၂ကော - ၁၂

ရူပါရုံနှင့်ဗျာဒိတ်တော်များ
1ငါသည် ဝါကြွားခြင်းကိုမပြုသင့်လျှင်၊ သခင်ဘုရားပြတော်မူသော ထူးဆန်းသောရူပါရုံနှင့် ဗျာဒိတ်တော်များကို တစ်ဖန် ပြောဦးမည်။- 2တစ်ဆယ်လေးနှစ်အထက်က၊ ခရစ်တော်၏ တပည့်ဖြစ်သော လူတစ်ယောက်ကို တတိယကောင်းကင်သို့တိုင်အောင် ချီဆောင်သည်အကြောင်းကို ငါသိ၏။ ထိုအခါသူ၌ ကိုယ်ခန္ဓာပါသည် မပါသည်ကို ငါမသိ။ ဘုရားသခင် သိတော်မူ၏။- 3-4ထိုသူသည် ပရဒိသုဘုံသို့ ချီဆောင်ခြင်းကိုခံရ၍၊ လူမပြောအပ် မပြောနိုင်သောစကားကို ကြားသည် အကြောင်းကိုငါသိ၏။ ထိုအခါ ကိုယ်ခန္ဓာပါသည် မပါသည်ကို ငါမသိ၊ ဘုရားသခင် သိတော်မူ၏။- 5ထိုသို့သောသူကို ဝါကြွားမည်။ နွမ်းရိအားနည်းခြင်းမှတစ်ပါး ကိုယ်ဂုဏ်ကို မဝါကြွား။- 6ဝါကြွားခြင်းငှာ အလိုရှိလျှင်လည်း၊ သူရူးဖြစ်သည်မဟုတ်။ အကြောင်းမူကား၊ ငါသည်ဟုတ်မှန်စွာ ပြောတတ်၏။ တစ်စုံတစ်ယောက်သောသူသည် ငါ့ကိုမြင်သည်ထက်၊ ငါ့သတင်းကို ကြားသည်ထက်၊ ငါ့ကို သာ၍ မထင်စေခြင်းငှာ ငါမပြောဘဲနေ၏။- 7ငါခံရသောဗျာဒိတ်တော် အလွန်ထူးမြတ်၍ ငါသည် ထောင်လွှားသောစိတ်မရှိစေခြင်းငှာ၊ ငါ့ကို ဒဏ်ခတ်သော စာတန်၏တမန်တည်းဟူသော ငါ့ကိုယ်၌ စူးသောဆူးကို ပေးတော်မူ၏။- 8ထိုဆင်းရဲခြင်းနှင့် ကင်းလွတ်မည်အကြောင်း သုံးကြိမ်မြောက်အောင် သခင်ဘုရားကို ငါဆုတောင်း၍ အသနားတော်ခံပြီးလျှင်၊- 9ငါ့ကျေးဇူးသည် သင့်အဖို့လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည်ဟု မိန့်တော်မူ၏။ ထိုကြောင့် ခရစ်တော်၏ တန်ခိုးသည် ငါ့အပေါ်၌ ကျိန်းဝပ်မည်အကြောင်း ငါ့ကိုယ်၌ အားနည်းခြင်းအဖြစ်ကို ဝမ်းမြောက်သောစိတ်နှင့် ဝါကြွားခြင်းငှာ သာ၍ ငါအလိုရှိ၏။- 10သို့ဖြစ်၍ ခရစ်တော်ကြောင့်ခံရသော အားနည်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ဆင်းရဲခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း၊ ကျပ်တည်းစွာသော ဒုက္ခဝေဒနာခံခြင်းတို့ကို ငါနှစ်သက်၏။ အကြောင်းမူကား၊ ငါသည် အားနည်းသောအခါ တန်ခိုးနှင့် ပြည့်စုံလျက်ရှိ၏။
ကောရိန္သုအသင်းသားများအတွက်ပေါလုစိုးရိမ်ခြင်း
11ငါသည် ဝါကြွားတတ်သော သူရူးဖြစ်သလော။ ထိုသို့ဖြစ်လျှင်၊ သင်တို့သည် ငါ့ကို အနိုင်အထက်ဖြစ်စေကြပြီ။ အဘယ်သို့နည်း ဟူမူကား၊ သင်တို့ချီးမွမ်းခြင်းကို ငါခံသင့်၏။ ငါသည် ဘာမျှမဟုတ်သော်လည်း၊ အကြီးဆုံးသော တမန်တော်အောက် အလျှင်းမယုတ်မညံ့။- 12အကယ်စင်စစ် သည်းခံခြင်းနှင့်တကွ နိမိတ်လက္ခဏာ အံ့ဖွယ်သောအမှု၊ ထူးဆန်းသော တန်ခိုးများအားဖြင့် တမန်တော်၏လက္ခဏာတို့ကို သင်တို့တွင် ထင်ရှားစွာပြပြီ။- 13ငါသည်သင်တို့ကို မနှောင့်ယှက်သော အရာတစ်ခုကို ထားလျှင်၊ သင်တို့သည် အခြားသော အသင်းတော်ထက် အဘယ်သို့ယုတ်ညံ့သနည်း။ ထိုသို့ ငါပြစ်မှားသောအပြစ်ကို သည်းခံကြလော့။- 14ဤတတိယအကြိမ် သင်တို့ဆီသို့သွားခြင်းငှာ ငါသည်အသင့်ရှိ၏။ သင်တို့ကို နှောင့်ယှက်မည်ဟု အကြံမရှိ။ သင်တို့ဥစ္စာကို ငါရှာသည်မဟုတ်။ သင်တို့ကိုသာ ရှာ၏။ သားသမီးတို့သည် မိဘအတွက် ဥစ္စာကို ဆည်းပူးရသည်မဟုတ်။ မိဘတို့သည် သားသမီးတို့အတွက် ဆည်းပူးရ၏။- 15ငါသည်သင်တို့ကို ချစ်ခြင်းမေတ္တာစိတ် တိုးပွားသည်အတိုင်း သင်တို့သည် ငါ့ကိုချစ်ခြင်းမေတ္တာစိတ် ဆုတ်ယုတ်သော်လည်း၊ သင်တို့ စိတ်ဝိညာဉ်၏ အကျိုးအလိုငှာ ငါသည် ကိုယ်ဥစ္စာကိုလည်းကောင်း၊ ကိုယ်ကိုလည်းကောင်း၊ ကုန်စေခြင်းငှာ အလွန်စေတနာရှိ၏။
16သင်တို့ကို ငါမနှောင့်ယှက်သည် မှန်စေတော့။ သို့သော်လည်း၊ လိမ္မာသောသူဖြစ်၍ ပရိယာယ်အားဖြင့် သင်တို့ကိုဖမ်းဆီးပြီဟုဆိုလျှင်၊- 17တစ်စုံတစ်ယောက်သောသူကို သင်တို့ဆီသို့ စေလွှတ်၍၊ သင်တို့၏ဥစ္စာကို ပရိယာယ်အားဖြင့် ငါယူသလော။- 18တိတုသည် သင်တို့ဆီသို့ သွားမည်အကြောင်း ငါတောင်းပန်၍၊ သူနှင့်တကွ အခြားသော ညီတစ်ယောက်ကို စေလွှတ်၏။ တိတုသည် ပရိယာယ်အားဖြင့် သင်တို့၏ဥစ္စာကို ယူသလော။ ငါတို့သည် စိတ်သဘောချင်းတူ၍ ကျင့်ကြသည် မဟုတ်လော။ တစ်လမ်းတည်း လိုက်ကြသည် မဟုတ်လော။
19တစ်ဖန်တုံ၊ ငါတို့သည် သင်တို့ရှေ့၌ ကိုယ်အပြစ်ဖြေရာစကားကို ပြောသည်ဟု ထင်ကြသလော။ ခရစ်တော်ကိုထောက်၍ ဘုရားသခင်ရှေ့၌ ငါတို့ ပြောကြ၏။ ချစ်သူတို့၊ ငါတို့ပြုသမျှမှာ သင်တို့ကို တည်ဆောက်ခြင်းအလိုငှာ ပြုကြ၏။- 20ငါရောက်လာသောအခါ၊ သင်တို့သည် ငါနှစ်သက်သောသူ မဖြစ်၊ ငါသည်လည်း သင်တို့ မနှစ်သက်သောသူ ဖြစ်မည်ဟူ၍လည်းကောင်း၊ သင်တို့၌ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ သူ့အသရေကိုရှုတ်ချခြင်း၊ ချောစားခြင်း၊ မာနထောင်လွှားခြင်း၊ အချင်းချင်းအမှုလုပ်ခြင်း ဖြစ်မည်ဟူလည်းကောင်း၊- 21အထက်ကပြစ်မှား၍ ညစ်ညူးစွာကျင့်ခြင်း၊ မတရားသောမေထုန်၌ မှီဝဲခြင်း၊ ကိလေသာ လွန်ကျူးခြင်းအမှုတို့ကို ပြုမိ၍၊ ယခုတိုင်အောင် နောင်တမရသောသူအများကြောင့် ငါစိတ်မသာ ညည်းတွားရသဖြင့်၊ သင်တို့ရှေ့၌ ဘုရားသခင်သည် ငါ့ကိုနှိမ့်ချတော်မူမည် ဟူ၍လည်းကောင်း စိုးရိမ်ခြင်းရှိ၏။

