၂ကော - ၈

ခရစ်ယာန်အလှူ
1ညီအစ်ကိုတို့၊ ဘုရားသခင်သည် မာကေဒေါနိပြည်၌ ရှိသော အသင်းတော်များတို့အား ပြုတော်မူသော ကျေးဇူးတော်အကြောင်းကို ငါတို့သည် သင်တို့အား ကြားပြောကြ၏။- 2ထိုအသင်းတော်တို့သည် ညှဉ်းဆဲခြင်းအားဖြင့် များစွာသော စုံစမ်းခြင်းကို ခံရသော်လည်း၊ အလွန်ကြီးသော ဝမ်းမြောက်ခြင်းနှင့်၊ ဥစ္စာပြုန်းတီးသော ဆင်းရဲခြင်းအကြောင်းသည်၊ သူတို့၏ စွန့်ကြဲပေးကမ်းခြင်း စည်းစိမ်ကို ဖြစ်စေ၍ ကြွယ်ဝပြည့်စုံ၏။- 3အကြောင်းမူကား၊ သူတို့သည် တတ်နိုင်သမျှ ထက်မက၊ အလိုအလျောက် စွန့်ကြဲချင်သော စေတနာစိတ်ရှိကြသည်ဟု ငါသည်သက်သေခံ၏။- 4သူတို့အလှူဒါနကို ငါတို့သည်ယူ၍ သူတို့နှင့် ကူညီလျက်၊ သန့်ရှင်းသူတို့အား လုပ်ကျွေးခြင်းအမှုကို ဆောင်ရွက်မည်အကြောင်း၊ သူတို့သည် တိုက်တွန်းသွေးဆောင်သော စကားများအားဖြင့် ငါတို့ကို တောင်းပန်ကြ၏။- 5ထိုသို့ပြုကြသော်၊ ငါတို့မျှော်လင့်သည်အတိုင်းထက်မက ပြု၍၊ ဘုရားသခင်၏အလိုတော်နှင့်အညီ ရှေ့ဦးစွာ သခင်ဘုရား၌လည်းကောင်း၊ ငါတို့၌လည်းကောင်း၊ မိမိတို့ကို မိမိတို့ လှူကြ၏။- 6ထိုကြောင့် တိတုသည် သင်တို့၌ အဦးပြုနှင့်သကဲ့သို့ ထိုအလှူကျေးဇူးကို ပြီးစီးစေမည်အကြောင်း၊ ငါတို့သည် သူ့ကိုတောင်းပန်ကြ၏။- 7ထိုသို့နှင့်အညီ သင်တို့သည် ယုံကြည်ခြင်း၊ တရာဟောခြင်း၊ ဉာဏ်ရှိခြင်း၊ အမျိုးမျိုးသောသတိနှင့် ပြည့်စုံခြင်း၊ ငါတို့ကိုချစ်ခြင်းမှ စသော အလုံးစုံတို့နှင့် ကြွယ်ဝပြည့်စုံသည်ဖြစ်၍ ထိုကျေးဇူးနှင့်လည်း ကြွယ်ဝပြည်စုံခြင်း ဖြစ်စေသတည်း။- 8ထိုသို့ဆိုသော်၊ ပညတ်အားဖြင့် ငါဆိုသည် မဟုတ်။ အခြားသောသူတို့၏ ကြိုးစားအားထုတ်ခြင်းကို အစွဲပြု၍၊ သင်တို့၏မေတ္တာသည် မှန်သည်မမှန်သည်ကို စုံစမ်းသောအားဖြင့် ဆိုသတည်း။- 9အကြောင်းမူကား၊ ငါတို့သခင်ယေရှုခရစ်သည် စည်းစိမ်ရှိသော်လည်း၊ ဆင်းရဲတော်မူခြင်းအားဖြင့် သင်တို့သည် စည်းစိမ်ရှိစေခြင်းငှာ၊ သင်တို့အတွက်ကြောင့် ဆင်းရဲခြင်းကိုခံတော်မူသော ကျေးဇူးတော်ကို သင်တို့သိကြ၏။
