ရာဇဝင်ချုပ်ဒုတိယစောင် - ၃၃

ယုဒဘုရင်မနာရှေ
(၄ရာ၊ ၂၁: ၁-၉)
1မနာရှေသည် အသက်တစ်ဆယ်နှစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ ငါးဆယ်ငါးနှစ် စိုးစံလေ၏။ 2ထိုမင်းသည် ဣသရေလအမျိုးသားရှေ့မှာ၊ ထာဝရဘုရား နှင်ထုတ်တော်မူသော တစ်ပါးအမျိုးသား ရွံရှာဖွယ်ထုံးစံအတိုင်း၊ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။ 3ခမည်းတော်ဟေဇကိ ဖျက်ဆီးသောကုန်းတို့ကို ပြုပြင်၍၊ ဗာလဘုရားတို့အဖို့ ယဇ်ပလ္လင်တို့ကို တည်၏။ အာရှရပင်တို့ကိုလည်း ပြုစု၏။ မိုးကောင်းကင်တန်ဆာများကိုလည်း ဝတ်ပြုကိုးကွယ်၏။ 4ယေရုရှလင်မြို့၌ ငါ့နာမကို အစဉ်ငါတည်စေမည်ဟု ထာဝရဘုရား မိန့်တော်မူသောမြို့၊ ဗိမာန်တော်၌ယဇ်ပလ္လင်တည်းဟူသော၊ 5ဗိမာန်တော်တံတိုင်းနှစ်ရပ်တွင်၊ မိုးကောင်းကင်တန်ဆာများအဖို့ ယဇ်ပလ္လင်တို့ကိုတည်၏။ 6မိမိသားတို့ကို ဟိန္နုံသားချိုင့်၌ မီးဖြင့်ပူဇော်၏။ ကာလဗေဒင်ကိုကြည့်တတ်၏။ ပြုစားသောအတတ်၊ နတ်ဝိဇ္ဇာအတတ်ကို သုံးဆောင်၍၊ စုန်းနှင့် နတ်ဝင်တို့ကိုလည်း အခွင့်ပေး၏။ ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်ခြင်းငှာ ရှေ့တော်၌များစွာသော ဒုစရိုက်ကိုပြု၏။ 7ဤဗိမာန်၌လည်းကောင်း၊ ဣသရေလခရိုင်များတို့တွင် ငါရွေးကောက်သော ယေရုရှလင်မြို့၌လည်းကောင်း၊ ငါ့နာမကို အစဉ်အမြဲ ငါတည်စေမည်ဟု ထာဝရဘုရားသည် ဒါဝိဒ်နှင့် သားတော်ရှောလမုန်အားမိန့်တော်မူရာ၌၊ ရည်ဆောင်သော ဗိမာန်တော်ထဲမှာ၊ မိမိပြုစုသောရုပ်တုနှင့် တူအောင်လုပ်သော ရုပ်တုတစ်ခုကို တင်ထား၏။ 8ငါမှာထားသမျှအတိုင်း၊ မောရှေအားဖြင့် စီရင်ထုံးဖွဲ့သမျှသောတရားအတိုင်း၊ ဣသရေလအမျိုးသားတို့သည် ကျင့်ခြင်းငှာ စောင့်ရှောက်လျှင်၊ သူတို့ဘိုးဘေးတို့အား ငါပေးသောပြည်မှ၊ သူတို့ကို နောက်တစ်ဖန် ငါမရွှေ့မပြောင်းစေဟု မိန့်တော်မူသော်လည်း၊ 9မနာရှေသည် ယုဒပြည်သူ ယေရုရှလင်မြို့သားတို့ကို လမ်းလွဲစေ၏။ ဣသရေလအမျိုးသားတို့ရှေ့မှ၊ ထာဝရဘုရား ဖျက်ဆီးတော်မူသော လူမျိုးတို့ပြုသည်ထက်၊ သာ၍ဆိုးသောအမှုကို ပြုစေ၏။
မနာရှေနောင်တရခြင်း
10ထာဝရဘုရားသည် မနာရှေနှင့် သူ၏လူတို့အားမိန့်တော်မူသော်လည်း၊ သူတို့သည် နားမထောင်ဘဲနေသောကြောင့်၊ 11အာရှုရိရှင်ဘုရင်၏ ဗိုလ်မင်းများကို စစ်ချီစေတော်မူသဖြင့်၊ သူတို့သည် မနာရှေကို ဆူးတော၌ဖမ်းမိ၍၊ သံကြိုးနှင့် ချည်နှောင်ပြီးမှ၊ ဗာဗုလုန်မြို့သို့ ဆောင်သွားကြ၏။ 12ထိုသို့မနာရှေသည် ဆင်းရဲဒုက္ခကို ခံရသောအခါ၊ မိမိဘုရားသခင် ထာဝရဘုရားကိုတောင်းပန်၍၊ ဘိုးဘေးတို့၏ ဘုရားသခင့်ရှေ့မှာ ကိုယ်ကို အလွန်နှိမ့်ချလျက်၊ 13ဆုတောင်းပတ္ထနာ ပြုသောစကားကို ဘုရားသခင် နားထောင်နာယူ၍၊ မနာရှေအုပ်စိုးရင်းပြည်၊ ယေရုရှလင်မြို့သို့ တစ်ဖန် ပို့ဆောင်တော်မူ၏။ ထိုအခါ ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်းကို မနာရှေသိရ၏။
