ခရစ်တော်သည် ယုံကြည်သူများ အလယ်မှ တဲတော် (ယော ၁:၁၄) ဖြစ်သည်။ အတွင်းသရုပ်မှာမူ နှစ်လိုဖွယ် (ဆာ ၅၂:၂) ဖြစ်သည်။

အောက်ဖော်ပြပါ အပေါ်ယံအရေခွံ၊ အဖုံးများနှင့် အထဲရှိဌာပနာကို လေ့လာကြည့်ကြပါစို့။

ပိတ်ချောအဖုံး                                        ခရစ်တော်၏ဖြောင့်မတ်စင်ကြယ်ခြင်းအလှသုခုမ

ဆိတ်မွှေး                                               ခရစ်တော်၏အပြစ်ဝန်ချခြင်း၊ ဆိတ်အရေခွံဖြင့် ဖုံးဖိခြင်း (ဝတ် ၁၆ နှင့် ယှဉ်ဖတ်)

သိုးသားရေ၊ အနီဆိုးသောသားရေ             ခရစ်တော်၏ သန့်ရှင်းစင်ကြယ်ခြင်း (ထွက် ၂၉:၁၉-၂၂ ပါ သိုးထီးစင်ကြယ်ခြင်းနှင့် ယှဉ်ဖတ်)

တဟာရှသားရေ                                     လင်းပိုင်သားရေ လပိုင်သားရေဟုလည်း ပြန်ဆိုကြသည်။ ပင်လယ်နွားဟုလည်း ဆိုကြသည်။ တဲတော်အမိုးအဖုံးဖြစ် ရာသီဥတု ဒဏ်ကာကွယ်သကဲ့သို့ ခရစ်တော်က သူ့လူများ လုံခြုံမှုပေးသည့် ပုံစံဖြစ်သည်။

အကာအရံများ

အချို့က ကြွက်တန်းများသည် အမာသားများဖြစ်မည်ဟု ယူဆကြသည်။ ယုံကြည်သူများ ဘုရားသခင်၏ ဝိညာဉ်တော်၌ ခိုင်မာမြဲမြံဖို့ (ဧ ၂:၂၂)ပုံ ဆောင်သည်။ အကာရှသစ်သားဖြင့် ပြုလုပ်၍ အပြင်ဖက်မှ ရွှေကွပ်ရသည်ဟု အဓိပ္ပါယ်ယူနိုင်သည်။ ဘုရားသခင်က ခရစ်တော်ထဲ၌ ယုံကြည်သူများရှိနေကြောင်း ထိုးဖောက်တွေ့မြင်ရသည်။ သစ်သားပြားများသည် ၁၅ပေမြင့်၍ တစ်ဖက်တွင် ၅ခုစီဖြင့် တံကဲလျှိုချိတ်ရသည် (ထွ ၂၆:၂၆-၂၈)။ အလယ်အတန်းသည် သန့်ရှင်းသော ဝိညာဉ်တော်ကို ပုံဆောင်သည်။ ထိုအတန်း၏ တစ်ဘက်တစ်ချက်တွင် စို့(၂)ခု စီ တပ်ဆင်ထားသည်။ ငွေ၏ သင်္ကေတမှာ ရွေးနှုတ်ခြင်း (ထွ ၃၀:၁၅ တွင် ရွေးနှုတ်ခဟု ဆိုထားသည်) ဖြစ်သည်။ ယုံကြည်သူများ၏ အသက်တာသည် သခင်ခရစ်တော်၏ ရွေးနှုတ်ခြင်း အမှုတော်၌ အခြေပြုသည် (၁ပေ ၁:၁၈-၁၉)။

သန့်ရှင်းသောနေရာ

ကုလားကာသည် ခရစ်တော်နှင့် ဘုရားသခင်၏ ဆက်နွယ်ခြင်းလမ်းစကို ဖော်ဆောင်သည် (ဧ ၂:၁၈၊ ၃:၁၂)။ သန့်ရှင်းရာဌာနတော်တွင် ထိုင်စရာကုလားထိုင်မရှိ။ အဘယ်ကြောင့်ဆိုသော် ယဇ်ပုရောဟိတ်လုပ်ငန်းသည် ပြီးစီးသည်ဟုမရှိ။ အမြဲလုပ်နေရသဖြင့် မထိုင်အား။ ခရစ်တော်သည် လူသား အားလုံးအတွက် အလုပ်များနေသည်။ တစ်ပါးတည်း လုပ်ဆောင်သော်လည်း လူသားအားလုံးအတွက် ဖြစ်သည် (ဟေဗြဲ ၁၀:၁၂)။