10ဤအမှု၌ ငါသည် ကိုယ်သဘောကိုပြ၏။ မနှစ်ကပင် အဦးပြုသည်သာမက၊ စေတနာစိတ်နှင့် ပြည့်စုံသောသင်တို့သည် ဤအမှုကိုပြီးစေလျှင် သာ၍ ကောင်းလိမ့်မည်။- 11သို့ဖြစ်၍၊ အထက်က စေတနာရှိသည်နှင့်အညီ၊ ယခုတွင်သင်တို့သည် တတ်နိုင်သည်အတိုင်းပြု၍ ဤအမှုကို ပြီးစီးစေကြလော့။- 12အကြောင်းမူကား၊ စေတနာစိတ်သည် အသင့်ရှိလျှင်၊ မတတ်နိုင်သောအမှုကို မထောက်ဘဲ၊ တတ်နိုင်သောအမှုကို ထောက်၍ နှစ်သက်တော်မူဖွယ် ဖြစ်၏။- 13ဤအမှုအရာ၌ အခြားသောသူတို့သည် ချမ်းသာရ၍ သင်တို့သည် ဆင်းရဲစေခြင်းငှာ ငါအကြံရှိသည် မဟုတ်။- 14-15များများရသောသူ မပို။ နည်းနည်းရသောသူ မလိုဟူသော ကျမ်းစကားနှင့်အညီ၊ မျှခြင်းတရားကိုထောက်၍၊ ယခု၌ သင်တို့၏ စည်းစိမ်သည် သူတို့၏ဆင်းရဲကို မစသဖြင့်လည်းကောင်း၊ နောင်၌ သူတို့၏စည်းစိမ်သည် သင်တို့၏ဆင်းရဲကို မစသဖြင့်လည်းကောင်း၊ အညီအမျှဖြစ်စေခြင်းငှာ ငါအကြံရှိ၏။
တိတုနှင့်အပေါင်းအဖော်များ
16ထိုသို့သင်တို့၏ အကျိုးကိုပြုစုချင်သော စေတနာစိတ်ကို ဘုရားသခင်သည် တိတုအားလည်း ပေးတော်မူသော ကျေးဇူးတော် ကြီးလှပေ၏။- 17ထိုသူသည် ငါတိုက်တွန်းသောစကားကို နားထောင်သည်သာမက၊ အလွန်စေတနာစိတ် အားကြီး၍ သင်တို့ဆီသို့ အလိုအလျောက်သွား၏။- 18ဧဝံဂေလိတရားကို ဟောပြော၍ အသင်းတော်အပေါင်းတို့၌ ချီးမွမ်းခြင်းကိုခံရသော ညီကိုလည်း တိတုနှင့်အတူ ငါတို့စေလွှတ်ကြ၏။- 19ထိုညီမူကား၊ သခင်ဘုရား၏ ဂုဏ်အသရေတော်ကိုလည်းကောင်း၊ ကိုယ်စေတနာစိတ်ကိုလည်းကောင်း၊ ငါတို့သည် ထင်ရှားစေ၍၊ အသင်းတော်များ၏ အလှူကျေးဇူးကို ပြုစုသည်အမှုမှာ ငါတို့နှင့်အတူ သွားစေခြင်းငှာ၊ အသင်းတော်တို့သည် ရွေးကောက်၍ ခန့်ထားသောသူ ဖြစ်သတည်း။- 20ငါတို့သည် ထိုများစွာသော အလှူကျေးဇူးကို ပြုစုရာတွင် အပြစ်တင်စရာအကြောင်း အလျှင်းမရှိ စေခြင်းငှာ သတိပြုကြ၏။- 21သခင်ဘုရားရှေ့တော်၌သာမက၊ လူတို့ရှေ့၌ တင့်တယ်လျှောက်ပတ်သော အကျင့်ကို ကြံစည်ကြ၏။- 22ထိုသူနှစ်ယောက်နှင့်အတူ အခြားသောညီကိုလည်း စေလွှတ်ကြ၏။ ထိုညီမူကား၊ ငါတို့သည်အရာရာ၌ အဖန်ဖန်စုံစမ်း၍ သိသည့်အတိုင်း လုံ့လပြုသောသူဖြစ်၏။ ယခု၌ သင်တို့ကို အလွန်ယုံသောကြောင့် သာ၍လုံ့လပြု၏။- 23တိတုသည် အဘယ်သို့သောသူနည်းဟု တစ်စုံတစ်ယောက်မေးလျှင် ငါ၏အပေါင်းအဖော်ဖြစ်၏။ သင်တို့အမှုကို ငါနှင့်အတူ ဆောင်ရွက်သောသူလည်း ဖြစ်၏။ အခြားသော ညီအစ်ကိုတို့မူကား၊ အဘယ်သို့သောသူနည်းဟု မေးလျှင်၊ အသင်းတော်များ၏ တမန်ဖြစ်ကြ၏။ ခရစ်တော်၏ဘုန်းအသရေလည်း ဖြစ်ကြ၏။- 24ထိုကြောင့်၊ သင်တို့၏ ချစ်ခြင်းမေတ္တာကိုလည်းကောင်း၊ ငါတို့သည် သင်တို့ကြောင့် ကြွားဝါခြင်းအကြောင်းကိုလည်းကောင်း၊ အသင်းတော်များမျက်မှောက်၌ ထိုသူတို့အား ထင်ရှားစွာပြကြလော့။

