ဓမ္မရာဇဝင်ဒုတိယစောင် - ၂၃

ဒါဝိဒ်နောက်ဆုံးမိန့်မြွက်သည့်စကား
1ဒါဝိဒ်မြွက်ဆိုသော နောက်ဆုံးစကားတည်းဟူသော၊ ယာကုပ်အမျိုး၏ဘုရားသခင့်အခွင့်နှင့် ဘိသိက်ခံရ၍ ဘုန်းကြီးသောသူ၊ ဣသရေလအမျိုး၌ ချိုမြိန်စွာသီချင်းဆိုသော ယေရှဲ၏သား ဒါဝိဒ်မြွက်ဆိုသော ပရောဖက်စကားဟူမူကား၊ 2ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အားဖြင့် မိန့်တော်မူ၏။ နှုတ်ကပတ်တော်သည် ငါ့လျှာ၌တည်၏။ 3ဣသရေလအမျိုး၏ဘုရားသခင်၊ ဣသရေလအမျိုး၏ ကျောက်သည် ငါ့အားဖြင့် မိန့်မြွက်တော်မူသည်ကား၊ လူတို့ကို အုပ်စိုးသောသူသည် တရားသဖြင့်စီရင်၍ ဘုရားသခင်ကို ကြောက်ရွံ့လျက် အုပ်စိုးရမည်။ 4မိုးမအုံ့၊ နေထွက်သော နံနက်အလင်းကဲ့သို့လည်းကောင်း၊ မိုးရွာပြီးမှ နေပေါ်ထွန်းသဖြင့် မြေ၌ပေါက်သော မြက်နုကဲ့သို့လည်းကောင်း ဖြစ်ရလိမ့်မည်။ 5ငါ့အမျိုးအနွယ်သည် ဘုရားသခင်ရှေ့တော်၌ မြဲမြံသည်မဟုတ်လော။ သေချာစွာစီရင်၍ မပျက်နိုင်သော နိစ္စထာဝရပဋိညာဉ်ကို ငါနှင့်ဖွဲ့တော်မူပြီ။ ထိုပဋိညာဉ်သည် ချက်ချင်းမပြည့်စုံသော်လည်း၊ ငါ့ကို ကယ်တင်ရာအကြောင်း၊ ငါအားရနှစ်သက်ရာအကြောင်း ဖြစ်၏။ 6အဓမ္မလူအပေါင်းတို့မူကား လက်နှင့်မကိုင်သာ၊ ပယ်ရှားရသော ဆူးပင်ကဲ့သို့ ဖြစ်ရကြလိမ့်မည်။ 7ပယ်ရှားသောသူသည် သံချပ်အင်္ကျီနှင့် လှံတံကို သုံးဆောင်သဖြင့်၊ ဆူးပင်ပေါက်သောအရပ်၌ပင် ရှင်းရှင်းမီးရှို့ရသတည်း။
ဒါဝိဒ်၏နာမည်ကျော်သူရဲကောင်းများ
(၅ရာ၊ ၁၁:၁၀-၄၁)
8ဒါဝိဒ်၏ အမှုတော်ထမ်းသူရဲကြီးတို့၏အမည်များဟူမူကား၊ ဟပ္ပေါနိအမျိုး ယာရှောဘံသည် ဗိုလ်ချုပ်ဖြစ်၏။ ထိုသူသည် လှံကိုကိုင်လျက် လူသုံးရာကို တစ်ခါတည်းတိုက်၍ လုပ်ကြံလေ၏။ 9သူနောက်မှာ အဟောဟိအမျိုး ဒေါဒေါသားဧလာဇာသည် ဒါဝိဒ်နှင့်အတူလိုက်သော သူရဲသုံးယောက်အဝင် ဖြစ်၏။ စစ်တိုက်ခြင်းငှာစုဝေးသော ဖိလိတ္တိလူတို့ကို ကြိမ်းပ၍ ဣသရေလလူတို့သည် ဆုတ်သွားသောအခါ၊ 10ထိုသူသည် လက်ညောင်း၍ ဓား၌မှီလျက်နေရသည်တိုင်အောင် ထ၍ ဖိလိတ္တိလူတို့ကို လုပ်ကြံသဖြင့်၊ ထာဝရဘုရားသည် ထိုနေ့၌ ကြီးစွာသော အောင်မြင်ခြင်းကို ပြုတော်မူ၍၊ သူတို့သည် ရန်သူတို့၏ဥစ္စာကို လုယူခြင်းငှာသာ ပြန်လာကြ၏။ 11သူ့နောက်မှာ ဟရရိအမျိုး အာဂိ၏သားရှမ္မသည်ရှိ၏။ ဖိလိတ္တိလူတို့သည် ပြောင်းစပါးစိုက်သောလယ်ကွက်၌ စုဝေး၍၊ ဣသရေလလူတို့သည် ပြေးကြသောအခါ၊ 12ထိုသူသည် လယ်ကွက်အလယ်၌ရပ်၍ စောင့်မလျက် ဖိလိတ္တိလူတို့ကိုလုပ်ကြံသဖြင့်၊ ထာဝရဘုရားသည် ကြီးစွာသောအောင်ခြင်းကို ပြုတော်မူ၏။ 13ဗိုလ်စုအဝင်သုံးယောက်တို့သည် စပါးရိတ်ရာကာလ၌၊ ဒါဝိဒ်ရှိရာ အဒုလံဥမင်သို့ ဆင်းသွား၍၊ ဖိလိတ္တိလူတို့သည် ရေဖိမ်ချိုင့်၌ တပ်ချလျက်ရှိကြ၏။ 14ထိုအခါ ဒါဝိဒ်သည် ရဲတိုက်တွင်နေ၍၊ ဖိလိတ္တိလူတို့သည် ဗက်လင်မြို့၌ တပ်ချကြ၏။ 15ဒါဝိဒ်ကလည်း၊ တစ်စုံတစ်ယောက်သောသူသည် ဗက်လင်မြို့တံခါးနားမှာရှိသော ရေတွင်းထဲကရေကို ခပ်၍ ငါ့အားပေးပါစေသောဟု တောင့်တသောစိတ်နှင့် ဆိုသော်၊ 16ထိုသူရဲသုံးယောက်တို့သည် ဖိလိတ္တိတပ်ကိုဖျက်၍ ဗက်လင်မြို့ တံခါးနားမှာရှိသော ရေတွင်းထဲကရေကိုခပ်ယူပြီးလျှင် ဒါဝိဒ်ထံတော်သို့ ဆောင်ခဲ့ကြ၏။ သို့သော်လည်း၊ ဒါဝိဒ်သည်မသောက်ဘဲ ထာဝရဘုရားရှေ့တော်၌သွန်းလျက်၊ 17အိုထာဝရဘုရား၊ ဤရေကို သောက်သောအမှုသည် အကျွန်ုပ်နှင့်ဝေးပါစေသော။ ဤရေသည် ကိုယ်အသက်ကိုမနှမြောဘဲ သွားသောသူတို့၏ အသွေး ဖြစ်ပါသည်မဟုတ်ပါလောဟု လျှောက်၍ မသောက်ဘဲနေ၏။ ထိုသူရဲသုံးယောက်တို့သည် ထိုသို့သောအမှုတို့ကို ပြုကြ၏။ 18ဇေရုယာသား ယွာဘညီအဘိရှဲသည်လည်း သူရဲသုံးယောက်တွင် အကြီးဖြစ်၏။ သူသည် လှံကိုကိုင်၍ လူသုံးရာတို့ကို တိုက်ဖျက်လုပ်ကြံသောကြောင့်၊ သူရဲသုံးယောက်အဝင် နေရာရသတည်း။ 19သူရဲသုံးယောက်တွင် အမြတ်ဆုံးဖြစ်သည် မဟုတ်လော။ ထိုကြောင့် ဗိုလ်ချုပ်အရာကိုရ၏။ သို့သော်လည်း ပထမသူရဲသုံးယောက်တို့ကို မမီ။ 20အထူးသဖြင့် ပြုဖူးသော ကပ်ဇေလမြို့သား သူရဲယောယဒ၏သား ဗေနာယသည်လည်း ခြင်္သေ့နှင့်တူသော မောဘလူနှစ်ယောက်ကို သတ်၏။ ဆောင်းကာလ၌လည်း အခြားသို့သွား၍ မြေတွင်း၌ရှိသော ခြင်္သေ့ကို သတ်၏။ 21ထူးခြားသောအဲဂုတ္တုလူကိုလည်း သတ်၏။ အဲဂုတ္တုလူသည် လှံကိုကိုင်သော်လည်း၊ ဗေနာယသည် တောင်ဝှေးကိုသာကိုင်လျက်သွား၍ အဲဂုတ္တုလူလက်မှ လှံကိုလုယူပြီးလျှင်၊ ထိုလှံနှင့် သူ့ကိုသတ်၏။ 22ထိုသို့သောအမှုတို့ကို ယောယဒသားဗေနာယပြု၍ သူရဲသုံးယောက်အဝင်နေရာကို ရ၏။ 23ဗိုလ်များထက်သာ၍ မြတ်သော်လည်း၊ ပထမသူရဲသုံးယောက်တို့ကို မမီ။ ဒါဝိဒ်သည် အတွင်းဝန်ချုပ်အရာကိုလည်း ပေး၏။ 24ယွာဘညီ အာသဟေလသည်လည်း ဗိုလ်စုအဝင်ဖြစ်၏။ ထိုအတူ ဗက်လင်မြို့နေ၊ ဒေါဒေါ၏သား ဧလဟာနန်၊ 25ဟရောဒိအမျိုး ရှမ္မ၊ ဟရောဒိအမျိုး ဧလိက၊ 26ဖာလတိအမျိုး ဟေလက်၊ တေကောအမျိုး ဣကေရှ၏သားဣရ၊ 27အနေသောသိအမျိုး အဗျေဇာ၊ ဟုရှသိအမျိုး မေဗုန္နဲ၊ 28အဟောဟိအမျိုး ဇာလမုန်၊ နေတောဖာသိအမျိုး မဟာရဲ၊ 29နေတောဖာသိအမျိုး ဗာနာသားဟေလက်၊ ဗင်္ယာမိန်အမျိုး ဂိဗာမြို့နေ၊ ရိဘဲ၏သားအိတ္တဲ၊ 30ပိရသောနိအမျိုး ဗေနာယ၊ ဂါရှချိုင့်သား ဟိဒ္ဒဲ၊ 31အာဗသိအမျိုး အဗျာလဗုန်၊ ဗာဟုမိအမျိုး အာဇမာဝက်၊ 32ရှာလဗောနိအမျိုး ဧလျာဘ၊ ယာရှင်၏သားတို့တွင် ယောနသန်၊ 33ဟာရရိအမျိုး ရှမ္မ၊ ဟာရရိအမျိုး ရှာရ၏သားအဟိအံ၊ 34မာခါသိအမျိုး အဟသဘဲ၏သား ဧလိဖလက်၊ ဂိလောနိအမျိုး အဟိသောဖေလ၏သား ဧလျံ၊ 35ကရမေလအမျိုး ဟေဇရဲ၊ အာဘိအမျိုး ဖာရဲ၊ 36ဇောဘအမျိုး နာသန်၏သားဣဂါလ၊ ဂဒ်အမျိုးဗာနိ၊ 37အမ္မုန်အမျိုး ဇေလက်၊ ဇေရုယာ၏သား ယွာဘ၏လက်နက်ဆောင်လုလင် ဗေရောသိအမျိုး နဟာရဲ၊ 38ဣသရိအမျိုး ဣရ၊ ဣသရိအမျိုး ဂါရက်၊ 39ဟိတ္တိအမျိုး ဥရိယ၊ ပေါင်းသုံးဆယ်ခုနစ်ယောက်တည်း။