၂ကော - ၁၂ (အနက်ဖွင့်)

()     တမန်တော်စစ်မှန်ကြောင်း ဗျာဒိတ်တော်ဖြင့် ရှင်းပြချက် (၁၂:၁ဝ)

          ၁၂: ပေါလုသည် အလျဉ်းမဝါကြွားလို။ ဝါကြွားခြင်းသည် အကျိုးအမြတ်မရှိကြောင်းလည်း သိသည်။ သို့သော်မပြောမပြီး၊ မတီးမမြည်၍ အနည်းငယ်ဂုဏ်ယူဝါကြွားချင်သည်။ အနိမ့်ဆုံးသောနေရာထိအောင် မိမိကိုယ်ကို နှိမ့်ချသော်လည်း ပေါလု၏အမှုတော်ဆောင်ခြင်းသည် အမြင့်ဆုံးနေရာရောက်ရှိသည်။ ထို့ကြောင့် သခင်ဘုရားထံတော်မှ ရရှိသော ရူပါရုံနှင့် ဗျာဒိတ်တော်များရရှိသည်။

၁၂: လွန်ခဲ့သော တဆယ့်လေးနှစ်တုန်းက လူတယောက်သည် တတိယကောင်းကင်နိုင်ငံသို့ ချီဆောင်ခြင်း ခံရသည်။ ထိုသူသည် ပေါလုကိုယ်တိုင်ဖြစ်သည်။ အတည်မပြုသကဲ့သို့ မည်သူမည်ဝါဖြစ်သည်ဟုလည်း အတိအကျမပြော။ သို့သော် ဤကျမ်းချက်အရ သူကိုယ်တိုင် ဆိုလိုဟန်မတူ။ ခရစ်တော်ထံသို့ ဟုဆိုသောကြောင့် ခရစ်ယာန်ယုံကြည်သူ ဖြစ်သည် ဟုသာနားလည်ရသည်။

