၂ကော - ၁၁

ပေါလုနှင့်မိစ္ဆာတမန်တော်များ
1ငါမိုက်မဲသောအပြစ်ကို သင်တို့သည် ခဏသည်းခံစေခြင်းငှာ ငါအလိုရှိ၏။ ခဏ သည်းခံကြပါလော့။- 2အကြောင်းမူကား၊ ငါသည် သင်တို့ကို သီလနှင့်ပြည့်စုံသော သတို့သမီးကညာကဲ့သို့ ခရစ်တော်အား ဆက်အံ့သောငှာ၊ သင်တို့ကို လင်တစ်ဦးနှင့် ထိမ်းမြားဆောင်နှင်းပြီးသောကြောင့် ဘုရားသခင်၏ အလိုတော်အတိုင်း စိုးရိမ်သောစိတ်နှင့် သင်တို့ကို စောင့်ရှောက်လျက် နေ၏။- 3မြွေသည် မိမိပရိယာယ်အားဖြင့် ဧဝကိုလှည့်စားသကဲ့သို့၊ သင်တို့သည် စိတ်ဆွေးမြေ့ယိုယွင်း၍၊ ခရစ်တော်ကို အကြွင်းမဲ့ချစ်သောစိတ် ပျောက်မည်ဟု စိုးရိမ်ခြင်းရှိ၏။- 4သင်တို့ရှိရာသို့ ရောက်လာသောသူသည် ငါတို့ မဟောမပြောသေးသော ယေရှုတစ်ပါးကို ဟောပြောသော်လည်းကောင်း၊ သင်တို့သည် မခံရသေးသော ဝိညာဉ်တော်တစ်ပါးကို ခံရသော်လည်းကောင်း၊ နားမထောင်သေးသော ဧဝံဂေလိတရားစကားကို နားထောင်သော်လည်းကောင်း၊ ထိုသူကို သည်းခံကောင်း၏။
5ငါသည် အကြီးဆုံးသော တမန်တော်အောက် အလျှင်းမယုတ်သည်ကို ငါသဘောရှိ၏။- 6စကားအားဖြင့် လူရိုင်းဟုတ်သော်လည်း၊ ပညာအားဖြင့် လူရိုင်းမဟုတ်။ သင်တို့တွင် အရာရာ၌ ငါတို့သည်အစဉ် ကိုယ်ကိုကိုယ်ထင်ရှားစွာ ပြကြပြီ။- 7သင်တို့ကို ချီးမြှောက်ခြင်းငှာ၊ ကိုယ်ကိုကိုယ်နှိမ့်ချလျက်၊ ကျေးဇူးဆပ်ခြင်းကို မခံဘဲ၊ သင်တို့အား ဘုရားသခင်၏ ဧဝံဂေလိတရားကို ဟောပြောသည်အရာမှာ ငါသည် အပြစ်ရှိသလော။- 8သင်တို့အမှုကို ဆောင်ရွက်မည်အကြောင်း၊ အခြားသောအသင်းတော်များ ပေးသောစရိတ်ကို ငါခံ၍၊ သူတို့ကို လုယူရာသို့ ရောက်လေပြီတကား။- 9သင်တို့နှင့်အတူရှိနေ၍ တစ်စုံတစ်ခုကိုလိုသောအခါ အဘယ်သူကိုမျှ ငါမနှောင့်ယှက်။ အကြောင်းမူကား၊ မာကေဒေါနိပြည်ကလာသော ညီအစ်ကိုတို့သည် ငါလိုသမျှကိုပေးကြ၏။ သင်တို့ကို အလျှင်းမနှောင့်ယှက်ဘဲ သတိနှင့်နေခဲ့ပြီ။ နောင်၌လည်း သတိနှင့်နေဦးမည်။- 10ခရစ်တော်၏သစ္စာတရားသည် ငါ၌ ရှိသည်ဖြစ်၍၊ အခါယပြည်များတို့၌ ဤသို့ ငါဝါကြွားသည်အမှုကို အဘယ်သူမျှ မဆီးတားရ။- 11အဘယ်ကြောင့်နည်း၊ သင်တို့ကိုငါမချစ်သလော။ ဘုရားသခင် သိတော်မူ၏။
12အခွင့်ရလိုသောသူတို့သည် အခွင့်မရစေခြင်းငှာလည်းကောင်း၊ ဝါကြွားခြင်းအရာ၌ သူတို့သည် ငါကဲ့သို့ ထင်ရှားစွာ ဖြစ်စေခြင်းငှာလည်းကောင်း၊ ငါပြုခဲ့ပြီးသည်အတိုင်း အစဉ်ပြုဦးမည်။- 13အကြောင်းမူကား၊ ထိုသူတို့သည် မိစ္ဆာတမန်တော်ဖြစ်ကြ၏။ ခရစ်တော်၏တမန် ဖြစ်ယောင်ဆောင်၍ လှည့်ဖြားတတ်သော အမှုစောင့်ဖြစ်ကြ၏။- 14ဤအမှုသည် အံ့ဩဖွယ်ဖြစ်သည်မဟုတ်။ စာတန်ပင်လျှင် လင်းသောကောင်းကင်တမန် ဖြစ်ယောင်ဆောင်တတ်၏။- 15သို့ဖြစ်၍ သူ၏ဆရာတို့သည်လည်း ဖြောင့်မတ်ခြင်းတရားကို ဟောသောဆရာ ဖြစ်ယောင်ဆောင်လျှင်၊ အဘယ်ဆိုဖွယ်ရှိသနည်း။ သူတို့သည် ကိုယ်ကျင့်သောအကျင့်အတိုင်း နောက်ဆုံး၌အကျိုးအပြစ်ကို ခံရကြလတ္တံ့။
ပေါလုခံရသောဆင်းရဲဒုက္ခများ
16တစ်ဖန် ငါဆိုသည်ကား၊ ငါ့ကိုသူရူးဖြစ်သည်ဟု အဘယ်သူမျှ မထင်စေနှင့်။ သို့မဟုတ် ငါဝါကြွားစရာ အခွင့်အနည်းငယ်ရှိစေခြင်းငှာ ငါ့ကိုသူရူးကဲ့သို့ မှတ်၍ သည်းခံကြလော့။- 17ဤသို့ငါပြောသောစကားမှာ သခင်ဘုရား၏နည်းတူ ငါပြောသည်မဟုတ်။ သူရူးကဲ့သို့ ရဲရင့်စွာ ဝါကြွားလျက်ပြောဆို၏။
18လူများတို့သည် လောကီအခြင်းအရာ၌ ဝါကြွားသောကြောင့် ငါသည်လည်းဝါကြွားရ၏။- 19သင်တို့သည်လိမ္မာသောသူဖြစ်သောကြောင့်၊ သူရူးတို့ကို စေတနာစိတ်နှင့် သည်းခံကြ၏။- 20သူတစ်ပါးသည် သင်တို့ကို ကျွန်ခံစေခြင်း၊ ရောင်း၍စားခြင်း၊ ဥစ္စာကိုလုယူခြင်း၊ ရန်တွေ့ခြင်း၊ ပါးပုတ်ခြင်းကိုပြုလျှင် သင်တို့သည် သည်းခံကြ၏။- 21ငါတို့သည်အစွမ်းသတ္တိမရှိဟု ကဲ့ရဲ့ခြင်းကို အမှတ်ပြု၍ ငါပြော၏။ အကြင်အရာကို သူတစ်ပါး မှီဝဲ၍ ရဲရင့်၏။ ထိုအရာကိုငါမှီဝဲ၍ ရဲရင့်ခြင်းရှိ၏ဟု သူရူးကဲ့သို့ငါဆို၏။- 22သူတို့သည် ဟေဗြဲလူဖြစ်ကြသလော။ ငါသည်လည်း ဖြစ်၏။ သူတို့သည် ဣသရေလလူ ဖြစ်ကြသလော။ ငါသည်လည်း ဖြစ်၏။ သူတို့သည် အာဗြဟံအမျိုးဖြစ်ကြသလော။ ငါသည်လည်း ဖြစ်၏။- 23သူတို့သည် ခရစ်တော်၏ဓမ္မဆရာ ဖြစ်ကြသလော။ ငါသည် အထူးသဖြင့်ဖြစ်၏ဟု သူရူးကဲ့သို့ဆိုရ၏။ ပင်ပန်းစွာအမှုကို အထူးသဖြင့် ဆောင်ရွက်သောသူ၊ ရိုက်ပုတ်ခြင်း၊ ထောင်ထဲ၌လှောင်ထားခြင်းကို အထူးသဖြင့် ခံရသောသူ၊ သေဘေးနှင့် အကြိမ်ကြိမ် တွေ့ကြုံသောသူဖြစ်၏။- 24ငါးကြိမ်မြောက်အောင် ယုဒလူတို့လက်တွင် ဒဏ်ချက် လေးဆယ်တစ်ခုယုတ် ငါခံခဲ့ရပြီ။- 25သုံးကြိမ်မြောက်အောင် ကြိမ်လုံးနှင့် ရိုက်ခြင်းကိုလည်းကောင်း၊ တစ်ကြိမ် ခဲနှင့် ပစ်ခြင်းကိုလည်းကောင်း ငါခံရပြီ။ သုံးကြိမ်မြောက်အောင် သင်္ဘောပျက်ခြင်းကို ခံရပြီ။ တစ်နေ့နှင့် တစ်ညပတ်လုံး ပင်လယ်ထဲမှာ နေရပြီ။- 26အကြိမ်ကြိမ် ဒေသစာရီလှည့်လည်ပြီ။ မြစ်ကို ကူးသောဘေး၊ ဓားပြတိုက်သောဘေး၊ အမျိုးသားချင်း ပြုသောဘေး၊ တစ်ပါးအမျိုးသားပြုသောဘေး၊ မြို့ရွာ၌ ရောက်သောဘေး၊ တော၌ရောက်သောဘေး၊ ပင်လယ်ဘေး၊ ညီအစ်ကိုဖြစ်ယောင်ဆောင်သော သူတို့ပြုသောဘေး၊ ဤဘေးများကို ငါတွေ့ခဲ့ပြီ။- 27ပင်ပန်းစွာ အမှုဆောင်ရွက်ခြင်း၊ အကြိမ်များစွာ မအိပ်ဘဲစောင့်နေခြင်း၊ မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း၊ အကြိမ်ကြိမ်အစာရှောင်ခြင်း၊ အချမ်းအအေးခံရခြင်း၊ အဝတ်အချည်းစည်းရှိခြင်း၊ ဤဆင်းရဲခြင်းများကို ငါခံခဲ့ပြီ။
28ထိုအမှုမှတစ်ပါး၊ အသင်းတော်အပေါင်းတို့ကို စိုးရိမ်သောစိတ်နှင့် ကြည့်ရှုပြုစု၍ နေ့တိုင်းအစဉ် နှောင့်ယှက်ခြင်းကို ငါခံခဲ့ရ၏။- 29ငါမနွမ်းရိဘဲ အဘယ်သူ နွမ်းရိသနည်း။ ငါသည် စိတ်မပူပန်ဘဲ အဘယ်သူ ဖောက်ပြန်သနည်း။- 30ငါသည် မဝါကြွားဘဲ မနေရသည်မှန်လျှင်၊ ကိုယ်နွမ်းရိသောအဖြစ်ကိုသာ အကြောင်းပြု၍ ဝါကြွားမည်။- 31ငါသည် မုသားမပြောသည်ကို ထာဝရမင်္ဂလာရှိတော်မူသော ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင် သိတော်မူ၏။
32ဒမာသက်မြို့၌ အရေတမင်းကြီးခန့်ထားသော မြို့ဝန်သည် ငါ့ကို ဖမ်းဆီးခြင်းငှာအလိုရှိ၍၊ ဒမာသက်မြို့ကိုစောင့်စဉ်တွင်၊- 33တပည့်တော်တို့သည် ငါ့ကိုတောင်း၌ ထည့်ပြီးလျှင်၊ ပြတင်းပေါက်မှထုတ်၍ မြို့ရိုးပေါ်က လျှော့ချသဖြင့် ထိုမြို့ဝန်လက်မှ ငါပြေး၍လွတ်ရ၏။

