ဓမ္မရာဇဝင်ဒုတိယစောင် - ၂၂

ဒါဝိဒ်၏အောင်ပွဲသီချင်း
(ဆာ၊ ၁၈)
1ဒါဝိဒ်သည် ရှောလုမင်းမှစ၍ ရန်သူအပေါင်းတို့လက်မှ ထာဝရဘုရား ကယ်လွှတ်တော်မူခြင်းကျေးဇူးကိုခံရသောအခါ၊ ထာဝရဘုရားရှေ့တော်တွင် မြွက်ဆိုသော သီချင်းစကားဟူမူကား၊ 2ထာဝရဘုရားသည် ငါ၏ကျောက်၊ ငါ၏မြို့ရိုး၊ ငါ့ကိုကယ်လွှတ်သောသခင်၊ 3ငါ၏ဘုရား၊ ငါကိုးစားသော အစွမ်းသတ္တိ၊ ငါ၏အကွယ်အကာ၊ ငါ့ကိုကယ်တင်သောဦးချို၊ ငါ၏ရဲတိုက်၊ ငါခိုလှုံရာ၊ ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် ညှဉ်းဆဲခြင်းထဲက အကျွန်ုပ်ကိုကယ်လွှတ်တော်မူ၏။ 4ချီးမွမ်းအပ်သော ထာဝရဘုရားကို ငါတောင်းလျှောက်၍၊ ရန်သူတို့လက်မှ ကယ်တင်ခြင်းသို့ ရောက်၏။ 5သေခြင်းလှိုင်းတံပိုးတို့သည် ငါ့ကိုဝိုင်းမိ၍ ဖျက်ဆီးတတ်သော ရေစီးခြင်းကြောင့် ငါကြောက်လန့်ရ၏။ 6မရဏနိုင်ငံ၏ ကြိုးတို့သည်ဝိုင်း၍ သေမင်း၏ကျော့ကွင်းသည် ငါ့ကိုကျော့မိလျက်ရှိ၏။ 7ထိုသို့ငါသည် ဆင်းရဲငြိုငြင်သောအခါ၊ ထာဝရဘုရားကိုခေါ်၍ ငါ၏ဘုရားသခင်ကို အော်ဟစ်လေ၏။ ခေါ်သောအသံကို ဗိမာန်တော်ထဲမှာ ကြားတော်မူ၍၊ အော်ဟစ်သောအသံသည် နားတော်ထဲသို့ဝင်လေ၏။
8ထိုအခါ အမျက်တော်ထွက်သောအားဖြင့် မြေကြီးတုန်လှုပ်၍၊ မိုးကောင်းကင်အမြစ်တို့သည် တရွေ့ရွေ့လှုပ်ရှားကြ၏။ 9နှာခေါင်းတော်ထဲက မီးခိုးထွက်၍၊ နှုတ်တော်ထဲက မီးလောင်သောအားဖြင့် မီးခဲတောက်လေ၏။ 10မိုးကောင်းကင်ကိုညွှတ်သဖြင့် ဆင်းသက်တော်မူ၍၊ ခြေဖဝါးတော်အောက်၌ မှောင်မိုက်ဖြစ်လေ၏။ 11ခေရုဗိမ်ကိုစီးလျက် ပျံတော်မူ၏။ လေ၏အတောင်တို့အပေါ်မှာ ထင်ရှားတော်မူ၏။ 12မှောင်မိုက်တည်းဟူသော တစ်ခဲနက်သောရေနှင့် ထူထပ်သောမိုးတိမ်တို့ကို ကိုယ်တော်၌ ကာရံစေတော်မူ၏။ 13ရှေ့တော်၌ ရောင်ခြည်ကြောင့် မီးခဲတောက်လျက်ရှိ၏။ 14ထာဝရဘုရားသည်လည်း၊ ကောင်းကင်ပေါ်မှာ မိုးချုန်း၍၊ အမြင့်ဆုံးသောဘုရားသည် အသံတော်ကို လွှင့်တော်မူ၏။ 15လေးမြားတို့ကိုပစ်၍ လျှပ်စစ်ပြက်စေသဖြင့်၊ ရန်သူတို့ကို အရပ်ရပ်သို့ခွဲ၍ ရှုံးစေတော်မူ၏။
