၂ကော - ၉

အချင်းချင်းကူညီထောက်ပံ့မှု
1သန့်ရှင်းသူတို့ကို လုပ်ကျွေးခြင်၏ အမှုအရာများကို သင်တို့အား ငါရေး၍ကြားလိုက်သော် အကျိုးမရှိ။- 2အကြောင်းမူကား၊ သင်တို့၏ စေတနာစိတ်ကို ငါသိ၏။ သင်တို့၌ရှိသော ထိုစေတနာစိတ်ကို ငါဝါကြွား၍ အခါယပြည်သူပြည်သားတို့သည် မနှစ်ကပင် အသင့်ရှိကြပြီဟု မာကေဒေါနိလူတို့အား ငါဆိုတတ်၏။ ထိုသို့ သင်တို့ စေတနာစိတ်အားကြီးခြင်း အကြောင်းအရာသည် အများသောသူတို့ကို နှိုးဆော် တိုက်တွန်းလေပြီ။- 3သို့သော်လည်း ငါတို့သည် သင်တို့ကို ဝါကြွားသောစကားသည် ဤအမှု၌ အချည်းနှီးမဖြစ်စေဘဲ၊ ထိုစကားနှင့်အညီ သင်တို့သည် အသင့်ရှိစေခြင်းငှာ ညီအစ်ကိုအချို့ကို ငါစေလွှတ်၏။- 4သို့မဟုတ် မာကေဒေါနိလူတို့သည် ငါနှင့်အတူလာ၍ သင်တို့သည် အသင့်မရှိကြသည်ကိုတွေ့လျှင်၊ သင်တို့ရှက်ကြလိမ့်မည်ဟု မဆိုဘဲ၊ ငါတို့သည် ရဲရင့်စွာ ဝါကြွားခဲ့ပြီးသည်ကို အရှက်ခံရကြလိမ့်မည်။- 5ထိုကြောင့် အထက်က ကြားပြောသော သင်တို့၏ အလှူကျေးဇူးသည် အနိုင်အထက်လှူရသော ဥစ္စာကဲ့သို့မဟုတ်။ အလှူကျေးဇူးကဲ့သို့ အသင့်ရှိစေခြင်းငှာ၊ ညီအစ်ကိုတို့သည် သင်တို့ဆီသို့ အရင်သွားစေ၍ ထိုအလှူကျေးဇူးကို အရင်ပြည့်စုံစေခြင်းငှာ၊ ငါသည် မတိုက်တွန်းဘဲ မနေကောင်းဟု သဘောရှိ၏။
6အနည်းငယ်သောမျိုးစေ့ကို ကြဲသောသူသည် စပါးအနည်းငယ်သာရိတ်ရမည်။ များစွာကြဲသောသူသည် များစွာရိတ်ရမည်ဟု မှတ်ကြလော့။- 7လူတိုင်း ကိုယ်အလိုအလျောက် လှူရ၏။ နှမြောသောစိတ်နှင့် မလှူရ၊ မလှူဘဲမနေရဟု စိတ်ထင်နှင့် မလှူရ၊ အကြောင်းမူကား၊ စေတနာစိတ်နှင့် လှူသောသူကိုသာ ဘုရားသခင် နှစ်သက်တော်မူ၏။- 8ကျမ်းစာလာသည်ကား၊ သူသည်စွန့်ကြဲပြီ၊ ဆင်းရဲသောသူတို့အား ပေးကမ်းပြီ။- 9သူ၏ဖြောင့်မတ်ခြင်းသည် အစဉ်အမြဲတည်တတ်၏ဟု လာသည်နှင့်အညီ၊ သင်တို့သည် အရာရာ၌ သုံးလောက်သော ဥစ္စာအမျိုးမျိုးနှင့် အစဉ်ရှိ၍၊ ကောင်းသော အကျင့်အမျိုးမျိုးနှင့် အထူးသဖြင့် ပြည့်စုံမည် အကြောင်း၊ အမျိုးစုံသောမင်္ဂလာကျေးဇူးနှင့် အထူးသဖြင့် ပြည့်စုံစေခြင်းငှာ ဘုရားသခင် တတ်နိုင်တော်မူ၏။- 10မျိုးစေ့ကြဲသောသူအား မျိုးစေ့ကိုလည်းကောင်း၊ အစာအာဟာရကိုလည်းကောင်း၊ ပေးတော်မူသောသူသည်၊ သင်တို့အား မျိုးစေ့ကို ပေး၍ ပွားများစေတော်မူမည်။ သင်တို့၏ ဖြောင့်မတ်ခြင်းကိုလည်း ကြွယ်ဝစေတော်မူမည်။- 11ထိုသို့သင်တို့သည် စေတနာစိတ်နှင့် အမျိုးမျိုးသော စွန့်ကြဲပေးကမ်းခြင်းအလိုငှာ အရာရာ၌ကြွယ်ဝခြင်း ရှိသည်ဖြစ်၍၊ ငါတို့အားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းစရာအကြောင်း ရှိလိမ့်မည်။- 12အဘယ်သို့နည်း ဟူမူကား၊ ဤလုပ်ကျွေးခြင်းအမှုသည် သန့်ရှင်းသူတို့၏ ဆင်းရဲခြင်းကို မစသည်သာမက၊ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းစရာအကြောင်း အများနှင့် ပြည့်စုံလျက်ရှိ၏။- 13သင်တို့သည် ခရစ်တော်၏ ဧဝံဂေလိတရား အလိုသို့ ထင်ရှားစွာလိုက်ခြင်း အလိုကိုလည်းကောင်း၊ ထိုသန့်ရှင်းသူတို့မှစသော လူအပေါင်းတို့အား ကြည်ညိုသော စေတနာစိတ်နှင့် စွန့်ကြဲပေးကမ်းခြင်း အရာကိုလည်းကောင်း၊ သူတို့သည် အောက်မေ့သောအခါ၊ ဤလုပ်ကျွေးခြင်းအမှု၏ လက္ခဏာ သက်သေကိုထောက်၍ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းတတ်ကြ၏။- 14သင်တို့၌ ထူးမြတ်သောဘုရားသခင်၏ ကျေးဇူးတော်ကိုလည်း သူတို့သည်ထောက်လျှင်၊ သင်တို့အဖို့ အလိုငှာ ဆုတောင်း၍၊ အလွန်ချစ်ခင်မြတ်နိုးခြင်းစိတ် ရှိကြ၏။- 15ပြော၍မကုန်နိုင်သော ဘုရားသခင်၏ ဆုကျေးဇူးတော်ကို အောက်မေ့၍ ချီးမွမ်းခြင်းရှိစေသတည်း။

