ရာဇဝင်ချုပ်ဒုတိယစောင် - ၂၇

ယုဒဘုရင်ယောသံ
(၄ရာ၊ ၁၅:၃၂-၃၈။)
1ယောသံသည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ တစ်ဆယ်ခြောက်နှစ် စိုးစံလေ၏။ မယ်တော်ကား၊ ဇာဒုတ်သမီး ယေရုရှာအမည်ရှိ၏။ 2ထိုမင်းသည် ခမည်းတော်ဩဇိကျင့်သမျှအတိုင်း၊ ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကိုပြု၏။ သို့ရာတွင် ထာဝရဘုရား၏ ဗိမာန်တော်ထဲသို့ မဝင်။ ပြည်သူပြည်သားတို့သည် မတရားသဖြင့် ပြုကြသေး၏။ 3ထိုမင်းသည် ဗိမာန်တော်အထက်တံခါးကို လုပ်၍၊ ဩဖေလမြို့ရိုးကို အလွန်ခိုင်ခံ့စေ၏။ 4ယုဒတောင်ရိုးပေါ်မှာ မြို့များကိုလည်းကောင်း၊ တော၌ ရဲတိုက်များနှင့် ပြအိုးများကိုလည်းကောင်း တည်ထောင်လေ၏။ 5အမ္မုန်ရှင်ဘုရင်ကိုလည်း စစ်တိုက်၍နိုင်သဖြင့်၊ နိုင်သောနှစ်တွင် အမ္မုန်သားတို့သည် ငွေအခွက်တစ်ထောင်၊ ဂျုံကောရတစ်သောင်း၊ မုယောတစ်သောင်းကိုပေးရကြ၏။ ဒုတိယနှစ်နှင့် တတိယနှစ်တွင် ထိုအတူ ပေးရကြ၏။ 6ထိုသို့ ယောသံသည် မိမိဘုရားသခင် ထာဝရဘုရားရှေ့တော်၌ မိမိအကျင့်တို့ကို ပြင်ဆင်သောကြောင့် တန်ခိုးတိုးပွားသတည်း။ 7ယောသံပြုမူသောအမှုအရာ ကြွင်းလေသမျှ၊ စစ်တိုက်ခြင်း၊ အကျင့်ကျင့်ခြင်းအမှုအရာ အလုံးစုံတို့သည်၊ ဣသရေလရာဇဝင်နှင့် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ 8ယောသံသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်အာခတ်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။

ရာဇဝင်ချုပ်ဒုတိယစောင် - ၂၇ (အနက်ဖွင့်)

(ယောသံမင်း (အခန်း၂၇)

၂၇: ယောသံမင်းသည် ခမည်းတော်သြဇိမင်းကဲ့သို့ လက်ရုံးရည်နှလုံးရည်ပြည့်စုံသူဖြစ်သည်။ တိုင်းပြည်ကိုအေးချမ်းသာယာအောင် အုပ်စိုးသည်။ မြို့တော်တခွင်တည်ဆောက်ပြုပြင်၍ မြို့ကြီးပြကြီးများတည်သည်။ ဗိမာန်တော်ထဲသို့ဝင်ခြင်းမှလွဲ၍ ဖခင်ပြုခဲ့သော လုပ်ငန်းကြီးစဉ်အတိုင်း ဆောင်ရွက်သည်။ ဗိမာန်တော်အထက် တံခါးပေါက်ကိုလည်း ပြုပြင်မွမ်းမံသည်။ ပြည်သူများဆင်းရဲပျက်စီးခြင်းမရောက်အောင် ထိန်းသိမ်းစောင့်ရှောက်သည်။

 ၂၇: သြဇိမင်းက အမ္မုန်လူများနှိမ်နှင်းပြီး(၂၆:၈) ဖြစ်သော်လည်း ခေါင်းထောင်ပုန်ကန်လာကြပြန်သည်။ အခွန်အခမဆက်သတော့ဘဲ ၊ ယောသံမင်းက အာခံလာကြသည်။ သို့ဖြင့် ယောသံမင်းက နောက်ထပ်တဖန် စီးနင်းနှိပ်ကွပ်ရပြန်သည်။ ဘုရားသခင်ကို အဓိကထားမှီတည်သောကြောင့် ပြုလေရာတိုင်း၌ တင့်တယ်သည်။ ကံတော်ကုန်သောအခါ ဒါဝိဒ်၏မြို့တော်၌ သဂြိုဟ်ကြ၍ သားတော် အာခတ်မင်းနန်းမွေဆက်ခံသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။