တရားဟောရာကျမ်း - ၂၉
တရားဟောရာကျမ်း - ၂၉ (အနက်ဖွင့်)
၃။ မောရှေ၏တတိယမိန့်မှာချက်–ပြည်တော်အထွက်ပဋိညာဉ် (အခန်း ၂၉၊၃၀)
(က) မောဘပြည်မှာနေခဲ့စဉ်ပဋညာဉ် (၂၉:၁–၂၁)
၂၉:၁ ဟေဗြဲကျမ်းမူတွင် (အခန်းငယ်၁)သည် အခန်းကြီးတစ်ခုလုံး၏ သော့ချက်ကျမ်းစကားဖြစ်သည်။ Keil နှင့် Delitzch တို့ကအခန်းကြီး ၂၉နှင့် ၃၀တို့၏ နဖူးခေါင်းစည်းဖြစ်သည်ဟု ဆိုကြသည်။
၂၉:၂–၉ ဣသရေလလူတို့သည် သိနာတောင်တွင် ဘုရားရှင်ပြုထားသော ကတိတော်ကို ချိုးဖောက်ခဲ့ကြဖူးသည်။ ယခုမောဘလွင်ပြင်မှ ပြည်တော်ဝင်ခါနီးတွင် ဘုရားရှင်ပေးထားသော တရားဟောရာကျမ်းမှ ပဋိညာဉ်များ လေးစားလိုက်နာ စောင့်ထိန်းကြဖို့ ထပ်မံအတည်ပြုပြဌာန်းသည်။ ဣသရေလလူတို့သည် ဘုရားသခင်မိန့်မှာချက်ကို သဘောမပေါက်နိုင်။ လိုက်နာစောင့်ထိန်းခြင်းမရှိကြ။ ယေဟောဝါ ဘုရားရှင်က တွေးဆခံစားဖို့ စိတ်နှလုံး၊ တွေ့မြင်ဖို့မျက်လုံး၊ ကြားသိဖို့နားပေးထားသော်လည်း အလိုတော်အား သဘောမပေါက်နိုင်ကြ။ မယုံကြည်မှုနှင့် မနာခံခေါင်းမာမှုက စိတ်နှလုံးကို မင်းမူနေသည်။
ဣသရေလတို့သည် ကန္တာရတောခရီးစဉ်တလျှောက် ကောင်းကင်မန္နမုန့်၊ ကျောက်စိမ့်ရေသောက်သုံး လာခဲ့ကြသည်။ လူ့အစွမ်းအစဘုန်းတန်ခိုးပေါ်တည်မှီလာကြခြင်းမဟုတ်။ အမှန်ဆိုလျှင် ဘုရားသခင်၏ သစ္စာတတရားပြည့်စုံမှု၊ ချစ်ခြင်းမေတ္တာကြွယ်ဝမှုတို့ကို နားလည်ခံယူ၍ ဘုရားရှင်အဖြစ် သိမှတ်ကိုးကွယ်သင့်သည်။
သို့ကြောင့် ပဋိညာဉ်ကို ထိန်းသိမ်းလိုသည့်ဉာဏ်စွမ်းရှိလာကြစေရန် ဣသရေလတို့အပေါ် ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို မောရှေက တဖန်သတိပေးသည်။ အဲဂုတ္တုပြည်မှ အံ့ဩဖွယ်ရာရွေးထုတ်ပုံ ကန္တာရတောမှာ နှစ်ပေါင်း(၄၀)ကျွေးမွေး စောင့်ရှောက်ပု၊ ရှိဟုန်မင်းနှင့်ဩဃမင်းတို့ကို တိုက်ခိုက်အောင်မြင်ပုံ၊ ယော်ဒန်ဖြစ်အရှေ့ခြမ်းအောင်မြင်၍ ရုဗင်၊ ဂဒ်နှင့်မနာရှေလူမျိုးများသို့ ခွဲဝေအပိုင်ပေးပုံတို့ကို စားမြုံ့ပြန်ထောက်ပြသည်။