ဓမ္မရာဇဝင်ဒုတိယစောင် - ၂၃ (အနက်ဖွင့်)

(ဒါဝိဒ်၏လက်ရုံးများ (အခန်း ၂၃)

၂၃  ပထမပိုင်းအပိုဒ်ငယ် (၇)ခုသည် ဒါဝိဒ်၏ ရင်တွင်းဖြစ် တေးကဗျာနောက်ဆုံး အလင်္ကာဖြစ်သည်။ မိုးညဉ့်မှောင်မိုက် မုန်တိုင်းညရှည်လွန်မြောက်၍ တိမ်သလ္လာကင်းစင်သော မင်္ဂလာနံနက်ခင်းတွင် ဘုန်းတော်တန်ခိုး ကြွယ်ဝစွာ ပေါ်ထွန်းလာမည့် မေရှိယသခင်၏ အုပ်စိုးမှု ဖေါ်ကျူးထားသည်။ ဒါဝိဒ်ကသူသည် ဘုရားသခင်၏ မေတ္တာတော်နှင့် မထိုက်မတန်သော်လည်း နိစ္စထာဝရ ပဋိညာဉ်ဖွဲ့နှောင် လေပြီဟု ဝန်ခံသည်။ အပိုဒ်ငယ် ၆ နှင့် ၇ သည် ခရစ်တော်နိုင်ငံတော် တည်ထောင်သောအခါ ပုန်ကန်သောင်းကျန်းသော သားသမီးများကို ခရစ်တော်က အပြစ်စီရင်မည့် အကြောင်းဖြစ်သည်။

၂၃:၁၂  ဒါဝိဒ်၏ ညာလက်ရုံးများကို အငယ် ၈-၃၉ တွင် ကမ္ဗည်းမော်ကွန်းတင်ထားသည်။ စစ်သူကြီးယွာဘ၏ နာမည်စာရင်းကို မတွေ့ရှိရပါ။ ဒါဝိဒ်၏သားတော် အဗရှလုံကို ကိုယ်ထိလက်ရောက် သတ်ဖြတ်သောကြောင့် ဖြစ်ဟန်တူသည်။ အာဗနာ နှင့် အမာသာလည်း မတွေ့ရ။ ၅ရာ ၁၁:၁၁-၄၇ နှင့် ယှဉ်ဖတ်သောအခါ ဒါဝိဒ်မင်းခေတ် နေဝင်ခါနီးတွင် ခန့်အပ်ခြင်းဖြစ်နိုင်သည်။ အသေအချာအတိအကျ မဟုတ်သော်လည်း ရာဇဝင်ချုပ်တွင် ပါရှိသည့် စာရင်းနှင့် ဆင်တူယိုးမှားဖြစ်သည်။ ထိုသူများအကြောင်းကို ၅ ရာ ၁၁ တွင် ပိုမိုပြည့်စုံစွာ ဖတ်ရှုနိုင်သည်။

ပထမဦးစားပေး ညာလက်ရုံး (၃)ဦးမှာ အောက်ပါ ပုဂ္ဂိုလ်များဖြစ်သည်။

၁။ ဟပ္ပေါနိအမျိုး ယာရှောဘံ။  အဒိနို ဟုလည်း ခေါ်သည်။ တိုက်ပွဲတပွဲတည်းတွင် လူရှစ်ရာချေမှုန်း သုတ်သင်နိုင်သည်။ (၅ရာ တွင် လူသုံးရာဟုဆို သော်လည်း ကိန်းဂဏန်းကူးယူရာတွင် မှားယွင်းတတ်ပါသည်)။

၂။ ဧလျာဇာ  ဒါဝိဒ်၏ လက်စွဲတော် စစ်သူကြီးဖြစ်သည်။ တပွဲတည်းနှင့် ဖိလိတ္တိလူမျိုးတို့ တချိုးတည်း လန့်ပြေးကြအောင် တိုက်ခိုက်နိုင်စွမ်းရှိသည်။ တိုက်ပွဲပြီးဆုံးသောအခါ လက်နှင့်ဓါးသွေးကပ်၍ လက်အံသေသွား သဖြင့် ခွာမရအောင် စေးကပ်ခဲ့သည်။

