တရားဟောရာကျမ်း - ၁၃

1သင်တို့တွင် ပရောဖက်ပြုသောသူ၊ အိပ်မက်ကို မြင်သောသူသည် ပေါ်လာ၍၊ 2သင်တို့မသိသော အခြားတစ်ပါးသောဘုရားကို ဆည်းကပ်၍ ဝတ်ပြုကြစို့ဟု ပြောဆိုလျက်၊ နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုကိုပေး၍၊ ထိုနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုသည် ပြည့်စုံသော်လည်း၊ 3ထိုပရောဖက်ပြုသောသူ၊ အိပ်မက်ကိုမြင်သော သူတို့၏စကားကို နားမထောင်ရ။ အကြောင်းမူကား၊ သင်တို့သည် သင်တို့၏ ဘုရားသခင်ထာဝရဘုရားကို စိတ်၊ နှလုံးအကြွင်းမဲ့ ချစ်သည်မချစ်သည်ကို၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် စုံစမ်းတော်မူ၏။ 4သင်တို့၏ ဘုရားသခင်ထာဝရဘုရား နောက်တော်သို့ လိုက်ရကြမည်။ ကြောက်ရွံ့သောစိတ်နှင့် ပညတ်တော်တို့ကို စောင့်ရကြမည်။ စကားတော်ကို နားထောင်လျက် ဝတ်ပြု၍၊ ကိုယ်တော်၌ ဆည်းကပ်မှီဝဲရကြမည်။ 5ကျွန်ခံနေရာ အဲဂုတ္တပြည်မှ သင်တို့ကို ကယ်နုတ်ဆောင်ယူခဲ့တော်မူသော သင်တို့၏ ဘုရားသခင်ထာဝရဘုရားထံတော်မှ လွဲစေခြင်းငှာလည်းကောင်း၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည်၊ သင်တို့လိုက်စရာဖို့ မှာထားတော်မူသောလမ်းမှ ထွက်စေခြင်းငှာလည်းကောင်း ဟောပြောသောကြောင့်၊ ထိုပရောဖက်ပြုသူနှင့် အိပ်မက်မြင်သူတို့သည် အသေသတ်ခြင်းကို ခံရကြမည်။ ထိုသို့ ဒုစရိုက်အပြစ်ကို သင်တို့အထဲက ပယ်ရှင်းရကြမည်။
6သင်၏ညီအစ်ကိုရင်း၊ သင်၏သားသမီး၊ သင်၏ရင်ခွင်၌နေသောမယား၊ ကိုယ်ကဲ့သို့မှတ်တတ်သော အဆွေခင်ပွန်း တစ်စုံတစ်ယောက်က၊ သွားကြစို့။ သင်လည်း မသိ၊ ဘိုးဘေးတို့လည်းမသိသော အခြားတစ်ပါးသောဘုရား၊ 7သင့်ပတ်လည်အနီးအဝေး၌ နေသောသူ၊ မြေကြီးစွန်းတစ်ဖက်မှသည် တစ်ဖက်တိုင်အောင်၊ ကိုးကွယ်သောဘုရားကို ဝတ်ပြုကြစို့ဟု တိတ်ဆိတ်စွာ သွေးဆောင်လျှင်၊ 8သင်သည် ဝန်မခံရ။ သူ၏စကားကို နားမထောင်ရ။ သူ့ကို မြင်သောအခါ မသနားရ။ နှမြောသဖြင့် ဝှက်၍မထားရဘဲ၊ သူ့ကို အမှန်သတ်ရမည်။ 9သူသည် အသေသတ်ခြင်းကို ခံစိမ့်သောငှာ၊ သင်သည် အဦးပြုပြီးမှ၊ လူအပေါင်းတို့သည် ပြုရကြမည်။ 10ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ သင်တို့ကို နုတ်ဆောင်တော်မူသော သင်၏ဘုရားသခင် ထာဝရဘုရားထံတော်မှလွဲစေခြင်းငှာ ကြံစည်သောကြောင့်၊ ထိုသူကို ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရကြမည်။ 11ထိုသတင်းကို ဣသရေလအမျိုးသားအပေါင်းတို့သည် ကြား၍၊ ထိုသို့သော အဓမ္မအမှုကို သင်တို့တွင် နောက်တစ်ဖန်မပြုဝံ့ဘဲ နေကြလိမ့်မည်။
12အဓမ္မလူတို့သည် သင်တို့အထဲကထွက်၍၊ သင်တို့မသိသော၊ 13အခြားတစ်ပါးသောဘုရားထံသို့ သွား၍ ဝတ်ပြုကြစို့ဟု ပြောဆိုလျက်၊ သူတို့မြို့သူမြို့သားတို့ကို သွေးဆောင်ကြောင်းကို၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်နေစရာဖို့ပေးတော်မူသော မြို့တစ်စုံတစ်မြို့၌ သင်သည် သတင်းကြားလျှင်၊ ထိုအမှုကို စေ့စေ့မေးမြန်း စစ်ကြောရမည်။ 14သတင်းကြားသည်အတိုင်း ထင်ရှားစွာ ဧကန်မှန်၍၊ ထိုသို့သော စက်ဆုပ်ဖွယ်အမှုကို သင်တို့တွင် အမှန်ပြုမိလျှင်၊ 15ထိုမြို့သူမြို့သားတို့ကို ဓားနှင့် လုပ်ကြံရမည်။ မြို့မှစ၍ မြို့၌ရှိသော လူနှင့်တိရစ္ဆာန်အပေါင်းတို့ကို ဓားနှင့် ရှင်းရှင်းဖျက်ဆီးရမည်။ 16လုယူရာဥစ္စာရှိသမျှကို မြို့လမ်းမအလယ်၌စုပုံ၍၊ ထိုမြို့နှင့်တကွ လုယူရာဥစ္စာရှိသမျှကို သင်၏ဘုရားသခင် ထာဝရဘုရားအဖို့ မီးရှို့ရမည်။ ထိုမြို့သည် အစဉ်အမြဲ အမှိုက်ပုံဖြစ်ရမည်။ နောက်တစ်ဖန် မတည်မဆောက်ရ။ 17ထာဝရဘုရားသည် အမျက်တော်အရှိန်ကိုငြိမ်းစေ၍၊ သင်၏ဘိုးဘေးတို့အား ကတိတော်ရှိသည်အတိုင်း၊ သင့်ကို ကယ်မသနားတော်မူသဖြင့် များပြားစေတော်မူမည်အကြောင်း၊ ကျိန်အပ်သောဥစ္စာ တစ်စုံတစ်ခုကိုမျှ မသိမ်းမယူဘဲ၊ အလုံးစုံတို့ကို စွန့်ပစ်ရမည်။ 18ယနေ့ ငါမှာထားသည်အတိုင်း သင်၏ဘုရားသခင်ထာဝရဘုရား၏ စကားတော်ကို နားထောင်၍ ပညတ်တော်အလုံးစုံတို့ကို ကျင့်သဖြင့်၊ သင်၏ ဘုရားသခင်ထာဝရဘုရား နှစ်သက်တော်မူဖွယ်ပြုသောအခါ၊ ရှေးကတိတော်အတိုင်း ပြုတော်မူမည်။

