ထွက်မြောက်ရာကျမ်း - ၁၄
ထွက်မြောက်ရာကျမ်း - ၁၄ (အနက်ဖွင့်)
(ခ) ပင်လယ်နီဖြတ်သန်းကြခြင်း (အခန်း ၁၄)
၁၄:၁–၉ ဤအခန်း(၁၄)သည် သမ္မာကျမ်းစာအုပ် တစ်ခုလုံးတွင် ရင်ထိတ်သဲဖို ပြဇာတ်ဆန်သော အကောင်းဆုံးဇာတ်ကွက်ဖြစ်သည်။ ဘုရားသခင်က ဣသရေလလူများအား ပင်လယ်နီ အနောက်ဘက်ကမ်းရှိ ပိဟတိရုတ် မြို့နားသို့ ခေါ်ဆောင်သွားသည်။ ထိုနေရာသို့ ခေါ်ဆောင်သွားခြင်းသည် ဣသရေလတို့ လွတ်မြောက်ခြင်းထက် အံ့ဘွယ် နိမိတ်လက္ခဏာ ပိုမိုထင်ရှားပြသဖို့ ဖြစ်သည်။ ဖာရောမင်းက ဣသရေလတို့၏ အကြံအစည်သိသောအခါ လက်ရွေးစင် ရထားခြောက်ရာ၊ မြင်းစီးသူရဲကောင်း အမြောက်အများဖြင့် ကိုယ်တိုင် တိုက်စစ်ဆင်သည်။ ဖာရောဘုရင်၏ စစ်မက်ဗိုလ်ပါ အင်အားသည် နှစ်သိန်းရှိသည်။ ဣသရေလများသည် ရှေ့တိုးလျှင် ပင်လယ်၊ နောက်ဆုတ်လျှင် ဖာရောဘုရင်၏ ဓါး၊ ပင်လယ်နီကမ်းနဘေးတွင် အကြပ်တွေ့နေကြသည်။
၁၄:၁၀–၁၄ ဖာရောဘုရင်၏ စစ်တပ်များလိုက်လာကြောင်း ဖုံတထောင်းထောင်းထသည်ကို လှမ်းမြင်ကြသောအခါ ဣသရေလများသည် ခိုကိုးရာမဲ့ ကြောက်စိတ်မွှန်ထူသွားကြသဖြင့် မြေသို့ဝပ်၍ ဘုရားသခင်ထံ ဆုတောင်းကြသည်။ လူသည် ခိုကိုးရာမဲ့သောအခါမှ ဘုရားတမ်းတကြသည့်အကျင့် ရှိကြသည်မဟုတ်လော။ ကြောက်အားလန့်အားနှင့် မောရှေကိုလည်း အပြစ်တင်ကြပြန်သည် (၅:၂၁ ကိုကြည့်)။ အဲဂုတ္တုပြည်တွင် သင်္ချိုင်းကုန်း မလုံလောက်၍ သူတို့ကို ဤနေရာသို့ ခေါ်ဆောင်သအားဟု အော်ငေါက်ကြသည်။ ထိုကဲ့သို့သော စကားလေသံသည် မယုံကြည်သူများ၏ ပါးစပ်ပေါက်မှ ထွက်တတ်သည်ကို သတိပြုပါ။ မောရှေက မိုးရိမ်ကြနှင့်။ ယနေ့ ပြတော်မူသော ကယ်တင်ခြင်းကို ကြည့်ရှုကြလော့ ဟု အားပေးလိုက်သည်။ ခေါင်းဆောင်၏ အားပေးနှစ်သိမ့်စကား တစ်ခွန်းသည် ငယ်သားများ၏ အားပြည့်ရာဖြစ်သည်။
၁၄:၁၅–၁၈ လူ့သမိုင်းတွင် အံ့ဩဘွယ်ရာအကြီးမားဆုံးတွေ့ရသည်။ ဘုရားသခင်က မောရှေအား “ဣသရေလအမျိုးတို့အား တက်သွားခိုင်းပါ။ သင်မူကား လှံတံကို ချီပြီးလျှင် ပင်လယ်ပေါ်မှာ လက်ဆန့်၍ ပင်လယ်ရေကိုခွဲလော့။ ဣသရေလတို့သည် ပင်လယ်အလယ်၌ မြေပေါ်မှာ လျှောက်သွားကြရမည်” ဟု ဆိုသည်။