၂ကော - ၈ (အနက်ဖွင့်)

၂။ ယေရုရှလင်သန့်ရှင်းသူများသို့ အလှူငွေ (အခန်း )

(ကပေးကမ်းလှူဒါန်းခြင်း၏ မင်္ဂလာတရား (:)

          : မာကေဒေါနိပြည်ရှိ အသင်းတော်များအား ထူးခြားသော ဘုရားသခင်၏ကျေးဇူးတော် ပိုင်ဆိုင်ကြ ကြောင်း ပေါလုကိုယ်တိုင် ပြောပြချင်သည်။ အဓိကအားဖြင့် ဖိလိပ္ပိနှင့် သက်သာလောနိတ် အသင်းတော်များ ဖြစ်သည်။

မာကေဒေါနိပြည်ရှိ အသင်းတော်များသည် စေတနာ သဒ္ဒါတရား ဆုကျေးဇူးတော်များ ရရှိသကဲ့သို့ ရရှိစေချင်သည်။

: မာကေဒေါနိပြည်ရှိ အသင်းတော်များသည် စုံစမ်းနှောင့်ယှက်ခြင်း ခံရသူများဖြစ်သည်။ ရိုးရိုးလေး ပြောရလျှင် မရှိဆင်းရဲ လက်လုပ်လက်စားများဖြစ်သည်။ ငွေပိုငွေလျှံရှိသူများမဟုတ်။ မတ်တတ်စာသာ ရှိသူများ ဖြစ်သည်။ သို့သော်လည်း စေတနာသဒ္ဒါတရား ပွားများသူများဖြစ်သည်။ သူများကို ကူညီထောက်ပံ့ရန် လက်မနှေးသူများဖြစ်သည်။ စွန့်ကြဲပေးကမ်းခြင်းသည် သူတို့၏ ကြွယ်ဝချမ်းသာခြင်းဖြစ်သည်။

: ထိုသူများ၏စေတနာသဒ္ဒါသည် လက်ဖျားခါရသည်။ တတ်စွမ်းသမျှသာ ပေးကမ်းစွန့်ကြဲသည် မဟုတ်။ အစွမ်းကုန်ပေးလှူကြသည်။ စေတနာသဒ္ဒါကြေး စုဆောင်းကြသည်။ သူတပါးအကူအညီတောင်းခံသော အခါ ငြင်းပယ်ခြင်းသည် သူတို့အတွက် ဆင်းရဲဝေဒနာဖြစ်သည်။ ပေးကမ်းလှူဒါန်းချင်သည်။ ယေရုရှလင်သန့် ရှင်းသူများ၏ အကြပ်အတည်းကို လက်ပိုက်မကြည့်ရက်၊ ဆုတောင်းပေးရုံမျှနှင့် မတင်းတိမ်ကြ။

: ယုံကြည်သူများသည် ပေါလုအား အချိန်စောင့်ဆိုင်းခိုင်းပြီး စေတနာသဒ္ဒါကြေး ဆုတောင်းကြသည်။ အလှူတော်ငွေ တောင်းခံသူအား လက်ချည်းဗလာ အပြန်မလွှတ်ချင်ကြ။

: ထို့ကြောင့် ကောရိန္သုသားများသည်လည်း အခြားသူများနည်းတူ စိတ်ကောင်းစေတနာရှိသည်ဟု ယုံကြည်မျှော်လင့်ကြသည်။ ပထမခြေလှမ်းဖြင့် အသိပေးသည်။ ဒုတိယခြေလှမ်းအဖြစ် ရုပ်ဝတ္ထုဖြင့် လက်တွေ့ ကူညီစေချင်သည်။ သို့သော် မာကေဒေါနိပြည်သားများနှင့် မနှိုင်းချင်။ ပေးကမ်းလှူဒါန်းခြင်း ကျေးဇူးသည် မာကေဒေါနိပြည်သားများ၏ အကြီးမြတ်ဆုံး ဘုရားပေးလက်ဆောင်ဖြစ်သည်။ တဘက်သားကို ကူညီတတ်သူ သည် ဘုရားရှင်က သူတို့ဘဝကို တာဝန်ယူသည်။ ပေါလုက မိမိတို့ကို မိမိလှူကြ၏ဆိုခြင်းမှာ မိမိတို့အတွက် မခြွင်းမချန် နောက်ဆံတင်းတင်းမနေဘဲ၊ ယေရုရှလင်ဒုက္ခသည်များအတွက် အိတ်သွန်ဖာမှောက် ပေးလှူခြင်းကို ဆိုလိုသည်။ “ငါတို့ကိုယ်ကို ဘုရားသခင်ထံ ပေးလှူပါသည်။ သင်သည် ဘုရားသခင်၏ အစေခံတော်ဖြစ်သည်။ လုပ်သင့်သည်ကို ပြခဲ့သည်”ဟု မာကေဒေါနိသားများက ဆိုခဲ့ကြသည်။

ဘုရားသခင်အမှုတော်၌ ပေးလှူခြင်းနှင့်ပတ်သက်၍ Morgan က”ထိုသူများတွင် သူတို့ကိုယ်သူတို့သည် အဖိုးတန်ဆုံးဖြစ်သောကြောင့် အဖိုးတန်ဆုံးကို ဘုရားသခင်သို့ ပေးလှူခြင်းဖြစ်သည်”ဟု ဆိုသည်။

: မာကေဒေါနိ ယုံကြည်သူများ၏ စေတနာသဒ္ဒါတရား ပြောပြခြင်းမှာ ကောရိန္သုသားများက အားကျ အတုယူရန်ရှင်းပြခြင်းဖြစ်သည်။ ကောရိန္သုသားများသို့ ပြောခဲ့ သည့်စကားများ လိုက်နာလုပ်ဆောင်ခြင်း ရှိ မရှိကို တိတုအားမေးမြန်းသည်။ တနည်းအားဖြင့် တိတု      ကောရိန္သုသို့ သွားရောက်ခြင်းသည် ထိုအလှူငွေကိစ္စအတွက် ဖြစ်သည်။ တိတုပြန်လည်ရောက်လာသောအခါ ပေါလု၏မှာကြားချက်သည် လေထဲတွင်သာ ကုန်သည်မဟုတ်၊ လက်တွေ့အကောင်အထည်ဖော်ကြောင်း တွေ့ရသည်။

