၂ကော - ၁၀

မိမိ၏အမှုဆောင်ခြင်းကိုပြောဆိုခြင်း
1သင်တို့၏မျက်မှောက်၌ နှိမ့်ချခြင်း၊ မျက်ကွယ်၌ သင်တို့အမှုကိုစီရင်၍ ရဲရင့်ခြင်းရှိသော ငါပေါလုသည်၊ ခရစ်တော်၏ နူးညံ့သိမ်မွေ့ဖြည်းညင်းတော်မူခြင်းကို အကြောင်းပြု၍ သင်တို့ကိုတောင်းပန်ပါ၏။- 2ငါတို့သည် ဇာတိပကတိအလိုသို့လိုက်၍ ကျင့်သောသူ ဖြစ်ကြသည်ဟု ထင်မှတ်သောသူတို့အား၊ ငါကြံစည်သော ရဲရင့်ခြင်းအတိုင်း သင်တို့ဆီသို့ ရောက်လာသောအခါ၊ ထိုမျှလောက်ရဲရင့်ခြင်း မရှိမည်အကြောင်း ငါတောင်းပန်ပါ၏။- 3အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သည် လူဇာတိ၌ ကျင်လည်သော်လည်း၊ ဇာတိပကတိ အလိုသို့လိုက်၍ စစ်တိုက်ကြသည်မဟုတ်။- 4ငါတို့စစ်တိုက်၍ သုံးစွဲသော လက်နက်သည် ဇာတိပကတိလက်နက် မဟုတ်။ ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် မြို့ရိုးမြို့ပြတို့ကို ဖြိုဖျက်နိုင်သောလက်နက် ဖြစ်၏။- 5ထိုလက်နက်အားဖြင့် လူတို့၏ အကြံအစည်တို့ကိုလည်းကောင်း၊ ဘုရားသခင်ကိုသိသောပညာကို တားဆီးသော မာန်မာန ရှိသမျှတို့ကိုလည်းကောင်း၊ နှိမ့်ချမှောက်လှန်၍၊ ခပ်သိမ်းသောစိတ်တို့ကို ဖမ်းသွားချုပ်ထားလျက်၊ ခရစ်တော်၏စကားကို နားထောင်စေကြ၏။- 6သင်တို့၏ နားထောင်ခြင်းအမှုသည် ပြည့်စုံပြီးမှ၊ နားမထောင်ဘဲနေသော သူအပေါင်းတို့ကို ဒဏ်ပေးခြင်းငှာ ငါတို့သည် အသင့်ရှိကြ၏။
7မျက်နှာကိုသာ ကြည့်မှတ်ကြသလော။ အကြင်သူက၊ ငါသည်ခရစ်တော်၏လူ ဖြစ်သည်ဟု မိမိ၌ စွဲလမ်းခြင်းရှိ၏၊ ထိုသူသည် ခရစ်တော်၏လူဖြစ်သကဲ့သို့၊ ငါတို့လည်း ခရစ်တော်၏လူဖြစ်ကြောင်းကို တစ်ဖန် အလိုအလျောက် ဆင်ခြင်သိမှတ်စေ။- 8သင်တို့ကို ပယ်ရှင်းဖျက်ဆီးခြင်းအလိုငှာ မဟုတ်။ တည်ဆောက်ခြင်းအလိုငှာ သခင်ဘုရားသည် ငါတို့၌ အပ်ပေးတော်မူသော တန်ခိုးကို ငါသည်သာ၍ ဝါကြွားသော်လည်း၊ ရှက်ကြောက်စရာအကြောင်း မရှိ၊- 9ငါရေး၍ပေးလိုက်သော စာအားဖြင့်သာ သင်တို့ကို ခြိမ်းခြောက်သကဲ့သို့ ငါမပြုလို။- 