၂ကော - ၁၁ (အနက်ဖွင့်)

(တမန်တော်စစ်မှန်ကြောင်း အခိုင်အမာဆိုခြင်း (၁၁:၁၅)

          ၁၁: ငါ့မိုက်မဲသောအပြစ်ကို ခဏသည်းခံစေခြင်းငှါ ငါအလိုရှိ၏။ ခဏသည်းခံကြလော့။ ပေါလု၏ဂုဏ်ယူဝင့်ကြွားခြင်းကို ခဏသည်းခံဖို့ မေတ္တာရပ်ခံထားသည်။ သို့သော်လည်းကောရိန္သုသားများသည် ပေါလုပြောဆိုသည့်အတိုင်း လုပ်ဆောင်ခဲ့ကြပြီး ဖြစ်၍ ထိုသို့မေတ္တာရပ်ခံခြင်းသည် နောက်ကျနေပြီ။

၁၁: တောင်းပန်မေတ္တာရပ်ခံရသည့် အချက်(၃)ချက်ရှိသည်။ ပထမဆုံးအချက်မှာ ကောရိန္သုသား များသည် ဘုရားသခင်က သဝန်တိုလောက်အောင်ချစ်ခင်သကဲ့သို့ ပေါလုကလည်း အူတိုသည်။ ကောရိန္သုသားများ သည် ခရစ်တော်နှင့် လက်ထပ်ထိမ်းမြားဖို့ စေ့စပ်လမ်းကြောင်းလမ်းထားပြီးသူများ ဖြစ်သည်။ ကောရိန္သုသန့်ရှင်း သူများ၏ ဝိညာဉ်ရေးရာကို သိမှတ်စွဲလန်းသည်။ မှားယွင်းသောဆရာများနောက်သို့ နဝေတိမ်တောင် ရေလိုက် မှားခြင်းမရှိဘဲ၊ နောင်ကာလ ဘုရားသခင်နေ့ရက်တွင် ချီဆောင်ခြင်း၌ ပါသွားစေချင်သည်။ ထိုသို့ အူတိုခြင်း ဖြစ်သည်။

၁၁: ဒုတိယအချက်မှာ ခရစ်တော်အားစွဲလန်းမှုကို ပစ်ပယ်မှာစိုးရိမ်ခြင်းဖြစ်သည်။ စာတန်၏ မူယာ မာယာတောတွင် လှည့်ဖျားခံရ၍ ခရစ်တော်အားပစ်ခွာကြမည်ကို စိုးရိမ်သည်။ ခရစ်တော်တပါးတည်းသို့သာ သစ္စာရှိစေချင်သည်။ အခြားသောနေရာများသို့ မေတ္တာမများစေချင်။ ခရစ်တော်ဘုရားသာ ချစ်ခင်မြတ်နိုးစေ ချင်သည်။

ဧဒင်ဥယျာဉ်တွင် မြွေဟောက်က ဧဝကိုလိမ်ညာသည့် အဖြစ်ဆိုးမျိုး မကြုံစေချင်။ ယခုထိုမြွေဟောက် မိစ္ဆာဆရာများ ကောရိန္သုသို့ ချဉ်းကပ်နေပြီ။ ကောရိန္သုသားများအား ဖိုမသန်းဘူးသည့် ကညာစင်အသက်တာမျိုး ရှိစေချင်သည်။

၁၁: တတိယအချက်မှာ မှားယွင်းသောဆရာများ၏ စကားအပါအဝင် ကြားလေသမျှကို နားထောင် စပ်စုတတ်ခြင်းဖြစ်သည်။

ပေါလုတို့ မပြောသော အခြားယေရှုတယောက်အကြောင်းလာပြောသူရှိလျှင် နားထောင်ကြသည်။ ပေါလုတို့ပြောသော သန့်ရှင်းသောဝိညာဉ်တော်ထက် အခြားဝိညာဉ်တော်က ပိုကောင်းသည်ဟုဆိုလျှင်လည်း ယုံကြည်ကြသည်။ အခြားဧဝံဂေလိတရားရှိသည်ဟု ဆိုလျှင်လည်း လက်ခံကြသည်။ ထိုသို့ယောင်ခြင်းသည် စိတ်မခိုင်မြဲခြင်း ဖြစ်သည်။ ထို့ကြောင့် ပေါလုက ထိုသို့မျက်နှာများနေကြလျှင်ငါနှင့်အဘယ်သို့ နေစရာ အကြောင်းမရှိဟု ဆိုသည်။

