၁သက် - ၂

ရှင်ပေါလုအမှုဆောင်ခြင်း
1ညီအစ်ကိုတို့၊ ငါတို့သည် သင်တို့အထဲသို့ ဝင်ခြင်းအမှုသည် အချည်းနှီးမဖြစ်ကြောင်းကို သင်တို့သည် ကိုယ်တိုင်သိကြ၏။- 2သင်တို့သိကြသည်နှင့်အညီ၊ ငါတို့သည် ဖိလိပ္ပိမြို့၌ ဆင်းရဲခြင်းနှင့် ညှဉ်းဆဲခြင်းကိုခံပြီးမှ၊ ဘုရားသခင်ကို အမှီပြု၍ ကြီးစွာသော တိုက်လှန်ခြင်းနှင့်တကွ၊ ဘုရားသခင်၏ ဧဝံဂေလိတရားကို သင်တို့အား ရဲရင့်စွာဟောပြောကြ၏။- 3ငါတို့သည် မှားယွင်းခြင်း၊ ညစ်ညူးခြင်း၊ လှည့်ဖြားခြင်းအားဖြင့် သင်တို့ကို တိုက်တွန်းသွေးဆောင်ကြသည် မဟုတ်။- 4ဧဝံဂေလိတရားကို စောင့်ထိုက်သောသူဟု ငါတို့ကို ဘုရားသခင် လက်ခံတော်မူသည်နှင့်အညီ၊ လူကို နှစ်သက်စေသကဲ့သို့ မဟုတ်၊ ငါတို့စိတ်နှလုံးကို စစ်ကြောစုံစမ်းတော်မူသော ဘုရားသခင်ကို နှစ်သက်စေသကဲ့သို့ ဟောပြောကြ၏။- 5အဘယ်သို့နည်းဟူမူကား၊ သင်တို့သိကြသည်နှင့်အညီ၊ ငါတို့သည် ချော့မော့သောစကားကို တစ်ခါမျှမသုံး၊ ဝှက်ထားသော လောဘစိတ်အလျှင်းမရှိကြောင်းကို ဘုရားသခင်သည် ငါတို့သက်သေ ဖြစ်တော်မူ၏။- 6ထိုမှတစ်ပါး၊ ခရစ်တော်၏တမန်တော်ဖြစ်၍၊ လေးသောဝန်ကို တင်ပိုင်သော်လည်း၊ လူပေးသော ဘုန်းအသရေကို သင်တို့တွင်မရှာ၊ အခြားသူတို့တွင်လည်း မရှာဘဲ၊- 7-8သင်တို့တွင် ဖြည်းညင်းစွာပြုကြ၏။ သင်တို့ကို ချစ်သောကြောင့် နို့ထိန်းသည် မိမိသူငယ်ကို ကျွေးမွေးပြုစုသကဲ့သို့၊ ငါတို့သည် သင်တို့ကို နှမြောစုံမက်ခြင်းနှင့်တကွ၊ ဘုရားသခင်၏ ဧဝံဂေလိတရားကိုမျှမက၊ ကိုယ်အသက်ကိုပင် ပေးချင်သော စေတနာစိတ်ရှိကြ၏။
9ညီအစ်ကိုတို့၊ ငါတို့သည် ပင်ပန်းစွာ လုပ်ဆောင်၍ ကြိုးစားအားထုတ်ကြောင်းကို သင်တို့မှတ်မိကြ၏။ သင်တို့တွင် တစ်ယောက်ကိုမျှ မနှောင့်ယှက်ခြင်းငှာ၊ ငါတို့သည် နေ့ညလုပ်ဆောင်လျက်၊ ဘုရားသခင်၏ ဧဝံဂေလိတရားကို သင်တို့အား ဟောပြောကြ၏။- 10-12မိမိနိုင်ငံတော်နှင့် ဘုန်းတော်ထဲသို့၊ သင်တို့ကို ခေါ်သွင်းတော်မူသော ဘုရားသခင်နှင့် အထိုက်အလျောက် သင်တို့သည် ကျင့်ဆောင်စေခြင်းငှာ၊ အဘသည် မိမိသားတို့ကို ပြုသကဲ့သို့ ငါတို့သည် သင်တို့ရှိသမျှကို အဘယ်သို့ တိုက်တွန်းသွေးဆောင်၍ မှာထားသည်ကို သင်တို့သိကြသည်နှင့်အညီ၊ ယုံကြည်ခြင်းသို့ရောက်သော သင်တို့တွင် ငါတို့သည် အဘယ်သို့ သန့်ရှင်းဖြောင့်မတ်လျက်၊ အပြစ်တင်ခွင့်နှင့် ကင်းလွတ်လျက်နေကြသည်ကို သင်တို့သည် သက်သေဖြစ်ကြ၏။ ဘုရားသခင်သည်လည်း သက်သေဖြစ်တော်မူ၏။