14ထိုနောက်၊ ဒါဝိဒ်မြို့ပြင်၊ ဂိဟုန်မြို့အနောက်ဘက်၊ ချိုင့်ထဲမှာ ငါးတံခါးဝတိုင်အောင်လည်းကောင်း၊ ဩဖေလရဲတိုက် ပတ်လည်၌လည်းကောင်း၊ အလွန်မြင့်သောမြို့ရိုးကို တည်၏။ ယုဒပြည်တွင် ခိုင်ခံ့သောမြို့ရှိသမျှတို့၌ တပ်မှူးတို့ကို ခန့်ထား၏။ 15တစ်ပါးအမျိုးတို့၏ဘုရားများနှင့် အရင်လုပ်သောရုပ်တုကို၊ ဗိမာန်တော်ထဲက ထုတ်၍၊ ဗိမာန်တော်တောင်ပေါ်၊ ယေရုရှလင်မြို့ထဲမှာ အရင်တည်သော ယဇ်ပလ္လင်တို့ကိုလည်း မြို့ပြင်သို့ ထုတ်ပစ်လေ၏။ 16ထာဝရဘုရား၏ယဇ်ပလ္လင်ကို ပြုပြင်၍၊ မိတ်သဟာယယဇ်နှင့် ကျေးဇူးတော်ဝန်ခံရာ ယဇ်တို့ကို ပူဇော်၏။ ယုဒပြည်သားတို့သည်၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားကို ဝတ်ပြုမည်အကြောင်း မှာထား၏။ 17သို့ရာတွင် ပြည်သားတို့သည် မြင့်သောအရပ်ပေါ်မှာ ယဇ်ပူဇော်လျက်ပင်၊ မိမိတို့ ဘုရားသခင် ထာဝရဘုရားကိုသာ ကိုးကွယ်ကြ၏။
မနာရှေနန်းသက်ကုန်ဆုံးခြင်း
(၄ရာ၊ ၂၁:၁၇-၁၈)
18မနာရှေပြုမူသောအမှုအရာ ကြွင်းလေသမျှတို့နှင့် မိမိဘုရားသခင်ကို ဆုတောင်းခြင်းအရာ၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားအခွင့်နှင့် သူ့အားပရောဖက်တို့ ဟောပြောသောစကားသည်၊ ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။ 19သူဆုတောင်းခြင်း၊ ဘုရားသခင်နားထောင်တော်မူခြင်း၊ အမှုမရောက်မီ ပြစ်မှားလွန်ကျူးခြင်း၊ မြင့်သောအရပ်တို့ကို တည်ခြင်း၊ အာရှရပင်နှင့် ရုပ်တုဆင်းတုတို့ကို တည်ထောင်ခြင်းအရာတို့သည်၊ ဟောဇဲ၏ကျမ်းစကားတွင် ရေးထားလျက်ရှိ၏။ 20မနာရှေသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ မိမိအိမ်၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်အာမုန်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
ယုဒဘုရင်အာမုန်
(၄ရာ၊ ၂၁: ၁၉-၂၆)
21အာမုန်သည် အသက်နှစ်ဆယ်နှစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ နှစ်နှစ်စိုးစံလေ၏။ 22ထိုမင်းသည် ခမည်းတော်မနာရှေပြုသကဲ့သို့ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။ ခမည်းတော်လုပ်သော ရုပ်တုဆင်းတုရှိသမျှတို့အား ယဇ်ပူဇော်၍ဝတ်ပြု၏။ 23ခမည်းတော်သည် ထာဝရဘုရားရှေ့တော်၌ ကိုယ်ကိုနှိမ့်ချသကဲ့သို့ မနှိမ့်ချဘဲ အထူးသဖြင့် ပြစ်မှား၏။ 24မိမိကျွန်တို့သည် သင်းဖွဲ့၍ နန်းတော်၌ လုပ်ကြံကြ၏။ 25အာမုန်မင်းကြီးတစ်ဖက်၌ သင်းဖွဲ့သောသူအပေါင်းတို့ကို၊ ပြည်သူပြည်သားတို့သည် ကွပ်မျက်၍၊ သားတော်ယောရှိကို ခမည်းတော်အရာ၌ နန်းတင်ကြ၏။