သူတို့နောက်လိုက်သွားကြပါလား ဆိုသည်မှာ ထေ့ငေါ့ပြောဆိုခြင်း ဖြစ်သည်။ တမင်တကာ သွားစေချင် ၍ မဟုတ်ပါ။ အလိမ်အညာခံခြင်းကို သတိပေးခြင်းဖြစ်သည်။

၁၁: ပေါလုက ထူးမြတ်လှပါသည်ဟု ဆိုသည့် တမန်တော်များထက် အလျဉ်းမနိမ့်ဟု ခံယူထားသည်။ အထူးမြတ်ဆုံး တမန်တော်ဟု သုံးထားသည်။ အမြင့်ဆုံး တမန်တော်ဟု ဆိုလိုသည်။

အချို့ကျမ်းစာပညာရှင်များက အထူးမြတ်ဆုံးတမန်တော်ဆိုသည်မှာ ပေတရုကို ရည်ညွှန်းခြင်း ဖြစ်သည်ဟု ဆိုကြသည်။ ပေတရုသည် တပည့်တော် (၁၂)ပါးထဲတွင် အကြီးအကဲ သဖွယ်ဖြစ်ခဲ့သည်။

၁၁: ပေါလုက သင်တို့စွပ်စွဲသကဲ့သို့ အပြောအဟော အာဝဇွန်းညံ့ချင်ညံ့မည်။ သို့သော်လည်း သမ္မာတရားအသိမှာ လုံးဝမညံ့ဟု ရဲရဲတောက်ငြင်းပယ်သည်။ အဘယ့်ကြောင့် ထိုသို့ဆိုဝံ့သနည်း။ ခရစ်တော် ပေါလု၏ သွန်သင်ချက်များကို ကောရိန္သုသားများ အသက်တာတွင် အကျိုးဖြစ်ထွန်းခဲ့သည်။ အပြောအဟော အားနည်းချက်ရှိနိုင်သော်လည်း အသိတရားကြွယ်ဝမှုကြောင့် တရားနာပရိတ်သတ်များ သန့်ရှင်းသူ၊ သူတော်စင် များ ဖြစ်ခဲ့ပြီ။ ကောရိန္သုသားများကိုယ်တိုင် သက်သေသက်ကာယ ဖြစ်နေကြပြီ။

၁၁၇ အကယ်၍ ပေါလု၏ အသိဉာဏ်ပညာသည် ဉာဏ်ပညာအမှန်မဟုတ်ခဲ့လျှင် သူ၏တရားနာ ပရိသတ်များ၏ ဘဝသည် ဂျွမ်းထိုးမှောက်ခုန်ဖြစ်ကုန်မည်။ မိမိကိုယ်ကိုနှိမ့်ချလျက် သတင်းကောင်းကို အခမဲ့ ဟောပြောခဲ့သည်။ အလှူဒါန တပြားတချပ်မှ ရယူလက်ခံခြင်းမရှိဘဲ၊ သမ္မာတရားကိုသာ စိတ်ရင်းစေတနာ သန့်သန့်ဖြင့် ဟောပြောခဲ့သည်။ အကယ်၍ အပြစ်ရှာတွေ့သည်ဆိုလျှင်လည်း အောက်ကျို့နှိမ်ချစွာ ဆက်ဆံခြင်းသာဖြစ်ပေမည်။

၁၁: အသင်းတော်များကို ဓါးပြတိုက်ရသကဲ့သို့ ဖြစ်၏ဆိုခြင်းမှာ ပေါလု၏ တကယ့်ခံစားချက် စကားဖြစ်သည်။ စိတ်နှလုံးထဲမှ အုံကြွပေါ်ထွက်လာခြင်းဖြစ်သည်။ အသင်းတော်များကို အမှန်တကယ် ဓါးပြတိုက်ခြင်းမဟုတ်ပါ။ ကောရိန္သုသားများအား သွန်သင်ရာတွင် ကောရိန္သုသားများထံမှ အလှူဒါန ငွေကြေး ခြူးတပြားမှစ၍ အခြားအသင်းတော်များ၏ ထောက်ပံ့ရယူခြင်းကို ဆိုလိုသည်။

၁၁: ကောရိန္သုတွင် ရှိခဲ့စဉ် အမှန်တကယ်ငွေကြေးပြတ်လပ်ခဲ့သည်။ အသုံးလိုခဲ့သည်။ ထိုအကြောင်းကို ကောရိန္သုသားများ ပြောပြသော်လည်း ကောရိန္သုသားများလည်း မလုပ်ဆောင်ပေးကြခြင်းလား။ မဟုတ်ပါ။ အလျဉ်းမပြောပါ။ ယူလည်းမယူပါ။ မာကေဒေါနိမှ ယုံကြည်သူအချို့၏ နာဝကမ္မ အလှူငွေများဖြင့်သာ အသက်ဆက်ခဲ့သည်။

ပေါလုသည် ကောရိန္သုသားများအား ဝန်ထုပ်ဝန်ပိုး အလျဉ်းမဖြစ်စေချင်။ မိမိကိုယ်ကို ထိန်းသိမ်းဖြစ် နေသည်။ ကောရိန္သုသားများ ဘုရားတရားသိရှိခြင်းကိုသာ အဓိကဦးစားပေးသည်။ သူတို့ကိုကြည့်ရှုစောင့်ရှောက် သောတမန်တော်တယောက်အနေနှင့် ရပိုင်ခွင့်ရှိသော်လည်း အခွင့်အရေးမယူ။

၁၁:၁၀ ထိုသို့ ကောရိန္သုသားများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ၊ တရားဟောကြားသည့်အကြောင်းကို အခါယပြည်အနှံတွင် သက်သေခံသည်။ အခါယပြည်သည် ကောရိန္သုမြို့ ပါဝင်သောပြည်ဖြစ်သည်။ ထိုစကားသည် ပေါလုအား သမုသ်စွပ်စွဲသူများကို တန်ပြန်တိုက်ခိုက်ချေပခြင်းဖြစ်သည်။ အခကြေးငွေ ခြူးတပြားမခံယူဘဲ၊ တမန်တော်ပီပီ အသက်တာဆပ်ကပ်ခဲ့ကြောင်း သက်သေထူသည် (၁ကော ၉)။ ငွေကြေးထောက်ပံ့မှုရသည်ဖြစ် စေ၊ မရသည်ဖြစ်စေ၊ အဓိကမဟုတ်၊ စွပ်စွဲပုတ်ခတ်ကြသည်ကိုလည်း ဂရုမစိုက်၊ မိမိမှန်ကန်လျှင် ခေါင်းဘယ်မှ မရွေး၊မိမိရည်မှန်းချက်အတိုင်းကြောင့် အမှုတော်ကို ဆက်လက်ထမ်းဆောင်သည်။

၁၁:၁၁ အဘယ့်ကြောင့်ထိုသို့ ပြင်းပြင်းထန်ထန်ပြောရသနည်း။ ကောရိန္သုသားများနှင့် လက်တွဲဖြုတ်  ချင်၍လား ကောရိန္သုသားများကို မနှစ်သက်၍မဟုတ်။ နှစ်သက်ချစ်ခင်ကြောင်း ဘုရားရှင်သိပါသည်။ စိတ်နှလုံးအကြွင်းမဲ့ချစ်ပါသည်။ အဝေဖန်ခံရလျှင်လည်း အမှတ်မထား အထောက်အပံ့မရယူဘဲလျက် ဤမျှ သွားပုပ်လေလွင့် အပြောခံရလျှင် တကယ်သာလက်ခံခဲ့ပါက မည်မျှအမနာပပြောကြမည်နည်း။ ပေါလု မဖြုံ။ ဗိုလ်နေမြဲ ကျားနေမြဲဆက်နေမည်အမှန်။