10အကြောင်းမူကား၊ ထိုသူ၏စာသည် လေးလံသောစာ၊ တန်ခိုးနှင့် ပြည့်စုံသောစာ ဖြစ်၏။ ကိုယ်တိုင်ရှိလျှင်မူကား၊ သတ္တိမရှိသောသူ၊ အချည်းနှီးသောစကားကို ပြောသောသူဖြစ်သည်ဟု ဆိုတတ်သောသူရှိ၏။- 11ငါတို့သည် ကိုယ်တိုင်မရှိ၍ စာ၌ပါသော စကားအားဖြင့် ဖြစ်သကဲ့သို့၊ ကိုယ်တိုင်မျက်မှောက် ရှိသောအခါ အမှုအားဖြင့် ဖြစ်လိမ့်မည်ဟု ထိုသူသည် ဆင်ခြင်သိမှတ်စေ။
12ကိုယ်ကိုကိုယ်ချီးမွမ်းသော သူတို့နှင့် ရေတွက်ဝင်ခြင်းကိုလည်းကောင်း၊ ပြိုင်နှိုင်းခြင်းကိုလည်းကောင်း၊ ငါတို့မပြုဝံ့။ ထိုသူတို့သည် အချင်းချင်းတစ်ယောက်နှင့် တစ်ယောက် ခိုင်းနှိုင်းခြင်း၊ ပြိုင်နှိုင်းခြင်းတို့ကိုပြု၍ ပညာမဲ့ဖြစ်ကြ၏။- 13ထိုမှတစ်ပါး၊ ကိုယ်ငန်းကိုယ်တာကို လွန်ကျူး၍ ပြုသောအမှုအရာကို ငါတို့ကြွားဝါခြင်းမရှိဝံ့၊ ဘုရားသခင် ဝေငှတော်မူသောအငန်းအတာ၏ အတိုင်းအရှည်အတွင်းတွင် ပြုသောအရာကိုသာ ဝါကြွားခြင်းရှိဝံ့၏။ ထိုအတိုင်းအရှည်သည် သင်တို့တိုင်အောင်ပင် မီသတည်း။- 14သင်တို့တိုင်အောင်မမီလျှင်၊ ငါတို့သည် လွန်ကျူး၍ ပြုကြသည်မဟုတ်။ အကြောင်းမူကား၊ ခရစ်တော်၏ ဧဝံဂေလိတရားကို ဟောပြော၍၊ သင်တို့ရှိရာသို့ တိုင်အောင် ရောက်ကြပြီ။- 15-16ငါတို့သည် ကိုယ်ငန်းကိုယ်တာကိုလွန်ကျူး၍၊ သူတစ်ပါးအလုပ်ထဲသို့ ဝင်ခြင်းကြောင့် ဝါကြွားလေ့ရှိကြသည်မဟုတ်။ ထိုသို့ သူ့ငန်းသူ့တာအတွင်းတွင် ပြင်ဆင်ပြီးသော အမှုအရာကို ဝါကြွားခြင်းမရှိဘဲ၊ သင်တို့ ပြည်တစ်ဖက်သို့ကူး၍ ဧဝံဂေလိတရားကို ဟောပြောရသောအခွင့် ရှိစေခြင်းငှာ၊ သင်တို့ ယုံကြည်ခြင်းပါရမီ ရင့်ပြီးမှ၊ ငါတို့၏အငန်းအတာသည် အလွန်ကျယ်ဝန်းမည်ဟု မျှော်လင့်ခြင်းရှိ၏။- 17သို့ဖြစ်၍ ဝါကြွားသောသူမည်သည်ကား၊ သခင်ဘုရား၌သာ ဝါကြွားစေ။- 18အကြောင်းမူကား၊ ကိုယ်ကိုကိုယ် ချီးမွမ်းသောသူသည် ဝန်ခံတော်မူသော သူဖြစ်သည်မဟုတ်။ သခင်ဘုရား ချီးမွမ်းတော်မူခြင်းကို ခံရသောသူသာလျှင် ဝန်ခံတော်မူသောသူဖြစ်သတည်း။

