တရားဟောရာကျမ်း - ၈

အပိုင်ရမည့်ပြည်သာယာ
1သင်သည် အသက်ရှင်၍ များပြားမည်အကြောင်း၊ ထာဝရဘုရားသည် သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်သို့သွား၍ ဝင်စားမည်အကြောင်း၊ ယနေ့ ငါမှာထားသော ပညတ်အလုံးစုံတို့ကို ကျင့်ဆောင်အံ့သောငှာ သတိပြုရမည်။ 2သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ကိုနှိမ့်ချစုံစမ်း၍၊ ပညတ်တော်တို့ကို ကျင့်ချင်သောစိတ်ရှိသည် မရှိသည်ကို သိမည်အကြောင်း၊ လွန်ခဲ့ပြီးသော အနှစ်လေးဆယ်ပတ်လုံး တော၌ပို့ဆောင်တော်မူသော လမ်းခရီးတစ်လျှောက်လုံးကို အောက်မေ့ရမည်။ 3ထိုသို့ သင့်ကိုနှိမ့်ချ၍ အငတ်အမွတ်ခံစေတော်မူသောအခါ၊ သင်သည် ကိုယ်တိုင်မသိ၊ သင်၏ဘိုးဘေးမသိဖူးသော မန္နနှင့် ကျွေးမွေးတော်မူသဖြင့်၊ လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရသည်မဟုတ်။ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက်မွေးရသည်ကို သိစေတော်မူ၏။ 4လွန်ခဲ့ပြီးသောအနှစ်လေးဆယ်ပတ်လုံး သင်ဝတ်သောအဝတ် မဟောင်းမနွမ်း၊ သင့်ခြေလည်း မပွန်းမရောင်။ 5အဘသည် သားကိုဆုံးမသကဲ့သို့၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အားဆုံးမတော်မူသည်ကို စိတ်ထဲမှာအောက်မေ့ရမည်။ 6သို့ဖြစ်၍ သင်၏ ဘုရားသခင်ထာဝရဘုရား စီရင်တော်မူသောလမ်းသို့ လိုက်၍၊ ကိုယ်တော်ကိုကြောက်ရွံ့သဖြင့် ပညတ်တော်တို့ကို စောင့်ရှောက်ရမည်။ 7အကြောင်းမူကား၊ သင်၏ ဘုရားသခင်ထာဝရဘုရားသည် ကောင်းသောပြည်၊ ချိုင့်ထဲ၊ တောင်ထဲကပေါက်သောမြစ်၊ ချောင်း၊ စမ်းရေတွင်း၊ ရေကန်များနှင့် ပြည့်စုံသောပြည်၊ 8ဂျုံ၊ မုယော၊ စပျစ်ပင်၊ သင်္ဘောသဖန်းပင်၊ သလဲပင်နှင့် ပြည့်စုံသောပြည်၊ သံလွင်ဆီ၊ ပျားရည်နှင့်ပြည့်စုံသောပြည်၊ 9ဘာမျှမလိုဘဲ ဝစွာစားရသောပြည်၊ သံကျောက်နှင့်ပြည့်စုံ၍၊ တောင်ထဲကကြေးနီကို တူးရသောပြည်သို့ သင့်ကိုဆောင်သွားတော်မူ၏။ 10ထိုကောင်းမွန်သောပြည်ကို ပေးသနားတော်မူသည်ဖြစ်၍၊ သင်သည် ဝစွာစားရသောအခါ၊ သင်၏ဘုရားသခင်ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းရမည်။
ထာဝရဘုရားအားမမေ့လျော့ရန်
11ယနေ့ငါဆင့်ဆိုသော စီရင်ထုံးဖွဲ့ချက်၊ ပညတ်တရားတော်တို့ကို သင်သည်မစောင့်၊ သင်၏ဘုရားသခင်ထာဝရဘုရားကို မေ့လျော့သောအပြစ်ကို သတိနှင့်ရှောင်လော့။ 12သင်သည်ဝစွာစား၍ ကောင်းသောအိမ်ကို ဆောက်လျက်နေရစဉ်၊ 13သင်၏သိုးနွား၊ ရွှေငွေအစရှိသော ဥစ္စာမျိုးများပြားစဉ်အခါ၊ 14သင်သည် မာနထောင်လွှားခြင်းသို့ ရောက်၍၊ အထက်ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ကယ်နုတ်ဆောင်ယူခဲ့တော်မူထသော၊ 15မီးမြွေ၊ ကင်းမြီးကောက်များ၍၊ ရေမရှိ၊ အငတ်ခံရာအရပ်၊ ကြောက်မက်ဖွယ်သော တောကြီးအလယ်၌ သင့်ကိုပို့ဆောင်၍ မီးပါကျောက်ထဲက ရေကိုထွက်စေတော်မူထသော၊ 16သင့်ကိုနှိမ့်ချစုံစမ်း၍၊ နောက်ဆုံး၌ကျေးဇူးပြုလိုသောငှာ၊ သင်၏ ဘိုးဘေးမသိဖူးသော မန္နနှင့် တော၌ကျွေးမွေးတော်မူသော သင်၏ ဘုရားသခင်ထာဝရဘုရားကို မေ့လျော့၍၊ 17ငါ့တန်ခိုး၊ ငါ့လက်သတ္တိအားဖြင့် ဤစည်းစိမ်ကိုငါရတတ်သည်ဟု စိတ်ထဲမှာ အောက်မေ့ခြင်းအပြစ်ကို သတိနှင့်ကြဉ်ရှောင်လော့။ 18သင်၏ ဘုရားသခင်ထာဝရဘုရားကိုသာ အောက်မေ့ရမည်။ အကြောင်းမူကား၊ သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော ပဋိညာဉ်တရားတော်ကို ယနေ့ကဲ့သို့ တည်စေလိုသောငှာ၊ စည်းစိမ်ရတတ်သော အစွမ်းသတ္တိကို ဘုရားသခင်ပေးတော်မူ၏။ 19သင်၏ ဘုရားသခင်ထာဝရဘုရားကို သင်သည်မေ့လျော့သဖြင့်၊ အခြားတစ်ပါးသောဘုရားတို့ကို ဆည်းကပ်၍ ဝတ်ပြုကိုးကွယ်လျှင်၊ ပျက်စီးခြင်းသို့ အမှန်ရောက်လိမ့်မည်ဟု ယနေ့ငါသည် သင့်တစ်ဖက်၌သက်သေခံ၏။ 20သင်၏ဘုရားသခင် ထာဝရဘုရား၏စကားတော်ကို နားမထောင်သောကြောင့်၊ ထာဝရဘုရားသည် သင့်ရှေ့မှာဖျက်ဆီးတော်မူသော လူမျိုးများကဲ့သို့၊ ထိုနည်းတူ သင်သည် ပျက်စီးခြင်းသို့ရောက်ရလိမ့်မည်။