၁၁:၁၂ ယုဒဆရာများသည် ကောရိန္သုသားများထံမှ အလှူငွေတောင်းခံကြသည်။ လက်ခံရာယူကြဟန်တူ ပါသည်။ သို့သော်လည်း ပေါလုက သူ့ခံယူချက်အတိုင်း အခကြေးငွေ ရယူမည်မဟုတ်။ အကယ်၍ ယုဒဝါဒီများ ဂုဏ်ယူဝါကြွားလိုကြလျှင် တခြားနည်းလမ်းဖြင့်သာ ဂုဏ်ယူဝါးကြပါစေ။ ပေါလုကဲ့သို့ ကိုယ်ကျင့်တရား၌ လိပ်ပြာသန့်ရှင်းရှိနိုင်မည်မဟုတ်။ ယုဒဆရာသမားများသည် အခကြေးငွေမပါလျှင် လုပ်ဆောင်ကြသူများ မဟုတ်။ ထိုသူများ၏ ဂုဏ်ယူဝါကြွားခြင်းသည် သူတို့ခြေထောက်အောက်၌သာ ရှိသည်။

၁၁:၁၃ ထိုသူများ၏ ရုပ်လုံးကို ပေါလုဖွင့်ပြလိုက်သည်။ ကြာကြာ ဟန်ဆောင်နိုင်ကြမည်မဟုတ်။ မျက်နှာဖုံးစွပ်နိုင်ကြမည်မဟုတ်ပါ။ သခင်ယေရှုခရစ်တော်နှင့် မဆိုင်သော တမန်တော်အတုများသာဖြစ်သည်။ သူတို့လုပ်ဆောင်ချက်များသည် ဗူးပေါ်သကဲ့သို့ ပေါ်လာသည်။ အသင်းတော်တပါးမှတပါးသို့ ကူးပြောင်းသော လှည့်ဖျားညာစားသူများဖြစ်သည်။ ခရစ်တော်၏ တမန်တော်အယောင်ဆောင်သူများဖြစ်သည်။ ထိုကြောင့် ထိုသူများနှင့် ပေါလုအနှိုင်းမခံချင်။ ဂုဏ်သိက္ခာကျသည်။

ထိုသို့ တမန်တော်အတုအယောင်များ ယနေ့ကာလတွင်လည်း အမှန်တကယ်ရှိနေသည်။ “မကောင်းဆိုး ဝါးမှန်းသိကြသည်။ သွန်သင်လမ်းပြခြင်း ပြုနိုင်စွမ်းမရှိမှန်း နားလည်ကြသည်။ အနှစ်သာရမရှိမှန်း မြင်ကြ သည်။ အကြံကောင်း ဉာဏ်ကောင်းများပေးသော်လည်း သူကိုယ်တိုင်မလုပ်ဆောင်” (သီးသန့်ရှင်းပြချက်)

၁၁:၁၄ ကောရိန္သုအသင်းတော်သို့ ဆရာအတုအယောင်များ ခရစ်တော်၏တမန်တော်များဝင်ရောက် လာခြင်းကို ပေါလုမအံ့သြပါ။ ထူးဆန်းသည်ဟု မထင်။ အဘယ်ကြောင့်ဆိုသော် စာတန်သည် ကောင်းကင် တမန်ကဲ့သို့ပင် အယောင်ဆောင်၍ အမျိုးမျိုးလှည့်စားတတ်သူဖြစ်ကြောင်း ပေါလုသိရှိသည်။

စာတန်ကို ပုံစံအမျိုးမျိုးဖြင့် ပုံဖော်ထားသည်။ ဦးချိုတချောင်း အမြီးရှိ၍ ပုံဆိုးပန်းပျက် မကောင်းဆိုးဝါး ကောင်ကဲ့သို့ သာမန်အားဖြင့် မြင်နိုင်သည်။ လူကဲ့သို့လည်း ဖန်ဆင်းနိုင်သည်။ လူထဲတွင်လည်း ခိုအောင်းနိုင် သည်။

အချို့က မူးယစ်သောက်စား၊ လမ်းဘေးမှာအော့အန်ထိုးလဲသူဟု မြင်သည်။ ထိုအရာများသည် စာတန် စင်စစ်မဟုတ်။ လက္ခဏာများသာဖြစ်သည်။

ကောင်းကင်တမန်ကဲ့သို့ အလင်းအသွင်ယူနိုင်သည်ဟု ဆိုထားသည်။ တရားပလ္လင်ပေါ်တွင် သိက္ခာတော် ရ ဝတ်ရုံခန်းညားစွာ ဆင်မြန်း၍ ဒေသနာများကို ဟောကြားနိုင်သည်။ ဘုရားသခင်၊ ယေရှု၊ သမ္မာကျမ်းစာ စသော ဝေါဟာရများကိုလည်း ထပ်လဲလဲသုံးနှုန်းနိုင်သည်။ သို့သော် ဟောကြားချက်တရားဒေသနာသည် ကယ်တင်ခြင်းသို့ မရောက်။ လူမှုရေးတွင် ခရစ်တော်၏အသွေးတော်အကြောင်း ကယ်တင်ခြင်းအကြောင်း မပါရှိပါ။

၁၁:၁၅ J.N Darby က”စာတန်သည် ဘယ်သောအခါမှ သမ္မာကျမ်းစာအုပ်ကို မထိရဲ”ဟုဆိုသည်။ ထိုစကားသည် ဤကျမ်းပိုဒ်အတိုင်းဖြစ်သည်။ စာတန်ကိုယ်တိုင်သည် မှားယွင်းသောဆရာဖြစ်သကဲ့သို့ စာတန်၏ အစေအပါးများက လိမ်လည်လှည့်ဖျားကောက်ကျစ်သည်မှာ အံ့သြစရာမဟုတ်။ မည်သို့ဆိုးညစ်ကြသနည်း။ မှားယွင်းသောဆရာအဖြစ်ဖြင့်လား၊ ယုံမှားစေခြင်းဖြင့်လား၊ သစ္စာဖောက်ဖျက်စေခြင်းဖြင့်လား မဟုတ်ပါ။ ဖြောင့်မတ်သော အမှုတော်ဆောင်ကဲ့သို့ ဝင်ရောက်တတ်သည်။ ဘာသာရေသမားသဖွယ် ပြုမူတတ်သည်။ လူအများကို သမ္မာတရားသို့ ခေါ်ဆောင်ဟန်ရှိသော်လည်း ထိုသူများမှာ စာတန်၏လက်ပါးစေများသာ ဖြစ်သည်။

နောက်ဆုံးတွင်မူ ထိုက်သင့်သောအကျိုး၊ ကံတူအကျိုးပေးခံစားကြရမည်။ ပျက်စီးကြရမည်။ လုံးဝပျက်သုဉ်းကြရမည်။ မိမိတို့လုပ်ဆောင်သည့်အတိုင်း ခရီးရောက်ကြရမည်။

(ခရစ်တော်၏ တမန်တော်ဘဝဖြင့် ခံစားရသော ဆင်းရဲဒုက္ခများ (၁၁:၁၆၃၃)

၁၁:၁၆ ပေါလုကသူ၏ဝါကြွားဂုဏ်ယူခြင်းကို သူရူးဟု မထင်မှတ်ကြနှင့်ဟုဆိုသည်။ သို့သော်ကောရိန္သု သားများက ထင်မှတ်လျှင်မူ ရှိပါစေ။ သူ့အတွက်ဂုဏ်ယူစရာအနည်းငယ် ဖြစ်ပါစေဟုဆိုသည်။

ဒုတိယပိုင်းတွင် အနည်းငယ်ဝါကြွားခြင်းဟုဆိုသည်။ ထိုခေတ်ကာလတွင် အယူမှားဆရာများ ဝါကြွားထောင်လွှားကြသည်။ ထိုဆရာတုများနည်းတူ အမှန်တကယ် သူရူးမဟုတ်သော်လည်း သူရူးဟုထင်မှတ် လျှင် ဝါကြွားစရာအနည်းငယ် အပြစ်ရှိပါစေဟုဆိုသည်။ ထို့ကြောင့်ဆရာပီသအောင် အနည်းငယ် ဂုဏ်ယူခြင်း ဖြစ်သည်။

