ရာဇဝင်ချုပ်ဒုတိယစောင် - ၃၂
ရာဇဝင်ချုပ်ဒုတိယစောင် - ၃၂ (အနက်ဖွင့်)
၃၂:၁–၈ ၄ရာ ၁၇တွင် အာရှုရိသားများက ဣသရေလနိုင်ငံမြောက်ပိုင်းအား သိမ်းပိုက်ခေါ်ဆောင်သွားပုံရှင်းပြထား ပြီ။ ယခုတဖန် ယုဒနိုင်ငံကိုလည်း ခြိမ်းခြောက်လာကြပြန်သည်။ ဟေဇကိမင်းသည် အကြမ်းပတမ်းလူမိုက်နည်းဖြင့် ငြိမ်းချမ်းရေးမတည်ဆောက်လို။ ယခင်က သနာခရိပ်မင်းအား ဆက်ကြေးပေးခဲ့ပြီးဖြစ်သည်။ (၄ရာ ၁၈:၁၃-၂၆)။ယခုအခါ ထိုဆက်ကြေပေးခြင်းနှင့် မတင်းတိမ်ကြတော့ပါ။ ယုဒနိုင်ငံကို သိမ်းပိုက်ချင်သည်။
သနာခရိပ်က ယေရုရှလင်အားဝိုင်းရံသောအခါ ဟေဇကိမင်းသည် မြို့ပြင်သို့ ရေမထွက်အောင် ဖြတ်တောက်ထားသည်။ မြို့ရိုးကိုလည်း ပိုမိုခိုင်ခံ့အောင်မွမ်းမံသည်။အာရှုရိရန်အား ကြောက်ရွံ့ခြင်း မရှိရန်၊ ဘုရားသခင်ထံ ဆုတောင်းအားပေးသည်။ ပြည်သူများကိုလည်း လက်တွေ့ကျကျတိုက်ပွဲဝင်နိုင်ရန် စစ်လက်နက် ပစ္စည်းများ ဝေငှထားသည်။
ထိုအကြောင်းကို G.Cambellက ဤသို့ဆိုသည်။
ဘုရားသခင်အား သစ္စာရှိသောအပေါ် တိုင်း တပါးသားများ ဤကဲ့သို့ ဝင်ရောက်ကျူးကျော်ခြင်းသည် ထူးခြားသော အဖြေစကားတော်ဖြစ်သည်။ ဤကျမ်းချက်ထက် အသေးစိတ်ကျသော အကြောင်းရင်းရှိမည်။ ၄ရာ၁၈:၇−၁၆ တွင် အဖြေရှာတွေ့ကောင်းတွေ့နိုင်သည်။ ဟေဇကိမင်း၏ ဖခင်ပြုခဲ့သော ထမ်းပိုးထမ်းခြင်း ဖြစ်နိုင်သည်။ သနာခရိပ်သည် စစ်အင်အား နိမ့်သော ဟေဇကိမင်းအား တကြိမ်ချိမ်းခြောက်ဘူးသည်။ ထိုစဉ်တွင် ဟေဇကိမင်းကထမ်းပိုးနှင့်အောင် ငွေကြေးပေးဆပ်ခဲ့သည်။ ယခုတဖန် ရာဇပလ္လင်ပြုတ်အောင် ခြိမ်းခြောက်နေပြန်ပြီ။ သနာခရိပ်၏ တောင်းဆိုချက်သည် လက်ခံနိုင်ဖွယ်ရာ မရှိ။ အကြွင်းမဲ့အညံ့ခံလက်နက်ချစေချင်သည်။ ထိုကြောင့် ဟေဇကိမင်းအကြပ်အတည်းအဆုံး စွန်ကာလဖြစ်သည်။ ယုံကြည်ခြင်းဖြင့် ခွန်သစ်အားသစ် ရယူတည်ဆောက်ရသည်။ ရန်သူများ သောက်သုံ:စရာမရှိအောင် ရေဖြတ်တောက်သည်။ ခံတပ်ပိုမိုခိုင်မာစေသည်။ စစ်ကစားသည်။ ပြည်သူများကို အားပေးသတ္တိ မွေးစေသည်။ လူမစွမ်းနိုင်သော အစွမ်းသတ္တိ ဘုရားသခင်ထံမှ ရရှိကြသည်။၂၇