16ထိုအခါ ထာဝရဘုရားသည် အပြစ်တင်၍၊ နှာခေါင်းတော်ထဲက အသက်ရှူတော်မူသောအားဖြင့် သမုဒ္ဒရာအောက်ပြင်နှင့် လောကတိုက်မြစ်တို့သည် ဖွင့်လှစ်ထင်ပေါ်လျက်ရှိကြ၏။ 17အထက်အရပ်က လက်တော်ကိုဆန့်၍၊ တစ်ခဲနက်သောရေထဲက ငါ့ကို ဆယ်ယူတော်မူ၏။ 18ငါ့ကိုမုန်းသော သူတည်းဟူသော ငါပြိုင်၍ မနိုင်နိုင်အောင် ခွန်အားကြီးသော ရန်သူတို့လက်မှ ငါ့ကို ကယ်လွှတ်တော်မူ၏။ 19ဘေးဥပဒ်ရောက်သောကာလ၌ သူတို့သည် ဆီးတားသော်လည်း၊ ထာဝရဘုရားသည် ငါမှီခိုရာဖြစ်၍၊ 20ငါ့ကိုကျယ်ဝန်းရာအရပ်သို့ ပို့ဆောင်တော်မူ၏။ ငါ့ကိုနှစ်သက်သောကြောင့် ကယ်လွှတ်တော်မူ၏။
21ငါဖြောင့်မတ်ခြင်းရှိသည်အလျောက် ထာဝရဘုရားသည် အကျိုးကိုပေး၍၊ ငါ့လက်စင်ကြယ်ခြင်း၏အကျိုးကို စီရင်တော်မူ၏။ 22အကြောင်းမူကား၊ ငါသည်ထာဝရဘုရား၏လမ်းတော်သို့ အစဉ်လိုက်၏။ ငါ၏ဘုရားသခင့်ထံမှ ပြစ်မှား၍မသွား။ 23စီရင်တော်မူချက်ရှိသမျှကို ငါသည် မျက်မှောက်ပြု၏။ အထုံးအဖွဲ့တော်တို့မှ မလွှဲ။ 24ရှေ့တော်မှာဖြောင့်မတ်၍ ကိုယ်ဒုစရိုက်ကို ကြဉ်ရှောင်၏။ 25ထိုကြောင့် ရှေ့တော်မှာ ထင်ရှားသောငါ၏ဖြောင့်မတ်ခြင်း၊ စင်ကြယ်ခြင်းရှိသည်နှင့်အလျောက် ထာဝရဘုရားသည် ငါ၌အကျိုးကို ပေးတော်မူပြီ။ 26သနားတတ်သောသူအား ကိုယ်တော်သည် သနားခြင်းသဘောကိုလည်းကောင်း၊ ဖြောင့်မတ်သောသူအား ဖြောင့်မတ်ခြင်းသဘောကိုလည်းကောင်း၊ 27သန့်ရှင်းသောသူအား သန့်ရှင်းခြင်းသဘောကိုလည်းကောင်း၊ ဆန့်ကျင်သောသူအား ဆန့်ကျင်သောသဘောကိုလည်းကောင်း ပြတော်မူ၏။ 28နှိမ့်ချလျက်ရှိသောသူတို့ကို ကိုယ်တော်သည်ကယ်တင်၍၊ မာနထောင်လွှားသော သူတို့ကိုကားရှုတ်ချခြင်းငှာ ကြည့်မှတ်တော်မူ၏။ 29အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏မီးခွက်ဖြစ်တော်မူ၏။ ထာဝရဘုရားသည် အကျွန်ုပ်၏မှောင်မိုက်ကို လင်းစေတော်မူ၏။ 30အကျွန်ုပ်သည် ကိုယ်တော်ကိုအမှီပြု၍ တပ်ကိုဖျက်ပါပြီ။ အကျွန်ုပ်၏ဘုရားသခင်ကို အမှီပြုလျက် မြို့ရိုးကိုကျော်၍ ဝင်ပါပြီ။
31ဘုရားသခင်စီရင်တော်မူသောအမှုသည် စုံလင်၏။ ထာဝရဘုရား၏သစ္စာတော်သည် အစစ်ခံ၍တည်၏။ ခိုလှုံသောသူအပေါင်းတို့၏ အကွယ်အကာ ဖြစ်တော်မူ၏။ 32ထာဝရဘုရားမှတစ်ပါး အဘယ်ဘုရားသခင် ရှိသနည်း။ ငါတို့ ဘုရားသခင်မှတစ်ပါး အဘယ်မည်သောကျောက် ရှိသနည်း။ 33ထိုဘုရားသခင်သည် ငါ၏ခွန်အား၊ ငါ၏တန်ခိုးဖြစ်၍ ငါသွားရာလမ်းကို ဖြောင့်စေတော်မူ၏။ 34ငါ့ခြေကို သမင်ခြေကဲ့သို့ လျင်မြန်စေ၍၊ ငါ၏မြင့်ရာအရပ်ပေါ်မှာ ငါ့ကိုတင်ထားတော်မူ၏။ 35ငါ့လက်ကို စစ်မှု၌လေ့ကျက်စေခြင်းငှာ သွန်သင်တော်မူ၍၊ ကြေးဝါလေးကို ငါ့လက်ရုံးနှင့် ငါတင်နိုင်၏။