၂ကော - ၁၀ (အနက်ဖွင့်)

(ကစွပ်စွဲသူများသို့ ပြန်ကြားချက် (၁၀:၁၂)

          ၁၀: အပိုဒ်ငယ် ၁၆တွင် လောကအမြင်ဖြင့် ဝေဖန်စွပ်စွဲသူများထံသို့ ပေါလု၏ ပြန်ကြားချက်ကို တွေ့ရ သည်။

ဦးစွာ ငါပေါလု ကိုယ်တိုင်ဟုသုံးနှုန်းထားသည်။ ဒုတိယအချက်မှာ သူ့ကိုသူ သန့်ရှင်းသူအဖြစ် ဝန်ခံသည်။ တတိယအနေဖြင့် ခရစ်တော်၏နာမတော်မြတ်၌ နူးညံ့သိမ့်မွေ့မှု၊ ယဉ်ကျေးမှုဖြင့်ဟု ဆိုသည်။ လူ့လောကတွင် ခရစ်တော်၏အပြုအမူကို ပြန်တွေး၍ ခရစ်တော်၏ လမ်းစဉ်အတိုင်း စိတ်နှိမ့်ချခြင်းဖြစ်သည်။ ခရစ်တော်၏အသက်တာသည် နမူနာဖြစ်သည်။

“ငါသည် သင်တို့ရှေ့မှောက်တွင် နှိမ့်ချခြင်းမျက်ကွယ်၌ သင်တို့အမှုကို စီရင်၍ ရဲရင့်ခြင်းရှိသော ငါ့ပေါလု”ဟု ဆိုထားသည်။ ထိုစကားသည် သရော်ခြင်းဖြစ်သည်။ စွပ်စွဲသူများရှေ့တွင်မူ မခုတ်တတ်သော ကြောင်ကဲ့သို့ဖြစ်၍ ကွယ်ရာမှာမှ ခြင်္သေ့ကဲ့သို့ ရဲဝံ့သည်ဟု ဆိုသည်။ “ကွယ်ရာမှာဗြောင်ဘဲ”ဟုဆိုသည်။ ကွယ်ရာ မှာ သတ္တိရှိသည်ဆိုခြင်းမှာ ပေါလု၏ရေးစာကို ငေါ့တော့တော့ ညွှန်းဆိုခြင်းဖြစ်သည်။

၁၀: အပိုဒ်ငယ် (၁)၏ အဆက်ဖြစ်သည်။ ကောရိန္သုသို့ ပေါလုရောက်လာလျှင် ရင့်သီးသောစကား ပြောမိအောင် မလုပ်ကြဖို့ မေတ္တာရပ်ခံခြင်းဖြစ်သည်။ ငါသည် ဇာတိပကတိအလိုလိုက်၍ ကျင့်သူဖြစ်သည်ဟု စွပ်စွဲသူများအား သင်တို့ဆီသို့ ငါရောက်လာသည့်အခါ ထိုမျှလောက် ရဲရင်ခြင်းမရှိမည့်အကြောင်းကို ငါတောင်းပန်၏ဟု ဆိုသည်။ ရန်ကို ရန်ချင်းမတုံ့ပြန်မိဖို့ ဆန္ဒပြုခြင်းဖြစ်သည်။ လောကသားများ၏ အပြုအမူ ကဲ့သို့ မပြုချင်။

၁၀: တမန်တော်များသည်လည်း လောကလူသားများဖြစ်ပါသည်။ သို့သော် လောကသားများကဲ့သို့ လူ့ဇာတိလက္ခဏာရှိသူများမဟုတ်။ လူ့အလိုသို့မလိုက်။ ဘုရားအကြိုက်ဆောင်သူများ ဖြစ်သည်။

၁၀: ခရစ်ယာန်များ၏ လက်နက်ကရိယာများသည် ဇာတိလက်နက်များမဟုတ်ပါ။ ဓါး၊ လှံ၊ သေနတ် အစရှိသည့် လက်နက်များကို ဧဝံဂေလိတရားဟောကြားရာတွင် မသုံးပါ။ နှုတ်ကိုသာ သုံးပါသည်။ ခရစ်ယာန် များ၏ ရည်ရွယ်ချက်သည် စည်းစိမ်ဥစ္စာ၊ ဘုန်းတန်ခိုး၊ သြဇာအာဏာ၊ အရှိန်အဝါ လောကပညာများမဟုတ်။