13ငါတို့ဟောပြောသော ဘုရားသခင်၏ နှုတ်ကပတ်တရားကို သင်တို့သည် ခံယူကြသောအခါ၊ လူ၏နှုတ်ထွက်စကားကို မခံမယူဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော် အမှန်ဖြစ်သည်နှင့်အညီ၊ ယုံကြည်ခြင်းသို့ရောက်သော သင်တို့အထဲ၌ ပြုပြင်သော ဘုရားသခင်၏ နှုတ်ကပတ်တရားကို ခံယူကြသည် အကြောင်းအရာကို ငါတို့သည်ထောက်၍၊ ဘုရားသခင်၏ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းကြ၏။- 14အဘယ်သို့နည်းဟူမူကား၊ ယုဒပြည်၌ ယေရှုခရစ်၏ဘာသာကို ခံယူသော ဘုရားသခင်၏ သင်းဝင်သူတို့သည် ယုဒလူတို့လက်မှ ဆင်းရဲခံရသကဲ့သို့၊ ညီအစ်ကိုတို့၊ သင်တို့သည် မိမိတို့ အမျိုးသားချင်းတို့ လက်မှ ထိုနည်းတူခံရသောအားဖြင့်၊ ယုဒပြည်၌ရှိသော တပည့်တော်ကဲ့သို့သောသူ ဖြစ်ကြ၏။- 15ယုဒလူတို့သည် သခင်ယေရှုမှစ၍ ပရောဖက်များကို အသေသတ်ကြပြီ။ ငါတို့ကိုလည်း ညှဉ်းဆဲကြပြီ။ ဘုရားသခင်၏ အလိုတော်သို့ မလိုက်၊ ခပ်သိမ်းသော လူတို့နှင့် ဆန့်ကျင်ဘက်ဖြစ်ကြ၏။- 16တစ်ပါးအမျိုးသားတို့သည် ကယ်တင်ခြင်းသို့ ရောက်စေခြင်းငှာ ငါတို့သည် ဟောပြောကြသည်ကို သူတို့သည် ဆီးတား၍၊ မိမိတို့အပြစ်ကို အစဉ်ပြည့်စုံစေကြ၏။ သူတို့အပေါ်၌ အမျက်တော်သည် အကုန်အစင် ရောက်ရ၏။
သက်သာလောနိတ်သို့ပြန်လာလိုသည့်ဆန္ဒ
17ညီအစ်ကိုတို့၊ ငါတို့သည် စိတ်နှလုံးအားဖြင့် မဟုတ်၊ ကိုယ်အားဖြင့်သာ သင်တို့နှင့် ခဏကွာသည်ရှိသော်၊ သင်တို့မျက်နှာကို မြင်ခြင်းငှာ၊ အလွန်လွမ်းသော စိတ်နှင့် သာ၍ ကြိုးစားအားထုတ်ကြ၏။- 18ထိုကြောင့်၊ ငါပေါလုသည် သင်တို့ရှိရာသို့ လာခြင်းငှာ၊ နှစ်ကြိမ်မြောက်အောင် အလိုရှိသော်လည်း၊ စာတန်သည် ဆီးတားလေ၏။- 19ငါတို့မျှော်လင့်ခြင်းအကြောင်း၊ ဝမ်းမြောက်ခြင်းအကြောင်း၊ ဝါကြွားခြင်း၏ ဦးရစ်သရဖူကား၊ အဘယ်သို့သောအကြောင်းအရာနည်း။ ငါတို့သခင်ယေရှုခရစ် ကြွလာတော်မူသောအခါ၊ ရှေ့တော်၌ သင်တို့သည် ထိုသို့သော အကြောင်းအရာ ဖြစ်ကြသည်မဟုတ်လော။- 20သင်တို့သည် ငါတို့၏ဘုန်းအသရေ၊ ငါတို့၏ဝမ်းမြောက်ခြင်းအကြောင်း ဖြစ်ကြသတည်း။