၃။ ရှမ္မ။ ဣသရေလ စစ်သားများဆုတ်ခွာသွားကြသော်လည်း ဖိလိတ္တိရန်သူများကို တဦးတည်း သူရသတ္တိနှင့် ပြည့်စုံစွာ ခုခံတိုက်ခိုက်သည်။ ကျားနှင့် ဆင် လယ်ပြင်မှာ ဆုံတွေ့သကဲ့သို့ ဖိလိတ္တိလူတို့ကို လယ်ကွင်းပြင်မှာ အပြောင်အစင် ချေမှုန်းသုတ်သင် အောင်ပွဲဆင်သော သူရဲကောင်းကြီးဖြစ်သည်။

၂၃:၁၃၁၇  အမည်နာမနှင့် မဖေါ်ပြသော အခြား ()ဦးမှာ ဖိလိတ္တိတို့ လက်ထဲတွင် ဗက်သလင်မြို့ ရှိနေစဉ်၊ ဒါဝိဒ်မင်း အဒုလံ ကျောက်ဂူ၌ နားနေခိုက် ပေါ်လွင်ထင်ရှားသော သူရိယသတ္တိရှိသူများဖြစ်သည်။ ထိုကာလ၌ ဒါဝိဒ်မင်းသည် အလွန်ရေ ငတ်သဖြင့် ဗက်သလင်ရေတွင်းမှ ရေသောက်ချင်သည်။ ကုန်းပေါ်မှလမ်းကြည့်၍ ရေတွင်းကို လှမ်းမြင်သောအခါ သွားရည်တမြမြကျချင်လာသည်။ ထိုအခိုက် အမည်နာမ မဖော်ပြေသော သူရဲကောင်းသုံးဦးသည် သခင့်အတွက် မိမိအသက်ကို မနှမြောဘဲ၊ ဖိလိတ္တိစစ်တပ်ကို ထိုးဖေါက်ကာ၊ ဗက်သလင်ရေတွင်းမှ မရမက ခပ်ယူလာကြသည်။ ဒါဝိဒ်သည် ထိုရေကို ရရှိသောအခါ မသောက်ရက်။ ဘုရားသခင်ကို ပူဇော်သည့် အနေဖြင့် မြေသို့လောင်းချ၍ ဆုတောင်းသည်။ ထိုအကြောင်းကို Willian က ဤသို့ဆိုသည်။

ယေရှု၏ငတ်မွတ်ခြင်းကြားသော သုံးဦးမှာ အာဖရိက၊ အိန္ဒိယနှင့် တရုတ်တို့ ဖြစ်သည်။ ထိုသူများသည် ဖိလိတ္တိလက်အောက်ရှိ ရေတွင်းမှ ရေတည်းဟူသော စာတန်နယ်မြေ မှောင်မိုက်ပြည်မှ ထာဝရဘုရားသခင်ကို မသိရှိသေးသူများအား ခရစ်တော်ထံသို့ အရဲစွန့်ယူ ဆောင်ယူလာသူများဖြစ်သည်။၂၂

၂၂:၁၈၂၃  အခြားသူရဲကောင်းနှစ်ဦးလည်း မှတ်တမ်းတင်ထားသည်။

၁။ အဘိရှဲ။ ရန်သူသုံးရာကို တပွဲတည်းတွင် သတ်ဖြတ်နိုင်သည်။ အပိုဒ်ငယ် ၁၆ မပါသော သူရဲကောင်းကြီး တစ်ဦးဖြစ်သည်။

၂။ ဗေနာယ   ခြင်္သေ့ကဲ့သို့ ရဲဝံ့သောသူရဲကောင်းနှစ်ဦးကို တိုက်ခိုက်အောင်မြင်သည်။ နှင်းကျနေစဉ် ခြင်္သေ့ဂူမှ ခြင်္သေ့ကိုလည်း ဆွဲထုတ်သတ်ဖြတ်ခဲ့သည်။ အဲဂုတ္တုလှံစစ်သူကြီး လှံကိုလည်း လုယူပြီး ထိုလှံဖြင့် သတ်ဖြတ်ခဲ့သည်။