မြို့ရိုးပြရိုးများကို ဖျက်ဆီးနိုင်သော ဘုရားသခင်၏တန်ခိုးတော်လက်နက်ဖြစ်သည်။ အသက်ရှင်သော ဘုရားကို ယုံကြည်ခြင်း၊ ဆုတောင်းခြင်း၊ နှုတ်ကပတ်တော် နာခံခြင်းများသည် ခရစ်ယာန်စစ်သည်တော်များ၏ လက်နက်ကောင်းများဖြစ်ပါသည်။ အစွမ်းထက်သောလက်နက်များ ဖြစ်ပါသည်။

၁၀: အပိုင်းငယ် (၄)တွင် အစွမ်းထက်သည့် လက်နက်အကြောင်းကို ဆက်လက်ရှင်းပြထားသည်။

ပေါလုက သူသည် ထိုလက်နက်ကရိယာဖြစ်သည်။ သမ္မာတရားကို ဆန့်ကျင့်သူများအား တိုက်ခိုက်ချေ မှုန်းမည့် စစ်သည်တော်ဖြစ်သည်ဟု ကြွေးကြော်သည်။ ဘုရားသခင်ကို သိမြင်ခြင်းအား တားဆီးသောအရာမှန် သမျှ တိုက်ခိုက်ခြင်းသည် ခရစ်ယာန်များ၏ အကျင့်လက္ခဏာဖြစ်သည်။ ယနေ့ကာလတွင်လည်း သိပ္ပံအတတ် ပညာ၊ ဒဿနအတွေးအခေါ်၊ ပြောင်းလဲခြင်းနိယာမနှင့် ဘာသာတရားအယူအဆများသည် ဘုရားသခင်၏ နိုင်ငံ တော်ထဲတွင် နေရာမရှိပါ။ တမန်တော်ပေါလုသည် ထိုပညာရပ်များ၏လှည့်ဖျားခြင်းကို စိတ်မဝင်စား။ အရာခပ်သိမ်းအား ခရစ်တော်၏စကားနားထောင်စေဖို့ နည်းပညာသာစိတ်ဝင်စားသည်။ လောကလူသားများ၏ အသိပညာ၊ အတတ်ပညာများသည် ခရစ်တော်ရှေ့တွင် တနေ့အပြစ်စီရင်ခြင်း ခံရမည်။ ပေါလုသည် လောကဓာတ် ပညာများကို မရှုတ်ချပါ။ သို့သော်လည်း ထိုပညာများထက် ဘုရားသခင် သိကျွမ်းခြင်းကို ပိုမိုဖြစ်ထွန်းစေချင် သည်။

၁၀: ပေါလုသည် ခရစ်တော်၏ စစ်သည်တော်ဖြစ်သည်နှင့်အညီ စကားနားမထောင်သူများအား အရေးယူအပြစ်ဒဏ်ပေးမည်ဟုဆိုသည်။ ကောရိန္သု ယုံကြည်သူများကို နာခံခြင်းရှိသူများဟု ယူဆထားသည်။ ကောရိန္သုသားများ အမိန့်နာခံခြင်းမရှိသေးသရွေ့ မှားယွင်းသောအရာများကို အရေးယူဦးမည်မဟုတ်။

၁၀: သင်တို့သည် ပြင်ပလက္ခဏာသာ ကြည့်ရှုတတ်၏ဟူသော ပထမကျမ်းချက်သည် စဉ်းစားစရာ ဖြစ်သည်။ NIVကျမ်းမူတွင် အပေါ်ယံကိုသာ ကြည့်ရှုတတ်ပါသလားဟု၎င်း၊ RSVကျမ်းမူတွင် သင့်ရှေ့ မှာဘာဖြစ်နေသည်ကိုကြည့်ပါဟု၎င်း ဆိုထားသည်။ အဖြစ်အပျက် အကြောင်းအရာများကို ကြည့်ရှုပါဟု အနက်ရသည်။

ကောရိန္သုသားများ ကြုံတွေ့နေရသောအရာသည် အကျိုးအကြောင်း ဆီလျော်မှုရှိပါသလား။ ရှေ့နောက် အကျိုးအကြောင်း ဆက်နွယ်ခိုင်လုံသလား၊ ယုတ္တိရှိသလားဟု ဆင်ခြင်ခိုင်းခြင်း ဖြစ်သည်။ အတွင်းသရုပ်ထက် အပြင်ပန်းလက္ခဏာအားဖြင့်သာ တန်ဖိုးဖြတ်ခြင်းကို ထောက်ပြသည်။