၁သက် - ၂ (အနက်ဖွင့်)

(သက်သာလောနိတ်တွင် ရှင်ပေါလု၏ အမှုတော်ဆောင်ခြင်း၊ဒေသနာနှင့်ညွှန်ကြားချက်များပြန်လည်ရှုမြင်ခြင်း(:၁၂)

: အခန်း ၁:၅တွင် ရှင်ပေါလု၏ ပုဂ္ဂိုလ်ရေးလက္ခဏာနှင့် ညွှန်ကြားချက်များကို အကျဉ်းမျှ ဖော်ပြထားပြီး ဖြစ်သည်။ သူ၏အမှုတော်၊ ဒေသနာနှင့်အသက်ရှင်ရပ်တည်ပုံကို ထပ်မံ၍ ဖော်ပြထားသည်။ အဓိက သွန်သင်ချက်မှာ အမှုတော် ထမ်းဆောင်ခြင်း၏ သော့ချက်သည် ကိုယ်ကျင့်သိက္ခာ ဖြစ်သည်။ အခြားအရာများထက် ပိုမိုအရေးကြီးသည်ဟု ဆိုနိုင်သည်။ ကျွန်တော်တို့၏ မသိစိတ်သည် သိစိတ်ကို လွှမ်းမိုးသောအခါ ကျယ်လောင်စွာ ပြောတက်ကြသည်။ ထိုအကြောင်းကို J.Denne၌ က ဤသို့ဆိုသည်။

ခရစ်ယာန်အသက်တာ၏ ကိုယ်ကျင့်သိက္ခာသည် သူ့လုပ်ငန်းတစ်ခုလုံး၏ အချက်အချာဖြစ်သည်။ သာမန်လူသည် ညာလက်တွင် ဘဏ်ချက်လက်မှတ်ရှိနေလျှင် အခြားအရာများ ပျောက်ဆုံးလျှင်လည်း အကြောင်းမဟုတ်။ ခရစ်ယာန်များသည် ကိုယ်ကျင့်သိက္ခာပျက်စီးလျှင် အရာခပ်သိမ်းဆုံးရှုံးပါသည်။

မာတုရဆရာကြီး J.Elliot က သူ့ဂျာနယ်တွင် ဤသို့ ရေးခဲ့ဖူးသည်။ ဝိညာဉ်တော်အမှုမှာ ကိုယ်ကျင့်သိက္ခာ မပါရှိလျှင် သာမန်လူများနှင့် ခြားနားမှုရှိမည်မဟုတ်။ Shell၌ နှင့် B၌ron တို့သည် ကဗျာဆရာကောင်း ဖြစ်ကြသည်။ Wanger ကလည်း တေးဂီတ ထုတ်လုပ်သူဖြစ်သည်။ သို့သော် ထိုသို့တက်ကျွမ်းရုံမျှနှင့် ဘုရားသခင်အမှုတော်တွင် ပါဝင်သည်ဟု မဆိုနိုင်။ ရှင်ပေါလုသည် သူ၏အသက်တာကို သက်သာလောနိတ်သားများသို့ ဆက်ကပ်အပ်နှံခဲ့သည်။ ဤဩဝါဒစာစောင်တွင် (၉)ကြိမ်မက “သိကြသည့်အတိုင်း” ဟူသော စကားသုံးသည်။ ရှင်ပေါလု၏ အသက်တာနှင့် အများပြည်သူတို့ဘဝကို ဆိုလိုခြင်းဖြစ်သည်။ သက်သာလေနိတ်တွင် ခဏတဖြုတ်သွားနေခြင်း၏ ဘဝပုံစံသည် သူဟောကြားသော ဒေသနာများထက် ပိုမိုထိရောက်သည်။ ပြောင်းလဲခြင်း အသက်တာကို နမူနာပေးခဲ့သည်။ ဘုရားသခင်၏ နိုင်ငံတော်တွင်အမှုတော်ဆောင်၏ စိတ်ဓါတ်ရေးရာ ကိုယ်ကျင့်သိက္ခာထက် ကောင်းသောအရာ မရှိပါ။

