တရားဟောရာကျမ်း - ၅

ပညတ်တော်ဆယ်ပါး
(ထွ၊ ၂၀:၁-၁၇)
1တစ်ဖန် မောရှေသည် ဣသရေလ အမျိုးသားအပေါင်းတို့ကိုခေါ်၍၊ အို ဣသရေလအမျိုးသားတို့၊ ယနေ့ သင်တို့အားငါဟောပြောသော စီရင်ထုံးဖွဲ့ချက်တို့ကို သင်တို့သည် သွန်သင်၍ကျင့်ခြင်းငှာ သတိပြုမည်အကြောင်း နားထောင်ကြလော့။ 2ငါတို့ ဘုရားသခင်ထာဝရဘုရားသည် ဟောရပ်တောင်၌ ငါတို့နှင့် ပဋိညာဉ်ပြုတော်မူ၏။ 3ထိုပဋိညာဉ်တရားကို ထာဝရဘုရားသည် ငါတို့ဘိုးဘေးများနှင့်သာ ပြုတော်မူသည်မဟုတ်။ ယနေ့ပင်အသက်ရှင်၍ ဤအရပ်၌ရှိသမျှသော ငါတို့နှင့် ပြုတော်မူ၏။ 4ထာဝရဘုရားသည် တောင်ပေါ်မှာ မီးထဲကသင်တို့နှင့် မျက်နှာချင်းဆိုင်၍ မိန့်မြွက်တော်မူ၏။ 5ထိုအခါ သင်တို့သည် မီးကိုကြောက်၍ တောင်ပေါ်သို့မတက်ဝံ့သောကြောင့်၊ ငါသည် ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုခြင်းငှာ၊ ထာဝရဘုရားနှင့် သင်တို့ စပ်ကြားမှာရပ်နေ၏။ 6မိန့်မြွက်တော်မူသောစကားဟူမူကား၊ ငါသည် သင့်ကို ကျွန်ခံနေရာအဲဂုတ္တုပြည်မှ ကယ်နုတ်ဆောင်ယူခဲ့ပြီးသော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ 7ငါမှတစ်ပါး အခြားသောဘုရားကို မကိုးကွယ်နှင့်။ 8အထက် မိုးကောင်းကင်၌လည်းကောင်း၊ အောက်အရပ် မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက် ရေထဲ၌လည်းကောင်း ရှိသောအရာနှင့် ပုံသဏ္ဌာန်တူစွာ ရုပ်တုဆင်းတုကို ကိုယ်အဖို့မလုပ်နှင့်။ 9ဦးမချ၊ ဝတ်မပြုနှင့်။ အကြောင်းမူကား၊ သင်၏ဘုရားသခင်၊ ငါထာဝရဘုရားသည် သင်၌အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား၊ ငါ့ကိုမုန်းသောသူတို့၏ အမျိုးအစဉ်အဆက်၊ တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင်၊ အဘတို့၏အပြစ်ကို သားတို့၌ ဆပ်ပေးစီရင်သောဘုရား၊ 10ငါ့ကိုချစ်၍ ငါ့ပညတ်တို့ကိုကျင့်သောသူတို့၏ အမျိုးအစဉ်အဆက် အထောင်အသောင်းတိုင်အောင် ကရုဏာကိုပြသောဘုရားဖြစ်၏။ 11သင်၏ဘုရားသခင် ထာဝရဘုရား၏နာမတော်ကို မုသားနှင့်ဆိုင်၍ မမြွက်မဆိုနှင့်။ အကြောင်းမူကား၊ နာမတော်ကို မုသားနှင့်ဆိုင်၍ မြွက်ဆိုသောသူကို အပြစ်မရှိဟု ထာဝရဘုရားမှတ်တော်မမူ။ 12သင်၏ ဘုရားသခင်ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ၊ ထိုနေ့ရက်ကိုစောင့်လော့။ 13ခြောက်ရက်ပတ်လုံး