၁၁: အဓိပ္ပါယ်(၂)မျိုးဖွင့်ဆိုကြသည်။ အချို့က သခင်ဘုရား၏ အမှန်တရားဖော်ပြခြင်း မဟုတ်ဟု ခံယူကြသည်။

အချို့ကမူ ပေါလု၏ဝါကြွားခြင်းထက် အလိုတော်အတိုင်းမဟုတ်ဟု ခံယူတတ်ကြသည်။ အဘယ်ကြောင့် ဆိုသော် ယေရှုသည် ဘယ်သောအခါမှ ဝါကြွားခြင်းမရှိခဲ့။

ဖိလိပ္ပိက ပထမအဓိပ္ပါယ်ဖွင့်ဆိုချက်အတိုင်း “ငါသည် သခင်ဘုရားက အမိန့်ရှိ၍ ဝါကြွားခြင်းမဟုတ်၊ သို့သော်လည်း သူရူးတို့သဘာဝအတိုင်း ဝါကြွားခြင်းဖြစ်သည်”ဟု သဘောတူခဲ့သည်။

ဒုတိယအမြင်ကို ထောက်ခံချင်သည်။ ဝါကြွားခြင်းသည် သခင်ဘုရားအလိုတော်မဟုတ်ပါ။ ပေါလုသည် သူရူးပမာ မိမိကိုယ်ကို ဂုဏ်ယူဝါကြွားသည်။ Ryrieက ဤသို့ထောက်ခံထားသည်။ “ပေါလုက သူ့ကိုယ်ကို ဝါကြွားသည်ဟု ဆိုသည်။ ထိုစကားသည် သူ့အသိစိတ်ရှိရှိဖြင့် ပြောခြင်းဖြစ်သည်။ ထို့ကြောင့် သူဝါကြွားခြင်း သည် ဝိညာဉ်နှင့်မဆိုင်”၄၁ဟုဆိုသည်။

၁၁:၁၈ ကောရိန္သုသားများက လတ်တလောအခြေအနေကို သိမြင်ကြသည်။ ဇာတိသားဆရာများသည် သူတို့ကိုယ်ကို ဝါကြွားကြကြောင်း တွေ့မြင်ကြသည်။ ပေါလုသည်လည်း ဝါကြွားချင်လျှင် ဝါကြွားဆရာရှိပါသည်။

၁၁:၁၉ ပေါလုက ခနဲ့ပြန်သည်။ သူတို့ကိုယ်သူတို့ ပညာရှိများဟု သွေးနားထင်ရောက်နေကြသောကြောင့် အကယ်၍ သင်တို့သည် ပညာရှိမှန်လျှင် လူမိုက်များကို နားလည်ခွင့်လွှတ်သည့် ယဉ်ကျေးမှုထုံးစံရှိသည့်အတိုင်း သူကိုလည်း လူမိုက်တယောက်အနေဖြင့် သည်းခံကြပါဟု ငေါ့လိုက်သည်။ သို့သော်လည်း ငေါ့ရုံသာမဟုတ်။ ထိုအတိုင်းဖြစ်ပျက်နေကြသည်။

၁၁:၂၀ ကောရိန္သုသားများသည် လူ့အကျင့်စရိုက်လက္ခဏာအမျိုးမျိုး ရှိသူများကိုလည်း နားလည်သိရှိ သူများဖြစ်သည်။

ထိုအကျင့်စရိုက် လက္ခဏာအမျိုးမျိုးရှိသူဆိုသည်မှာ မည်သူတွေနည်း။ ကောရိန္သုအသင်းတော်တွင် ချယ်လှယ်နေကြသော ယုဒဝါဒီများ အတုအယောင်ဆရာများဖြစ်သည်။ ပထမဦးစွာ ထိုသူများကို ကျွန်ပြုသူများ ဟုဆိုသည်။ ထိုစကားသည် (တ ၁၅:၁၀) ကို ရည်ညွှန်းသည်။ ထိုသူများ၏ သွန်သင်ချက်များသည် ခရစ်တော်၏ ကယ်တင်ခြင်းသို့မရောက် မောရှေ၏ပညတ်တရားအောက်သို့ တရားနာပရိသတ်ပို့ဆောင်သူများဖြစ်သည်။

ဒုတိယအချက်အဖြစ် ရောင်းစားသူများဟုဆိုသည်။ ဆိုလိုသည်မှာ သန့်ရှင်းသူများထံသို့ အခကြေးငွေ ကောက်ခံရယူခြင်းဖြစ်သည်။ မေတ္တာတရားမဖက်ဘဲငွေကြေးမက်၍ လုပ်စားသူများဖြစ်သည်။ တရားနှင့် ငွေကြေးလဲလှယ်ခြင်းဟု ဆိုသည်။

ဥစ္စာလုယူခြင်းဆိုသည်မှာ မျှားခြင်း၊ ထောင်ချောက်ဆင်ခြင်းကို ဆိုလိုသည်။ မှားယွင်းသောဆရာများ၏ တရားနာပရိသတ်၏ အကြိုက်ဆောင် မြှောက်ပေးခြင်းဖြင့် ခြူစားခြင်းကို ဆိုလိုသည်။

ဆရာတုများ၏လုပ်ဆောင်ပုံ အမူအကျင့်များဖြစ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းကို ဂုဏ်ယူဝင့်ကြွားတတ် ကြသေးသည်။ အခြားသူများကို ဝေဖန်ပုတ်ခတ်ခြင်းဖြင့်လည်း မိမိကိုယ်ကို သူကောင်းပြု အမှတ်ယူကြသည်။

နောက်ဆုံးတွင် အသင်းတော်မျက်နှာမကြည့်ရဲ ဘဲထွက်ပြေးကြသည်။ အဘယ့်ကြောင့်ဆိုသော် ကာလ ကြာသည်နှင့်အမျှ နွားပြာကြီးအကြောင်း သိကြသောကြောင့် နွားသားရေကို ဖင်ခုမထိုင်ချင်ကြတော့ပါ။

ထို့ကြောင့် မှားယွင်းသောဆရာများ၏ ခလောက်ဆန်မှုကို ကောရိန္သုသားများ စောစီးစွာ သိရှိနားလည် စေချင်သည်။ ထိုသူများနှင့် မပတ်သတ်စေချင် ထိုအကြောင်းကို Darbyက “သမ္မာတရားကို မြည်းစမ်းသိရှိပြီးခါမှ မှားယွင်းသော အယူအဆများကို မြည်းစမ်းခြင်းသည် အံ့သြဖွယ်ရာဖြစ်သည်”၄၂ဟုဆိုခဲ့သည်။

၁၁:၂၁ ဤကျမ်းပိုဒ်တွင် ပေါလုက သူ့သဘောနှင့်ဆိုမဝါကြွားရဲ။ သူများတကာ ဝါကြွားသကဲ့သို့ မိုက်မိုက်ကန်းကန်း ဝါကြွားမည်ဆိုလျှင် ဝါကြွားစရာရှိပါသည်။

မိမိသဘောအတိုင်း ပြောမည်ဆိုလျှင် အားနည်ချက်ရှိသည်ဟု ဆိုသည်။ ထိုစကားကို ဖိလိပ္ပိက “မင်းတို့ ကဲ့သို့ မိုက်ရူးရဲလုပ်ဝံ့သည်ဟု ပြောရမှာရှက်သည်”ဟုဖွင့်ဆိုထားသည်။

အယူမှားဆရာများကဲ့သို့ အရှက်အကြောက်မရှိ မလုပ်ဝံ့ပါ။ လုပ်ဝံ့သည်ဟု ပြောရမှာ ရှက်သည် အခြားသူများပင်လျှင် ရဲဝံ့ကြလျှင် သူမှာလည်းရဲဝံ့စရာအကြောင်းရှိသည်။ ထိုစကားကို Moffattက “သူတို့ ရူးမူးနိုင် သလောက်ပျော်ကြပါစေ၊ ငါလည်းသူတို့ကဲ့သို့ ပျော်စရာရှိသည်”ဟု ဖွင့်ဆိုထားသည်။ အထက်ပိုင်း ကျမ်းပိုဒ်အတိုင်း ပေါလုသည် စစ်မှန်သော တပည့်တော်ဖြစ်သည်အားလျော်စွာ သခင်ခရစ်တော်၌သာ ရူးမူးခြင်းဖြစ်သည်။