၁၂: ခန္ဓာကိုယ်ဖြင့် သို့မဟုတ် ဝိညာဉ်ဖြင့် ချီဆောင်ခြင်းခံရသည်ကို သတိမထားမိပါ။ အချို့က ထိုအဖြစ်အပျက် သည် လုတ္တရတွင် ပေါလု ညှဉ်းပန်းနှိပ်စက်ခြင်းခံရချိန်တွင် ပေါလုအား ဗျာဒိတ်တော်ပေးခြင်းဖြစ်မည်။ တကယ်အသက် ပျောက်သွား၍ ပရသုဒိဘုံရောက်ရှိသွားခြင်းဖြစ်မည်ဟု ယုံမှတ်ကြသည်။ သို့သော် ထိုသို့ဖြစ်သည်ဟု တထစ်ချ မယုံမှတ်စေ လိုပါ။ ပေါလုက ခန္ဓာကိုယ်ပါသည် မပါသည်ကို မသိဆိုခြင်းမှာ အသက်ရှိ၊မရှိ မသိရှိပါဟု ဆိုခြင်းဖြစ်သည်။ အရေးကြီးသောအချက်မှာ တတိယကောင်းကင်ဘုံ (ပရသုဒိဘုံ)သို့ ရောက်ရှိခြင်းဖြစ်သည်။ သမ္မာကျမ်းစာတွင် ကောင်းကင်ဘုံ(၃)ထပ်ရှိကြောင်း ဆိုထားပါသည်။ ပထမအဆင့်မှာ မြင်နေရသော ကောင်းကင်ပြာ မိုးကုတ်စက်ဝိုင်းဖြစ်သည်။ ဒုတိယအဆင့်မှာ ကြယ်၊နက္ခတ်တာရာများရှိရာ ဘုံအထပ်ဖြစ်သည်။ နောက်ဆုံးအဆင့်မှာ ဘုရားသခင်၏ ပလ္လင်တော်တည်ရာ ကောင်းကင်ဘုံဖြစ်သည်။

ပေါလုရောက်ရှိသောနေရာသည် ဘုရားသခင် ပလ္လင်တော်တည်ရာနိဗ္ဗာန်ဘုံ၊ ကရာနီလက်ဝါးကပ်တိုင်ပေါ်က နောင်တရသောသူခိုးအား ယေရှုခရစ်တော်ချိန်းဆိုထားသော ကောင်းကင်ဘုံဖြစ်သည်။

၁၂: ထိုတတိယကောင်းကင်နိုင်ငံသို့ ပေါလုရောက်သောအခါ စကားပြောနေကြသည်ကိုမြင်သည်။ သူတို့ဘာသာစကားလည်း နားလည်သည်။ သို့သော် မြေကြီးပေါ်သို့ ပြန်ရောက်သောအခါ ထိုစကားကို ပြောခွင့်မရှိ၊ ပြန်လည်ပြောပြခွင့်မရှိဆိုခြင်းမှာ ဘုရားသခင်အား တိုက်ရိုက်ဖူးတွေ့ရာ၌ ကိုးကွယ်ခြင်းဖြစ်၍ အခြားနေရာမှာ ပြောဆိုခြင်းမရှိ။ ထိုအကြောင်းကို G.Campbell Morgan  က ဤသို့ဆိုသည်။

ထိုနေရာတွင် ရူပါရုံနှင့် ဗျာဒိတ်တော်များတွေ့မြင်ခဲ့သည်။ ထိုဗျာဒိတ်တော်သည် အနာဂတ်အတွက် အရိပ်ပြခြင်းမဟုတ်။ ဘုရားသခင်၏ သန့်ရှင်းခြင်းကို ဖူးတွေ့ခြင်းဖြစ်သည်။ ထိုသူများသည်လည်း တကိုယ်လုံး စင်ကြယ်လျက် ဘုရားသခင်၏ ဘုန်းတန်ခိုးစင်ကြယ်ခြင်းအကြောင်းကို ပြောဆိုကြခြင်း ဖြစ်သည်။၄၅

၁၂: ထိုသူ၏ အားနည်းခြင်းအကြောင်းကို ဝါကြွားမည် ဟုဆိုခြင်းသည် ပေါလုကိုယ်တိုင်ကို ဆိုလိုခြင်းမဟုတ်။ သခင်ဘုရား၏ ရူပါရုံနှင့် ဗျာဒိတ်တော်များသည် သူကိုယ်တိုင်ဟုတ်သည်ဟုမဆို။ အခြားသူများကမူ ပေါလုနားလည်သည်ဟု ယူဆကြသည်။ ပေါလုက သူမဟုတ်ဘူးဟု မငြင်းပယ်သော်လည်း ဟုတ်သည်ဟု မဝန်ခံပါ။

၁၂: ဝါကြွားမည်ဆိုလျှင် ပေါလုတွင် ဝါကြွားစရာများစွာရှိသည်။ ဝါကြွားလည်း ဝါကြွားလောက်ပါသည်။ သို့သော် ပေါလုစကားများသည် အပိုပြောခြင်းမဟုတ်။ သစ္စာတရားပြောခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တခွန်းအပိုပြောမိလျှင် အခြားစကားများကိုလည်း သမ္မာတရားစကားဟု သူများထင်မှတ်တော့မည်မဟုတ်။ ဖွဲတခါခိုး၊ ဆန်ခိုးဆယ်ခါမိ မဖြစ်ချင်။

၁၂: ပေါလုအသက်တာ၏ အဓိကအပိုင်းကျမ်းချက်ဖြစ်သည်။ ဒမာသက်လမ်းဖြစ်စဉ်၏ အနှစ်သာရဖြစ်သည်။ ပေါလုဘဝအသက်တာ အတွေ့အကြုံမှ အထွဋ်အထိပ်ဖြစ်သည်။ ထို့နောက်ပိုင်းတွင် ခရစ်တော်၏အစေခံဖြစ်လာ၍ တံဆိပ်အထိမ်းအမှတ်တခု ခတ်နှိပ်ထားသည်။ ၎င်းတံဆိပ်မှာ ခန္ဓာကိုယ်ထဲမှ ဆူးဖြစ်သည်။