အလုပ်မျိုးကို ကြိုးစား၍လုပ်ဆောင်လော့။ 14သတ္တမနေ့ရက်သည် သင်၏ဘုရားသခင် ထာဝရဘုရား၏ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍သင်၏သားသမီး၊ ကျွန်ယောက်ျား မိန်းမ၊ နွားမြည်းအစရှိသော သင်၏တိရစ္ဆာန်၊ သင်၏တံခါးအတွင်း၌နေသော ဧည့်သည်အာဂန္တုသည် အလုပ်မလုပ်ရ။ သင်သည် ငြိမ်ဝပ်စွာနေသကဲ့သို့၊ သင်၏ကျွန်ယောက်ျား မိန်းမတို့သည် ငြိမ်ဝပ်စွာနေရကြမည်။ 15သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံကြောင်းကိုလည်းကောင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် အားကြီးသော လက်ရုံးတော်ကိုဆန့်၍၊ ထိုပြည်မှ သင့်ကိုနုတ်ဆောင်တော်မူကြောင်းကိုလည်းကောင်း အောက်မေ့လော့။ ထိုအကြောင်းကြောင့်၊ သင်သည် ဥပုသ်နေ့ကိုစောင့်ရမည်ဟု သင်၏ ဘုရားသခင်ထာဝရဘုရားမှာထားတော်မူ၏။
16သင်၏ ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူသောပြည်၌ သင်သည် အသက်တာရှည်၍ ကောင်းစားရမည်အကြောင်း၊ သင်၏ ဘုရားသခင်ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ သင်၏မိဘကို ရိုသေစွာပြုလော့။ 17လူအသက်ကို မသတ်နှင့်။ 18သူ့မယားကို မပြစ်မှားနှင့်။ 19သူ့ဥစ္စာကို မခိုးနှင့်။ 20ကိုယ်နှင့်စပ်ဆိုင်သောသူတစ်ဖက်၌ မမှန်သောသက်သေကို မခံနှင့်။ 21ကိုယ်နှင့်စပ်ဆိုင်သောသူ၏မယားကို တပ်မက်သောစိတ် မရှိစေနှင့်။ ကိုယ်နှင့်စပ်ဆိုင်သောသူ၏အိမ်၊ လယ်ယာ၊ ကျွန်ယောက်ျား မိန်းမ၊ နွားမြည်းမှစ၍ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ဥစ္စာ တစ်စုံတစ်ခုကိုမျှ တပ်မက်လိုချင်သောစိတ် မရှိစေနှင့်ဟု မိန့်တော်မူ၏။
22ထိုစကားတော်ကို ထာဝရဘုရားသည် တောင်ပေါ်မှာမီး၊ မိုးတိမ်၊ ထူထပ်သောမှောင်မိုက်ထဲက ကြီးစွာသောအသံနှင့် သင်တို့စည်းဝေးရာ ပရိသတ်အပေါင်းတို့အားမိန့်မြွက်တော်မူ၏။ ထပ်၍ မိန့်မြွက်တော်မမူ။ ထိုစကားတော်ကိုလည်း ကျောက်ပြားနှစ်ပြားပေါ်မှာရေး၍ ငါ၌အပ်တော်မူ၏။
လူတို့ကြောက်ရွံ့ကြခြင်း
(ထွ၊ ၂၀:၁၈-၂၁)