ဖာရောနှင့်တကွ အဲဂုတ္တုသားတို့၏ မာကြောသော စိတ်နှလုံးစစ်အင်အားအပေါ် ယုံကြည်ကိုးစားမှု အကြောင်းကို Matthew Henry က ဤသို့ ဆိုသည်။
ဘုရားသခင်၏ ကျေးဇူးတော် ခံစားနေသူများအပေါ် သမိုင်းတလျှောက် ဖိစီးနှိပ်ကွပ်သူအား အမျက်ဒေါသ သင့်ခြင်းသည် တရားမျှတပါသည်။ တနည်းအားဖြင့် ပုန်ကန်သောင်းကျန်းလိုစိတ်ရှိသော ခေါင်းမာသူများကို အောင်ပွဲခ့အနိုင်ယူခြင်းဖြစ်သည်။၁၃
၁၄:၁၉–၂၈ ဘုရားသခင်၏ ကောင်းကင်တမန် (သူကြီး ၆ တွင် ခရစ်တော်ဟုဆိုသည်)က ဣသရေလတို့အား သွားလေရာလမ်းကြောင်း တလျှောက်တွင် မိုးတမ်တိုင်အဖြစ်ဖြင့်၎င်း၊ အလင်းတိုင်အဖြစ်ဖြင့်၎င်း လိုက်ပါစောင့်ရှောက်သည် အဲဂုတ္တုတို့၏ ဘေးရန်မှ လုံခြုံစေသည်။ မောရှေက တောင်ဝှေးထောက်၍ ပင်လယ်ပေါ်သို့ လက်ဆန့်သောအခါ ပင်လယ်ရေသည် တစ်ဖက်တစ်ချက်စီသို့ ဖျာလပ်သဖွယ် လိပ်သွားကြသည်။ ထိုအခါ ဣသရေလတို့သည် ပင်လယ်ရေမျက်နှာပြင်အောက် မြေကြီးပေါ်တွင် ခြောက်သွေ့စွာဖြတ်လျှောက်သွားကြရသည်။ ဣသရေလတို့သည် တစ်ဖက်ကမ်းသို့ ချောမွေ့စွာ ကူးမြောက်သွားကြသည်။ နောက်မှ လိုက်ပါလာသော အဲဂုတ္တုစစ်သားများသည် ဣသရေလတို့ သွားရာ လမ်းအတိုင်း ဒန်းစိုင်းနှင်၍ လိုက်ကြသည်။ ပင်လယ်တစ်ဖက်ကမ်းသို့ မကူးမြောက်မှီ မောရှေက ပင်လယ်ရေ နှစ်လိပ်အား ပြန်လည် ဆက်စပ်ခိုင်းသဖြင့် အဲဂုတ္တုမြင်းတပ်များသည် နစ်မြှုပ်သေကြေပျက်စီး ကုန်သည်။ ထိုကဲ့သို့ ပင်လယ်နီဖွင့်လှစ်နိုင်သော ယုံကြည်ခြင်းရှိလျှင် မဖြစ်နိုင်သောအရာဟူ၍ မရှိ။ ဘုရားသခင်၏ အလိုတော်အတိုင်း ယုံကြည်ခြင်း၌သာ တည်ပါ။
၁၄:၂၉–၃၁ ဘုရားသခင်၏ ဘုန်းတန်ခိုးကြီးမားပုံကို ဓမ္မဟောင်းကာလ၌ ဣသရေလတို့ ပင်လယ်နီ ဖြတ်သန်းခြင်းဖြင့် သဲထိတ်ရင်ဖို ရှုမြင်ခဲ့ကြရပြီ။ သို့သော် ဘုန်းတန်ခိုးကြီးမြတ်ခြင်းတကာတွင် အကြီးမြတ်ဆုံးသော အမှုအရာမှာ သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူသော ခရစ်တော်ဖြစ်သည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။