မိမိကိုယ်ကို ခရစ်တော်၏ တပည့်ဖြစ်သည်ဟု စိတ်ချသူရှိလျှင် ထိုသူသည် ခရစ်တော်ဖြစ်သကဲ့သို့ ငါတို့သည်လည်း ခရစ်တော်၏တပည့်ဖြစ်ကြောင်း ပြန်လည်စဉ်းစားကြည့်ပါစေ။ ဤကျမ်းချက်တွင် ပေါလုက သူ့ကိုသူ ခရစ်တော်၏တပည့်ဟု ခံယူကျေညာသည်။ ပေါလုသည် ခရစ်တော်၏တပည့် မဟုတ်ဟု မည်သူကမှ ငြင်းဆိုနိုင်ရိုးမရှိ။ ခရစ်တော်၏တပည့်အမှန်ဖြစ်ကြောင်း ထွက်ဆိုသည်။

ခရစ်တော်၏ တပည့်ဟု မိမိကိုယ်ကိုခံယူသူများကိုလည်း ငြင်းဆိုခြင်းမပြုပါ။ ထိုစကားသည် တပည့်တော်အတုအယောင်များ၊ လိမ်လည် လှည့်ဖျားသူများကို မသိချင်ယောင်ဆောင်၍ ပြောခြင်းဖြစ်သည် (၁၁:၁၄ကိုကြည့်)။ ထို့ကြောင့် ပေါလု၏စာထဲတွင် အချို့သည်ကယ်တင်ခြင်းရ၍ အချို့သည်မရဟုဆိုခြင်းဖြစ် သည်။

၁၀: ပေါလုသည် ခရစ်တော်၏တမန်တော်ဖြစ်သောကြောင့် အသင်းတော်၌ အမိန့်အာဏာ သက်ရောက် ပိုင်ခွင့်ရှိသည်။ အသင်းတော်သို့ သွန်သင်ချက်များသည်လည်း သန့်ရှင်းသူများ၏ ယုံကြည်ခြင်း၊ ဖြူစင် သန့်ရှင်းရန်ဖြစ်သည်။ မှားယွင်းသောဆရာများ၏ သွန်သင်ချက်များသည် သခင်ယေရှုဟောကြားသော ဒေသနာ မထောက်ဘဲ ဝမ်းနည်းကြေကွဲမှုဖြစ်စေသည်။ ထို့ကြောင့် ပေါလုက အကယ်၍ ငါ့စကားများသည် ဝါကြွားရာ ရောက်သည်ဟု ထင်လျှင်လည်း ပြုစုပျိုးထောင်ပေးရန် ဖြစ်သည်ဟုဆိုသည်။ တမန်တော် ဟုတ်မှန်ကြောင်း သက်သေပြသည်။

၁၀: သူ့စာသည် ကောရိန္သုခရစ်ယာန်များအား ချောက်လှန့်ခြင်း မဟုတ်ပါ။ တနည်းအားဖြင့် ဘုရားသခင်ပေးသော အမိန့်အာဏာသုံးခြင်းဖြစ်သည်။ ကောရိန္သုသားများ၏ ဝိဝါဒကို ရှင်းလင်းစွာ ဖြေရှင်းပေး ခြင်းဖြစ်သည်။ ကောရိန္သုသားများအား ပြုစုပျိုးထောင်ရန် အမိန့်အာဏာသုံးခြင်းဖြစ်သည်။

၁၀:၁၀ ဤကျမ်းစကားအရ ပေါလုအား အမှန်တကယ် ပြစ်တင်ရှုတ်ချသူများရှိကြောင်း သိရသည်။ လူရှေ့တွင် သတ္တိကြောင်သူ၊ အဟောအပြောညံ့သူဖြစ်သောကြောင့် လူကိုယ်တိုင်ကိုယ်လုံးမပြရဲခြင်း ဖြစ်သည်ဟု စွပ်စွဲသွားပုပ်လေလွင့် ပြောကြသည်။