ဤကျမ်းပိုဒ်သည် မိစ္ဆာများ၏ ဘေးရန်မှရှင်ပေါလုက မိမိကိုယ်ကို ကြိုတင်ကာကွယ်ခြင်းလည်း ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေကာမူ သက်သာလောနိတ်တွင် ရှင်ပေါလု၏ အမှုတော်ဆောင်ခြင်းသည် အောင်မြင်သည်။ သက်သာလောနိတ်သားများ၏ အသက်တာများသည် ရှင်ပေါလုအမှုတော်ဆောင်ခြင်း၏ အသီးအပွင့်များ ဖြစ်သည်။ ရှင်ပေါလုရောက်ရှိခြင်းသည် အချည်းနှီး အလဟသမဟုတ်။ အသက်တာပြောင်းလဲကြပြီး စနစ်တကျ ဘဝထူထောင်နိုင်ကြသည်။

: ထိုပြင်ရှင်ပေါလု၏ အမှုတော်ဆောင်ခြင်းသည် သတ္တိသွေးကိုလည်း ဖြစ်ထွန်းစေသည်။ ဖိလိပ္ပိတွင် ကြောက်လန့်ဖွယ်ရာ ကြုံတွေ့ခဲ့ရသည်။သိလနှင့်အတူ ထောင်ကျခဲ့သည်။သို့သော် ကြောက်ရွံ့ထိတ်လန့်ခြင်း မရှိ။ သူရဲဘောကြောင်ခြင်း၊ ပစ်ပယ်ခြင်းမပြုကြ။ သက်သာလောနိတ်သားများအား ပိုမိုအားဖြစ်စေသည်။ ဘုရားသခင်က သတ္တိပေးသောကြောင့် အန္တရာယ်ကြားမှပင်သတင်းကောင်းပိုမို ဟောကြားသည်။ အချို့ကမူ ဘုရားသခင်အမှုတော် ထမ်းဆောင်နေပါလျက် အဘယ်ကြောင့် ထိုပရိသတ်မျိုးပေးသနည်းဟု မေးခွန်းထုတ်နိုင်ပါသည်။ သို့သော်ထိုထဲတွင် ရှင်ပေါလုမပါပါ။ ဆန့်ကျင်ဘက် အန္တရာယ်များပြားသော်လည်း ရှင်ပေါလုသည် ကြောက်မွှေးတပင်မှမရှိပါ။ ရဲဝံ့စွာဆက်လက်ဟောကြားသည်။

: တမန်တော်ကြီး၏ တိုက်တွန်းနှိုးဆော်ချက်များသည် သတင်းကောင်းတွင် အမြစ်စွဲသည်၊ ရည်ရွယ်ချက် ဖြူစင်သည်၊ မှီတင်းထိုက်သော နိယာမ ဖြစ်သည်။ တရားတော်သည် ဘုရားသခင်၏ သမ္မာတရားဖြစ်သည်။ ရည်ရွယ်ချက်သည်လည်း ရှင်ပေါလုအတွက် မရှိပါ။ မစင်ကြယ်ခြင်းမရှိ။ သက်သာလောနိတ်သားများအတွက်သာ ရှေးရှုသည်။ နိယာမသည်လည်း နှာတဖျားလှည့်စား ညာစားခြင်း မဟုတ်။ ဆန့်ကျင်ဘက်မှားယွင်းသော ဆရာများက ဘာသာရေးအယူမှားခြင်း၊ တဏှာရမ္မက်သမား၊ ပရိယာယ်သမားဟု စွပ်စွဲကြသည်။