: ကောရိန္သုသားများသည် ပေါလုနှင့် နှစ်ပေါင်းကြာရှည် ရေငံသူများဖြစ်သောကြောင့် ပေးကမ်း လှူဒါန်းခြင်း၌ ပါဝင်ကြသည်။ ထို့ကြောင့်လည်း သင်တို့သည် ယုံကြည်ခြင်း၊ တရားဟောခြင်၊ ဉာဏ်ရှိခြင်း၊ အမျိုးမျိုးသော သတိနှင့် ပြည့်စုံခြင်း၊ ငါတို့ကိုချစ်ခြင်းမှစ၍ အကုန်လုံပြည့်စုံသည်ဟု ပေါလုပြောခြင်းဖြစ်သည်။ ပထမသြဝါဒစာစောင်တွင် ပေါလုက အသိတရားနှင့် ဘာသာစကားအကြောင်း သွန်သင်ခဲ့သည်။ ယခုဘာသာရပ် အမျိုးအမျိုးသွန်သင်သည်။ တိတု၏အလည်သွားခြင်း၏ နောက်ဆက်တွဲ အကျိုးအဆက်ဖြစ်ပေမည်။

ဤနေရာတွင် ယုံကြည်ခြင်းဆိုသည်မှာ ဘုရားသခင် ယုံကြည်မှု အားကြီးခြင်းဖြစ်မည်။ ယုံကြည်ခြင်း ဆုလက်ဆောင်၊ အချင်းချင်းပေါင်းသင်းဆက်ဆံခြင်း ယုံကြည်သစ္စာရှိမှုလည်း ပါဝင်သည်။

တရားဟောခြင်းဆိုသည်မှာ ဝိညာဉ်ဆုလက်ဆောင်များ အသုံးပြုခြင်း သို့မဟုတ် သမ္မာတရားအား ကျယ်ပြန့်အောင် နယ်မြေချဲ့ခြင်းဖြစ်သည်။

အမျိုးမျိုးသော သတိနှင့်ပြည့်စုံခြင်းဆိုသည်မှာ ဘုရားသခင်အမှုအရာ၌ ပါဝင်ဆက်ကပ်ခြင်း စိတ်အား ထက်သန်ပုံ နည်းလမ်းများဖြစ်သည်။

ငါတို့ကိုချစ်ခြင်းဆိုသည်မှာ ပေါလုအတွက် ဆုတောင်းပေးခြင်းဖြစ်သည်။ ထို့အပြင် စေတနာ၊ သဒ္ဒါကြေး ပါဝင်လှူဒါန်းခြင်းလည်း ပါဝင်နိုင်သည်။ ထိုအကြောင်းကို Denney က ဤသို့ဆိုသည်။

ဝိညာဉ်ရေးရာကြွယ်ဝသူ၊ ဆုတောင်းခြင်းအားကြီးသူအနေနှင့် အသင်းတော်အား ထောပနာပြုစရာများ စွာ ရှိပါသည်။ ထိုအထဲတွင် ငွေရေးကြေးရေး ပါမည်မထင်ပါ။၃၆

: ထိုသို့ငွေကြေးလှူဒါန်းခြင်းကို ပေါလုက လူသိရှင်ကြား ကျေညာထုတ်ပြန်ခြင်း မပြုပါ။ ပေါလု အပေါ်ထားရှိသည့် မေတ္တာစေတနာလေးစားမှုကို သိရှိလိုခြင်းဖြစ်သည်။ မျှော်လင့်သည့် အဖြေရရှိ၍ အသိအမှတ်ပြုခြင်းဖြစ်သည်။ သဘောပေါက်ကြစေရန်လည်း မာကေဒေါနိသားများကို ဥပမာပေး ခဲ့သည်။ ပညတ်အားဖြင့် ငါမဆို ဆိုသည်မှာ အသိအမှတ်မပြု ဆိုခြင်းမဟုတ်။ လူ့ထုံးစံအရ မချီးမွမ်း၊ ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို နားလည်သောအားဖြင့် အချင်းချင်းကူညီခြင်းဖြစ်သောကြောင့် ဝိညာဉ်တော် ၌သာ ချီးမွမ်း၍ ကောင်းကြီးပေးသည်ဟု ဆိုခြင်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် “ပေးကမ်းလှူဒါန်း ခြင်းသည် ဘုရားသခင်၏ လက်ခုပ်သြဘာသံလည်းကြားရသည်။”

: ခန့်ညားသောကျမ်းချက်ဖြစ်သည်။ မာကေဒေါနိသားများကို သင်ခန်းစာယူ၍ ကောရိန္သုသားများ၏ စေတနာသဒ္ဒါတရားကို သခင်ဘုရားထံ၌ သိမှတ်ချီးမွမ်းသည်။