၁၀:၁၁ ပေါလု ကောရိန္သုသို့ ရောက်လာလျှင်လည်း အပြောတမျိုးအလုပ်တမျိုး လုပ်မည် မဟုတ်ပါ။ စာထဲတွင် ရေးသားသည့်အတိုင်းတွေ့ကြမည်။ မဖြစ်နိုင်သည်များကို မတန်တဆရေးသားခြင်း၊ ဖော်ကျူးခြင်း မဟုတ်။ ပေါလုသည် အပြောအဆို၊ သတ္တိနည်းသူမဟုတ်ကြောင်း အမှန်တကယ်တွေ့ရမည်။

၁၀:၁၂ ဆရာအတုအယောင်များသည် သူတပါးအရည်အချင်းကို ဝေဖန်နှိုင်းယှဉ်တတ်သူများ ဖြစ်သည်။ ပေါလု၏ ခြေရာလက်ရာဟောင်းများကို ဝေဖန်ဟားတိုက်ခဲ့ကြသည်။ အမှန်မှာ သူတို့ကိုယ်သူတို့ ကိုယ့်ပေါင် ကိုယ်လှန်ထောင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်လည်း ထိုသူများဘက်တွင် ရပ်တည်သူမရှိကြ။ ထိုအကြောင်းကို ဤသို့ သရော်ထားသည်။ ကိုယ့်ကိုကိုယ်ချီးမွမ်းသောသူတို့နှင့် ရေတွက်ဝင်ခြင်းကို၎င်း၊ပြိုင်နှိုင်းခြင်းကို၎င်း၊ ငါတို့မပြုဝံ့။ ထိုသူတို့သည် အချင်းချင်းတယောက်နှင့် တယောက်ခိုင်းနှိုင်းခြင်း၊ ပြိုင်နှိုင်းခြင်းကိုပြု၍ ပညာမဲ့ဖြစ်ကြ၏ဟု ပေါလုက ပြန်လည်ဝေဖန်ပြစ်တင်ခြင်းဖြစ်သည်။ သူတပါးကိုဝေဖန်ခြင်း၊ ဂုဏ်တုဂုဏ်ပြိုင် ပြုလုပ်ခြင်းသည် ပညာမဲ့ခြင်းဖြစ်သည်ဟု ပြန်နှက်လိုက်သည်။

တရွာလုံးနှင့် တယောက်တည်းယှဉ်လျှင် တယောက်သမားက မှန်သည်ဟု ဆိုနိုင်မည်လား။ ထိုဝေဖန်ပုတ် ခတ်ရေးသမား တကိုယ်တော်သမားသည် ပညာရှိဟုမဆိုနိုင်။ အမိုက်အမှား၊ အတိုက်အခိုက်၊ ဘေးရောက်သူသာ ဖြစ်သည်။ လောကကြီးကို အရွဲ့တိုက်လျှင် မိမိသာလမ်းဘေးရောက်သွားမည်။

(ပေါလု၏နိယာမ၊ ခရစ်တော်အတွက်အောင်မြေချဲ့ခြင်း (၁၀:၁၃၁၆)

၁၀:၁၃ အပိုဒ်ငယ် ၁၃-၁၆ တွင် ဘုရားသခင်၏အမှုတော်အတိုင်းလုပ်ဆောင်နေကြပုံကို ရှင်းပြထားသည်။ ထိုသို့လုပ်ဆောင်ရာတွင် တပါးပိုင်နယ်ထဲသို့ မတရားကျူးကျော် ဝင်ရောက်ခြင်းမရှိပါ။ ထိုစကားသည် ယုဒ ဝါဒီများကို ရည်ညွှန်းသည်။ ပေါလုနှင့်တမန်တော်များသည် အသင်းတော်နည်းလမ်းဖြင့် အမှုတော်ဆောင်ကြ သည်။ တယောက်ကို တယောက်ဆောက်တည်ဖွယ်ရာဝေငှကြသည်။ အချင်းချင်းပြုစုပျိုးထောင်ကြသည်။ သူတို့၏ ဂုဏ်ယူခြင်းသည်လည်း မိမိတို့ယုံကြည်ခြင်းအပေါ် ဂုဏ်ယူကြသည်။