၂၃:၂၄၃၉  အခြားအားကိုးအားထားရသော သူရဲကောင်းသုံးဆယ် (သို့မဟုတ်) သုံးဆယ့်ခုနှစ် ၏ အမည်စာရင်းကို အငယ် ၂၄-၃၉ တွင် မော်ကွန်းထိုးထားသည်။

ဤအခန်းမှ အချို့ကိန်းဂဏန်းများသည် ထပ်မံရှင်းပြဖို့လိုသည်။ ဥပမာအားဖြင့် (အငယ် ၁၃၊ ၁၄)တွင် သုံးဆယ် ဟုဆို၍ အငယ်(၉)တွင် သုံးဆယ်ခုနှစ် ဟု ရေးသည်။ သုံးဆယ်သည် တိုက်ပွဲဝင် သူရဲကောင်းချည်း သက်သက်ဖြစ်၍ အထောက်အကူပြုသော စစ်မှုပညာရှင် ခုနှစ်ယောက်နှင့် ပေါင်းစပ်လျှင် စုစုပေါင်း ၃၇ ဦး ဖြစ်သည်။ ပထမတန်းစား သူရဲကောင်း သုံးဦးမှာ (အငယ် ၈-၁၂)တွင် တွေ့ရှိခဲ့ကြပြီး၊ ယာရှောဘံ (အန်နိုဟုလည်း ခေါ်သည်)။ ဧလျဇာနှင့် ရှမ္မတို့ ဖြစ်သည်။ သူတို့နောက်မှ အဘိရှဲနှင့် ဗေနာယ (ငယ် ၁၈-၂၃)၊ တတိယအဆင့်တွင် (ငယ် ၂၄-၃၉)တွင် မှတ်တမ်းတင်ထားသည့် သူရဲကောင်းသုံးဆယ်ဖြစ်သည်။ တပည့်တော် ဆယ့်နှစ်ပါးကဲ့သို့ ရေတွက်ခြင်းဖြစ်သည်။ လူသုံးဆယ်သည် အမာခံ အဓိကလူများဖြစ်၍ ငါဝင်ပံ့ပိုးသူများရှိသည်။ တိုက်ပွဲတွင် ကျဆုံးလျှင်လည်း အစားထိုးသည်။ ဥပမာအားဖြင့် ဗေသရှေဘက်ယောကုန်း၊ ဟိတ္တိလူ ဥရိယ သည် တိုက်ပွဲတွင် ကျဆုံးရာ သူ့အစားထပ်မံခန့်အံ့ရသည်။

သခင်ယေရှုတွင်လည်း ညာလက်ရုံးများရှိသည်။ ဒါဝိဒ်က သူ့သစ္စာခံ သူရဲကောင်းကြီးများ မှတ်တမ်း ထင်ထားသကဲ့သို့ ခရစ်တော်ကလည်း မှတ်သားထားသည်။ မည်သည့်ရာထူးဌာနတွင် ရှိနေကြစေကာမူ၊ ပေးအပ်သော တာဝန်နှင့် ဝတ္တရားကို ဦးလည်မသုန် ခရစ်တော်အတွက် ယုံကြည်ခြင်းဖြင့် တိုက်ပွဲဝင်ကြရမည်။

ခရစ်တော် စစ်သည်တော်များ ထကြ

စစ်ချပ်တန်ဆာ ဝတ်ဆင်ကြ

ဘုရားပေးခွန်အားရယူ၍

ရှေ့တန်းမှ ပါဝင်တိုက်ခိုက်ကြလော့။

ကိုယ်တော်၏ ခွန်အားနှင့် ရဲရင့်ကြလော့

သူရသတ္တိပြည့်စုံကြလော့

လက်နက်စွဲကိုင်ချီတက်ကြ

ခရစ်ယာန်စစ်သည်တော်အပေါင်းတို့။

Charles Wesley

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။