ဤကျမ်းပိုဒ်တွင် တန်ဖိုးမဖြတ်နိုင်သော သင်ခန်းစာဖြစ်သည်။ ပထမအချက်မှာ ဘုရားသခင်၏ ဝိညာဉ်တော်သည် ကျွန်ုပ်တို့၏အသွေးအသားနှင့် မဆိုင်။ တမန်တော်သည် တတိယကောင်းကင်နိုင်ငံသို့ ရောက်ခဲ့၍ ဘာသာစကားများပင် နားလည်ခဲ့သော်လည်း မြေကြီးပေါ်တွင် ပြန်ရောက်လာသောအခါ ဇာတိဟောင်းရှိနေသေးသည်။ မာန်မာနရှိနေသေးသည်။ ထိုအကြောင်းကို R.J Reid  က ဤသို့ဆိုသည်။

ခရစ်တော်ထဲ၌ရှိနေသူသည် ဘုရားသခင်၏ ဋ္ဌာနတော်သို့ ရောက်ရှိသည်ဆိုခြင်းမှာ ယုံမှားဖွယ်ရာမရှိပါ။ သို့သော်မြေကြီးပေါ်သို့ ပြန်ရောက်သောအခါ ခန္ဓာကိုယ်ထဲ၌ ဆူးရှိဖို့လိုအပ်နေသည်။ ပရသုဒိဘုံ၌ အတွေ့အကြုံများကို ဝါကြွားမာန်တက်ခြင်း မပြုရန်ဖြစ်သည်။၄၆

ပေါလု၏ ခန္ဓာကိုယ်ထဲမှ ဆူးဆိုသည်မှာ အဘယ်နည်း။ ပေါလု၏ခန္ဓာကိုယ်ရှိ စုံစမ်းနှောင့်ယှက်ခြင်းတခုခုဖြစ်သည် ဟု ယုံကြည်ကြသည်။ ထိုသို့ ဆင်းရဲဒုက္ခခံစေခြင်းသည် ယေရှုခရစ်တော်ခံစားရသော ဆင်းရဲဒုက္ခအား အမြဲသတိရစေဖို့ ဖြစ်နိုင်သည်။ ပေါလု၏စကားလေသံအရဆိုလျှင် မျက်စိနှင့်ပတ်သက်သောရောဂါ၊ နားကိုက်ခြင်း၊ ငှက်ဖျားရောဂါ၊ ခေါင်းကိုက်ရောဂါဖြစ်နိုင်သည်။ Moorehead  ကမူ” အနာရောဂါအားနည်းချက်ရှိသည်မှာ သေချာသည်။ ရောဂါပြနိုင်သော ဆိုးဝါးသည့် အတွေ့အကြုံ ဖြစ်သည်” ဟု ဆိုသည်။၄၈ စုံစမ်းခြင်းသည် ဤကျမ်းစာပါ စုံစမ်းခြင်းနှင့်မတူညီသော်လည်း ထိုကဲ့သို့ပင် အသီးအပွင့် ဖြစ်ထွန်းစေဖို့လိုသည်။

တမန်တော်ကြီးက သူ့ခန္ဓာကိုယ်ထဲမှဆူးသည် စာတန်၏စေတမန်သဖွယ်ဟုဆိုသည်။ တနည်းအားဖြင့် ခရစ်တော်၏ အမှုတော်ထမ်းဆောင်ရန် အဟန့်အတားအနှောင့်အယှက်ဟု နားလည်ရသည်။ ဘုရားသခင်သည် စာတန်ထက် ကြီးမြတ်သောကြောင့် ဘုရားသခင်အမှုတော်ထမ်းဆောင်ရာ၌ နှိမ့်ချခြင်းလက်နက်အဖြစ်သို့ ပြောင်းပေးလိုက်သည်။ ခရစ်တော်၏ အမှုတော်အောင်မြင်စွာထမ်းရွက်သူသည် အားနည်းသောအစေခံဖြစ်ရသည်။ ပိုမိုအားနည်းသော အမှုတော်ဆောင် သည် ပိုမိုဆက်ကပ်နိုင်သော အစေခံဖြစ်သည်။

၁၂: ထိုခန္ဓာကိုယ်ထဲမှ ဆူးအားဖယ်ရှားပေးရန် ပေါလုသည် ဘုရားသခင်ထံတော်သို့ ()ကြိမ်တိုင်တိုင် တောင်းလျှောက်ခဲ့သည်။

          ၁၂: ပေါလု၏ ဆုတောင်းသံကို ဘုရားသခင်နားညောင်းသည်။ သို့သော်ကြားရသည့်အဖြေစကားမှာ မျှော်လင့်သည့် အတိုင်းမဟုတ်။ ”သင့်ဆူးကို နှုတ်ပေးမည်မဟုတ်၊ ထို့ထက်ကောင်းသောအရာတခု ငါပြောမည်။ ငါပေးသောကျေးဇူးတော် သည် သင့်အတွက်လုံလောက်ပါသည်။ ပေါလု မှတ်ထားပါ၊ သင်ကောင်းသည့်အတိုင်း ငါမပေးသော်လည်း ငါပေးသည့်ဆု သည် သင်တောင်းဆိုချက် ပိုမိုနက်နဲသည်။ ငါပေးသောဘုန်းတန်ခိုးများကို မလိုချင်ဘူးလား။ သင်၏ အားနည်းချက်သည် ငါပေးသော အကောင်းဆုံးလက်ဆောင်ဖြစ်သည်”ဟု ဘုရားသခင်က ဖြေသည်။

ထိုအဖြေစကားသည် ပေါလု၏ သုံးကြိမ်သုံးခါတောင်းဆိုချက် အဖြေစကားဖြစ်သည်။ ဘုရားသခင်၏ အဖြေစကား အတိုင်း တသက်တာလုံး ဆက်လက်ခံစားသည်။ စုံစမ်းခြင်းနှင့် ဆင်းရဲဒုက္ခများမှ ချမ်းသာခြင်းထက် ကောင်းသောဆုမှာ ဘုရားသားတော်နှင့် မိတ်ပေါင်းဆွေသဟာဖွဲ့ခြင်း၊ ကျေးဇူးတော်၌ လုံခြုံစိတ်ချစွာနေရခြင်းဖြစ်သည်။
သင့်အတွက် ငါ့ကျေးဇူးသည် လုံလောက်၏ ဟူသော နှုတ်ကပတ်တော်ကို အစဉ်မှတ်ထားပါ။ ကျေးဇူးတော် ခံစားဖို့ မတောင်းလျှောက်ပါနှင့်။ ယခုခံစားနေသည်ကို သိရှိပါ။