ပေါလုသည် ခရစ်တော်၏တမန်တော်အမှန်ဟုတ်ပါသလား ဆိုသောမေးခွန်းကိုပြန်လည်မှတ်မိကြပါ လိမ့်မည်။ ခရစ်တော်ကို ကိုယ်တိုင်ဆန့်ကျင်ကြောင်း မည်သည့်အထောက်အထားရှိသနည်း။ ခရစ်တော်၏ တပည့်တော်(၁၂)ပါးနှင့် တန်းတူရည်တူဖြစ်ကြောင်း မည်သို့သက်သေပြမည်နည်း။

ပေါလုတွင် အဖြေစကား အဆင်သင့်ရှိပါသည်။ သို့သော်စာဖတ်ပရိသတ်မျှော်လင့်သည့် စကားမျိုး မဟုတ်။ မည်သည့်တက္ကသိုလ်ကမှ စာရွက်စာတမ်း အထောက်အထားမှမဟုတ်။ ယေရုရှလင်အသင်းတော်မှ ထောက်ခံစာလည်းမဟုတ်။ ခန့်အပ်စာလည်းမဟုတ်။ ပုဂ္ဂိုလ်ရေးအချက်အလက်အားဖြင့် အထောက်အထား ပြည့်စုံသူမဟုတ်။ ဧဝံဂေလိအမှုတော်လုပ်ငန်းခရီးစဉ်တလျှောက်တွင် ခရစ်တော်နာမတော်၌ခံစားရသော ဆင်းရဲ ဒုက္ခများကို သက်သေအထောက်အထားအဖြစ် ပြသည်။ ဤကောရိန္သုသြဝါဒ ဒုတိယစာစောင်၏ ကြောရိုးနှင့် အနှစ်သာရကို မမေ့ပစ်လိုက်ပါနှင့်။ ခရစ်တော်ကို ချစ်သောကြောင့် မနေမနား ကုန်းတတန်ရေတတန်ဖြင့် ဧဝံဂေလိတရားလိုက်ဟောခြင်းဖြစ်သည်။ ဧဝံဂေလိအားပျံ့နှံ့စေလိုဇောဖြင့် အခက်အခဲပြဿနာများကို ရင်ဆိုင်ခဲ့ ရသည်။ လေးလေးနက်နက်ဖတ်ရှုစဉ်းစား၍ ပေါလု၏လုပ်ဆောင်ချက်များနှင့် ယှဉ်လျှင် ကျွန်ုပ်တို့အသက်တာ သည် ရှက်စရာဖြစ်ပါသည်။

၁၁:၂၂ မှားယွင်းသော ဆရာများသည် အဓိကအားဖြင့် ယုဒမျိုးနွယ်များဖြစ်သည်။ ဟေဗြဲသွေးသား ဣသရေလအမျိုးအနွယ် အာဗြဟံ၏သားမြေးစဉ်ဆက်များဖြစ်သည်။ မျိုးရိုးအစဉ်အလာအားဖြင့် ဘုရားဘက်မှ ရပ်တည်သူများဖြစ်သည်။ သို့သော် မေရှိယသခင်ကို ငြင်းပယ်ကြသောကြောင့် ဘုရားသခင်၏လူမျိုးတော်မပီသ ကြ။ သခင်ဘုရားကို မသိရှိ၊ နားမလည်ကြသဖြင့် တပါးအမျိုးသားများနှင့် ထူးမခြားနား။ ဤပုပ်ထဲက ဤပဲများ ဖြစ်ကြသည်။ အပြစ်သားများဖြစ်သည်။ ကယ်တင်ရန် လိုအပ်သူများဖြစ်သည်။

ထို့ကြောင့် သူတို့၏ ဝါကြွားခြင်းသည် အဓိပ္ပါယ်မရှိ။ အချည်းနှီးသက်သက်ဖြစ်သည်။ ထိုသူများ ဝါကြွားသည့်အတိုင်း ပေါလုလည်း ဝါကြွားနိုင်သည်။ သူတို့ကဲ့သို့ပင် ပေါလုလည်း ဟေဗြဲသွေးသား ဣသရေလ အမျိုးအနွယ် အာဗြဟံ၏သားမြေးစဉ်ဆက်ဖြစ်သည်။ ဤအချက်အလက်များသည် ခရစ်တော်၏တမန်တော် ဖြစ်ဖို့လိုအပ်သော အရည်အချင်းများမဟုတ်။ ထိုအယူမှားဆရာများ မမြင်သည့် အရေးကြီးသောအချက်အလက် ကို ထုတ်ဖော်ခြင်းဖြစ်သည်။

၁၁:၂၃ ထိုသူများသည် ခရစ်တော်၏အမှုတော်၌ အကျိုးဆောင်လုပ်စားသူများဖြစ်သည်။ ပေါလုသည် “အပင်ပန်းဆင်းရဲခံသူ၊ ဆင်းရဲဒုက္ခ၊ သူရူးကဲ့သို့ ဆက်ကပ်သူ” ဖြစ်သည်။ ကယ်တင်ရှင်ယေရှုသခင်၏ ဆင်းရဲဒုက္ခခံသည့်အတိုင်း ခြေရာလိုက်နင်းရန် အစဉ်ကြိုးပမ်းသူဖြစ်သည်။ အစေခံသည် သခင်ထက်မြင့်မြတ်ရိုး ထုံးစံမရှိကြောင်းသိသည်။ ထို့ကြောင့် သခင်ထက်သာလွန်၍ ဇိမ်ကျခြင်းကို လက်မခံ။ ခရစ်တော်၌ သစ္စာရှိသည်။ ထို့ကြောင့် လောကသားများက ကိုယ်ထိလက်ရောက် ဒုက္ခပေးလျှင်လည်း မမှု ပြုံးပြုံးလေးလက်ခံသည်။ ဆင်းရဲဒုက္ခခံရခြင်းသည်  ခရစ်တော်၏အမှတ်တံဆိပ်ခတ်နှိပ်ခြင်းဖြစ်သည်ဟု ယူဆသည်။ သူရူးဟု အပြောခံ ရခြင်းသည် ခရစ်တော်၏သမ္မာတရားအတွက် ခံရခြင်းဖြစ်၍ ကြည်ဖြူစွာလက်ခံသည်။ ဆင်းရဲဒုက္ခခံရသည့် အနှစ်သာရများကို မိစ္ဆာဆရာများက အသိနားမလည်နိုင်။ အလွယ်လမ်းစဉ်သာ လိုက်ကြသည်။ စော်ကား မော်ကားခံရခြင်း၊ ညှဉ်းပန်းနှိပ်စက်ခံရခြင်း မထီမဲ့မြင်ပြုခံရခြင်းများကို ရှောင်ရှားကြသည်။ ထို့ကြောင့် ပေါလုက ထိုသူများကို လက်ညှိုးထိုးပြခြင်းဖြစ်သည်။

တမန်တော် မှန်ကန်ကြောင်း ကြုံတွေ့ရသော အခက်အခဲ၊ ဆင်းရဲဒုက္ခများ ပေါလုသက်သေပြပုံကို လေ့လာကြည့်ကြရအောင်။

ပင်ပန်းစွာ အမှုထမ်းဆောင်သည်။ ခရစ်တော်၏နာမတော်ကို လူသားတိုင်း ကြားသိစေဖို့ ဧဝံဂေလိ တရားဟောပြောရန် မြေထဲပင်လယ်ဒေသတလျှောက်လုံး တောရွာအနှံ ခြေရာဆန့်၍ အခေါက်ခေါက်အခါခါ ကူးသန်းသွားလာ တရားဟောပြောခဲ့သည်။

အတိုင်းအဆမရှိ ရိုက်ပုတ်ခြင်းခံရသည်။ ခရစ်တော်၏ရန်သူများက ယုဒလူမျိုးနှင့် လူမိုက်လူရိုင်းများက မကြာခဏ ပြင်းထန်စွာ ရိုက်နှက်ခဲ့သည်။