၂၉:၁၀–၂၁ ဘုရားသခင်ရှေ့တွင် ပဋိညာဉ်ပြုဖို့ သူအားလုံးကို မောရှေဆင့်ခေါ်လိုက်သည် (ငယ်၁၀-၁၃)။ ပြုထားသော ပဋိညာဉ်ကိုလည်း စည်းစိမ်ဥစ္စာကြွယ်ဝဖို့ ဖြစ်ကြောင်း (ငယ်၁၄-၁၅) အသိပေးလိုက်သည်။ ကတိတော်ပြုထားပြီးမှ လိုက်နာစောင့်ထိန်းခြင်း ပျက်ကွက်သူများသည် ခါးသီးကြီးလေးသော အပြစ်ဒဏ်ခံကြမည်။ ပုန်ကန်ခြားနားခြင်းလည်း တစ်ပါးအမျိုးသားများ၏ ဘုရားတုကိုးကွယ်ခြင်းဖြင့် ပေါ်ပေါက်လာသော စုံစမ်းခြင်းတစ်မျိုးဖြစ်သည်။ အကယ်၍ ကတိပြုချက်စောင့်ထိန်းလျှင် ဘုရားသခင်၏ အမျက်ဒေါသမှ ကင်းလွတ်ကြမည်(ငယ် ၁၆-၂၁)။ RSV ကျမ်းမူတွင် အပိုဒ်ငယ် ၁၉ကို “အကြင်သူသည် ပဋိညာဉ်စကားကျိန်ဆိုသောအခါ မိမိကိုယ်ကို ကောင်းချီးမင်္ဂလာပေးလိုက်ပြီး ဘဝခရီးလုံခြုံပြီဟု စိတ်နှလုံး ခိုင်မာစွာ အယူမှားစရာအကြောင်းရှိသည်” ဟု ဆိုသည်။ စိုထိုင်းသောနေရာကို လှည်းကျင်းခြင်းဖြင့် ခြောက်သွေးပြီဟု ထင်မှားခြင်းမျိုးဖြစ်သည်။ ကတိပျက်လျှင် လွတ်ငြိမ်းချမ်းသာခွင့်ရသူတစ်ယောက်မှမရှိ။
(ခ) ပဋိညာဉ်ချိုးဖောက်မှုအပြစ်ဒဏ် (၂၉:၂၂–၂၉)
၂၉:၂၂–၂၈ မျိုးဆက်သစ်တစ်သုတ်ပြီးတစ်သုတ် ပေါ်ထွန်းလာကြသည်။ ပင်လယ်ရပ်ခြားသားများ ဝင်ရောက်လာကြသည်။ ထို့ကြောင့် ဘုရားသခင် ပဋိညာဉ်စကားလေးစား စောင်ထိန်းခြင်းသည် မှေးမှိန်ပျောက်ကွယ်လာသဖြင့် ဣသရေလမြေတွင် လူခြေတိတ်လျက် ခြောက်သယောင်းထတော့မည်။ ဣသရေလမြို့ကြီးများသည် သောဒုံ၊ ဂေါမောရ၊ အာဒမာနှင့် ဇေဘိုင်မြို့ အဖြစ်ဆိုးကျိုးကြုံချင်သလား။ ထိုမြို့ကြီးများသည် အဘယ်ကြောင့်ဘုရားသခင်၏ အရေးယူခြင်းခံရသနည်း။ “ထိုသူတို့၏ ဘိုးဘေး၊ ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သောအခါ ပွဲတော်ဟူသော ပဋိညာဉ်ကို စွန့်ကြပြီ“
၂၉:၂၉ သေချာသောကျမ်းစားက “ဣသရေလလူမျိုးသည် ဘုရားပိုင်သောလူမျိုးဖြစ်သည်” ဟုဆိုသည်။ အထူးသဖြင့် ဣသရေလလူမျိုးဘက်တွင် ရပ်တည်သည်။ စီရင်တော်မူချက်များကို ကြည့်ပါ။ ဘုရားသခင်ပေးသောပဋိညာဉ်ကို စိတ်ဒွိဟသံသယမရှိဘဲ စိတ်ချလက်ချ ယုံကြည်စောင့်ထိန်းဖို့ မောရှေက ထပ်မံသတိပေးသည်။ မောရှေစကားသည် မိမိတို့ဘက်မှ တာဝန်ဝတ္တရားများ ပြဌာန်းခြင်းဖြစ်သည်။ လူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်အပေါ် ခုထိုင်ဖို့ မဟုတ်။ လေးစားနာခံလိုက်လျှောက်ဖို့ ဖြစ်သည်။ ဓမ္မသစ်ကျမ်းတွင်လည်း ထိုဝိထုံးနည်းနာမျိုး ကြိမ်ဖန်များစွာသတိပေးထားသည် “ကောင်းသောအကျင့်ကိုသိလျက်၊ မကျင့်ဘဲနေသောသူသည် အပြစ်ရှိ၏” (ယာ ၄:၁၇)။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။