ထို့ကြောင့် တမန်တော်ပေါလုက ”ဘုရားရှင်၏တန်ခိုးသည် အားနည်းခြင်းအပေါ်၌ စုံလင်တတ်၏။ ခရစ်တော်၏တန်ခိုးသည် ငါ့အပေါ်၌ ကျိန်းဝပ်မည့်အကြောင်း ဝါကြွားခြင်းအလိုရှိ၏”ဟုဆိုခဲ့သည်။

သခင်ဘုရားက ဉာဏ်ပညာကြွယ်ဝစွာ ဖြေကြားသောအခါ ပေါလုကလည်း တမန်တော်ပီပီ သိရှိနားလည်ခံယူသည်။ ဆူးနှုတ်ပေးဖို့ရာ မရမကတောင်းဆို သောင်းကျန်းခြင်းမပြုဘဲ၊ သူ၏ မပြည့်စုံခြင်း၊ အားနည်းခြင်းကို ကြည်ဖြူစွာ လက်ခံဂုဏ်ယူသည်။ ဘုရားသခင်၏ ကျေးဇူးတော်သဘောပေါက်ကြောင်း ဒူးထောက်ချီးမွမ်းသည်။ သူ့အပေါ်၌ ခရစ်တော်ဘုရား၏ ဘုန်းတန်ခိုးကိန်းဝပ်မည်သိသောကြောင့် ဝမ်းမြောက်သည်။ ထိုအကြောင်းကို J.Oswald Sander  က ဤသို့ဆိုသည်။

လူသားများ၏ဦးနှောက်မှာ ရောဂါကို မည်သို့ကုသရမည်နည်းဟုသာ တွေးကြသည်။ သို့သော် ပေါလုကမူ ထိုမပျောက်နိုင်သောဝေဒနာကို ပျော်ရွှင်စရာဖြစ်အောင် မည်သို့လုပ်ရမည်နည်းဟုတွေးသည်။ အားနည်းခြင်း ဆင်းရဲဒုက္ခအခက်အခဲပြဿနာများသည် ငါ၏ပျော်ရွှင်ရာ ဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် ဘုရားရှင် ခွင့်ပြုထားသော ထိုဝေဒနာကို ကျေးဇူးတော်ချီးမွမ်းစရာအဖြစ်သို့ ပြောင်းလဲလိုက်သည်။ ”ငါ့ကိုယ်၌ အားနည်းခြင်းကို ဝမ်းမြောက်သောစိတ်နှင့် ငါဝါကြွား၏” ဟုဆိုသည်။၄၉

          ၁၂:၁ဝ လူ့သဘောထုံးစံအတိုင်းဆိုလျှင် ဤကျမ်းပိုဒ်သည် ပျော်ရွှင်နှစ်သက်စရာမဟုတ်ပါ။ သို့သော်လည်း ခရစ်တော်၏နာမတော်မြတ်၌ ဖြစ်သောကြောင့် ပေါလုပျော်ရွှင်ကျေနပ်သည်။ ပေါလု ခံစားရသည့်အကြောင်းသည်လည်း သူချစ်ခင်သူများအား ဧဝံဂေလိဟောပြောရာ၌ ခံစားရသော ဆင်းရဲဒုက္ခများ ဖြစ်သည်။

လူသည် အားနည်းခြင်း၊ အချည်းနှီးသူများဖြစ်သည်။ ထိုသို့ မိမိကိုယ်ကို အစွမ်းအစ ရှိသူများ မဟုတ်ကြောင်း နားလည်သောအခါ ဘုရားသခင်၏ ဘုန်းတန်ခိုးအား မှီခိုရကောင်းမှန်းသိလာသည်။ ယုံကြည်စိတ်ချစွာ ဘုရားသခင် အပေါ်အားကိုးလျှင် ယုံကြည်သည့်အတိုင်းအကျိုးခံစားရ၍ ခိုင်မာအားကြီးလာကြမည်။

William Wilberforce  သည် ဗြိတိသျှအင်ပါယာအတွင်း ကျွန်စနစ်ဖျက်သိမ်းရေးတွင် ပင်ကိုယ်အားဖြင့် အားအင်ချိနဲ့ သူဖြစ်သည်။ သို့သော် ဘုရားသခင်ကို အားကိုးယုံကြည်သည်။ Boswell  က ”ပုရွက်ဆိတ်က ဝေလငါးကြီးဖြစ်လာမည်ကို ငါမြင်ယောင်သည်”ဟုဆိုခဲ့သည်။

ဤကျမ်းပိုဒ်သည် ပေါလု၏ (မ ၅း၁၁-၁၂)ပါ ကိုယ်တော်ဘုရား၏စကားတော်ကို နာခံခြင်းဖြစ်သည်။ လူများ၏ ညှဉ်းပန်းနှိပ်စက်ခြင်း၊ စော်ကားခြင်းခံရသောအခါ နာမတော်မြတ်၌ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသည်။ ကျေးဇူးတော်ချီးမွမ်း သည်။

 

()   တမန်တော်ဟုတ်မှန်ကြောင်း လက္ခဏာ (၁၂:၁၁၁၃)