ဓမ္မသစ်ကျမ်းတွင် ကျေးဇူးတော် ကိုပုံစံအမျိုးမျိုးဖြင့် သုံးနှုန်းထားပါသည်။ ဤနေရာတွင်မူ ပေးကမ်း လှူဒါန်းခြင်း၊ စေတနာသဒ္ဓါတရားဖြစ်သည်။ သခင်ယေရှုကိုယ်တိုင် မည်မျှသဒ္ဓါတရားကြွယ်ဝခဲ့သနည်း။ သခင် ယေရှုသည် စည်းစိမ်ရှိသော်လည်း ဆင်းရဲတော်မှုခြင်းအားဖြင့် သင်တို့စည်းစိမ်ရှိခြင်းငှာ ဆင်းရဲခြင်းကို ခံတော်မူပြီ။ ထိုအကြောင်းကို Moorehead က ဤသို့ ထောက်ခံထားသည်။

သခင်ယေရှုသည် ဘုန်းတန်ခိုး၊စည်းစိမ်ဥစ္စာ၊ အချွေအရံ၊ ပျော်ရွှင်ခြင်းများဖြင့် ပြည့်စုံသူ ဖြစ်သည်။ သို့သော်လည်း ထိုအရာများကို ထားပစ်ခဲ့ပြီး ဆင်းရဲကြမ်တည်းစွာ လူသားများအလယ်တွင် ရောက်လာခဲ့ သည်။ ကျွန်ုပ်တို့က ငွေစငွေန၊ အဝတ်အစ၊ စားစရာမျှသာ တောင်းခံခဲ့သော်လည်း ထိုအရှင်သည် ကိုယ်တော်တခုလုံးကို ပေးကမ်းခဲ့သည်။၃၇

လေးနက်သောစကားဖြစ်သည်။ ဘယ်အချိန်က ကိုယ်တော်ကြွယ်ဝခဲ့ပါသနည်း။ ကြွယ်ဝချမ်းသာသည် မှန်ပါသလား။ ဗက်သလင်မှာ မွေးဖွားစဉ်ကလား၊ လောကမှာ (၃၃)နှစ်မျှ ကျင်လည်နေသည့်အချိန်လား၊ ကိုယ် တော်လက်ဖြင့် ဖန်ဆင်းခဲ့သော မြေပေါ်တွင် ကိုယ်တော်ကျော်ခင်းစရာ တနေရာ မရှိခဲ့ပါလား။ ကိုယ်တော်သည် အစကနဦးကပင် ခမည်းတော်နှင့်အတူ ကြွယ်ဝချမ်းသာစွာစိုးစံခဲ့သည်။ သို့သော် သူဆင်းရဲလာခံသည်။ ထိုဆင်းရဲ ခြင်းဆိုသည်မှာ ဗက်သလင်ကာလမျှသာ မဟုတ်ပါ။ နာဇရက်၊ ဂေသရှေမန်နှင့် ကရာနီတောင်ကုန်းလည်း ပါဝင် သည်။ ကိုယ်တော်၏ဆင်းရဲခြင်းသည် ကျွန်ုပ်တို့၏ချမ်းသာခြင်း အကြောင်းရင်းဖြစ်သည်။

ထိုစကားသည် သမ္မာတရားဖြစ်သောကြောင့် ကျွန်ုပ်တို့၏အကြီးမားဆုံး ပျော်ရွှင်ခြင်းဖြစ်သည်။ ကိုယ်တော်ပိုင်ဆိုင်သရွေ့ ထိုအရာအားလုံးပြည့်စုံသည်။ ခရစ်ယာန်တို့၏ ပေးကမ်းလှူဒါန်းခြင်းသည် တိုက်တွန်းဆော်သြခြင်း မပါရှိသောကြောင့် ဒါနမြောက်ပါသည်။

(အလှူငွေအတွက် အကြံကောင်းဉာဏ်ကောင်း (:၁၀၁၁)

:၁၀ ကောရိန္သုသားများထံသို့ တဖန်ခြေဦးလှည့်ပြန်ပြီ။ ကောရိန္သုသားများ၏ အလှူငွေစုဆောင်းခြင်း သည် မာကေဒေါနိသားများ အစမပြုခင်က ဖြစ်သည်။ တနှစ်အတွင်းမှာ ပြီးစီးကောက်ခံကြပါသည်။ ထိုသို့ စုဆောင်းကောက်ခံလှူဒါန်းကြခြင်းသည် စိတ်ရင်းစေတနာပါ ပေးလှူခြင်းဖြစ်သည်။

:၁၁ မည်သည့်အကြောင်းကြောင့်ဖြစ်စေ ပေးလှူရာတွင် မာကေဒေါနိသားများထက် နောက်ကျသော် လည်း အဆင်သင့်ဖြစ်နေကြပြီဟု ယုံကြည်သည်။ မိမိတို့တတ်စွမ်းသည့်အတိုင်း ပေးလှူကြခြင်းဖြစ်သည်။

(ပေးကမ်းလှူဒါန်းခြင်း မင်္ဂလာတရား ()ခု (:၁၂၁၅)

