ရာဇဝင်ချုပ်ဒုတိယစောင် - ၁၂

ယုဒပြည်ကိုတိုက်ခိုက်ခြင်း
(၃ရာ၊ ၁၄:၂၅-၂၈)
1ရောဗောင်မင်းသည် မိမိနိုင်ငံကိုတည်စေ၍ အားကြီးသောအခါ၊ ဣသရေလအမျိုး ရှိသမျှနှင့်တကွ ထာဝရဘုရား၏ တရားတော်ကို စွန့်၍၊ 2ထာဝရဘုရားကို ပြစ်မှားသောကြောင့်၊ ရောဗောင်မင်းကြီး နန်းစံငါးနှစ်တွင်၊ 3အဲဂုတ္တုရှင်ဘုရင်ရှိရှက်သည် ရထားတစ်ထောင်နှစ်ရာ၊ မြင်းစီးသူရဲခြောက်သောင်း၊ မရေတွက်နိုင်သော အဲဂုတ္တုပြည်သားများ၊ လိဗုပြည်သား၊ သုကိပြည်သား၊ အဲသယောပိပြည်သားတို့နှင့်တကွ၊ ယေရုရှလင်မြို့သို့ စစ်ချီ၍၊ 4ယုဒပြည်၌ ခိုင်ခံ့သောမြို့တို့ကို တိုက်ယူပြီးမှ၊ ယေရုရှလင်မြို့သို့ ရောက်လေ၏။
5ထိုအခါ ရှိရှက်မင်းကြောင့်၊ ယေရုရှလင်မြို့၌ စုဝေးသော ယုဒမင်းများထံ၊ ရောဗောင်မင်းထံတော်သို့ ပရောဖက်ရှေမာယသည်လာ၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် ငါ့ကိုစွန့်သောကြောင့်၊ ငါသည် သင်တို့ကို ရှိရှက်မင်းလက်သို့ အပ်လေပြီဟု အမိန့်တော်ကို ဆင့်ဆိုလျှင်၊ 6ရှင်ဘုရင်နှင့် ယုဒမင်းတို့က၊ ထာဝရဘုရား ဖြောင့်မတ်တော်မူသည်ဟု ဆို၍၊ မိမိတို့ကို နှိမ့်ချကြ၏။ 7ထိုသို့နှိမ့်ချကြောင်းကို ထာဝရဘုရားမြင်လျှင်၊ နှုတ်ကပတ်တော်သည် ရှေမာယသို့ရောက်၍၊ သူတို့သည် နှိမ့်ချကြပြီ။ ထိုကြောင့်သူတို့ကို ငါမဖျက်ဆီး၊ အနည်းငယ်သော ချမ်းသာကိုပေးမည်။ ရှိရှက်လက်ဖြင့် ယေရုရှလင်မြို့ပေါ်သို့ ငါ့အမျက်ကို မသွန်းလောင်းရ။ 8သို့ရာတွင် ငါ့ထံ၌ အမှုထမ်းခြင်း၊ တစ်ပါးအမျိုးသား ရှင်ဘုရင်ထံ၌ အမှုထမ်းခြင်းကို ပိုင်းခြား၍သိစေခြင်ငှာ၊ ရှိရှက်မင်းထံ၌ ကျွန်ခံရကြမည်ဟု မိန့်တော်မူ၏။ 9အဲဂုတ္တုရှင်ဘုရင် ရှိရှက်သည် ယေရုရှလင်မြို့သို့ရောက်၍၊ ဗိမာန်တော်ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာရှိသမျှကို သိမ်းသွား၏။ ရှောလမုန်လုပ်သော ရွှေဒိုင်းရှိသမျှကိုလည်း ယူသွား၏။ 10ရောဗောင်မင်းကြီးသည် ရွှေဒိုင်းအစား၊ ကြေးဝါဒိုင်းတို့ကိုလုပ်၍၊ နန်းတော်တံခါးစောင့်၊ ကိုယ်ရံတော်မှူး၌ အပ်လေ၏။ 11ရှင်ဘုရင်သည် ဗိမာန်တော်သို့ သွားသောအခါ၊ ကိုယ်ရံတော်သားတို့သည် ဒိုင်းတို့ကိုဆောင်၍၊ နောက်တစ်ဖန် မိမိတို့စောင့်ရာအခန်းမှာ ပြန်ထားကြ၏။ 12ထိုသို့ရှင်ဘုရင်သည် ကိုယ်ကိုနှိမ့်ချသောအခါ၊ ထာဝရဘုရားသည် သူ့ကို ရှင်းရှင်းမဖျက်ဆီးမည် အကြောင်း၊ အမျက်တော်ကို လွှဲတော်မူ၏။ ယုဒပြည်၌လည်း၊ ပြည်မှုပြည်ရေးသာယာသဖြင့်၊
13ရောဗောင်မင်းကြီးသည် ယေရုရှလင်မြို့၌ ကိုယ်ကိုခိုင်ခံ့စေ၍ စိုးစံသေး၏။
ရောဗောင်သည် နန်းထိုင်သောအခါ အသက်လေးဆယ်တစ်နှစ် ရှိ၏။ ထာ၀ရဘုရားသည် နာမတော်တည်စရာဖို့၊ ဣသရေလ ခရိုင်များတို့အထဲက ရွေးကောက်သာ ယေရုရှလင်မြို့၌၊ ဆယ်ခုနစ်နှစ် စိုးစံလေ၏။ မယ်တော်ကား အမ္မုန်အမျိုးသား၊ နေမအမည်ရှိ၏။ 14ထာဝရဘုရားကို ရှာလိုသောငှာ၊ မိမိသဘော မချသောကြောင့်၊ ဒုစရိုက်အမှုကိုပြု၏။ 15ရောဗောင်ပြုမူသော အမှုအရာ အစအဆုံးတို့သည်၊ ပရောဖက်ရှေမာယ၏ကျမ်းနှင့်၊ ပရောဖက်ဣဒ္ဒေါ စီရင်သော သားစဉ်မြေးဆက်စာရင်း၌ ရေးထားလျက်ရှိ၏။ ရောဗောင်နှင့် ယေရောဗောင်တို့သည်၊ အသက်ရှည်သမျှ ကာလပတ်လုံး ရန်ဘက်ပြုကြ၏။ 16ရောဗောင်သည်လည်း၊ ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော်အဘိယသည် ခမည်းတော်အရာ၌ နန်းထိုင်၏။