          ၁၂:၁၁ ပေါလုသည် သူ၏ဝါကြွားခြင်းကိုပြန်တွေးသောအခါ ချွေးပြန်နေပုံရသည်။ မိုက်မိုက်ကန်းကန်း ဝါကြွားခဲ့သည်ကို ပြန်သတိရသည်။ သို့သော် ဝါကြွားချင်လွန်း၍မဟုတ်။ ကောရိန္သုသားများ၏တွန်းပို့မှု ဖြစ်သည်။ ကောရိန္သုသားများ၏ မိုက်မဲစော်ကားမှုကြောင့် ကျောင်းမှန်းဂန်မှန်း သိအောင်လုပ်ပြခြင်းဖြစ်သည်။ သူကိုယ်တိုင်၌ ဘာမှမဟုတ်သော်လည်း ဘုရားရှင် ဘုန်းတန်ခိုးပေးထားသောတမန်တော် ဟုတ်မှန်သည်ဟု နဂါးမှန်းသိအောင် အမောက်ထောင်ပြသည်။

၁၂:၁၂ ကောရိန္သုတွင် ပထမအကြိမ် ရောက်ရှိပုံကို ပြန်လည်ထောက်ပြသည်။ ထိုစဉ်က ဧဝံဂေလိ သတင်းကောင်း လက်ခံယုံကြည်ကြရန် တမန်တော်၏ နိမိတ်လက္ခဏာများ ပြသခဲ့သည်။ ထိုသို့ လက္ခဏာပြရခြင်းမှာ တရားနာ ပရိသတ်များက ပေါလု၏ အမှုတော်ထဲ၌ ဘုရားသခင်ပါရှိကြောင်း ယုံကြည်လက်ခံကြရန် ဘုရားသခင်က တန်ခိုးပေးခြင်း ဖြစ်သည်။

နိမိတ်လက္ခဏာ၊ အံ့ဘွယ်ရာနှင့်ဘုန်းတန်ခိုးပြခင်းများသည် တစ်ခုနှင့်တစ်ခု ထူးခြားလှသည်မဟုတ်။ သို့သော် သွင်ပြင်လက္ခဏာ တမျိုးစီဖြစ်သည်။ နိမိတ်လက္ခဏာဆိုသည်မှာ လူ့အသိဉာဏ်ဖြင့် ဆင်ခြင်သိမှတ်နိုင်သည်။ အံ့ဘွယ်ရာ ဆိုသည်မှာ လူ့အသိစိတ်ကို လှုပ်နှိုးခြင်းဖြစ်သည်။ ဘုန်းတန်ခိုး ပြခြင်းဆိုသည်မှာ လူ့အစွမ်းအစဖြင့် မလုပ်နိုင်စရာများကို လုပ်ဆောင်ပြသခြင်းဖြစ်သည်။

ပေါလုပြောသော တမန်တော်၏ နိမိတ်လက္ခဏာ ဆိုသည်မှာ သုံးခုစလုံး ပါဝင်သည်။ သို့သော် သူ၏ ဂုဏ်ရောင်ထွန်းပြောင်ဖို့မဟုတ်။ ဘုရားသခင်ပေးသော ဘုန်းတန်ခိုးဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။

၁၂:၁၃ ထိုသို့ဆက်ဆံသောကြောင့် ကောရိန္သုအသင်းတော်သည် အခြားအသင်းတော်များထက် နည်းနည်းမျှ မလျှော့မနိမ့်ကျ။ တန်းတူရည်တူသဘောထားသည်။ ပေါလုသည် အခြားအသင်းတော်များသို့ လှည့်လည်သော်လည်း ကောရိန္သုအသင်းတော်သို့မူ လာရောက်ခြင်းမရှိ။ အခြားအသင်းတော်များနှင့် တန်းတူသဘော ဆက်ဆံသည်ဆိုလိုသည်မှာ ဘာကိုဆိုလိုသနည်း။ ကောရိန္သုအသင်းတော်အား ဝန်ထုပ်ဝန်ပိုး မပေးခြင်းဖြစ်သည်။ ငွေကြေးအလှူငွေ မရယူခြင်း ဖြစ်သည်။ ထိုသို့ အလှူငွေလက်မခံခြင်းသည် အခြားအသင်းတော်များနှင့် တန်းတူမဟုတ်ဘူးဟု ယူဆလျှင် ခွင့်လွှတ်ပါဟု ပေါလုက တောင်းပန်သည်။

 

()     ကောရိန္သုခရီးစဉ်ဆိုင်းငံ့ခြင်း (၁၂:၁၄၁၃း၁)

          ၁၂:၁၄ ယခုသင်တို့ထံသို့လာရန် တတိယအကြိမ်အသင့်ရှိပြီ ဟုဆိုသည်။ သုံးကြိမ်သုံးခါတိတိ အဆင်သင့်ဖြစ်နေ သော်လည်း တကြိမ်သာ အမှန်တကယ်သွားဖြစ်သည်။ ဒုတိယအကြိမ်ကလည်း ပြင်ဆင်ပြီးမှ မသွားဖြစ်။ ကောရိန္သုသား များအား လည်းတဆန့်ဆန့် တငံ့ငံ့မဖြစ်စေချင်။ ယခုတတိယအကြိမ်အဆင်သင့် ဖြစ်နေပြန်ပြီ။ သွားဖြစ်လျှင်လည်း ဤခရီးစဉ်သည် ဒုတိယအခေါက်ဖြစ်သည်။

ပထမအခေါက်ခရီးစဉ်ကို (တ၁၈:၁)တွင် မှတ်တမ်းတွေ့ရသည်။ ဒုတိယအခေါက်သည် မသွားဖြစ်။ အလည်အပတ် (၂ကော ၂:၁၊ ၁၃:၁)ကို သတ်မှတ်လျှင် ယခုအခေါက်သည် တတိယအကြိမ် ဟုဆိုနိုင်သည်။

