ထွက်မြောက်ရာကျမ်း - ၁၃

သားဦးဆက်ကပ်ခြင်း
1မောရှေကိုခေါ်၍ ဣသရေလအမျိုးသားတို့တွင် အဦးဖွားသောသူ၊ 2လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ သားဦးအပေါင်းတို့ကို ငါ့အဖို့သန့်ရှင်းစေလော့။ ငါ့ဥစ္စာဖြစ်ကြသည်ဟု မိန့်တော်မူ၏။တော၊ ၃:၁၃။ လု၊ ၂:၂၃။
တဆေးမဲ့မုန့်ပွဲတော်
3မောရှေကလည်း၊ သင်တို့သည်ကျွန်ခံနေရာ အဲဂုတ္တုပြည်မှထွက်သွားသော ဤနေ့ရက်ကိုအောက်မေ့ကြလော့။ ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် သင်တို့ကို ထိုပြည်မှနုတ်ဆောင်တော်မူပြီ။ တဆေးပါသောမုန့်ကိုမစားရ။ 4အဗိဗလ၊ ယနေ့၌ပင်သင်တို့သည် ထွက်လာကြပြီ။ 5သင်တို့အားပေးခြင်းငှာ ဘိုးဘေးများ၌ ထာဝရဘုရားကျိန်ဆိုတော်မူသောပြည်၊ ခါနနိလူ၊ ဟိတ္တိလူ၊ အာမောရိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့နေရာတည်းဟူသော နို့နှင့် ပျားရည်စီးသောပြည်သို့ပို့ဆောင်တော်မူပြီးမှ၊ ယခုလတွင် သင်တို့သည် ဤဝတ်ကိုပြုရကြမည်။ 6ခုနစ်ရက်ပတ်လုံး တဆေးမပါသောမုန့်ကိုစားပြီးမှ၊ ခုနစ်ရက်မြောက်သောနေ့တွင်၊ ထာဝရဘုရားအဖို့ပွဲခံရကြမည်။ 7တဆေးမပါသောမုန့်ကိုစားရသောခုနစ်ရက်ပတ်လုံး သင်တို့၌ တဆေးကို မတွေ့မမြင်ရ။ သင်တို့နေသောအရပ်ရပ်တို့၌လည်း မတွေ့မမြင်ရ။ 8ငါတို့သည် အဲဂုတ္တုပြည်မှထွက်သောကာလ၊ ထာဝရဘုရားပြုတော်မူသော ကျေးဇူးတော်ကြောင့်ဤသို့ပြုရ၏ဟု ထိုနေ့၌သားမြေးတို့အား ကြားပြောရမည်။ 9ထာဝရဘုရား၏တရားသည်၊ သင်၏နှုတ်၌တည်မည်အကြောင်း၊ ဤအရာသည် သင်၏လက်၌လက္ခဏာသက်သေ၊ သင်၏မျက်စိကြားမှာ အောက်မေ့ဖို့ရာဖြစ်ရမည်။ အားကြီးသောလက်တော်ဖြင့် ထာဝရဘုရားသည်၊ သင့်ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်တော်မူပြီ။ 10ထိုကြောင့်စီရင်တော်မူသော ဤထုံးစံကို၊ မိမိအချိန်၌ နှစ်စဉ်အတိုင်း စောင့်ရကြမည်။
သားဦး
11သင်တို့၌လည်းကောင်း၊ ဘိုးဘေး၌လည်းကောင်း၊ ကျိန်ဆိုတော်မူသည်အတိုင်း၊ ထာဝရဘုရားသည် သင်တို့ကိုပို့ဆောင်၍၊ ထိုပြည်ကိုပေးသနားတော်မူသောအခါ၊ 12သင်တို့၌ အဦးဖွားသောသားအပေါင်းတို့နှင့် သင်တို့၌ရှိသောတိရစ္ဆာန်တို့၏ သားဦးအပေါင်းတို့ကို၊ ထာဝရဘုရားအဖို့ အသီးအခြားခွဲထားရကြမည်။ အထီးရှိသမျှတို့သည်၊ ထာဝရဘုရား၏ဥစ္စာဖြစ်ရကြမည်။ထွ၊ ၃၄:၁၉-၂၀။ လု၊ ၂:၂၃။ 13မြည်းမ၌ အဦးဖွားသောမြည်းသငယ်ကို၊ သိုးသငယ်နှင့် ရွေးရမည်။ မရွေးလိုလျှင်၊ မြည်းသငယ်လည်ပင်းကို ချိုးရမည်။ လူသားတို့တွင် သားဦးအပေါင်းကို ရွေးရမည်။ 14နောင်ကာလ၌သင်၏သားကလည်း၊ အဘယ်သို့နည်းဟုမေးမြန်းလျှင်၊ သင်ကလည်းကျွန်ခံနေရာ အဲဂုတ္တုပြည်မှ၊ ထာဝရဘုရားသည် အားကြီးသော လက်တော်ဖြင့် ငါတို့ကိုနုတ်ဆောင်တော်မူ၏။ 15ဖာရောဘုရင်သည်၊ ငါတို့ကို အလွယ်တကူမလွှတ်ဘဲနေသောအခါ၊ အဲဂုတ္တုပြည်၌လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ သားဦးအပေါင်းတို့ကို ထာဝရဘုရား ကွပ်မျက်တော်မူ၏။ ထိုကြောင့် အဦးဖွားသော တိရစ္ဆာန်အထီးရှိသမျှတို့ကို ထာဝရဘုရားအားယဇ်ပူဇော်ရမည်။ ကိုယ်သားတို့တွင် သားဦးကိုရွေးရမည်ဟု ပြန်ဆိုရမည်။ 16ဤအရာသည်လည်း၊ သင်၏လက္ခဏာသက်သေ၊ သင်၏မျက်စိကြားမှာ သင်းကျစ်ဖြစ်ရမည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် ငါတို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်တော်မူပြီဟု လူများတို့အားပြောဆိုလေ၏။
မိုးတိမ်တိုင်နှင့်မီးတိုင်
17ဣသရေလလူတို့ကို ဖာရောဘုရင်လွှတ်သောနောက်၊ ဖိလိတ္တိပြည်ကို လျှောက်သောလမ်းသည် ဖြောင့်သော်လည်း၊ ထိုလမ်းဖြင့် ဘုရားသခင်ဆောင်တော်မမူ။ အကြောင်းမူကား၊ သူတို့သည် စစ်မှုကိုတွေ့မြင်သောအခါစိတ်ပျက်၍၊ အဲဂုတ္တုပြည်သို့ ပြန်ကောင်းပြန်ကြလိမ့်မည်ဟု သိတော်မူ၏။ 18ထိုကြောင့် ဘုရားသခင်သည်၊ သူတို့ကို ဧဒုံပင်လယ်နားတောလမ်းဖြင့်ဝိုင်း၍ ဆောင်တော်မူ၏။ ဣသရေလအမျိုးသားတို့သည်၊ ခင်းကျင်းသောတပ်အစဉ်အတိုင်း အဲဂုတ္တုပြည်မှ ထွက်သွားကြ၏။ 19အထက်ကာလ၌ ယောသပ်က၊ အကယ်စင်စစ်ဘုရားသခင်သည် သင်တို့ကို အကြည့်အရှု ကြွလာတော်မူမည်။ ကျွန်ုပ်အရိုးတို့ကို ဤအရပ်မှယူသွားရမည်ဟူ၍ ဣသရေလအမျိုးသားတို့ကို ကျပ်ကျပ်ကျိန်ဆိုစေသောကြောင့်၊ သူ၏အရိုးတို့ကို မောရှေသည် မိမိ၌ယူဆောင်လေ၏။က၊ ၅၀:၂၅၊ ယောရှု၊ ၂၄:၃၂။
20တစ်ဖန်သူတို့သည် သုကုတ်အရပ်မှထွက်သွား၍ တောအနား၊ ဧသံမြို့၌ စခန်းချကြ၏။ 21သူတို့သည်နေ့ညသွားနိုင်အောင် ထာဝရဘုရားသည်နေ့၌ကား၊ လမ်းပြဖို့ မိုးတိမ်တိုင်အားဖြင့်လည်းကောင်း၊ ည၌ကား၊ အလင်းပေးဖို့မီးတိုင်အားဖြင့်လည်းကောင်း၊ သူတို့ရှေ့ကကြွတော်မူ၏။ 22နေ့အချိန်၌ မိုးတိမ်တိုင်၊ ညအချိန်၌မီးတိုင်ကို သူတို့ရှေ့မှ ရုပ်သိမ်းတော်မမူ။