23သင်တို့သည် မှောင်မိုက်ထဲကစကားသံကို ကြား၍၊ တောင်ထိပ်သည် မီးလောင်လျက်ရှိသောအခါ၊ သင်တို့အမျိုးအနွယ်တို့၌ မင်းဖြစ်သောသူ၊ အသက်ကြီးသူတို့သည် ငါ့ထံသို့ချဉ်းကပ်၍၊ 24အကျွန်ုပ်တို့ ဘုရားသခင်ထာဝရဘုရားသည် ဘုန်းတန်ခိုးအာနုဘော်တော်ကို အကျွန်ုပ်တို့အား ပြတော်မူပြီ။ မီးထဲကစကားတော်အသံကို အကျွန်ုပ်တို့သည် ကြားရပါပြီ။ ဘုရားသခင်သည် လူနှင့် နှုတ်ဆက်တော်မူသော်လည်း၊ လူသည် အသက်ရှင်သေးသည်ကို၊ ယနေ့၌ အကျွန်ုပ်တို့သည် သိမြင်ရပါပြီ။ 25အကျွန်ုပ်တို့သည် အဘယ်ကြောင့် ယခုသေရပါမည်နည်း။ ဤကြီးစွာသောမီးဖြင့် အကျွန်ုပ်တို့သည် ဆုံးရှုံးပါလိမ့်မည်။ အကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသောအသံတော်ကို တစ်ဖန်ကြားရလျှင် သေရပါလိမ့်မည်။ 26အသက်ရှင်တော်မူသော ဘုရားသခင်သည် မီးထဲကမိန့်မြွက်တော်မူသော အသံတော်ကို အကျွန်ုပ်တို့ကြားရသကဲ့သို့ အဘယ်လူသတ္တဝါသည်ကြား၍ အသက်ရှင်သနည်း။ 27ကိုယ်တော်သည် အနီးအပါးသို့ ချဉ်းသွား၍၊ အကျွန်ုပ်တို့ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသမျှကို နားထောင်တော်မူပါ။ အကျွန်ုပ်တို့ ဘုရားသခင် ထာဝရဘုရားသည် ကိုယ်တော်အားမိန့်တော်မူသမျှကို ဆင့်ဆိုတော်မူပါ။ အကျွန်ုပ်တို့သည်နားထောင်၍ ပြုပါမည်ဟု လျှောက်ဆိုကြ၏။ 28ထိုသို့သင်တို့သည် ငါ့အားလျှောက်သောစကားကို ထာဝရဘုရား ကြားတော်မူ၏။ ထာဝရဘုရားကလည်း၊ ဤလူမျိုးသည် သင့်အားလျှောက်သော စကားသံကိုငါကြားရပြီ။ လျှောက်လေသမျှသောစကားသည် လျောက်ပတ်ပေ၏။ 29သူတို့နှင့် သားမြေးအစဉ်အဆက်တို့သည် ချမ်းသာရမည်အကြောင်း၊ ငါ့ကို ကြောက်ရွံ့၍ ငါပညတ်သမျှတို့ကို အစဉ်စောင့်ရှောက်ချင်သောစိတ်နှင့် ပြည့်စုံကြပါစေသော။ 30တဲများသို့ပြန်သွားကြလော့ဟု သူတို့အားပြောလော့။ 31သင်မှာမူကား၊ ဤအရပ်၌ ငါ့အနားမှာရပ်နေလော့။ သူတို့အား ငါအပိုင်ပေးသောပြည်၌ သူတို့ကျင့်ဖို့ရာ သင်သည်သူတို့အားသွန်သင်ရသော စီရင်ထုံးဖွဲ့ချက်၊ ပညတ်တရားအလုံးစုံတို့ကို ငါမြွက်ဆိုမည်ဟု ငါ့အားမိန့်တော်မူ၏။ 32သို့ဖြစ်၍ သင်တို့၏ဘုရားသခင်ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ သင်တို့သည်ကျင့်အံ့သောငှာ စောင့်နေရကြမည်။ လက်ယာဘက်၊ လက်ဝဲဘက်သို့ မလွှဲမရှောင်ရကြ။ 33သင်တို့ဝင်စားလတ္တံ့သောပြည်၌ သင်တို့သည် သေဘေးလွတ်လျက် ချမ်းသာရ၍၊ အသက်တာရှည်မည်အကြောင်း၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရား မှာထားတော်မူသော လမ်းအပေါင်းတို့၌ လျှောက်သွားရကြမည်။