ခဏခဏထောင်ချခံရသည်။ ပေါလု ထောင်ချခံရခြင်းကို (တ ၁၆:၂၃)တွင်တွေ့ရသည်။ ဤအချိန်ထိ ဖိလိပ္ပိတွင် သိလနှင့်အတူ အကျဉ်းချခံသည့် မှတ်တမ်းသာ တွေ့ရသည်။ ဤကျမ်းပိုဒ်သည် အကြိမ်ကြိမ် ထောင်ချခြင်းများထဲမှ တကြိမ်ဖြစ်နိုင်သည်။

မကြာခဏ သေဘေးနှင့်ကြုံရသည်။ လုတ္တရာတွင် သေရွာမှပြန်လာခြင်း (တ ၁၄:၁၉) လည်းပါမည် သေချာသည်။ ထို့အပြင် ပေါလုအသက်တာတွင်သေလုမြောပါး ညှဉ်ပန်းနှိပ်စက်မှု ခံရခြင်းများရှိသည်။

၁၁:၂၄ မောရှေပညတ်တော်အရ တရားခံအား ကြိမ်ဒဏ်(၄၀)ထက် ပိုမရိုက်ရပါ (တရား ၂၅:၃)။ ထိုပညတ်တရားကို ယုဒထုံးတမ်းအစဉ်လာတွင် လိုက်နာကျင့်သုံးနေဆဲဖြစ်သည်။ ထို့ကြောင့်တရားခံကို ရိုက်နှက်ရာတွင် (၃၉)ကြိမ်သာ ရိုက်ရသည်။ ထိုအပြစ်ဒဏ်သည် ကြီးလေးသော အပြစ်များတွင်သာ ချမှတ်သော အပြစ်ဒဏ်ဖြစ်သည်။ ပေါလုအသက်တာတွင် ထိုသို့ သေလုမျောပါး (၃၉)ချက် ရိုက်နှက်ဒဏ် (၅)ကြိမ် ကြုံတွေ့ ခဲ့သည်။

၁၁:၂၅ သုံးကြိမ်မြောက်တိုင် ကြိမ်လုံးဖြင့် အရိုက်ခံရ၏။ ဖိလိပ္ပိ၌ အရိုက်ခံရကြောင်းသာ ကျမ်းစာ၌ မှတ်တမ်းမှတ်ရာ တွေ့ရှိသည် (တ ၁၆:၂၂)။ ထိုတစ်ခေါက်အပြင် အခြားနှစ်ခါ အရိုက်ခံရသေးသည်။

ကျောက်ခဲဖြင့်တကြိမ် အပေါက်ခံရသည်။ လုတ္တရတွင် အပေါက်ခံရခြင်းဖြစ်မည် (တ ၁၄:၁၉)။ ထို အခေါက်သည် ပြင်းထန်သည်။ သတိလစ်သွားပြီး သေပြီအထင်ဖြင့် မြို့ပြင်သို့ ပစ်ချခြင်းခံရသည်။

သုံးကြိမ်သင်္ဘောပျက်ခြင်း ကြုံတွေ့သည်။ ပေါလု၏ ဆင်းရဲဒုက္ခကြုံတွေ့ခြင်းသည် လူဘေးအန္တရာယ်သာမကပါ။ သဘာဝဘေးအန္တရာယ်လည်း ကြုံသည်။ တမန်တော်ဝတ္ထု အခန်း(၂၇)ဧရာမခရီးစဉ်တွင် သင်္ဘောပျက်ခြင်းသာ မှတ်တမ်းမှတ်ရာ တွေ့ရသည်။

တနေ့နှင့်တညမှောင်မိုက်ထဲတွင် နေရသည်။ ဤအဖြစ်အပျက်ကို ကျမ်းစာမှတ်တမ်းမှတ်ရာ သီးသန့်မတွေ့ရပါ။ ပင်လယ်တွင်ဖောင်ပျက်ခြင်း၊ လှေမှောက်ခြင်းများ ပါဝင်သလား။ ပင်လယ်တွင် သင်္ဘောပျက်နေစဉ် မိုးမမြင်လေမမြင်ခြင်းကို ဆိုလိုသလား။

၁၁:၂၆ အကြိမ်ကြိမ်ဒေသစာရီလှည့်လည်သော မြေပုံဖြန့်၍ ဓမ္မသစ်ကျမ်းမှ ပေါလုခရီးစဉ်ကို မျဉ်းဆွဲကြည့်ပါ။ ထိုခေတ်အခါက တနေရာနှင့်တနေရာ ကူးသန်းသွားလာရေးစနစ်ကို မြင်ယောင်ကြည့်ပါ။ ပေါလု၏ အမှုတော်ဆောင် ကာလကို တွက်ကြည့်ပါ။ ပေါလု၏စကားကို မြင်ယောင်မိပါလိမ့်မည်။

ထိုခရီးစဉ်များတွင် ကြုံတွေ့ခဲ့ရသော ဘေးအန္တရာယ်များကို တခုချင်းရေးပြထားသည်။ ရေဘေး ဆိုသည်မှာ မြစ်ချောင်းထဲတွင်ကူးသန်းသွားလာခြင်းဖြစ်သည်။ လှေနှင့်သွားရသကဲ့သို့ ဖောင်ဖြင့် မျှောရသည့်အချိန်လည်း ရှိမည်။ မိန်းမမီးနေ၊ ယောက်ျားဖောင်စီးဟု ဆိုထားသည်မဟုတ်လား။ ဓါးပြဘေးလည်းကြောက်ရသည်။ အချိန်အခါ ညဉ့်နက်မရွေး၊ အရပ်တကာသို့ သွားလာရသည်။ လူဘေးဆိုသည်မှာ ပေါလုကိုမုန်းတီးနေကြသော ယုဒလူမျိုးများဖြစ်သည်။ တပါး အမျိုးသားများကိုလည်း ကြောက်ရသည်။ ယုဒလူမျိုးများ၏ သွေးထိုးလှုံ့ဆော်မှုကြောင့် လုတ္တရမြို့တွင် တပါးအမျိုးသားများ၏ ကိုယ်ထိလက်ရောက် စော်ကားမှု ခံခဲ့သည်။ ဖိလိပ္ပိ၊ ကောရိန္သု၊ ဧဖက်မြို့များတွင်လည်း နှိပ်စက်ခြင်းခံခဲ့သည်။ မြို့ရွာ၌ရောက်သော ဘေးဆိုသည်မှာ လူနေနည်းပါးသော ဇနပုဒ်များ၌ တည်းခိုခြင်းဖြစ်သည်။ ပင်လယ်ဘေးဆိုသည်မှာ လေမုန်တိုင်း၊ ကျောက်ဆောင်၊ ယုတ်ဆွအဆုံးပင် ဓါးပြများလည်းပါဝင်သည်။ ချစ်ဟန်ဆောင်သောမိတ်ဆွေ ဆိုသည်မှာ မှားယွင်းသောဆရာ၊ ယုဒဝါဒီများဖြစ်သည်။

၁၁:၂၇  ပင်ပန်းစွာအမှုဆောင်ခြင်း ဆိုသည်မှာ ဇွဲလုံ့လဝီရိယထား၍ မရပ်မနား လုပ်ဆောင်ခြင်း ဖြစ်သည်။ ပေါလုသည် အလုပ်လုပ်ဆောင်သောအခါ ဝတ်ကြေတန်းကြေ လူမြင်ကောင်းအောင်သာ လုပ်လေ့မရှိ။ ကိုယ်စိတ်နှလုံးအပ်နှံ၍ ဇောက်ချလုပ်တတ်သူဖြစ်သည်။

မအိပ်မနေ ခဏခဏလုပ်ဆောင်သည် ခရီးသွားလာရာတွင် မအိပ်ရသည့်ညမျိုးကို ဆိုလိုဟန်ရှိသည်။ သို့အပြင် လက်တကမ်းတွင် အန္တရာယ်အမြဲတန်းရှိနေသောကြောင့် သတိထားခြင်းလည်းဖြစ်မည်။ အန္တရာယ်ကို ကြိုတင်ကာကွယ် နိုင်အောင် အမြဲသတိထားခြင်းဖြစ်သည်။