ထွက်မြောက်ရာကျမ်း - ၁၃ (အနက်ဖွင့်)

၁၃:၁၅ အဲဂုတ္တုပြည်တွင် ရှိနေကြစဉ် ဘုရားသခင်က ဣသရေလတို့၏ သားဦးများကို သေခြင်းမှ ကင်းလွတ်ခွင့်ပေးသောကြောင့် သားဦးများနှင့် ပထမဆုံးမွေးသောတိရစ္ဆာန်များကို ဘုရားသခင်က ပိုင်ဆိုင်သည်။ ထို့ကြောင့် လေဝိအမျိုးသားများအား ယဇ်ပုရောဟုတ်အရိုက်အရာ မအပ်နှင်းမချင်း သားဦးများသည်။ ယဇ်ပုရောဟိတ်အမှုတော်ဆောင်ကြရသည်။ ပထမဆုံးမွေးသည့်စင်ကြယ်သော သတ္တဝါများကို အခါမလွန်မီ ယဇ်ကောင်အဖြစ် ပူဇော်ပသကြရသည်။ မစင်ကြယ်သော တိရစ္ဆာန်မြည်းကဲ့သို့သော အကောင်များကိုမူ ယဇ်ပူဇော်ခြင်းမပြုရ။ ထို့ကြောင့် မြည်းဦးကို ယဇ်ပူဇော်စရာရှိလျှင် သိုးသူငယ်နှင့်လဲ၍ ပူဇော်ရမည်။ အကယ်၍ မလဲလိုလျှင် ထိုမြည်း၏ လည်ပင်းကို ချိုးပစ်ရမည်။ ထိုစကားသည် ကယ်နှုတ်ခြင်းနှင့် ပျက်စီးခြင်းအား ရွေးချယ်ခွင့်ပေးခြင်းဖြစ်သည်။ နောင်ကာလတွင်မူ မြည်းအား ပိုက်ဆံနှင့် ရွေးနှုတ်ခွင့်ပြုသည် (ဝတ် ၂၇:၂၇၊ တော ၁၈:၁၅)။ အပြစ်ထဲတွင် မွေးသော သားဦးကို ရွေးယူလိုလျှင် ကရ(နှစ်ဆယ်)နှင့် ရွေးရသည် (တော် ၁၈:၁၆)။ ဤစကားသည် ဘုရားသခင်ရှေ့တွင် အကျင့်စာရိတ္တပျက်ပြားသော သားဦး၊ မစင်ကြယ်သော စိတ်ထားရှိသူကို ဆိုလိုသည်။

သားဦးသည် သန့်ရှင်းစင်ကြယ်သည်ဟု ရည်မှတ်သကဲ့သို့ (တဆေးမပါသောမုန့်သည်လည်း စိတ်နှလုံး စင်ကြယ်သော ဘုရားသခင်၏လူများဟု ခံယူသိမှတ်သည်။ ခုနှစ်ရက်လုံး တဆေးမပါသော မုန့်ပွဲတော် ကျင်းပရသည်။ သားဦးများနှင့် တဆေးမပါသော မုန့်ပွဲတော်သည် နောင်ကာလတိုင်အောင် ဣသရေလလူမျိုးအတွက် အဲဂုတ္တုပြည်မှ ထွက်မြောက်လာကြသည့် အထိမ်းအမှတ်အဖြစ် သားစဉ်မြေးဆက် ကျင်းပလာကြသည်။