တရားဟောရာကျမ်း - ၅ (အနက်ဖွင့်)

၂။ မောရှေဒုတိယအကြိမ်မိန့်မှာချက်ပြည်တော်တွင် စင်ကြယ်ကြရန် (အခန်း ၂၈)

(ကသိနာတောင်ပဋိညာဉ်စားမြုံ့ပြန်ခြင်း (အခန်း )

          : အခန်း၅သည် သိနာတောင်(ဟောရဗိ)ပေါ်မှာပေးထားသော ပညတ်တော်ဆယ်ပါးကို စားမြုံ့ပြန်ခြင်းဖြစ်သည်။ အပိုဒ်ငယ် ၃တွင် “ငါတို့ဘိုးဘေးများနှင့်သာ ပြည့်စုံသည်မဟုတ်” ဟုဆိုထားပါသည်။ ထိုပညတ်တော်သည် ဘိုးဘေးများ လက်ထက်တွင် ပြုခဲ့ကြသည် မှန်သော်လည်း ဘိုးဘေးများသာမက နောင်လာနောင်သားများနှင့်လည်း အကြုံးဝင်သည်။

          :၂၁ ပညတ်တော်ဆယ်ပါးမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။        ငါမှတပါးအခြားသောဘုရားကိုမကိုးကွယ်နှင့် (ငယ် ၇)

၂။         ရုပ်တုမကိုးကွယ်နှင့်။ ရုပ်တုထုတ်လုပ်ခြင်းသည်လည်း ကိုးကွယ်ရန် ပြုလုပ်ခြင်းဖြစ်၍ ကိုးကွယ်ခြင်းနှင့် တစ်ဂိုဏ်တည်းဟု ယူဆနိုင်သည် (ငယ် ၈-၁၀)။ ဤပညတ်ချက်သည် ယခင်တားမြစ်ချက်ကို ထပ်မံပြဌာန်းခြင်းမဟုတ်။ လူများသည် ပုံပြင်ဒဏ္ဍာရီဆန်သောအရာများ၊ နေ၊ လနှင့် အခြားထူးဆန်းသော အရာများ ကိုးကွယ်လာကြသောကြောင့် ထပ်လောင်းပြဌာန်းခြင်းဖြစ်သည်။ ထိုသူများသည် ဘုရားသခင်မုန်းသောသူများ၏ အပြစ်ဒဏ်မျိုးခံရသည် (ငယ်၉)။

၃။        ဘုရားသခင်၏ နာမတော်ကို မုသာနှင့်ဆိုင်၍ မမြွက်မဆိုရ (ငယ် ၁၁)။

၄။        ဥပုသ်နေ့ကို သန့်ရှင်းစင်ကြယ်စေလော့ (ငယ် ၁၂၁၅) ဤကျမ်းချက်သည် ထွ ၂၀:၈-၁၁ တွင် အနက်ဖွင့်ချက်နှင့်မတူပါ။ ယုဒလူများအား အဲဂုတ္တုပြည်တွင် ကျွန်ခံခဲ့ခြင်းကို အမှတ်ရကြဟု သတိပေးခြင်းဖြစ်သည် (ငယ်၁၅)။ ထိုအကြောင်းနှစ်ခုသည် တစ်ခုနှင့်တစ်ခုဆန့်ကျင်ခြင်းမဟုတ်။ ဖြည့်စွက်ခြင်း ဖြစ်သည်။