          :၁၂ ကောရိန္သုသားများ၏ အလှူငွေထောက်ပံ့မှု အချိန်နှောင့်နှေးခြင်းသည် ပမာဏပို၍ များပြားစေရန် ဖြစ်သည်။ မည်မျှ ပေးလှူသည်ကို ပြစရာမလိုပါ။ စေတနာသဒ္ဒါတရား ထက်သန်စွာပေးလှူခြင်းကို ဘုရားသခင်ကလက်ခံသည်။ များသည်နည်းသည်ဟု မဆို။ ပမာဏပေါ်တွင် တန်ဖိုးမဖြတ်ပါ။ စိတ်ရင်းစေတနာ အပေါ်တွင် စျေးဖြတ်သည်။

:၁၃ ပေါလုသည် ကောရိန္သုသားများအား ငွေကြေးအခက်အခဲ ဖိစီးမှု မပေးလိုပါ။ ယေရုရှလင် အသင်းတော်၏ အခက်အခဲများကို အသင်းတော်၏ဝန်ထုပ်ဝန်ပိုး မဖြစ်စေလို။

:၁၄ ခရစ်တော်ဘုရား၏ အသင်းတော်များ ကယ်တင်ရေးလုပ်ငန်း အကြံအစည်တော်ဖြစ်သည်။ အသင်းတော်တပါးသည် ကြပ်တည်းချို့တဲ့လျှင် အခြားညီအကို အသင်းတော်များက ဝိုင်းဝန်းကြည့်ရှုရသည်။ လိုအပ်လျှင် ငွေကြေးမှစ၍ ပံ့ပိုးရသည်။ အပြန်အလှန် ကူညီစေချင်သည်။

ထိုကြောင့် ကောရိန္သုအသင်းတော်နှင့် မာကေဒေါနိအသင်းတော်များ ယေရုရှလင် အသင်းတော်သို့ ကူညီစေချင်သည်။ ယေရုရှလင်အသင်းတော်ကလည်း ထိုအသင်းတော်များအား ပံ့ပိုးကူညီခွင့်ကြုံလျှင် တဖန် အတုံ့အလှည့်ကူညီရမည်။ ယခုယေရုရှလင် သန့်ရှင်းသူများ အခက်အခဲအကြပ်အတည်း တွေ့နေရသည်။ အခြားအသင်းတော်များမှ အရံအတားငွေကြေားများဖြင့် ကူညီရသည်။ ထို့အတူ ကောရိန္သုအသင်းသားများ လိုအပ်လာလျှင်လည်း ထိုနည်းအတိုင်းအခြားအသင်းတော်များက ကူညီကြမည်။

:၁၅ (ထွ ၁၆:၁၈) ကို ကိုးကားခြင်းဖြစ်သည်။ ဣသရေလများ ကန္တာရခရီးကြမ်းတွင် မန္နမုန့် ကောက်စားကြစဉ်တွင် အချို့က သူများထက်ပိုယူကြသည်။ ထိုသို့မဖြစ်ရ။ လူတိုင်းအား သာတူညီမျှ ပေးထား ပါသည်။ တယောက်ကို ငါးချပ်စီပေးပါသည်။ ပိုလိုချင်၍စုဆောင်းထားသူများသည်လည်း အချည်းနှီး ဖြစ်သွားကြသည်။ သိမ်းထားသော မန္နမုန့်မျာသည် နောက်တနေ့တွင် စားသုံး၍ မရတော့ပါ။

သာတူညီမျှ ခံစားရခြင်းသည် ထူးခြားဆန်းပြားသည်မဟုတ်။ များများရသောသည်လည်းမပို။ နည်းနည်းရသောသူသည်လည်း မလောက်ဟူ၍မရှိ။ ကျားကြီးခြေရာကြီးပါသည်။ ထိုအကြောင်းကို Hogde က ဤသို့ဆိုသည်။

ပေါလုပြောသော ထွက်မြောက်ရာကျမ်း ဇာတ်လမ်းသည် ဘုရားသခင်၏လူများအကြားတွင် သူများထက်ရလိုစိတ် ရှိသူများအကြောင်းဖြစ်သည်။ လောဘဇောတက်ခြင်းသည် အရှက်တကွဲ အကျိုး နည်းခြင်းသာဖြစ်စေသည်။ ဥစ္စာပစ္စည်းဟူသည် မန္နမျိုး၊ ထိန်းသိမ်းစရာ၊ စုဆောင်းစရာမဟုတ်။၃၈

ထိုကျမ်းပိုဒ်နှင့် ပတ်သက်၍ ဆရာကြီးတပါး၏မိန့်ဆိုချက်ကိုလည်း တင်ပြချင်သည်။

ဘုရားသခင်က လူတိုင်းအား ဝေစုကိုယ်စီပေးထားပါသည်။ အချို့ကို ပိုပေးသည်။ အချို့က လျှော့သည်။ များများရသောသူက နည်းနည်းရသူကို ဝေငှပေးရသည်။ ဘုရားသခင်သည် မတရားသဖြင့် မလုပ်ပါ။ ချမ်းသာသူကို စည်းစိမ်ဥစ္စာပေါ်တွင် ကြွယ်ဝဇိမ်ခံမနေခိုင်းပါ။ မရှိဆင်းရဲသားများကို ပေးကမ်းခြင်း၌ ဇိမ်ခံစေချင်သည်။