: ရှင်ပေါလုသည် အစေခံခြင်းဖြင့် အမှုတော် ထမ်းဆောင်သည်။ ဘုရားသခင် စီရင်ခွဲခန့်သော အစေခံဖြစ်သည်။ ဧဝံဂေလိ သတင်းကောင်းသည် ဘုရားသခင်ပေးထားသော အဖိုးတန်ရတနာ ဖြစ်သည်။ သူ၏ ဝတ္တရားမှာ လူများက တုံ့ပြန်သည်ဖြစ်စေ၊ မတုံ့ပြန်သည်ဖြစ်စေ၊ သစ္စာရှိရှိ ဒေသနာဟောကြားခြင်း ဖြစ်သည်။ ဘုရားနှင့်လူနှစ်ပါးစလုံး နှစ်သက်မည်မဟုတ်ကြောင်း သူသိသည်။ သို့ကြောင့် ဘုရားသခင်စိတ်တော် တို့ထိသည့်နည်းလမ်းကို ရွေးချယ်သည်။ အစေခံဆိုသည်မှာ သခင်၏ စိတ်ကျေနပ်အောင် လုပ်ရသည်။ ဒေသနာဆရာများသည် တစ်ခါတရံ သခင်အား စွန့်ခွာအောင် စုံစမ်းစစ်ကြောခြင်း ခံရလေ့ရှိသည်။ သို့သော်သူတို့၏သခင်မှာ ဘုရားသခင်ဖြစ်၍ ဧဝံဂေလိသတင်းကောင်းကို ရေလောင်းသူနှင့် နှိမ်နှင်းသူအား ခွဲခြားသိရှိပါသည်။

: ငယ် ၅ မှ ၁၂တွင် သူ့ဒေသနာတွင် မမှန်ကန်ခြင်း၊ မရိုးသားခြင်းအရာများ မရှိခဲ့ကြောင်းကိုးကားသည်။ သူ့စကားများသည် ဖြောင့်မတ်စင်ကြယ်သည်။ ရည်ရွယ်ချက်မှန်သည်။ ကိုယ်ရည်သွေးခြင်း မရှိ၊ ရိုးစင်းသည်။

ဒုတိယအချက်အနေနှင့် သခင်ဘုရားကို ဘယ်သောအခါမှ ခုတုံးမလုပ်။ ကိုယ်ကျိုးရှာစားဖို့ မသုံး၊ ချမ်းသာဖို့ အလွဲသုံးစားမလုပ်။ တပ်မက်ခြင်းမရှိ။

အကျင့်ပျက်သူအဖြစ် စွပ်စွဲစရာမရှိ။ သန့်ရှင်းသူဖြစ်သည်။ တပ်မက်ခြင်းမရှိကြောင်း ပြစရာမရှိသော်လည်း၊ လူ့နှလုံးအကြံကို အကုန်အစင် သိတော်မူသော ဘုရားရှင်က တွေ့မြင်ပါသည်။

: ဘုရားသခင်၏ မဟာလူသား ရှင်ပေါလု တွင်အခြားကိုယ်ကျင့်လက္ခဏာတစ်ခု ထပ်တွေ့ရသည်။ ခရစ်တော်၏ တမန်တော်ဖြစ်သည့် အားလျော်စွာ နဝကမ္မ (ဤနေရာတွင် ကောင်းကြီးဟု သုံးသည်) ခံထိုက်ပိုင်ခွင့် ရှိသော်လည်း သက်သာလောနိတ်သားများ ဝန်ထုပ်ဝန်ပိုး မဖြစ်စေလိုသဖြင့် တစ်ဖက်တွင် ကိုယ်တိုင်နေ့နေ့ညည ကြိုးစားပမ်းစား အလုပ်လုပ်ကြသည်။ (ကောရိန္သုအကြောင်းနှင့် မဆိုင်ပါ)။ သူ၏ ဒေသနာဟောကြားခြင်းသည် ငွေချွေခြင်းဖြစ်သည်ဟု မထင်မှတ်စေလို။ ထိုကာလတွင် သက်သာလောနိတ်သားများသည် ချို့တဲ့ကြပ်တည်းကြသည့်အပြင် ညှဉ်းပမ်းနှိပ်စက်ခြင်းလည်း ခံနေကြသည်။ ထို့ကြောင့် လေးသထက်လေးအောင် ဝန်မပိစေလိုပါ။