တရားဟောရာကျမ်း - ၁၃ (အနက်ဖွင့်)

(မိစ္ဆာပရောဖက်နှင့်ရုပ်တုဝါဒီများအတွက် အပြစ်ဒဏ် (အခန်း ၁၃)

ပရောဖက်ဖြစ်စေ၊ အိပ်မက်အနက်ဖွင့်ခြင်းဖြင့်ဖြစ်စေ ဘုရားသခင်၏ လူများကို တစ်ဦးတလေသော်၎င်း၊ အဖွဲ့လိုက်သော်၎င်း၊ ရုပ်တုဆင်းတုဘုရားတုကိုးကွယ်ဖို့ ဖျားယောင်း စုံစမ်းသူသည် သေဒဏ်ကျခံရမည် (ငယ် ၁-၅)။ ဆွေမျိုးနီးစပ်ကသော်၎င်း (ငယ် ၆-၁၁)၊ အဖွဲ့အစည်း ပတ်ဝန်းကျင်အသိုင်းအဝိုင်းကသော်၎င်း (ငယ် ၁၂-၁၈)၊ သွေးဆောင်လျှင် ဓါးဖြင့်ခုတ်သတ်ပစ်ရမည်။ ပရောဖက်က အံ့ဘွယ်အမှုလက္ခဏာပြ၍ စည်းရုံးလျှင်လည်း လိုက်ပါမသွားရ။ ထိုပရောဖက်သည် မိစ္ဆာပရောဖက်ဖြစ်၍ သေဒဏ်အမှန်ခံရမည်။ ဆွေမျိုးရင်းချာဖြစ်လျှင်လည်း သေဒဏ်ပေးရမည်။

အပိုဒ်ငယ် ၁၃တွင် ရှင်းပြသော အဓမ္မလူသည် ပျက်စီးခြင်း၏သားများ (ဟေဗြဲ betîyyâal) ဖြစ်သည်။ ဘုရားသခင်ထံမှ ဝေးလံအောင် သူများကို ဖျားယောင်းသွေးဆောင်သူဖြစ်၍ သေဒဏ်အမှန်ရမည်။ ထိုသူ့နောက်သို့ လိုက်သူများသည်လည်း မြို့နှင့်တကွ မီးရှို့ဖျက်ဆီးခြင်းခံရမည်။

ခါနန်ပြည်သားများအကျင့်ရှိသော ဣသရေလမြို့ကြီးများသည်လည်း ထိုအပြစ်ဒဏ်အတိုင်း ခံစားရမည်။ ဘုရားသခင်သည် မျက်နှာလိုက်ခြင်း၊ မျက်နှာသာပေးခြင်းမရှိ။ ကျောသားရင်သား မခွဲခြားပါ။ ရွေးချယ်ထားသောလူမျိုး၌ အပြစ်ဒုစရိုက်တွေ့လျှင်မသက်ညှာ။ ဆန်ရင်းနာနာဖွတ်သည်။ ဣသရေလမြို့ပြကြီးများ ထိုသို့အရေးယူအပြစ်ပေးခြင်းသည် စည်းကမ်းစနစ်တကျရှိ၍ လိမ္မာရေးခြား ရှိစေဖို့ဖြစ်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။