(လှူဒါန်းပေးကမ်းကြစဉ် မိတ်ကောင်းဆွေမွန်သုံးဖေါ် (:၁၆၂၄)

          :၁၆ တိတုအား ဂုဏ်ပြုအသိအမှတ်ပြုခြင်းဖြစ်သည်။ ပထမအချက်မှာ တိတု၏ ကောရိန္သုအသင်းသား များ ပြုစုစောင့်ရှောက်ချင်သော စိတ်စေတနာ ဖြစ်သည်။ ပေါလုက သူ့လုပ်ဖော်ဆောင်ဖက်၏ စိတ်ရင်းစေတနာ ကိုတွေ့မြင်သည်။ ကောရိန္သုသားများအပေါ်တွင် ပေါလု၏စိတ်စေတနာအတိုင်း တိတုတွင်လည်း တွေ့ရသည်။

:၁၇ ပေါလုသည် တိတုအား စာတစောင်နှင့်အတူ ကောရိန္သုသို့ သွားခိုင်းသည်။ တိတုသည် ပေါလု စေခိုင်းကြောင့်သာမဟုတ်ဘဲ၊ သူကိုယ်တိုင်၌ကိုက သွားချင်စိတ်ရှိသည်။

သင်တို့ဆီသို့ ဆိုခြင်းမှာ သွားချင်စိတ်တပိုင်း သေနေခြင်းကိုဆိုလိုသည်။ ဆိုလိုသည်မှာ ပေါလုစာရေး၍ မဆုံးခင်မှာပင် ဖင်တကြွကြွဖြစ်နေသည်။ သို့သော် ပြီးဆုံးအောင်စောင့်ပြီး ယူသွားသည်။

:၁၈ အပိုဒ်ငယ် ၁၈-၂၀သည် တိတု၏ခရီးသွားဖော်(၂)ယောက်အကြောင်း ဖြစ်သည်။ (အပိုဒ်ငယ် ၁၈-၂၁)တွင် တယောက် အပိုဒ်ငယ် ၂၂တွင် တယောက်တွေ့ရသည်။ သို့သော် အမည်နာမ ထုတ်ဖော်ခြင်းမရှိ။

ဤကျမ်းပိုဒ်တွင် အလှူငွေများ ကိုင်တွယ်ရာ၌ အမှားအယွင်း အပြစ်အနာအဆာမရှိအောင် ထိန်းသိမ်း ကိုင်တွယ်ဖို့ သတိပေးသွန်သင်ထားသည်။

ပထမညီအကိုသည် ဧဝံဂေလိ အမှုတော်ဆောင်၍ ချီးမွမ်းခံရသူဖြစ်သည်။ အချို့က လုကာဟုဆို၍၊ အချို့က သိလ၊ အချို့က တရောဖိမ ဟုဆိုကြသည်။ သို့သော် ထို့သို့ ထင်ရောင်ထင်မှားပြောခြင်းဖြင့် ကျမ်းပိုဒ်၏ သင်ခန်းစာကို ရေလိုက်မမှားစေလို။ တမင်တကာ နာမည် မထုတ်ဖော်ခြင်းဖြစ်သည်။ တပည့်တော်စင်စစ်များ သည် မိမိတို့ဂုဏ်သတင်းများကို ဖုံးကွယ်လေ့ရှိကြသည်။ နေမန်၏အိမ်ဖော်မလည်း နာမည်မသိရပါ။ ခရစ်တော်ဘုရား လူပေါင်းငါးထောင်ကို နေ့လည်စာကျွေးစဉ်ကလည်း ငါးပိုင်ရှင် သူငယ်၏နာမည်ကို မသိရပါ။

:၁၉ ထိုညီအကိုသည် အသင်းတော်က ရွေးချယ်တာဝန်ပေးသူဖြစ်သည်။ တနည်းအားဖြင့် ထိုဧဝံဂေလိ ဆရာသည် အလှူငွေကို လိုက်ပို့ခြင်းဖြင့် ဧဝံဂေလိ အမှုဆောင်နိုင်ခြင်းဖြစ်သည်။ ပေါလုအပါအဝင် လုပ်ဖော် ကိုင်ဖက်များသည် ကျေးဇူးတော်အားဖြင့် အမှုတော်၌ဆက်ကပ်သူများ ဖြစ်သည်။ ဘုရားသခင်ဘုန်းတော် ထင်ရှားဖို့ ဆောင်ရွက်ကြသည်။ ဆင်းရဲကြပ်တည်းသော ယေရုရှလင် သန့်ရှင်းသူများထံသို့ ကူညီရိုင်းပင်းလိုစိတ် ပြင်းပြသူများဖြစ်သည်။