စားသောက်စရာမရှိ၍ ထမင်းငတ်၊ ရေငတ်ခြင်း ကြုံတွေ့ရသည်။ ဘုရားသခင်၏ အမှုတော် ထမ်းဆောင်ဖို့ သွားလာရာတွင် အစာရေစာပြတ်တောက် ငတ်မွတ်ခြင်းဖြစ်သည်။ အစာရှောင်ဥပုသ်စောင့်ခြင်း ဆိုသည်မှာ အစာရေစာပြတ်လပ်၍ တချက်ခုတ် နှစ်ချက်ပြတ်ဖြင့် အစာရှောင်ခြင်းဖြစ်သည်။

အအေးဒဏ်နှင့် အဝတ်ချည်း ရှိခြင်းဆိုသည်မှာ ရာသီဥတု ချက်ချင်းပြောင်းလဲခြင်းကြောင့် ခံစားရသော အပူအအေးဒဏ်၊ အနွေးထည်မလုံလောက်ခြင်းဒဏ်ဖြစ်သည်။ ထိုအကြောင်းများကို Hodge က ဤသို့ဆိုထားသည်။

ဤနေရာတွင် တမန်တော်ပေါလု၏ ကြီးမြတ်မှုကို အထင်အရှားတွေ့ရသည်။ ကြောကုန်းများသည် ဒဏ်ရာဒဏ်ချက်ရှိုးရာများ ပြည့်နှက်နေသည်။ ငတ်မွတ်ခြင်း၊ ဆာလောင်ခြင်း၊ စစ်ဘေးဒဏ်ခံရသည်။ အမျိုးသားချင်း ယုဒများ၏ ညှဉ်းပန်းနှိပ်စက်မှုဒဏ်။ တနေရာမှ တနေရာသို့ သေရေးရှင်ရေးထွက်ပြေးရသည်။ ပေါလု၏အမှုတော်ဆောင် အတွေ့အကြုံသည် ယနေ့ကာလ အမှုတော်ဆောင်များ မျက်နှာ မဖော်ဝံ့စရာဖြစ်သည်။ ကြုံတွေ့ရသော အခက်အခဲပြဿနာများ မယှဉ်ရဲအောင်ဖြစ်နေသည်။ ပေါလုခံစားရသော ဆင်းရဲဒုက္ခများသည် ဘုန်းတန်ခိုး ထင်ရှားရာ ဖြစ်သည်။၄၃

          ၁၁:၂၈ ဤဆင်းရဲဒုက္ခများအပြင် အခြားဆင်းရဲဒုက္ခများ ဆိုသည်မှာ အသင်းတော်၏ အရေးအရာများကို နေ့စဉ်နှင့်အမျှ စဉ်းစားပေးခြင်းဖြစ်သည်။ ထိုအဖြစ်သနစ်ကို တွေးကြည့်ပါ။ ပေါလုသည် စစ်မှန်သော အမှုတော်ဆောင်မှန်း သိသာထင်ရှားသည်။ ဘုရားသခင်၏လူများကို ချစ်ခင်မြတ်နိုး၍ ဂရုစိုက်သည်။ စာရင်းငှား၊ သိုးထိန်းမဟုတ်။ တကယ့်သိုးပိုင်ရှင်ဖြစ်သည်။ ဤအချက်အလက်များကို ကြည့်ခြင်းအားဖြင့် သိုးထိန်းမှန်ကန်ကြောင်း ပိုမိုခိုင်လုံသည်။ ထို့ကြောင့် ”အမှုတော်သည် ရင်ခုန်နေသရွေ့ ကုန်ဆုံးခြင်းမရှိ” ဟုနားလည်ရသည်။

          ၁၁:၂၉ အထက်ကျမ်းပိုဒ်နှင့် ဆက်စပ်နေသည်။ အသင်းတော်၏အမှုအရာများကို နေ့စဉ်နှင့်အမျှ ခံစားနေရသည်။ ယုံကြည်သူများ ဝမ်းနည်းစရာရှိကြောင်းကြားသိလျှင် ထိုသူများနှင့် ထပ်တူထပ်မျှ ဝမ်းနည်းသည်။ ကိုယ်ချင်းစာနာသည်။ အပြစ်ဒုက္ခကြုံတွေ့သူရှိလျှင် စိတ်ပူပန်ပေးသည်။ ဘုရားသခင်၏ လူများအရေးသည် ပေါလု၏အရေးဖြစ်သည်။ ဆင်းရဲဒုက္ခရောက်လျှင် ပေါလုလည်း စိတ်မချမ်းသာ။ အောင်မြင်ကြလျှင် ထပ်တူထပ်မျှ ဝမ်းသာသည်။

၁၁:၃ဝ ပေါလု ဝါကြွားမည်ဆိုလျှင် အောင်မြင်ခြင်း၊ ဆုလက်ဆောင်ရရှိခြင်း၊ လုပ်ဆောင်နိုင်ခြင်း၌ ဝါကြွားမည်မဟုတ်ပါ။ ထိုအမှုအရာအတွက် ဂုဏ်ယူစရာအကြောင်းမရှိ။ အခြားယုံကြည်သူများကိုလည်း ထိုကိစ္စမျိုး၌ မဝါကြွားစေချင်။ ပေါလု၏ဂုဏ်ယူဝါကြွားစရာမှာ အားနည်းခြင်း၊ အောက်ကျို့နှိမ့်ချခြင်းဖြစ်သည်။

၁၁:၃၁ ဆင်းရဲဒုက္ခအန္တရာယ်များနှင့် ကြုံတွေ့တိုင်း ပေါလုသည် ဒမာသက်လမ်းမှ အဖြစ်အပျက်ကို အမြဲသတိရ သည်။ ထိုအဖြစ်အပျက်ကို ဘဝအသက်တာတွင် မမေ့နိုင်။ လူ့အသိဆန္ဒဖြင့် ဝါကြွားမည်ဆိုလျှင် ထိုအဖြစ်အပျက်က အမြဲသတိပေးဟန့်တားသည်။ ထို့ကြောင့် အပိုစကား ဝါကြွားခြင်းမရှိ။ သစ္စာရှိစွာ မှန်သောစကားကိုသာပြောသည်။

၁၁:၃၂ ဤကျမ်းပိုဒ်၏ ဇာတ်ကြောင်းကုန်စင်ကို (တ ၉:၁၉-၂၅)တွင် အသေးစိတ်ရေးပြထားသည်။ ဒမာသက်မြို့သို့ ရောက်ခါနီးတွင် ယေရှုခရစ်တော်နှင့်တွေ့ဆုံပြောင်းလဲပြီးနောက် တရားစရပ်တွင် ဧဝံဂေလိသတင်း ဟောကြားသည်။ တရားစတင်ဟောကြားချိန်တွင် ယုဒများစိတ်ဝင်တစားရှိကြသော်လည်း တရားစကားနားထောင်ပြီးသည်နှင့် ပေါလုအား အသက်ရန်ရှာကြသည်။ မြို့ထွက်ပေါက်တံခါးများတွင် နေ့နေ့ညညအစောင့်ချ၍ စောင့်ကြည့်ကြသည်။

၁၁:၃၃ တညသောအခါ တပည့်တော်တယောက်က တမန်တော်အား တောင်းတဲထဲ့ပြီး၊ မြို့ရိုးပေါ်မှ အပြင်ဘက်သို့ လျှောချပေးသည်။ ထိုသို့ဖြင့် အသက်ဘေးလွတ်ခဲ့သည်။

ဤကျမ်းပိုဒ်ကို အဘယ်ကြောင့် ရေးပြသနည်း။ J.B Watson  က ဤသို့ရှင်းပြသည်။

လူများအမြင်တွင် ပေါလု၏ အမှုတော်ဆောင်ခြင်းသည် သရော်စရာ၊ ဟားတိုက်စရာ ဖြစ်ကောင်းဖြစ်မည်။ သို့သော် ခရစ်တော်အတွက် ပေါလု၏အသက်တာ ဆက်ကပ်ခြင်းသည် အထွဋ်အထိပ်ရောက်သည်။ ပေါလု၏ ဆက်ကပ်မှုသည် အသက်နှင့်ရင်း၍ လုပ်ဆောင်ခြင်းဖြစ်သည်။၄၄

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။