အာမုတ်အနာဂတ္တိကျမ်း - ၈

နွေ အသီးပါသောတောင်း
1တစ်ဖန် အရှင်ထာဝရဘုရားသည် ငါ့အား ပြတော်မူသော ရူပါရုံဟူမူကား၊ နွေကာလအသီးပါသော တောင်းသည် ထင်ရှား၏။ 2အာမုတ်၊ သင်သည် အဘယ်အရာကို မြင်သနည်းဟု မေးတော်မူလျှင်၊ နွေကာလ အသီးပါသောတောင်းကို မြင်ပါသည်ဟု ငါလျှောက်သော်၊ ထာဝရဘုရားက၊ နောက်ဆုံးကာလသည် ငါ၏လူဣသရေလအမျိုး၌ ရောက်လေပြီ။ နောက်တစ်ဖန် သူတို့ကို သည်းမခံ။ 3ထိုကာလ၌ နန်းစဉ်ကချေသည်တို့သည် မြည်တမ်းကြလိမ့်မည်။ အရပ်ရပ်တို့၌ များစွာသော အသေကောင်ရှိ၍၊ လူတို့သည် တိတ်ဆိတ်စွာ ပစ်ချကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
ဣသရေလတို့၏ကြမ္မာဆိုး
4-6ငါတို့သည် စပါးကို ရောင်းအံ့သောငှာ လဆန်းနေ့လွန်ပါစေ၊ ဂျုံကို ရောင်းအံ့သောငှာ ဥပုသ်နေ့ လွန်ပါစေဟုဆိုလျက်၊ ဧဖာလေးကို ငယ်စေခြင်းငှာလည်းကောင်း၊ ကျပ်လေးကို ကြီးစေခြင်းငှာလည်းကောင်း လုပ်၍၊ စဉ်းလဲသော ချိန်ခွင်ကို သုံးလျက် ဆင်းရဲသောသူကို ငွေနှင့်လည်းကောင်း၊ ငတ်မွတ်သောသူကို ခြေနင်းတစ်ရံနှင့်လည်းကောင်း ဝယ်၍၊ ညံ့သောဂျုံဆန်ကိုရောင်းလျက်၊ ငတ်မွတ်သော သူတို့ကို နှိပ်နင်း၍ ဆင်းရဲသော ပြည်သားတို့ကို ဖြတ်ခြင်းငှာ အလွန်အလိုကြီးသောသူတို့၊ ဤစကားကို နားထောင်ကြလော့။
7ထာဝရဘုရားသည် ယာကုပ်၏ဘုန်းကိုတိုင်တည်၍ ကျိန်ဆိုတော်မူသည်ကား၊ အကယ်စင်စစ် သူတို့ကျင့်ကြံ ပြုမူသမျှတို့ကို ငါသည် အစဉ်မပြတ် မမေ့လျော့။ 8ထိုအပြစ်ကြောင့် မြေတုန်လှုပ်လိမ့်မည် မဟုတ်လော။ မြေသားအပေါင်းတို့သည် ညည်းတွားကြလိမ့်မည် မဟုတ်လော။ မြစ်ကဲ့သို့ တစ်ပြည်လုံးထပြီးလျှင်၊ တစ်ဖန် အဲဂုတ္တုမြစ်၌ မြုပ်သကဲ့သို့ ပါသွား၍ မြုပ်လိမ့်မည်မဟုတ်လော။ 9အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလအခါ မွန်းတည့်အချိန်၌ ငါသည် နေကိုဝင်စေမည်။ ကြည်လင်သောနေ့၌ မြေကြီးကို မိုက်စေမည်။ 10သင်တို့ပွဲခံခြင်းကို ညည်းတွားခြင်း ဖြစ်စေမည်။ သီချင်းဆိုခြင်းရှိသမျှကို ငိုကြွေးခြင်းဖြစ်စေမည်။ လူအပေါင်းတို့သည် လျှော်တေအဝတ်နှင့် ခါးကိုစည်းစေခြင်းငှာလည်းကောင်း၊ ဆံပင်ကို ရိတ်စေခြင်းငှာလည်းကောင်း ငါစီရင်မည်။ တစ်ယောက်တည်းသောသား သေသည်အတွက် မြည်တမ်းခြင်းကဲ့သို့လည်းကောင်း၊ အဆုံး၌ ခါးစွာသော နေ့ကဲ့သို့လည်းကောင်း ငါဖြစ်စေမည်။
11အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ မွတ်သိပ်ခြင်းဘေးကို တစ်ပြည်လုံး၌ ငါဖြစ်စေသောကာလ ရောက်လိမ့်မည်။ အစာခေါင်းပါး၍ မွတ်သိပ်ခြင်းဘေး မဟုတ်၊ ရေငတ်ခြင်းဘေးလည်း မဟုတ်၊ ထာဝရဘုရား၏ အမိန့်တော်ကို မကြားရသော မွတ်သိပ်ခြင်းဘေး ဖြစ်လိမ့်မည်။ 12လူတို့သည် ထာဝရဘုရား၏ အမိန့်တော်ကိုရှာလျက်၊ ပင်လယ်တစ်ပါးမှသည် ပင်လယ်တစ်ပါးတိုင်အောင် လှည့်လည်၍၊ တောင်မြောက် ပြေးသွားသော်လည်း မတွေ့ရကြ။ 13ထိုကာလ၌ အဆင်းလှသော သတို့သမီးကညာများနှင့် လုလင်များတို့သည် ရေငတ်၍ မောကြလိမ့်မည်။ 14ရှမာရိအပြစ်ကိုတိုင်တည်၍ ကျိန်ဆိုသောသူ၊ အို ဒန်၊ သင်၏ဘုရား အသက်ရှင်တော်မူသည်အတိုင်း ဟူ၍လည်းကောင်း၊ ဗေရရှေဘ ဘာသာ အသက်တည်သည်အတိုင်းဟူ၍လည်းကောင်း ဆိုသောသူတို့သည်၊ နောက်တစ်ဖန် မထနိုင်အောင်လဲ၍ နေရကြလိမ့်မည်ဟု မိန့်တော်မူ၏။