:၂၀ တမန်တော်ပေါလုသည် ထိုငွေကြေးများကို ကိုင်တွယ်ရာတွင် သူများနှင့်မတူ တမူထူးခြားစွာ ပါးနပ်သူဖြစ်သည်။ တယောက်တည်း မကိုင်စေချင်။ လူနှစ်ဦး၊ သုံးဦးကို စုပေါင်းဆောင်ရွက်စေသည်။ ကျမ်းပိုဒ် ၏ သော့ချက်မှာ လူအုပ်ဖြင့်ငွေကြေးကိုင်တွယ်ခြင်းဖြစ်သည်။ အများနှင့်ဆိုင်သော ငွေရေးကြေးရေးနှင့်ပတ် သတ်၍ အများက ယုန်ထင်ကြောင်ထင် မထင်မှားရအောင် သတိရှိစွာ ကိုင်တွယ်ရသည်။ သွားပုပ်လေလွင့် အပြောမခံရအောင် ဂရုစိုက်ရသည်။

:၂၁ တင့်တယ်လျောက်ပတ်စွာ ဆိုသည်မှာ ရိုးသားဖြောင့်မတ်စွာလုပ်ဆောင်ခြင်းဖြစ်သည်။ ဘုရား သခင်ရှေ့၌ ဖြောင့်မတ်မှန်ကန်သည်ဟု ကျမ်းကျိန်ရဲသော်လည်း လူများအမြင်တွင် အမြင်ကြည်လင်ဖို့ ဂရုစိုက် ရသည်။ ထိုအကြောင်းကို Morgan က”အသင်းတော်လုပ်ငန်းသည် အစုအဖွဲ့နှင့် လုပ်ရသည်ချည်းဖြစ်သည်။ ဘုရားသခင်ရှေ့ မှန်ကန်သည်ဟု ယူဆရသော်လည်း လောကလူသားများ၏မျက်စိ၊ မျက်နှာကိုလည်း ကြည်လင် ဖို့လိုသည်။ မသင်္ကာစိတ်ဖြင့် အပြည့်မခံရအောင် အလေးထားရသည်၃၉ ဟု ဆိုသည်။

ဤကျမ်းပိုဒ်သည် (သု ၃:၃-၄)နှင့် အဓိပ္ပါယ်နီးစပ်သည်။ ဆင်ခြင်ကြည့်ရှုပါ။

:၂၂ အမည်မဖော်ထားသော ညီအစ်ကိုတယောက်တွေ့ရသည်။ ထိုသူသည် လေးစားကြည်ညိုရသောသူ ဖြစ်မည်။ အဘယ့်ကြောင့်ဆိုသော် ကောရိန္သုသားများ၏ ယုံကြည်စိတ်ချမှုရရှိသူ ဖြစ်သည်။

ဤကျမ်းချက်ကို NKJV ကျမ်းမူတွင် ယုံကြည်စိတ်ချမှုအပြည့်အဝရှိသူဖြစ်သည်ဟု ဆိုထားသည်။ သူ့လုပ်ဆောင်ခဲ့ပုံကို ကြည့်၍ ပေါလုက ရွေးချယ်ခြင်းဖြစ်သော်လည်း ကောရိန္သုသားများကလည်း အပြည့်အဝ ထောက်ခံကြသည်။

:၂၃ ထိုကြောင့် ပေါလုက ထိုသူသုံးဦးအား မေးမြန်းစုံစမ်းသူရှိလျှင် တိတုသည် ပေါလု၏စိတ်ချသော လုပ်ဖော်ဆောင်ဖက်ဟု၎င်း၊ ကျန်ညီအစ်ကိုနှစ်ဦးကို ကောရိန္သုအသင်းတော်၏ တမန်ဟု၎င်း၊ ဖြေရမည်ဟု မှာသည်။ ခရစ်တော်၏ဘုန်းအသရေဆိုသည်မှာ ဤလူသုံးဦးကို ဆိုလိုသည်။ အဘယ့်ကြောင့်ဆိုသော် ဤလူများ သည် အသင်းတော်၏တာဝန်ဝတ္တရားများ ထမ်းရွက်သူများ ဖြစ်သည်။ ဘုရားသခင်၏ အလင်းရောင်အား လူသားများ ဖြစ်စေဖို့ လုပ်ဆောင်သူများဖြစ်သည်။ သခင်ဘုရား၏ ဘုန်းတန်ခိုးရောင်ပြန်ဟပ်စေသူများ ဖြစ်သည်။

:၂၄ အားလုံးကို ပြန်ခြုံကြည့်လိုက်လျှင် ကောရိန္သုသားများ၏ ယုံကြည်ခြင်းသည် ပေါလု၏ဂုဏ်ယူ အားရဖွယ်ရာဖြစ်သည်။ အထူးသဖြင့် ကောရိန္သုသန့်ရှင်းသူများ၏ ပေးကမ်းလှူဒါန်းခြင်းသည် သာဓုခေါ် စရာဖြစ်သည်။ ထိုအကြောင်းများကို ပေါလုက အခြားအသင်းတော်များသို့ သက်သေခံသည်။ ထိုအကြောင်းကို ဖိလိပ္ပိက “သူတို့လုပ်ဆောင်ချက်များကို အခြားအသင်းတော်များသို့ ဟောပြောခဲ့သည်။ ကောရိန္သုသားများ၏ ချစ်ခြင်းမေတ္တာ စေတနာသဒ္ဒါတရားများကို ပြည့်ဝအောင် ဟောပြောခဲ့သည်”ဟု ဆိုသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။