၂ကော - ၉ (အနက်ဖွင့်)

(ကောရိန္သုသားများအတွက် ပေါလုဝါကြွားချက် (:)

          : ယုံကြည်သူများက အခြားယုံကြည်သူများကို ပေးကမ်းလှူဒါန်းခြင်းသည် စာဖွဲ့လောက်စရာ မဟုတ်ပါ။ အချို့သူများအတွက် ကလိထိုးရယ်စရာဖြစ်ကောင်းဖြစ်နိုင်သည်။ စိတ်ရင်းစေတနာ ထက်သန်စွာ လှူဒါန်းကြခြင်းမှန်ပါသည်။ ထိုသို့ ပေးလှူခြင်းအတွက် အသိအမှတ်ပြုပါသည်။ လုပ်သင့်လုပ်ထိုက်၍ လုပ်ကြခြင်းဖြစ်သည်။ ချဲ့ကားပြောစရာမရှိ။

          : ကောရိန္သုသားများ၏ စေတနာသဒ္ဒါတရားသည် မေးစရာမရှိပါ။ထိုသို့ စိတ်ရင်းစေတနာကောင်း သည့်အကြောင်းကို လွန်ခဲ့သည့်နှစ်က မာကေဒေါနိ ယုံကြည်သူများကို ပြောပြလိုက်သည်။ ထိုသို့ပြောလျှင် ပြောခြင်း အခါယပြည်သားများသည် ချက်ချင်းလက်တွေ့ လုပ်ဆောင်ကြသည်။ ဂရိတောင်ပိုင်းသား ကောရိန္သု သားများအကြောင်းကို သိသောအခါ မာကေဒေါနိသားများသည်လည်း စိတ်လှုပ်ရှားသွားသည်။ ထို့ကြောင့် ထိုသူများ၏ ပေးကမ်းလှူဒါန်းခြင်းသည် ကောရိန္သုသားများ၏ စနက်ဖြစ်သည်ဟု ဆိုနိုင်သည်။