ပစ္စည်းတင်စရာစားပွဲတော် (၃၆ပေ×၁၆ပေကျယ်၍ ၂၇ပေမြင့်သောမြောက်ဘက်ခြမ်းတွင်ထား)

အကာရှသစ်သားဖြင့်ပြုလုပ်၍ အားလုံးရွှေဖြင့်ကွပ်ထားသည်။ ခရစ်တော်ဘုရား၏ ဇာတိတော်နှင့် လူ့ဇာတိကို ပုံဆောင်သည်။ ထိုစားပွဲပေါ်တွင် တဆေးမဲ့မုန့်(၁၂)လုံးတင်ထားရသည်။ ဘုရားသခင်၏ လူများသည် ခရစ်တော်အားဖြင့် ဘုရားသခင်ရှေ့၌ ရောက်ရှိခွင့်ကို ပုံဆောင်သည်။

ရွှေမီးတိုင်စင် (၇၅ပေါင်လေး၊ အတိုင်းအထွာမပါ၊ တောင်ဘက်ခြမ်းတွင်ထား)

ရွှေအတိဖြင့်ပြုလုပ်ထားသည်။ လက်တံ(၇)ချောင်းရှိ၍ ထိပ်တွင် ဆီမီးခွက်အသီးသီးရှိကြသည်။ တဲတော်အတွင်းတွင် ထိုအလင်းရောင်သာရှိသည်။ အမှုတော်လုပ်ငန်းတွင် ခရစ်တော်၏ ဘုန်းတန်ခိုး၌ ပါဝင်သည့် သန့်ရှင်းသောဝိညာဉ်တော်ပုံဆောင်သည် (ယော ၁၆:၁၄)။ သို့မဟုတ် ကောင်းကင်အလင်းဖြစ်သော သခင်ခရစ်တော်လည်း ပုံဆောင်နိုင်သည် (ဗာ ၂၁:၂၃)။ ဝိညာဉ်အလင်းလည်းဖြစ်သည်။ (ယော ၈:၁၂)။ ရွှေဘက်ဆိုသည်မှာ ခရစ်တော်၏ ဇာတိတော်ကို ဖော်ညွှန်းသည်။

ထိုရွှေမီးတိုင်သည် ညဉ့်ဦးယံမှ မိုးသောက်ယံတိုင်အောင် မပြတ်လင်းနေရသည် (ထွ ၂၇:၂၁၊ ၁ရာ ၃:၃)။

အမွှေးတိုင်ယဇ်ပလ္လင် (၁၈ပေစတုန်ရန်းပုံ၊ ၃၆ပေအမြင့်၊ ကုလားကာရှေ့၊ အလယ်ဗဟို)

ထိုယဇ်ပလ္လင်လည်း ခရစ်တော်၏ ဇာတိတော်နှင့် လူ့ဇာတိကို ပုံဆောင်သာရွှေအစစ်နှင့် အကာရှသားဖြင့် ပေါင်းစပ်လုပ်ထားသည်။ သူ့လူများအတွက် ခရစ်တော်ဘုရား၏ ဘုန်းတန်ခိုးထင်ရှားပြသခြင်းဖြစ်သည်။ (ဟေဗြဲ ၇:၂၄-၂၆၊ ဗျာ ၈:၃-၄)။ အမွှေးတိုင်သည် ခရစ်တော်ကိုယ်တိုင်နှင့်အမှုတော်ကို ပုံဆောင်သည်။ မီးနှင့်မီးရှို့ပူဇော်ခြင်းသည် အပြစ်ပြောဖွယ်ရာ တစ်စုံတရာမရှိသော ခရစ်တော်၏ အမှုတော်ကိုပုံဖော်သည်။ ခရစ်တော်ကိုယ်တိုင် ဘုရားသခင်ထံသို့ အပူဇော်ခံခြင်းကို ရည်ညွှန်းသည်။

ဤအမွှေးတိုင်သည်။ ခရစ်တော်ကဲ့သို့ သင်းရနံ့ပေါင်းစုံမွှေးပျံ့သင်းကြိုင်သည်။ နှစ်လိုဖွယ်ရာဖြစ်သည်။ (ဧ ၅:၂)

အသန့်ရှင်းဆုံးဌာနတော်

အသန့်ရှင်းဆုံးဌာနတော်၏ ကုလားကာသည် ခရစ်တော်၏ ခန္ဓာကိုယ် (ဟေဗြဲ ၁၀:၁၉-၂၂)၊ ကရာနီကုန်းပေါ်မှ ကိုယ်ခန္ဓာ(လု ၂၃:၄၅) ဖြစ်သည်။ ထိုနေရာသည် ယဇ်ပုရောဟိတ်များသာလျှင် တစ်နှစ်မှာ တစ်ခါသာ ဝင်ရောက်ခွင့်ရှိသည်။ သို့သော် ယနေ့ခေတ်ကာလတွင်မူ ယုံကြည်သူတိုင်း နေ့ညဉ့် အချိန်မရွေး ဘုရားသခင်ထံတော်သို့ တိုးဝင်ချဉ်းကပ်နိုင်သည်။ (ဟေဗြဲ ၁၀:၉-၂၂)