ပေါလုသွားဖြစ်လျှင်လည်း ယုံကြည်သူများကို ဝန်ထုပ်ဝန်ပိုးဖြစ်မည်မဟုတ်။ ဆိုလိုသည်မှာ အထောက်အပံ့ လက်မခံ။ ကောရိန္သုသားများ၏ ငွေကြေးထောက်ပံ့မှုလက်မခံ။ ထိုယုံကြည်သူများ၏ ထောက်ပံ့မစခြင်းနှင့် ဝေးဝေးနေချင် သည်။ ထိုသို့နေရခြင်းအကြောင်းမှာ ကောရိန္သုသားများ၏ ရုပ်ဝတ္ထုပစ္စည်းများကိုမလိုချင်၊ ကောရိန္သုသားများကိုသာ ခုံမင်သည်။ ပေါလုသည် လောက ရုပ်ဝတ္ထုပစ္စည်းများထက် လူကိုချစ်ခင်မြတ်နိုးသည်။ လူ့ဝိညာဉ်ကို တန်ဖိုးထားသည်။ ကောရိန္သုသားများ၏ ဖခင်၊ မိခင်အရာ ရယူသူဖြစ်သည်။ ထို့ကြောင့် ”သားသမီးများက မိဘအဖို့ငွေကြေး စုဆောင်းရကြသည်မဟုတ်။ မိဘများကသာလျှင် သားသမီးများအဖို့ စုဆောင်းရကြသည်” ဟုဆိုသည်။ လူ့သဘော သဘာဝအတိုင်း ရိုးရိုးလေးရှင်းပြခြင်းဖြစ်သည်။ မိဘများကသာလျှင် သားသမီးတို့၏စားဝတ်နေရေး ဖြည့်ဆည်း စီစဉ်ပေးရသည်။ သာမန်အားဖြင့် ဆန်ရေမရှိ။ စုန်ရေသာရှိသည်။ ထို့ကြောင့် ပေါလုက သူ့သားသမီးများဖြစ်သော ကောရိန္သုသားများ အား ရေဆန် မဆန်ခိုင်းခြင်းဖြစ်သည်။

ဤကျမ်းပိုဒ်သည် သားသမီးများ၏နောင်ရေးအတွက် စုဆောင်းခိုင်းထားခြင်းမဟုတ်ပါ။ မိုးမပြို၊ ပြိုသော်ဟူ၍ အနာဂတ်အတွက် ကြိုတင်မျှော်မှန်းစေခြင်းမဟုတ်။ လက်ငင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း ဖြစ်သည်။ ကောရိန္သုမှာ ရှိနေစဉ် လတ်တလော လိုအပ်ချက်များကိုသာ ပြောဆိုသည်။ ထိုအရပ်ရှိ သန့်ရှင်းသူများအား မမှီခိုလို။ ဥဝပ်သကဲ့သို့ သိုက်မြုံယံကို တွယ်ကပ်နေမည်မဟုတ်။ သူကသာလျှင် သိုက်မြုံယံဖွား ငှက်ငယ်များသို့ ခွံ့ကျွေးချင်သည်။

၁၂:၁၅ ဤကျမ်းပိုဒ်တွင် တမန်တော်ကြီး ပေါလုက ဘုရားသခင်၏လူ ကောရိန္သုသားများသို့ ငတ်မပြေနိုင်သော ချစ်ခြင်းမေတ္တာကိုတွေ့ရှိရသည်။ မနေမနား၊ ဇွဲလုံ့လထား၍ ကောရိန္သုသားများ၏ ဝိညာဉ်ချမ်းသာဖို့ အစာရေစာ ခွံ့ကျွေးပုံကိုမြင်ရသည်။  ပေါလု၏ချစ်ခြင်းမေတ္တာသည် မှားယွင်းသောဆရာများ၏ မေတ္တာနှင့်မယှဉ်အပ်။ ဆထက်များစွာ ပိုသည်။ ချစ်ခြင်းမေတ္တာထားရှိပုံခြင်းမတူပါ။ ပေါလုသည် ကောရိန္သုသန့်ရှင်းသူများထံမှ အပြန်မမျှော်။ အသွားသာရှိသည်။ အဆန်ကိုမမင်၊ အစုန်သာဖြစ်ချင်သည်။ ထိုချစ်ခြင်း မေတ္တာမျိုးသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမျိုးဖြစ်သည်။

၁၂:၁၆ သွားပုပ်လေလွင့်ပြောကြခြင်းအား ပေါလုက ချေပထားသည်။ ပေါလု၏ရပ်တည်ချက် မမှန်ကန်ကြောင်း ပြောဆိုသံကြားခဲ့သည်။ ”ကောင်းပြီ ပေါလုက ယုံကြည်သူများထံမှ ငွေကြေးဘယ်နှစ်ပြားရယူပါသလဲ၊ တကယ်လို့  လိမ်လည်လှည့်ဖြား၍ ရယူသည်မှန်လျှင် ထိုသူများကို ငါ့ထံခေါ်လာခဲ့ပါ။ သူတို့ပေးသောငွေကို လာတောင်းကြပါစေ”ဟု စိန်ခေါ်ရန်တွေ့သည်။

၁၂:၁ရ ”ကောင်းပါပြီ၊ ငါကိုယ်တိုင်မယူသော်လည်း၊ တယောက်ယောက်ကိုများ ငါစေခိုင်းထားခြင်း ရှိသလား” ဟု စွပ်စွဲချက်များကို တိုက်ရိုက်ချေပသည်။