တရားဟောရာကျမ်း - ၈ (အနက်ဖွင့်)

(အတိတ်သင်ခန်းစာ (:၁၁:)

အခန်းကြီး ၈နှင့်  ကို J.A Thompson က ဤသို့ထောက်ပြသည်။ အတိတ်က အရေးကြီးသော သင်ခန်းစာ()ခု ပြန်ညွှန်းချင်သည်။ ပထမအချက်မှာ ကန္တာရတောတလျှောက်မှာ ဣသရေလတို့ ခိုကိုးရာမဲ့ဖြစ်နေကြချိန်တွင် ဘုရားသခင်က အောက်ကျို့နှိမ့်ချခြင်းရှိဖို့၊ စည်းစနစ်တကျ နေ၍ ဘုရားရှင်ကို ဝန်ခံဖို့သွန်သင်ခဲ့သည်။ ထိုကဲ့သို့ပင် ပျားရည်နှင့် နို့စီးဆင်းရာ ကတိတော်မြေတွင်လည်း ဖြတ်သန်းလာခဲ့သော အတိတ်လွင်ပြင်ကို အောက်မေ့သတိရ၍ လုံခြုံကြွယ်ဝစွာ ရှိနေစချင်သည် (:၂၀) ဒုတိယအချက်မှာ လာမည့်ကာလတွင် ရန်သူများအပေါ် အောင်ပွဲဆင်သောအခါ ထောင်လွှားဝါကြွားခြင်းအလံလွှင့်ထူစရာမဟုတ်။ တလွဲဆံပင်ကောင်းဖို့မဟုတ် (:) ထိုအဖြစ်အပျက်မျိုး ရွှေနွားရုပ်ပြုလုပ်ကိုးကွယ်ခြင်း (:၂၁)နှင့် အခြားအမှုအရာများ (:၂၂၂၉)ပြုလုပ်ခဲ့ကြသည်။ ဣသရေလတို့သည် တစောက်ကန်းခေါင်းမာသူများနှင့်ပုန်ကန်ခြားနားသော အကျင့်စရိုက်ရှိကြသည်။