ပဋိညာဉ်သေတ္တာတော်၃ /၄ပေ၊ အနံနှင့်အမြင့်  / ပေ

အကာရှသစ်သားဖြင့်ပြုလုပ်၍ ရွှေဖြင့်ကွပ်ထားသည်။ ဘုရားသခင်၏ ပလ္လင်တော်ဟု ဆိုနိုင်သည်။ နှစ်မျိုးတွေးယူနိုင်သည်။ လူ့အတွေးဖြင့် အနှုတ်လက္ခဏာဖြင့် တွေးမြင်နိုင်သကဲ့သို့ ခရစ်တော်ကို ဗဟိုပြု၍ အပေါင်းလက္ခဏာအမြင်ဖြင့်လည်း တွေးမြင်နိုင်သည်။

ပထမဦးစွာ မှတ်သားစရာမှာ (မန္နမုန့် ထွ ၁၆:၂၊၃၊ပဋိညာဉ် ထွ ၃၂:၁၉။ အာရုန်၏လှံတံ တော ၁၇:၁-၁၃)များဖြစ်၍ ခရစ်တော်ကို ဆန့်ကျင်ပုန်ကန်စေသော အရာများဖြစ်သည်။

သို့မဟုတ် မန္နမုန့်ကို ဘုရားသခင်၏မုန့်၊ ခရစ်တော်အဖြစ်၎င်း၊ ပဋိညာဉ်တရားကို ဘုရားသခင်၏ ဘုန်းတန်ခိုးထင်ရှားစွာ မြင့်မြတ်စင်ကြယ်ခြင်းဟူ၍၎င်း၊ အာရုန်၏လှံတံကို ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်း၊ ဘုရားသခင်ယဇ်ပုရောဟိတ်၏ ရွေးချယ်မှုဟု၍၎င်း ဖွင့်ဆိုနိုင်သည်။

ကရုဏာပလ္လင်တော်

ကရုဏာပလ္လင်တော်သည် ပဋိညာဉ်သေတ္တာအဖုံးဖြစ်သည်။ ထိုပေါ်တွင် ခေရုဗိမ်နှစ်ပါးရုပ်ပုံကို ရွှေအစစ်ဖြင့် ပြုလုပ်ထားသည်။ ဘုရားသခင်၏ ပလ္လင်တော်အား လုံခြုံရေးတာဝန်ယူသူ၊ ဘုရားသခင်၏ ဖြူစင်ဖြောင့်မတ်ခြင်း အထိမ်းအမှတ်များဖြစ်သည်။ ပဋိညာဉ်သေတ္တာနှင့် ကရုဏာပလ္လင်တော်ပေါ်တွင် အသွေးဖြန်းနေပုံကို ငုံကြည့်နေကြသည်။ ခရစ်တော်၏ အသွေးတော်သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ကိုယ်စားပြု၍ ဘုရားသခင်ရှေ့၌ ဖုံးကွယ်ထားသော ဆရာများမရှိနိုင်ကြောင်း သင်္ကေတပြုသည်။ ဤကရုဏာပလ္လင်တော်ပေါ်မှ တရားစီရင်ခြင်းပေါ်ထွက်သည်။ ခရစ်တော်ဘုရားသည် ယုံကြည်သူများ၏ ကရုဏာပလ္လင်တော် (၁ယော ၂:၂)ဖြစ်သည်။ ဘုရားသခင်သည် အပြစ်သားများကို ခရစ်တော်ထံတွင် တွေ့ဆုံသည်။

ဘုန်းတန်ခိုးတမ်တောင်

တဲတော်တစ်ခုလုံးဆောက်လုပ်ပြင်ဆင်ပြီးသောအခါ ဘုရားသခင်သည် ကရုဏာပလ္လင်တော်ပေါ်တွင် ဘုန်းတန်ခိုးတိမ်တောင်ဖြင့် စိုးစံသည်။ Shekinah ဟုလည်း နားလည်ကြသည်။ ဟေဗြဲဘာသာစကား တည်ရှိခြင်း မှ ဆင်းသက်လာခြင်းဖြစ်သည်။ လူသားများမြင်သာနိုင်သော ဘုရားသခင်၏ ဘုန်းတန်ခိုးသဘော တစ်ခုဖြစ်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။