၁၂:၁၈ သူ့မေးခွန်းကို သူပြန်ဖြေသည်။ မှန်ပါသည်။ အလှူငွေကြေးကောက်ခံဖို့ တိတုကို စေလွှတ်သည်။ သို့သော် တယောက်တည်း တိုးတိုးတိတ်တိတ်စေလွှတ်ခြင်းမဟုတ်။ ခိုးကြောင်ခိုးဝှက်မလုပ်။ မယုံသင်္ကာမရှိကြစေရန် အခြားအဖော်များ ထည့်ပေးလိုက်သည်။ ကောရိန္သုသို့ တိတုရောက်သောအခါ မည်သို့ ကြုံတွေ့ကြသနည်း။ အခွင့်အရေး တောင်းဆိုသလား။ သူ့ကိုငွေကြေးထောက်ပံ့ဖို့ စကားစသလား။ ဝေစုတောင်းဖို့ ကြိုးပမ်းသလား။ လုံးဝမတောင်းပါ။ ကိုယ်ဝမ်းစာကိုယ်သာကျောင်းပါသည်။ ကိုယ့်ထမင်းကိုယ်သာစားပါသည်။ ထို့ကြောင့် ”သူသည် ငါနှင့်သဘောချင်းတူ၍ တလမ်းတည်းလိုက်လျှောက်ကျင့်သုံးကြသူများ မဟုတ်သလော” ဟု ဆိုသည်။ တနည်းအားဖြင့် တိတုနှင့်ပေါလုတို့သည် လည်း ကောရိန္သုသားများ၏ ထောက်ပံ့ကူညီမှုကို မခံယူလိုသူများ ဖြစ်သည်။

၁၂:၁၉ ယခုကဲ့သို့ ပြောဆိုချေပချက်များသည် ကောရိန္သုသားများထံသို့ ပြုမှားမှုများကို ခွင့်လွှတ်ဖို့ဖြစ်ကြောင်း ခံယူကြပုံရသည်။ ပေါလု၏ခံယူချက်မှာ ထိုသို့မဟုတ်။ ဘုရားသခင်၏ရှေ့တွင် တိုင်တည်ပြောဆိုခြင်းမှာ သူ့ကိုယ်ကျိုး အတွက် အလျဉ်းမပါ။ ကောရိန္သုသားများ၏ ဝိညာဉ်အသက်တာ ထူထောင်နိုင်ဖို့ဖြစ်သည်။ ပျက်စီးခြင်းကို ကျောခိုင်း၍ ခရစ်ယာန်အသက်တာတွင် ကြီးထွားရင့်သန်စေဖို့ ဖြစ်သည်။ အမှန်မှာ မိမိကိုယ်ကို ခုခံကာကွယ်ခြင်းထက် စာဖတ်ပရိသတ်များ ဝိညာဉ်ရေးရာ အသိအမြင် လိမ္မာရေးခြား ရှိစေသည်။

အရာခပ်သိမ်းကို တတ်စွမ်းနိုင်သည်ဆိုသည်မှာ အရာခပ်သိမ်းကို ရေးပေးလိုက်သည်ဟူသောစကားကို ပံ့ပိုးအထူး ပြုခြင်းဖြစ်သည်။ (၂ကော ၁၃:၁ဝ နောက်ပိုင်းကိုကြည့်)။

၁၂:၂ဝ ကောရိန္သုသို့ရောက်သောအခါ ကောရိန္သုသားများသည် မှားယွင်းသောဆရာများနှင့် ကင်းဝေးလျက် နာမတော်မြတ်၌ အချင်းချင်းရင်းနှီးချစ်ကြည်စွာ ပျော်ရွှင်နေကြသည်ကို တွေ့ချင်သည်။

ပေါလု၏ အလည်အပတ်သည် အိမ်ရှင်များအား ဝန်ထုပ်မဖြစ်စေချင်။ လွတ်လပ်စွာပျော်ရွှင်စေချင်သည်။ စိုးရိမ်ပူပန် ခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း၊ အမျက်ထွက်ခြင်း၊ ဂုဏ်တုဂုဏ်ပြိုင်ခြင်း၊ စော်ကားပြောဆိုခြင်း၊ ကုန်းချောခြင်း၊ မောက်မာထောင်လွှားခြင်းများ မတွေ့ချင်၊ မမြင်ချင်။

၁၂:၂၁ ထိုထက်စာလျှင် ကောရိန္သုသားများသည် ပေါလု၏ စိတ်ပျော်ရွှင်ချမ်းမြေ့ရာဖြစ်စေချင်သည်။ အရှက်ခွဲ၊ အိုးမဲသုတ်သူများ မဖြစ်စေချင်။ ကောရိန္သုသားများ၏ အပြစ်အတွက်ဝမ်းနည်းခြင်း၊ မစင်ကြယ်မှုအတွက် နောင်တရခြင်း၊ ဆိုးညစ်မှုများအတွက် မျက်ရည်ကျခြင်းမကြုံချင်။

          ထိုစကားသည် ကောရိန္သုသားများအား ယင်းအပြစ်ကိုကျူးလွန်ကြသည်ဟု ဆိုလိုခြင်းမဟုတ်။ သတိပေးခြင်း ဖြစ်သည်။ ကောရိန္သုသို့ ပေါလုရောက်ချိန်တွင် အသင်းတော်ထဲ၌ ထိုအမင်္ဂလာသတင်းမျိုး မကြားချင်။ စစ်မှန်သောယုံကြည်သူ များသည် ထိုအပြစ်များနှင့် ပတ်သက်စရာအကြောင်းမရှိ။ ထိုအပြစ်ရှိသူများသည် ဘုရားသခင်၏ နိုင်ငံတော်နှင့်မထိုက်တန်ကြ (၁ကော ၆:၉-၁ဝ)။ အကယ်၍ နောင်တရခြင်း၊ အသိဉာဏ်မတိုးပွားခဲ့လျှင် ပေါလု ဝမ်းနည်းတော့မည်မဟုတ်။

ဤအခန်းနှင့် ပတ်သက်၍ Dargy  က တတိယကောင်းကင်နိုင်ငံနှင့် အစပြု၍ လောက အညစ်အကြေးများသို့ နိဂုံးချုပ်သည်ဟု ထောက်ပြသည်။ ထိုနှစ်ခုကြားသက်သာရာမှာ တမန်တော် ပေါလုအပေါ်၌ ခရစ်တော်၏ ဘုန်းတန်ခိုး တည်ရှိခြင်း ဖြစ်သည်ဟုဆိုသည်။၅ဝ

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

[post-views]

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။