၃၂:၉–၁၉ သနာခရိပ်သည် လာခိရှမြို့ကိုလည်း ဝိုင်းရံထားသည်။ ယေရှုရှလင်မြို့နှင့် လာခိရှမြို့သားများထံသို့ စိတ်ဓာတ်စစ်ဆင်ရေးဆင်နွဲသည်။ “ဟေဇကိမင်း ကိုးကွယ်သောဘုရားသည် အခြားဘုရားမထူးခြားနားပါ။ သနာခရိပ်မင်း၏ ဘိုးဘွားများစဉ်ဆက်မှစ၍ မနိုင်မပိုင်သောစစ်ပွဲမရှိ။ တိုက်တိုင်းအောင်ခဲ့သည်။ ဟေဇကိမင်းကို ယောင်မှား၍ မယုံကြည်ကြနှင့်။ လိမ္မာပါးနပ်စွာ စောစောစီးစီး အညံ့ခံကြလျှင် သက်သာရာရကြမည်” ဟုဝါဒဖြန့်သည်။ အပိုဒ်ငယ် ၁၂ သည် ဟေဇကိမင်း၏ ကြံကြံခံပုံစံဖြစ်သည်။ သို့သော် သနာခရိပ်မင်းမသိမနားလည်နိုင်သော အချက်(၂)ချက်ရှိသည်။ ပြည်သူများ၏ ဟေဇကိမင်းအပေါ် သစ္စာရှိပုံနှင့် ယေဟောဝါဘုရားသခင်အား ယုံကြည်ကိုးစားခြင်းဖြစ်သည်။
၃၂:၂၀–၂၃ ဟေဇကိမင်းနှင့် ပရောဖက်ဟေရှာယတို့၏ ဘဝဂ်ညံဆုတောင်းသံကို ဘုရားသခင်နားညောင်း၍ သနာခရိပ်၏ စစ်တပ်ကို စိတ်ဓာတ်ပျက်ပြားစေသည်။ ဘုရားသခင်က ကောင်းကင်တမန်စေလွှတ်၍ သနာခရိပ်၏ တပ်အားဖျက်ဆီးစေသဖြင့် အာရှုရိတို့မျက်နှာပန်းမလှ တပ်ခေါက်ရသည်။ သနာခရိပ်လည်း ဘုရားကျောင်းတွင် ရှိခိုးနေစဉ် သားနှစ်ယောက်၏ လုပ်ကြံခြင်းခံရသည်။
၃၂:၂၄–၂၆ ဟေဇကိမင်းသည် သနာခရိပ်မှ ဝိုင်းရံခြိမ်းခြောက်ခြင်းမပြုမှီ ဖျားနာခဲ့ပြီးနလံ ပြန်ထသည်။ အသဲအသန်ဖျားနာခဲ့စဉ် ဘုရားသခင်အားတမ်းတသည်။ အသက်ဆက်ပေးမည့်အကြောင်း နေနာရီကို နောက်ပြန်ဆုတ်ပေးခြင်းဖြင့် အံ့ဖွယ်အမှတ်အသား မြင်ခဲ့သည်။ ထိုကျေးဇူးကို တုံ့ပြန်ချီးမွမ်းခြင်း မပြုသောကြောင့် ဘုရားသခင် စိတ်ဆိုးသော်လည်း ဟေဇကိမင်း၏ အောက်ကျို့နှိမ့်ချမှုကို ထောက်၍ သူ့ဘဝတွင် အရေးယူအပြစ်ပေးခြင်းမပြု။
၃၂:၂၇–၃၀ ဟေဇကိမင်းသည် ချမ်းသာကြွယ်ဝပုံ ချီးမွမ်းခန်းဖြစ်သည်။ ဂိဟုန်အထက်ရေချောင်းကိုလည်း ဒါဝိဒ်မြို့က နောက်ဘက်သို့ ရေလွှဲဆည်လုပ်ပေးသဖြင့် စပါးဆန်ရေ စိုက်ပျိုးမြေ ပိုမိုဖြစ်ထွန်းစေသည်။ ရွှေမလို၊ ငွေမလို ၊ ရေသာလိုသော ဒါဝိဒ်မြို့အနောက်ဘက်သားများ စိုက်ပျိုးသီးနှံဖြစ်ထွန်း၍ စည်ပင်သာယာကြသည် (၄ရာ ၂:၂၀ တွင် အသေးစိတ်ရေးထားသည်)။
၃၂:၃၁ ဟေဇကိမင်းသို့ ဘုရားပေးလက်ဆောင်များကို ချီးမွမ်းကြရန် ဗာဗုလုန်သံတမန်များ ရောက်ရှိလာကြသည်။ အထူးသဖြင့် နေနှင့်လကို ကိုးကွယ်ရာမှ ဘုရားသခင်ကို စိတ်ဝင်စားကြသည်။ ဟေဇကိမင်းကလည်း မရောင်ရာဆိလူး၊ ရူးမိုက်စွာ၊ ဥစ္စာဘဏ္ဍာများ ကြွားဝါပြသလိုက်သဖြင့် သံတမန်တို့၏ သိချင်စရာများပြည့်စုံသွားသည်။
၃၂:၃၂–၃၃ ဟေဇကိမင်းလုပ်ဆောင်ချက်များကို ဟေရှာယကျမ်း၌ ပြည့်စုံစွာမှတ်တမ်းတင်ထားသည်။ ဟေဇကိမင်းကို မင်းခမ်းမင်းနားဖြင့် ယုဒဘုရင်များ သုဿန်တွင် သင်္ဂြိုလ်ကြ၍ သားတော်မနာရှေမင်းထီးနန်းဆက်ခံသည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။