ရာဇဝင်ချုပ်ဒုတိယစောင် - ၁၂ (အနက်ဖွင့်)

၁၂:၄  ၃ရာ ၁၄:၂၂၂၄ တွင် ရောဗောင် မင်း၏ တယူသန် သောက်တလွဲ လုပ်ဆောင်ချက် တချို့ အသေးစိတ် မှတ်သားထားသည်။ ရာဇဝင်ချုပ်တွင်မူ ဘုရားသခင်၏ ပညတ်တော်များ  ချိုးဖောက်သည်ဟု သာခပ်ဖွဖွလေးရေး ထားသည်။ သူ၏စိတ်နှလုံးသည် ဘုရားသခင်အား ရှာဖွေတမ်းတလိုစိတ် မရှိ(ငယ်၁၄) ။ ရှောလမုန်မင်း ကွယ်လွန်ပြီး(၅)နှစ်ကြာသောအခါ အဲဂုတ္တုမင်း သည် ယေရုရှလင်မြို့တော် တံခါးဝသို့ ရတနာသိုက် တူးဖို့ ရောက်ရှိလာကြသည်။ ရောဗောင်မင်း ချွေး တလုံးလုံး တပင် တပန်းဆောက်လုပ်ထားသမျှ သည် ခဲလေသမျှ သဲရေကျကုန်သည်။ အမှန်မှာ အဲဂုတ္တုဘုရင်ရှိရှက် ဘုန်းတန်ခိုး ထွန်းတောက်သောကြောင့် မဟုတ်ပါ။ ယုဒလူများက ဘုရားသခင်အပေါ် သစ္စာမဲ့ လာကြခြင်း ဖြစ်သည်။

 ၁၂: ပရောဖက်ရှေမာယ သည် ရောဗောင်မင်း ထံ သို့ ဒုတိယအကြိမ်ရောက်ရှိလာသည်၁၁:၂ကိုကြည့်) ဘုရားသခင်ကို သစ္စာဖောက် ကြသောကြောင့် ယုဒပြည်အား နှိမ့်ချ၍ ဘုရားသခင်ကို သိရှိသွားကြသဖြင့် ယေရုရှလင်မြို့ကို အပြီးအပိုင် မဖျက်ဆီးတော့ပါ။ သို့သော် မှတ်မိလောက်အောင် သင်ခန်း စာပေးမည်။ ရှိရှက်မင်း ထံကျွန်ခံ စေမည်ဟုဆိုသည်။

 ၁၂:၁၂ တိုင်းသူပြည်သားများ လွတ်ငြိမ်းချမ်းသာခွင့် ရရှိကြသော်လည်း တိုင်းပြည် စုတ်ပြတ်သွားသည်။ ရောဗောင်မင်း က အပေးအယူလိုက် ညှိသည်။ ဘုရားသခင် ဗိမာန်တော်နှင့် မင်းဘဏ္ဏာမှ ရွှေများကိုပေး လိုက်ရသည်။ ထိုရွှေ စင်များနေရာ တွင် ကြေးဒိုင်းလွှားများ ဖြင့် အစားဖြည့်သည်။

၁၂:၁၃၁၆ ရောဗောင်မင်း၏ ဘဝဇာတ်သိမ်းသည် မလှ။ နာမည်ပျက်ဖြင့် အဆုံးသတ်သည်။ ဘိုးတော်ဒါဝိဒ် မင်းနှင့် ရောဗောင်၏ ကွာခြားပုံကို ဆာ ၂၇:၈ နှင့် ဤအခန်းငယ် ၁၄ တို့အား ယှဉ်ဖတ်ခြင်းဖြင့် ပိုမိုသိသာ နိုင်သည်။ ဒါဝိဒ်သည် ဘုရားသခင်ရှေ့တော်သို့ လှူဒါန်း၍ ရောဗောင် သည် ထိုအလှူ ကုသိုလ်များ ကိုပြန်ခွာသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။