အာမုတ်အနာဂတ္တိကျမ်း - ၈ (အနက်ဖွင့်)

(နွေအသီးများထည့်ထားသောခြင်းတောင်း (အခန်း၈)

: နွေသစ်သီးထည့်ထားသောခြင်းတောင်းဆိုသည်မှာ ဣသရေလများ တရားစီရင်ခြင်းခံရဖို့ အချိန်တန်ကြောင်း ရည်ညွှန်းသည်။ ဘုရားသခင်ကနည်းနည်းမှ သက်ညှာမည်မဟုတ်။ လူချမ်းသာများက ဆင်းရဲသားများအား ခေါင်းပုံဖြတ်ကြသည်။ ချမ်းသာကြွယ်ဝမှုကို မတင်းတိမ်နိုင်ကြ။ လိုချင်လောဘဇောတိုက်ကြသည်။ ရလေလိုလေအိုတစ္ဆောဖြစ်သည်။ အလေးတင်းတောင်းအခြင်အတွယ်မမှန်မကန် သုံးကြသဖြင့် သူတို့စီးပွားကို ဖျက်ဆီးပစ်မည်။

          :၁၂ ဤကျမ်းပိုဒ်သည် အရေးယူအပြစ်ပေးသည့် အနေဖြင့် ထိုအရပ်ဒေသတွင် မြေငလျင်ကြီး လှုပ်မည်။ ကမ္ဘာပြင်တစ်ခုလုံးနေ့လည်နေ့ခင်းတွင် မှောင်မိုက်ကျရောက်မည်။ အိမ်တိုင်းအိမ်တိုင်း ပရိဒေဝတောက်လောင်ကြမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော် ငမ်းငမ်းတက်ကြားနာလိုကြလိမ့်မည်။ သို့သော် အလှမ်းဝေးလေပြီ။ မိုးခေါင်၍ အငတ်ဘေးကပ်သင့်ကြမည်။

:၁၃၁၄ ဆွဲဆောင်မှုကောင်းသော ဣသရေလသမီးပျိုငယ်မောင်မယ်များသည် မှားယွင်းသော ဘုရားငယ်များ ကိုးကွယ်မှုကြောင့် ငတ်မွတ်ဆင်းရဲကြမည်။ လူများသည် မိမိတို့ကိုးကွယ်သော ဘုရားများ ထံမှ အကူအပံ့တောင်းဆိုကြသော်လည်း အချည်းနှီး ဖြစ်ကြမည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။