ခရစ်တော်၏အမှုတော်နှင့် မပတ်သက်သောအရာများတွင် ဂုဏ်ယူဝင့်ကြွားခြင်းမရှိဟု ပေါလုဆိုသည်။ ဘုရားသခင်၏အမှုတော်၌သာလျှင် ဂုဏ်ယူသည်။ ကောရိန္သုအသင်းတော်နှင့် ဧဝံဂေလိလုပ်ငန်းလုပ်ဆောင်မှုကို ဆိုလိုသည်။ ထိုအကြောင်းကို Arthur S.Way ကဤသို့ဆိုသည်။

သို့သော်လည်း ငါ့အတွက် သတ်မှတ်ပေးသော နယ်စည်းရိုးမကျော်။ ဘုရားသခင်စီရင်သတ်မှတ်ပေးသော နယ်မြေအတွင်း၌သာ ထိုးဖောက်လုပ်ဆောင်ခြင်းဖြစ်သည်။ ထိုနယ်မြေထဲတွင် သင်တို့လည်းပါဝင်သည်။

ပေါလုသည် တပါးအမျိုးသားများအတွက် ဘုရားသခင်စီရင်ခန့်အပ်သူ ဖြစ်ပါသည်။ ထိုစေစားချက်ထဲ တွင် ကောရိန္သုလည်း ပါဝင်သည်။ ယေရုရှလင်အသင်းတော်ကလည်း သဘောတူညီသည်။ သို့သော်မှားယွင်းသော ဆရာများက ပေါလုသည် နယ်မြေကျူးကျော်ကြောင်း စွပ်စွဲပုတ်ခတ်ကြသည်။

၁၀:၁၄ ပေါလုသည် အသားလွတ်ဝါကြွားခြင်းမဟုတ်။ နယ်ချဲ့ခြင်းမဟုတ်။ ဘုရားသခင်က အမှုတော် ဆောင်မည့် နယ်မြေသတ်မှတ်ပေးထားပါသည်။ ထိုနယ်မြေထဲတွင် ကောရိန္သုလည်း ပါဝင်သောကြောင့် ကောရိန္သု သို့ သတင်းကောင်းဟောပြော၍ အသင်းတော်တည်ဆောက်ခဲ့သည်။ အကယ်၍ ကောရိန္သုသို့ မသွားခဲ့လျှင်ဘုရား သခင်ပေးသော စေစားချက်များ ကန့်သတ်ရာရောက်မည်။

အခက်အခဲ ပြဿနာစုံစမ်းနှောင့်ယှက်ခြင်းအမျိုးမျိုးကို ကျော်ဖြတ်၍ ကောရိန္သုသို့ ရောက်ရှိသည်။ ယခု တွင်မူ ပေါလုခုတ်ထွင်ပြီးသော တောရိုင်းမြေသို့ ဝင်ရောက်လာကြသည်။

NIVကျမ်းမူက အကယ်၍ ကောရိန္သုသို့ ပေါလုမသွားဖြစ်လျှင် ကောရိန္သုသားများ ခရစ်တော်၏ ဧဝံဂေလိ သတင်းကောင်း ကြားသိကြရမည်မဟုတ်ဟု ဆိုသည်။

၁၀:၁၅ ပေါလုသည် အမှုတော်၌ အောင်မြင်မှုများကို ဂုဏ်ယူဝင့်ကြွားခြင်းမပြု။ ထိုစကားမှာ ယုဒဝါဒီ များကို စောင်းမြောင်းပြောခြင်းဖြစ်သည်။ ယုဒဝါဒီများသည် မိမိတို့လုပ်ဆောင်ချက် အောင်မြင်မှုများအပေါ်တွင် ဂုဏ်ယူကြွားဝါတတ်ကြသည်။ ပေါလု၏သိုးများခိုးဖို့ကြိုးစားကြသည်။ ပေါလု၏ သွန်သင်ချက်၊အပြုအမူ၊ မူဝါဒကို ပြစ်တင်ရှုတ်ချ၍ပေါလု၏သိုးများအား အညံ့စားနည်းဖြင့် ဆွဲဆောင်စည်းရုံးသည်။