36ကိုယ်တော်သည် ကယ်တင်တော်မူခြင်း ဒိုင်းလွှားကိုအပ်၍၊ သည်းခံတော်မူခြင်းအားဖြင့် အကျွန်ုပ်သည် ချီးမြှောက်ခြင်းသို့ ရောက်ပါ၏။ 37အကျွန်ုပ်သွားသောလမ်းကို ရှင်းလင်း၍ ခြေမချော်စေခြင်းငှာ ပြုတော်မူသောအားဖြင့်၊ 38အကျွန်ုပ်သည် ရန်သူတို့ကိုလိုက်ဖျက်၍၊ သူတို့ကို မပယ်ရှင်းမီတိုင်အောင် မပြန်ပါ။ 39သူတို့သည် အကျွန်ုပ် ခြေအောက်မှာ လဲလျက်ရှိ၍၊ မထနိုင်အောင် အကျွန်ုပ်သည် နှိပ်နင်းပယ်ရှင်းပါ၏။ 40အကြောင်းမူကား၊ စစ်တိုက်စေခြင်းငှာ ကိုယ်တော်သည် အကျွန်ုပ်ကို ခွန်အားခါးပန်းနှင့်စည်း၍၊ အကျွန်ုပ်တစ်ဖက်၌ ထသောသူတို့ကို အကျွန်ုပ်အောက်မှာ လှဲတော်မူ၏။ 41အကျွန်ုပ်ကို မုန်းသော ရန်သူတို့၏လည်ပင်းကို အကျွန်ုပ်၌အပ်၍ ဖျက်ဆီးရသော အခွင့်ကို ပေးတော်မူ၏။ 42သူတို့သည် အော်ဟစ်ကြသောအခါ ကယ်တင်သောသူ မရှိ။ ထာဝရဘုရားကို အော်ဟစ်သော်လည်း ထူးတော်မမူ။ 43ထိုအခါ အကျွန်ုပ်သည် သူတို့ကို မြေမှုန့်ကိုကဲ့သို့ ညက်ညက်ချေပြီးမှ၊ လမ်း၌ အမှိုက်ကိုကဲ့သို့နင်း၍ ဖြန့်ကြဲလေ၏။
44လူစုတို့သည် ဆိုင်ပြိုင်တိုက်လှန်ခြင်းမှ အကျွန်ုပ်ကို ကယ်လွှတ်၍၊ တစ်ပါးအမျိုးသားတို့၏ အကဲအမှူး ဖြစ်စေခြင်းငှာ စောင့်ရှောက်တော်မူသောအားဖြင့်၊ အကျွန်ုပ်မသိဖူးသော လူစုသည် အကျွန်ုပ်ထံ၌ ကျွန်ခံပါ၏။ 45တစ်ပါးအမျိုးသားတို့သည် အကျွန်ုပ်ကိုတောင်းပန်၍ အကျွန်ုပ်စကားသံကို ကြားသည်ခဏချင်းတွင် နားထောင်ကြပါ၏။ 46ညှိုးနွမ်းသည်ဖြစ်၍ ခိုလှုံရာအရပ်ထဲက တုန်လှုပ်လျက် ထွက်ကြပါ၏။ 47ထာဝရဘုရားသည် အသက်ရှင်တော်မူသည်ဖြစ်၍ ငါ၏ကျောက်၌မင်္ဂလာရှိပါစေသတည်း။ ငါ့ကို ကယ်တင်သောကျောက်၏ ဘုရားသခင်၌ ချီးမြှောက်ခြင်း ရှိပါစေသတည်း။ 48ငါ့ဘက်၌ တရားသဖြင့်စီရင်၍၊ လူစုတို့ကို ငါ့အောက်မှာ နှိမ့်ချသောသူကား ဘုရားသခင်ပေတည်း။ 49ရန်သူတို့လက်မှ ငါ့ကို ကယ်လွှတ်တော်မူ၏။ အကျွန်ုပ်တစ်ဖက်၌ထသော သူတို့အပေါ်သို့ ကိုယ်တော်သည် အကျွန်ုပ်ကိုမြှောက်တင်၍၊ လုယူဖျက်ဆီးတတ်သော သူ၏လက်မှ ကယ်လွှတ်တော်မူ၏။ 50ထိုကြောင့် အိုထာဝရဘုရား၊ အကျွန်ုပ်သည် တစ်ပါးအမျိုးသားတို့တွင် ကျေးဇူးတော်ကိုချီးမွမ်း၍ နာမတော်ကို ထောမနာသီချင်းဆိုပါမည်။ 51ဘုရားသခင်သည် မိမိခန့်ထားသောမင်းကြီးကို ကယ်တင်သောရဲတိုက်ဖြစ်တော်မူ၏။ ဘိသိက်တော်ကိုခံရသော ဒါဝိဒ်မှစ၍ အမျိုးအနွယ်အား၊ ကာလအစဉ်အဆက် ကရုဏာကျေးဇူးကိုပြုတော်မူ၏။