၁၃:၁၆ အပိုဒ်ငယ် ၉ နှင့် ၁၆ ကိုလိုက်နာသောအားဖြင့် သားရေကြုတ်ကလေး ပြုလုပ်၍ နဖူးနှင့် လက်ကောက်ဝတ်တွင် ချည်ထားလာကြသည်။ ဝိညာဉ်ရေးရာအမြင်အားဖြင့်မူ လုပ်ကိုင်သမျှ (လက်) နှင့် မြင်မက်သမျှ(မျက်စိ)သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်းသာဖြစ်ရမည်ဟု နားလည်ရသည်။

၁၃:၁၇၂၀ အဲဂုတ္တုပြည်မှ ခါနာန်ပြည်သို့ အနီးဆုံးဖြတ်သန်းသွားရသော (၂)ပတ်ကြာခန့် ခရီးဖြစ်သည်။ ဟောရလမ်း ဖြစ်သည်။ သို့သော် ထိုလမ်းခရီးသည် အန္တရာယ်များသည်။ အဲဂုတ္တုစစ်သားများနှင့် တွေ့ဆုံနိုင်သည်။ ထို့ကြောင့် ထိုဘေးရန်မှ လွတ်ကင်းရန် တောင်ဘက်အရပ်မှ သွား၍ သိနာတောင်ကို ဦးတည်ကြသည်။ ဣသရေလ လူများသည် ခင်းကျင်းထားသော တပ်အစဉ်အတိုင်း စနစ်တကျချီတက်ကြသည်။ ဘိုးဘေးယောသပ် မှာကြားခဲ့သည့်အတိုင်း ယောသပ်၏ အရိုးကိုလည်း တပါတည်းသယ်ဆောင်သွားကြသည်။ ထိုအကြောင်းကို C.F.Pfeiffer က ဤသို့ဆိုသည်။

သမ္မာကျမ်းစာရှုဒေါင့်အရ ဖော်ပြထားသော ဣသရေလတို့ ဖြတ်သန်းသည့်ပင်လယ်ကို “Yan Suph” ဟု ခေါ်၍ စကားပြေအားဖြင့် “ကျူတောပင်လယ်” (ထွ ၁၃:၁၈)ဟု အနက်ရသည်။ ထိုဒေသရှိ Bitter ရေအိုင်သည် ရှေးအခါက ပင်လယ်နီနှင့် ဆက်စပ်သည်။ ထို့ကြောင့် ကျူတောဟုအမည်ရသော “Reed Sea” ကို ပင်လယ်နီနာမနှင့် ဆက်စပ်သော “Red Sea” ဟု ခေါ်တွင်လာကြသည်။ ထိုသို့ပင်လယ်ဖြတ်ကျော်သည့် အကြောင်းကို အမျိုးမျိုးဖွင့်ဆို ရေးသားကြသော်လည်း လုံလောက်သော အချက်အလက် အထောက်အထား မရှိပါ။၁၁

၁၃:၂၁၂၂ ဘုရားသခင်သည် ဣသရေလလူမျိုးနှင့် အတူတွက် ရှိနေ ကြောင်းကို နေ့ကာလ၌ လမ်းပြ မိုးတိမ်၊ ညဉ့်အခါ၌ အလင်းမီးတိုင်ဖြင့် ထင်ရှားသည် ဤအချက်များကို Matthew Henry က “မပြောင်းလဲသော အံ့ဘွယ်တန်ခိုးလက္ခဏာ”၁၂ ဟု ဆိုသည်။ ထိုဘုန်းတန်ခိုး တိမ်သလ္လာကို ဟေဗြဲများက ရှေကေနဟု မှတ်ယူ၍ အမြဲအတူရှိခြင်းဟု အဓိပ္ပါယ်ရသည်။ မီးအလင်ဖြင့်လမ်းပြခြင်းသည် ဣသရေလလူများအား ဘေးမသီရန်မခ အောင် ကွယ်ကာ စောင့်ရှောက်ခြင်း၊ ရန်သူ့ဘေးရန်မှ လုံခြုံစေခြင်း (ထွ ၁၄:၁၉-၂၀) ဖြစ်သည်။ ထိုနိမိတ်လက္ခဏာ နှစ်ခုစလုံးသည် သခင်ခရစ်တော်ဘုရား၏ ဂုဏ်အင်လက္ခဏာများ ဖြစ်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။