: ငါ့ညီတို့ကို စေလွှတ်ဟုဆိုခြင်းမှာ စေလွှတ်ပြီးခြင်းဖြစ်သည်။ ထိုညီအကိုတို့ဆိုသည်မှာ အထက် ကျမ်းပိုဒ်တနေရာမှ တိတုတို့အဖွဲ့ဖြစ်ကြသည်။ ထိုသူများသည် ကောရိန္သုအသင်းတော်အကြောင်း ပေါလု၏ဂုဏ် ယူခြင်းသတင်းကို သယ်ဆောင်သွားကြပေမည်။ ကောရိန္သုများ၏ အလှူဒါနနှင့် တပါးတည်းသွားကြပေမည်။ ထိုညီအကိုသုံးဖော်၏ အဓိကရည်ရွယ်ချက်မှာ ပေးလှူမည့်ငွေကြေးများ အဆင်သင့်ရှိစေဖို့ ဖြစ်သည်။

: မာကေဒေါနိမှ ကောရိန္သုသို့ ပေါလုသွားလျှင် မာကေဒေါနိ ယုံကြည်သူ ခေါ်ဆောင်ကောင်း ခေါ်ဆောင်သွားမည်။ ကောရိန္သုယုံကြည်သူများသည်လည်း ယေရုရှလင်သန့်ရှင်းသူများ စေတနာထက်သန်စွာ ပါဝင်ကူညီကြပုံကို သက်သေပြချင်ပြဦးမည်။ ထို့ကြောင့် ကောရိန္သုသားများ၏ ဧည့်သည်ရှေ့တွင် အရှက်တကွဲ မဖြစ်စေရန် အသင့်ပြင်ဆင်ခိုင်းထားခြင်း ဖြစ်သည်။

ဤကျမ်းပိုဒ်ကို ဖိလိပ္ပိက ဤသို့ဆိုထားသည်။ ယုံကြည်သူအချင်းချင်း အကြားတွင် တစုံတခုလွဲချော်ခြင်း ရှိနိုင်မည် မထင်ပါ။ အကယ်၍ မာကေဒေါနိ ယုံကြည်သူများ လိုက်လာလျှင် မပြင်မဆင် အဆင်သင့်မရှိသေးခြင်း မျိုး မတွေ့စေလို။ အရှက်မရစေလို။ ဂုဏ်ယူဝင့်ကြွားခဲ့ပြီး ဖြစ်သည့်အတိုင်းဝမ်းသာကြစေချင်သည်။

: လူတိုင်း စိတ်စေတနာသဒ္ဒါ ထက်သန်စွာပေးလှူရသည်။ လတ်တလော လိုအပ်ချက်များ ပေးလှူ ဖြည့်ဆည်းပေးခြင်းဖြစ်လျှင် ပိုကောင်းသည်။ ဝတ်ကျေတန်းကျေသဘောမထားရ။ ခရစ်ယာန်ထုံးတမ်းစဉ်လာ သည် အနိုင်အထက်တောင်းခံခြင်းလည်းမဟုတ်။ ထိုသို့ပေးလှူခြင်းသည် နှမြောတွန့်တိုခြင်း၊ စိတ်မပါခြင်း၊ စိတ်စနိုးစနောင့်ဖြစ်ခြင်း မရှိရ။ ပတ်ဝန်းကျင် ငြိုငြင်မှာစိုး၍ ပေးလှူခြင်းမဖြစ်ရ။ အကျိုးအမြတ်တွက်၍ မပေးလှူရ။ စိတ်ရင်းစေတနာ ကြည်ဖြူစွာပေးလှူခြင်းကို အလိုတော်ရှိသည်။ နှစ်နှစ်မြို့မြို့ ပေးလှူရသည်။