: တဖန်မောရှေက ဣသရေလလူတို့အား ဘုရားသခင်၏ စကားတော်များကို နာခံလေးစားဖို့၊ ချစ်ကြောက်ရိုသေဖို့၊ ဆုံးမတော်မူချက်များကို နှလုံးသွင်းဖို့၊ ဆုံးမဩဝါဒပေးသည်။ ဘုရားရှင်သည် ဣသရေလတို့၏ နှိမ့်ချမှုနာခံမှုကို ဆန်းစစ်လေ့ရှိသည်။ အခြားတစ်ဘက်တွင်လည်း ကျွေးမွေးစောင့်ရှောက်သည်။ ကောင်းကင်ယံမှ မန္နမုန့်ချကြွေးသည်။ အဝတ်အစားမဟောင်းနွမ်း၊ ခြေကိုလည်း မပွန်းပဲ့အောင် အနှစ်လေးဆယ်လုံးလုံး စောင့်ရှောက်လာခဲ့သည်။

ဘုရားသခင်သည် ဣသရေလတို့၏ စိတ်နေသဘောထားကို သိရှိသည်။ ကန္တာရတော ထဲတွင် ဆန်စစ်ခြင်းဖြင့် သင်ခန်းစာပေးသွန်သင်သည်(ငယ်၂)သာမက ပုန်ကန်ထောင်လွှားတတ်သော ညာဉ်ဆိုးကို ပို၍ ကျေးဇူးတော်နှင့်ကရုဏာတော်သက်မိပါသည်။ သို့ကြောင့် ဘုရားသခင်အား ချစ်ကြောက် ရိုသေကြရန် ဆုံးမထားသည်။

:၂၀ မောရှေသည် အတိတ်က အတွေ့အကြုံများကို ပြန်လည်စားမြုံ့ပြန်ခြင်းသာမက၊ အနာဂတ်လုပ်ဆောင်ရမည့်အချက်များကိုလည်း ထောက်ပြသည်(ငယ်၆-၇)။ ခါနန်ပြည်၌ ကောင်းကြီးမင်္ဂလာ ခံစားကြရမည့်အကြောင်း အသေးစိတ်ကို (ငယ်၇-၉)တွင် ရှင်းပြထားသည်။ ကြွယ်ဝချမ်းသာခြင်းသည် ဘုရားရှင်ကို မေ့လျော့စေတတ်သကဲ့သို့ ဘုရားတရား မေ့လျော့ခြင်းသည် မနာခံခြင်း ဖြစ်စေရသည်။ သို့ကြောင့် ကြွယ်ဝချမ်းသာခြင်းသည် လူကိုပျောက်ဆုံးစေနိုင်သည်(ငယ်၁၀-၂၀)။ ဘုရားသခင်အား ယုံကြည်သစ္စာရှိခြင်းသည် ဣသရေလတို့၏ ကောင်းစားရာဖြစ်သည်။ ဘုရားရှင်သည် ဣသရေလတို့၏ ဘိုးဘေးများနှင့် ပြုတော်မူသော ကတိတော်သစ္စာတည်သည် (ငယ်၁၈)။ ထိုကဲ့သို့ပင် ဣသရေလလူများကလည်း ဘိုးဘေးတို့ ခံစားခဲ့ရသော ကတိတော်ကို စောင့်ထိန်းစေချင်သည်(ထွ ၁၉:၈)။ အကယ်၍ ဘုရားသခင်ပြုတော်မူသော ကျေးဇူးတော်ကို မေ့လျော့ ပစ်ပယ်ကြလျှင် စည်းစိမ်ဥစ္စာကြွယ်ဝခြင်း၌ ယစ်မူးနေကြလျှင် တပါးအမျိုးသား ခါနန်ပြည်သားများ ဖျက်ဆီးသကဲ့သို့ ဣသရေလလူမျိုးကို ဒုက္ခရောက်စေသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။