ဓမ္မရာဇဝင်ဒုတိယစောင် - ၂၂ (အနက်ဖွင့်)

(ဒါဝိဒ်၏ ဆာလံချီးမွမ်းသီချင်း (အခန်း ၂၂)

၂၂:၅၁  ရန်သူများလက်မှ ကယ်နှုတ်ပုံနှင့် ကောင်းကြီးမင်္ဂလာကြွယ်ဝစ္စာ သွန်းလောင်းပုံများကို ကဗျာဖွဲ့ဆိုထားသည်။ ရာဇပလ္လင်နန်းစံချိန်တွင် ဒါဝိဒ်မင်းကိုယ်တိုင် ကလောင်ကိုင်၍ သီဖွဲ့ခြင်းဖြစ်သည်။ ရှောလုခေတ်ကုန်လွန်သွားပြီ။ ဣသရေလ ရန်လည်း ချုပ်ငြိမ်းကုန်ပြီ။ ဣသရေလတနိုင်ငံလုံး စည်းလုံးခိုင်မာလာကြပြီ။ ဤတေးကဗျာ ဆာလံသီချင်း စာသားများကို ဆာလံ ၁၈ နှင့် ဓမ္မသစ်ကျမ်းများတွင်  ပုံစံအမျိုးမျိုးဖြင့် ထပ်မံတွေ့ရှိရသည်။ အပိုဒ်ငယ် ၃ တွင်ပါရှိသည့် “ငါကိုးစားသော” ဟူသည့် စကားရပ်ကို ဟေဗြဲ ၂:၁၃ နှင့်၎င်း၊ အငယ် ၅၀ကိုရော ၁၅:၉ နှင့်၎င်း ယှဉ်ဖတ်ကြည့်ပါ။

ဒါဝိဒ်၏ မေရှိယသည် ဖွဲဆိုထားသော ဆာလံသီချင်းတွင် အောက်ပါအချက်အလက် တွေ့ရှိနိုင်သည်။

၁။ ဆုတောင်းသံ နားညောင်းအဖြေပေးဖို့ ဘုရားရှင်ချီးမွမ်းခြင်း (ငယ် ၂:၄)

၂။ ကယ်တင်၍ ဘုရားထံတွင် အနိစ္စသေခြင်း ချုပ်ငြိမ်းမှု (ငယ် ၅:၇)

၃။ ရှင်ပြန်ထမြောက်ခြင်းကို ဟန်တားပိတ်ပြင်သော သေရွာငရဲပြည် ရှာဖွေခြင်းကို ဘုရားသခင် မုန်းတီးသည် (ငယ် ၈:၂၀)

၄။ ဘုရားသခင်က မေရှိယသခင်အား သေခြင်းမှ ရှင်ပြန်ထမြောက်စေရသည့်အကြောင်း (ငယ် ၂၁:၃၀)

၅။ မေရှိယသည် ဒုတိယအကြိမ်ကြွလာသောအခါ ရန်သူများ ဖျက်ဆီးမည့်အကြောင်း (ငယ် ၃၁:၄၃)

၆။ မေရှိယသခင်၏ ဘုန်းတန်ခိုးရှိသော နိုင်ငံတော် အသေးစိတ်ကို ဆာလံ ၁၈ အနက်ဖွင့် ကျမ်းတွင် လေ့လာဖတ်ရှုပါ။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။