ဘုရားသခင်သည် ယုံကြည်သူများ၏ ငွေကြေးအလှူများကို လိုချင်သည်မဟုတ်။ “ထောင်ပေါင်းများစွာ သော တောင်ကုန်းပေါ်ရှိ တိရစ္ဆာန်များကို ပိုင်၏။ တောငှက်အပေါင်းနှင့် ကွင်းပြင်များမှာ သက်ရှိသတ္တဝါ အပေါင်းတို့လည်း ပိုင်၏။ အကယ်၍ ဆာမွတ်ခဲ့မူ သင်တို့ထံမှ အစာတောင်းမည်မဟုတ်” (ဆာ ၅၀:၁၀-၁၂)။ ပေးလှူသူ၏ စိတ်သဘောထား အရေးကြီးသည့် ခရစ်ယာန်တဦးအနေဖြင့် အခြားသူများအား ကြည်ဖြူစွာ ပေးလှူခြင်းကို ဘုရားသခင် မြင်ချင်သည်။

စိတ်ရင်းစေတနာ ကြည်ဖြူစွာ ပေးလှူရသည့်အကြောင်းကို Jowettက ဤသို့ဆိုသည်။

စေတနာသဒ္ဒါ ကြည်ဖြူစွာ ပေးလှူခြင်းသည် ချစ်ခြင်းမေတ္တာမှ ပေါက်ဖွားလာခြင်းဖြစ်သည်။ ထို့ကြောင့် မေတ္တာယှဉ်ဖက်၍ ပေးလှူခြင်းသည် ပျော်ရွှင်ချမ်းမြေ့သည်။ ပေးကမ်းခြင်းသည် ချစ်မေတ္တာစကား အသံတိတ်ပြောဆိုခြင်းဖြစ်သည်။ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဘုရားဖြစ်သောကြောင့် ပေးကမ်း စွန့်ကြဲခဲ့သည်” ချစ်ခြင်းမေတ္တာသည် မိမိအသက်တာကိုလည်း ပေးကမ်းသည်။ မိမိပိုင်ဆိုင်မှု၌ တင်းတိမ် ကျေနပ်ခြင်းသည် ပျော်ရွှင်မှုကို ဆုံးရှုံးစေပါသည်။ ချစ်ခြင်းမေတ္တာသည် ဘာမှမပိုင်ဆိုင်သော်လည်း အရာခပ်သိမ်းကို တတ်စွမ်းနိုင် သည်။၄၀

: စိတ်ရင်းစေတနာ ကြည်ဖြူစွာ ပေးလှူသူ၏လက်ကို ဘုရားရှင်က ကြည့်နေပါသည်။ ဤနေရာတွင် ကျေးဇူးတော်ကို အဓိပ္ပါယ်တမျိုး သုံးထားသည်။ ဘုရားရှင်သည် ကျွန်ုပ်တို့အရှင်ဖြစ်သောကြောင့် လိုအပ်ချက်များကို လုံလောက်စွာပေးသည်။ သူများကိုလည်း လှူဒါန်းနိုင်အောင် ပေးထားပါသည်။

ဤကျမ်းပိုဒ်တွင် လိုသမျှအရာ၊ အစဉ်အမြဲ၊ အရာခပ်သိမ်း၊ အလုံအလောက်၊ ကောင်းမှုအမျိုးမျိုး ဆိုထားသည်ကို မှတ်သားနာယူပါ။

: (ဆာ ၁၁၂:၉) ကို ကိုးကား၍ ပေါလုက ရှင်းပြသည်။ သူ၏ဖြောင့်မတ်ခြင်းသည် အစဉ်အမြဲ တည်၏ဆိုခြင်းမှာ မျိုးစေ့ကြဲခြင်းဖြစ်သည်။ ကောင်းမှုကုသိုလ် ပြုလုပ်ခြင်းဖြစ်သည်။ မရှိဆင်းရဲသားများအား ပေးကမ်းစွန့်ကြဲခြင်းလည်း ဖြစ်သည်။ ထိုသို့ ပေးကမ်းခြင်းကြောင့် ဆင်းရဲမွဲတေသွားပါသလား။ လုံးဝ မဆင်းရဲပါ။ ထိုသူ၏ဖြောင့်မတ်ခြင်း ပေးကမ်းစွန့်ကြဲသောလက်သည် အမြဲတန်း သန့်ရှင်းစင်ကြယ်နေသည်။ ဆိုလိုသည်မှာ ပေးကမ်းစွန့်ကြဲခြင်း၊ မျို့စေ့ကြဲခြင်းသည် ကောင်းကင်ဘဏ္ဍာ စုဆောင်းခြင်းဖြစ်သည်။ သဒ္ဓါတရား သည် ပျောက်လွင့်ပျက်ပြယ်ခြင်းမရှိ။ ထာဝရတည်တံ့၏။