ပေါလုသည် ထိုအပေါစား စည်းရုံးရေးနည်းဗျူဟာကို မကြိုက်၊ ကောရိန္သုသားများအား ဝိညာဉ်ရေးရာ အသိတရားခိုင်မာစေခြင်းဖြင့် သူတို့ကိုယ်တိုင်အမှားနှင့်အမှန်ဝေဖန် ပိုင်းခြားစေလိုသည်။ မိမိတို့ကိုယ်တိုင် ခွဲခြားတတ်ကြခြင်းဖြင့် စစ်မှန်သောအယူဝါဒကို သိရှိနိုင်ကြမည်။ ထို့ကြောင့် ကျယ်ကျယ်ပြန့်ပြန့် အမှုတော်ဆောင် ရန် နည်းဗျူဟာ ချမှတ်သည်။

လတ်တလောတွင် ကောရိန္သုသားများအား ဝိညာဉ်ရေးရာ အသိတရားကြွယ်ဝဖို့ အဟန့်အတား အနှောင့် အယှက်ရှိနေကြသည်။

၁၀:၁၆ ကောရိန္သုနယ်မြေကို ကျော်လွန်၍ (ဂရိပြည်အနောက်ပိုင်း၊ အီတလီ၊ စပိန်) ဧဝံဂေလိ တရားဟောပြောခြင်းဆိုသည်မှာ ဧဝံဂေလိဟောပြောလျှင် ပြီးရောဟု ယူဆခြင်းမဟုတ်။ ကောရိန္သုတွင် အခိုင်အမာခြေကုပ်ယူပြီးမှ အခြားသူများထံသို့ နယ်မြေချဲ့၍ ဟောပြောသည်။

(ပေါလု၏အန္တိမရည်မှန်းချက်၊ ဘုရားသခင်အား ချီးမွမ်းခြင်း (၁၀:၁၇၁၈)

          ၁၀:၁၇ တစုံတဦးဝါကြွားလိုလျှင် သခင်ဘုရား၌သာ ဝါကြွားရမည်ဟုဆိုသည်။ ထိုသူအပေါ်တွင်ဘုရား သခင်ပြုတော်မူသော ကောင်းကြီးမင်္ဂလာများ၌သာ ဂုဏ်ယူရမည်။

၁၀:၁၈ မိမိကိုယ်ကို ဝါကြွားခြင်းသည် ဘုရားသခင်အလိုတော်မဟုတ်။ ဘုရားသခင်၏ ကောင်းကြီး မင်္ဂလာပေးခြင်းဖြင့် ဝိညာဉ်များရိတ်သိမ်း၍အသင်းတော်တည်ဆောက်ခြင်းမဟုတ်ဘူးလား။ ဟောပြော သွန်သင် ခြင်းကြောင့် လူများအသက်တာ ပြောင်းလဲကြသည်ဟု ထင်မှတ်သလား။ ပေါလု၏စိတ်ဆန္ဒမှာ ဘုရားသခင် အမှုတော်တွင် လူကလုပ်ဆောင်သည်မှန်သော်လည်း ဘုန်းတန်ခိုးပေးသူသည် ဘုရားရှင်ဖြစ်ကြောင်း သိမှတ် ချီးမွမ်းသည်။

ဤအခန်းနှင့် နောက်အခန်းတွင်ပေါလုကသူ့အား သူရူးဟုစွပ်စွဲကြခြင်းကို ဝန်ခံထားသည်။ မှန်ပါသည်။ ပေါလုသည် အမှုတော်တခုတည်းကိုသာ အာရုံစူးစိုက်၍ လုပ်ဆောင်သည်။ ကောရိန္သုသားများလည်း သူကဲ့သို့ အမှုတော်မြတ်ကို စွဲလန်းစေချင်သည်။

ထိုအကြားထဲတွင် အယူမှားမိစ္ဆာဆရာများက ဝင်နှောက်သည်။ ပေါလုတို့၏ အမှုတော်အောင်မြင်မှုများ ကို ညှိုးနွမ်းအောင် ဖျက်လိုဖျက်ဆီး လိုက်လုပ်ကြသည်။ ထိုသူများကဲ့သို့ ပေါလုမလုပ်။ နှုတ်ကပတ်တော်ကိုသာ မှန်မှန်ကန်ကန်လိုက်ဟောသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။