ရာဇဝင်ချုပ်ဒုတိယစောင် - ၃၃ (အနက်ဖွင့်)

(မနောရှေမင်း (၃၃:၂၀)

၃၃:၁၁ ဖခင်ဟေဇကိဘုရင် ဘုရားတရားကိုင်းရှိုင်းသလောက် မနာရှေမင်းသည် ယုဒပြည်တွင် အပြစ်ဒုစရိုက်ပေါင်းစုံဖြင့် သောင်းကျန်းမင်းမှုသည်။ သို့သော် ယုဒမင်းများတွင် နန်းစံသက်တမ်းအရှည်ဆုံးဖြစ်၍ နှစ်ပေါင်း(၅၅)နှစ်ချယ်လှယ်ခဲ့သည်။ မနာရှေပြုသောအပြစ်ဒုစရိုက်များကို ရေတွက်ပြလျှင် ပြောမဆုံးပေါင်တောသုံးတောင်များပြားသည်။ ဘုရားသခင်၏ မြို့တော်နှင့် ဗိမာန်တော်ကို ရုပ်တုဆင်းတု ဘုရားသဖြင့် ညစ်နွမ်းယုတ်ပတ်စေသည်။ ဟိန္နုံချိုင့်ဝှမ်းရှိ မောလတ်ဘုရားရှေ့တွင် မိမိတို့သားများအား မီးရှို့ပူဇော်စေ သည် (၄ရာ ၂၁:၁၆)။ နေ့ရက်စဉ်ဆက်မပြတ်သား မီးရှို့ပူဇော်ခြင်းပြုသည်ဟု ယောရှဖတ်က မှတ်တမ်းတင်ထားသည်။ ဘိုးဘွားစဉ်လာအရ ပရောဖက်ဟေရှာယကိုလည်း နှစ်ပိုင်းခုတ်ပိုင်း သတ်ဖြတ်သည်ဟု ဆိုကြသည်။ (ဟေဗြဲ ၁၁:၃၇ သည် နောရှေမင်းလက်ထက် အပြစ်ဆိုးဖြစ်သည် ဟုဆိုကြသည်)။ မနာရှေမင်းက ဘုရားသခင်၏ စကားတော်ကို မနာခံငြင်းပယ်၍ ဆိုးသထက်ဆိုး၊ မိုက်သထက်မိုက်သောကြောင့် ဆုံးမရန် ဘုရားသခင်က အာရှုရိမင်းအားအသုံးပြုသည်။ ဗာဗုလုန်သို့ ဖမ်းဆီးခေါ်ဆောင်၍ ထိန်းသိမ်းစေသည်။

၃၃:၁၂၂၀ မနာရှေမင်း နောင်တရသည်အကြောင်းကို ရာဇဝင်ချုပ်တွင်သာ တွေ့ရသည်။ (အငယ် ၁၈ သည် ဓမ္မရာဇဝင် ကျမ်းစောင်တွင် မပါရှိ)။ ရုပ်တုဘုရားတုနောက်ပိုင်းတွင် နှစ်ပေါင်းကြာရှည်ဆိုးသွမ်းမိုက်ကမ်း၊ဝလင်ပြီးသောအခါ အကျွတ်တရားရလာသည်။ ထာဝရဘုရားသခင်သည်သာလျှင် ဘုရားသခင်အမှန်ဖြစ်ကြောင်း စိတ်ရင်းအမှန်ဖြင့် သိရှိသွားသည်။ ရုပ်တုဘုရားတုများကို ကျောခိုင်းပြီး၊စစ်မှန်သော ဘုရားသခင်ရှေ့သို့ ပြည်သူများ မည်ကဲ့သို့ ခေါ်ဆောင်ရမည့်အကြောင်း အတွေးဝင်လာသည်။ အပိုဒ်ငယ် ၁၇ တွင်ပါရှိသော ကုန်းမြင့်အရပ်ဆိုသည်မှာ ယေရုရှလင်မှဝေးကွာသော အရပ်ဒေသများတွင် ယဇ်ပူဇော်ခြင်းများကို ဆိုလိုသည်။ ထိုသို့ပြုလုပ်ခြင်းကို ပညတ်တော်က တားမြစ်သည်။သို့သော် မလွှဲသာမရှောင်သာ၍ လုပ်ကြရသည်။

()အာမုန်မင်း (၃၃:၂၁၂၅)

၃၃:၂၁၂၅ အာမုန်မင်းသည် ဖခင်မနာရှေမင်းပြုပြင် ပြောင်းလဲမှုလမ်းစဉ်မလိုက်ဘဲ၊ ဆိုးသွမ်းမိုက်ကမ်းမှုကိုသာ အမွေဆက်ခံသည်။ ထို့ကြောင့် သက်ဆိုးမရှည်။ (၂)နှစ်သာ နန်းစံသည်။ အိမ်မွေးငယ်ကျွန်တို့၏ လက်ချက်ဖြင့် သေသည်။ ပြည်သူများက ထိုလူသတ်သမားများကို ကွပ်မျက်ပြီး အာမုန်မင်း၏ သားယောရှိအား နန်းတင်ကြသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။