:၁၀ မျိုးစေ့ကြဲသူအား မျိုးစေ့နှင့် အစာရေစာကို ပေးသနားတော်မူသော ဘုရားသခင်သည် လိုသမျှ မျိုးစေ့ကိုပေး၏။ မျိုးစေ့ကြဲသူသည် ပြန်လည်ရိတ်သိမ်းခြင်း ဆုလက်ဆောင်ရရှိသည်။ ပထမဆုံးအချက်မှာ မျိုးစေ့များစွာကြဲသောသူသည် များစွာပြန်လည်ရိတ်သိမ်းရသည်။ ထို့အပြင် မိမိကြဲသောမျိုးစေ့ထက် ပိုမို ရိတ်သိမ်းရသည်။ ကောရိန္သုသားများသည် ယေရုရှလင်သန့်ရှင်းသူများထံသို့ ပေးကမ်းလှူဒါန်းခွင့် အခွင့်အရေး ကြုံကြသည်။ ထိုသို့ပေးကမ်းလှူဒါန်းခြင်း၏ ဆုလက်ဆောင်များကို ထာဝရဆုလက်ဆောင်များအဖြစ် ပြန်လည် ရရှိခံစားရသည်။ ပေးကမ်းလှူဒါန်းသူများကို ပို၍ပေးကမ်းလှူဒါန်းနိုင်အောင် ဘုရားသခင်က ကောင်းကြီး ပေးပါသည်။ ပိုမိုပေးကမ်းသည်နှင့်အမျှ ဆုလက်ဆောင်များ ပိုမိုများလာပါသည်။

:၁၁ ပေးကမ်းစွန့်ကြဲသူသည် ပေးလှူသောကြောင့် မဆင်းရဲဟု ဤကျမ်းပိုဒ်က ဆိုသည်။ သနားကြင်နာ ခြင်းသည် အမြဲတန်းတုံ့ပြန်လက်ဆောင် ရရှိပါသည်။ ထိုအကြောင်းကို ပေါလုက အခါခပ်သိမ်းပေးလှူစေရန် ကိုယ်တော်သည် သင်တို့အား အစဉ်ချမ်းသာစေတော်မူလိမ့်မည်ဟု ဆိုသည်။ ကောရိန္သုသားများ၏ ရက်ရော စွာပေးလှူခြင်းအပေါ် ပေါလုက ဘုရားသခင်၏ကျေးဇူးတော်ချီးမွမ်းသည်။

:၁၂ ကောရိန္သုသားများ၏ ယေရုရှလင် သန့်ရှင်းသူများထံသို့ ပေးလှူခြင်းသည် ယေရုရှလင်သားများ ၏ ချို့တဲ့မူများကို ဖြေရှင်းပေးရုံသာမက လူအပေါင်းက ဘုရားသခင်အား ချီးမွမ်းသည့်အကြောင်းလည်း ဖြစ်ပေါ်စေသည်။ ထိုအကြောင်းနှင့်ပတ်သက်၍ အချိန်နှင့်အမျှ ပေါလုက နာမတော်ချီးမွမ်းပုံကို သတိထား ကြည့်ပါ။ ပေါလု၏အမြင်တွင် ကျေးဇူးတော်ချီးမွမ်းဖွယ်ရာသာ ဖြစ်နေသည်။