၅။        မိဘများကို ရိုသေစွာပြုလော့ (ငယ် ၁၆)။

၆။        လူ့အသက်မသတ်ရ (ငယ် ၁၇)။

၇။        ကာမပိုင်ရှိလူနှင့်မဖောက်ပြန်ရ (ငယ်၁၈)။

၈။        သူ့ပစ္စည်းမခိုးရ (ငယ် ၁၉)။

၉။        အိမ်နီးနားချင်းများအား ဆန့်ကျင်၍ မဟုတ်မမှန် သက်သေစကားမဆိုရ (ငယ်၂၀)။

၁၀။      လိုချင်တပ်မက်စိတ်ဇော်မတက်ရ (ငယ် ၂၁)။

:၂၂ ဤကျမ်းပိုဒ်ကို J.A Thompson က ဤသို့ဆိုထားသည်။

အခြားထပ်ဖြည့်စရာ ပညတ်ချက်မရှိ” ဟုဆိုခြင်းမှာ ပညတ်တော်ဆယ်ပါးကို ဆိုလိုသည်။ ပညတ်တော်ဆယ်ပါးသည် ပညတ်တရားများ၏ အခြေခံအချုပ်အချာဖြစ်၍ အခြားထပ်ဖြည့်စရာမရှိ။ အခြားပညတ်ချက်များသည် ပညတ်တော်ဆယ်ပါးကို အခြေခံ၍ ထပ်ဆင့်ပွားများသော ပညတ်ချက်များဖြစ်ပါသည်။ ပညတ်တော်ဆယ်ပါးသည် ချဲ့တွေးလျှင် ဆန့်နိုင်သမျှ ကျယ်ပြန့်သည်။ အခြားပညတ်ချက်များရှိနိုင်သော်လည်း ထိုပညတ်ချက်များသည် သီခြားဘာသာရပ်ပညတ်များဖြစ်သည်။ ဘုရားသခင်ပြဌာန်းထားသော အခြေခံပညတ်တရားသည် ပညတ်တော်ဆယ်ပါးဖြစ်သည်။

:၂၃၃၃ ပညတ်တရားပြဌာန်းခြင်းသည် သူတို့နှင့်အတူ ဘုရားသခင်အတူရှိတော်မူကြောင်း သိရှိ၍ ချစ်ကြောက်ကြရန်နှင့် ဘဝအသက်တာ အသီးသီးတွင် ခံယူကျင့်သုံးကြရန်ဖြစ်သည်။ ဘုရားသခင်၏ စကားတော်များကို နာခံလိုက်လျှောက်ကြမည့်အကြောင်း မောရှေအား ပြည်သူ့ကိုယ်စား ပြန်လည် လျှောက်ကြားစေကြသည်။ (ထိုသို့ ကျိန်ပြောကြသော်လည်း ဣသရေလတို့သည် သူတို့ကိုယ်သူတို့ အပြစ်ဒုစရိုက်သားများ၊ ကယ်တင်ရှင် လိုအပ်နေသူ ဒုက္ခသည်များဖြစ်မှန်း မိမိကိုယ်ကို မသိရှိကြ)။ ဘုရားသခင်သည် ပညတ်တရားနှင့် အမိန့်ညွှန်ကြားချက်များကို မောရှေမှတဆင့် ထုတ်ပြသည်။ စကားကြီးဆယ်ခွန်း သို့မဟုတ် ပညတ်တော်ဆယ်ပါး သိနာတောင်ပေါ်တွင် ဣသရေလတစ်မျိုးလုံးသို့ မြွက်ဆိုသော စကား(ငယ် ၃၀-၃၁) ဖြစ်သည်။

ဘုရားသခင်သည် ပညတ်တော်များအား စောင့်ထိန်းဖို့ ပြဌာန်းခြင်းမဟုတ်ပါ (ငယ် ၂၈)။ ဘုရားရှင်ကို ချစ်ကြောက်ရိုသေဖို့ ဖြစ်သည် (၁၈:၁၆-၁၈ နှင့် ယှဉ်ဖတ်ပါ)။ စိတ်နှလုံးထဲတွင် ပညတ်တရား စောင့်ထိန်းလိုစိတ် မရှိကြကြောင်း ဘုရားသခင်က သိမြင်သည်။ ကြောက်ရွံ့၍ လိုက်နာခြင်းထက် အသိတရားဖြင့် လိုက်လျှောက်ခြင်းကို ဘုရားခသင်နှစ်သက်တော်မူသည် (ငယ် ၂၈-၃၃)။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။