:၁၃ ကောရိန္သုသားများ၏ စေတနာသဒ္ဓါအလှူငွေသည် အခြားအကျိုးကျေးဇူးလည်း ဖြစ်ထွန်းစေ သည်။ ယုဒခရစ်ယာန်များက တပါးအမျိုးသားသန့်ရှင်းသူများနှင့် သိမှတ်ဆက်ဆံကြောင်း မှတ်တိုင်ထူခြင်းဖြစ် သည်။ တချိန်တုန်းက ယုဒယုံကြည်သူများသည် ကောရိန္သုသားများအား သံသယရှိခဲ့ကြသည်။ ခရစ်ယာန်များဖြစ် သည်ဟု အသိအမှတ်ပြုချင်ကြသည်။ ယခုအခါတွင်မူ အသိအမှတ်ပြုကြောင်း နှုတ်အားဖြင့်သာမက လက်တွေ့ပြသခဲ့ကြသည်။ အခါယပြည်တွင် ယေရှုခရစ်တော်၏နာမတော်သည်လည်း ပျံ့နှံ့မွှေးကြိုင်သွားသည်။

:၁၄ ဤမျှသာမက ကျန်ရှိသေးသည်။ ထိုသို့ ပေးလှူသောကြောင့် ယေရုရှလင် ယုဒလူများက ကောရိန္သု ယုံကြည်သူများအတွက် ဆုတောင်းပေးကြသည်။ ယေရုရှလင်သန့်ရှင်းသူများ ယုံကြည်မှုခိုင်မာလာသည်။

:၁၅ ပေါလု၏ဝမ်းသာလုံးစို့ ချီးမွမ်းစကားဖြစ်သည်။ ဤကျမ်းပိုဒ်သည် ကျမ်းစာပညာရှင်များအတွက် ပဟေဠိဖြစ်သည်။  အဘယ့်ကြောင့်ဆိုသော် အတိတ်က အဖြစ်အပျက်နှင့် အချိတ်အဆက်မမိကြ။ ယခုပေါလုက တန်ဖိုးမဖြတ်နိုင်သော ဆုကျေးဇူးဟုဆိုသည်။

ပေးကမ်းလှူဒါန်းခြင်း သင်ခန်းစာ ဤတွင်ပြီးဆုံးသည်။ အကြီးမြတ်ဆုံးသော ပေးကမ်းလှူဒါန်းရှင် သည် ဘုရားရှင်တော်ကိုယ်တိုင်ဖြစ်သည်။ အကြီးမားဆုံးသော ဆုလက်ဆောင် ယေရှုကို ပေးသည်။ ထိုအကြောင်း ကို ကောရိန္သုညီအကိုများ အမြဲစွဲမှတ်ပေလိမ့်မည်။ ထိုသူများသည် ဘုရားသခင်၏ သားသမီးများ ယေရှုခရစ်တော် ၏ နောက်လိုက်တပည့် သားမြေးများဖြစ်သည်။ ချမ်းသာသောလမ်းစဉ် လိုက်နာကြပါစေ။

၃။ တမန်တော်စစ်မှန်ကြောင်း ပေါလု၏ထုချေချက် (အခန်း၁၀၁၃)

နောက်ဆုံးအခန်းကြီး (၄)ခုသည် ပေါလုကသူ့ကိုသူ တမန်တော်စစ်မှန်ကြောင်းနှင့် ထုချေချက်ဖြစ်သည်။ ထိုအကြောင်းနှင့်ပတ်သက်၍ ပေတရု၏စကားကို မှတ်သားနာယူသင့်သည်။ “နားမလည်နိုင်သည့်အကြောင်း အချက် ဘာများရှိသနည်း။”ဟု ဆိုသည်။ အစောပိုင်းကျမ်းပိုဒ်များတွင်လည်း စွပ်စွဲချက်များကို ပေါလုက တခွန်း တလေ ဖြေကြားတုံ့ပြန်ခဲ့ပြီး ဖြစ်သည်။ ဤအပိုင်းတွင်မူ သူ့အပေါ်စွပ်စွဲချက်များကို ပြန်လည်ချေပသရော်ထား သည်။ သို့သော် ထိုကဲ့သို့ မည်သည့်အချိန်တွင် ပြုလုပ်ခဲ့ကြောင်းမသိရပါ။

မည်သို့ပင်ဖြစ်စေ ဤစကားများသည် ဘုရားသခင်၏အဖိုးတန် စကားလုံးများဖြစ်သည်။ မသိနားမလည် ၍မဖြစ်နိုင်ပါ။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။