: ဘုရားသခင်၏ အမွေခံဖြစ်သော်လည်း အရှင်သခင်ပုံစံဖြင့်မဆက်ဆံပါ။ မွေးသမိခင်က ရင်သွေးငယ်အား ပြုစုစောင့်ရှောက်ရန် လိုကြောင်း ရှင်ပေါလု သဘောပေါက်သည်။ သို့ကြောင့် မိခင်သဖွယ် သက်သာလောနိတ် အသင်းတော်အား ပြုစုသည်။

: ထိုသို့ရင်းနှီးကျွမ်းဝင်သောကြောင့် သူတို့ထံမှ ရရှိဖို့ထက် ပေးကမ်းမျှဝေဖို့သာ လုပ်ဆောင်သည်။ သာမန်ကာလျှံကာ ဧဝံဂေလိတရားကို ဟောကြားသည် မဟုတ်။ သူ၏ဝိညာဉ်ကိုလည်း သွန်းလောင်းသည်။ အတိုင်းအဆမပြပြနိုင်အောင် ချစ်ခင်သည်။ သူတို့၏သခင်ဖြစ်သော်လည်း အလုပ်အကျွေးခံရန် ရောက်လာသည်မဟုတ်၊ အလုပ်အကျွေးပြုရန် ရောက်လာခြင်း ဖြစ်သည်(မာ ၁၀:၄၅)။

: ဤနေရာတွင် ရှင်ပေါလု၏ အတ္တကင်းစင်ပုံကို ထင်ရှားစွာတွေ့ရသည်။ တရားဒေသနာ မရှိသည့်အချိန်များတွင် ဝမ်းစာအတွက် တဲချုပ်လုပ်သည်။ ထိုသို့ ကိုယ့်ဒူးကိုယ်ချွန်ခြင်းဖြင့် အခြားသူများကိုလည်း
ဝန်ထုတ်ဝန်ပိုး ပေါ့စေသည်။ ထိုလုပ်ရပ်သည် မှန်ကန်သောလမ်းစဉ် ဖြစ်သောကြောင့် ဧဝံဂေလိတရားများ နမူနာ ယူထိုက်သည်။ တကယ်ဧဝံဂေလိဆရာသည် ထောက်ပံ့ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သတင်းကောင်းအား အမြဲ ဟောပြောနေရသည်။ ငါတို့သည် နေ့ညဉ့် လုပ်ဆောင်လျှက် သခင်ဘုရား၏ ဧဝံဂေလိတရားကို သင်တို့အား ဟောပြောကြ၏ ဟူသောကျမ်းပိုဒ်ကို သိမှတ်သင့်သည်။ သက်သာလောနိတ်သားများ၏ ခြူးတပြားသည် အမှုတော်တွင်ဘာမှ အဖိုးမတန်သော်လည်း ပေါလုအတွက်မူ သက်သာလောနိတ်သားများသည် များစွာ အဖိုးထိုက်တန်သည်။

:၁၀ ရှင်ပေါလု၏ စံနမူနာအမူအရာသည် ယုံကြည်သူများအတွက် အတုယူစရာဖြစ်သည်။ ပေါလု၏ ဆက်ကပ်မှု၊ ဖြောင့်မတ်မှုနှင့် အပြစ်တင်စရာ မရှိသည့်အချက်များကိုလည်း ဘုရားသခင်တွင် သက်သေထူစရာ ဖြစ်သည်။ ဆက်ကပ်မှု သို့မဟုတ် ဘုရားတရားမျှတမှုသည်  ကိုယ်ကျင့်သိက္ခာနှင့် ပိုင်းခြားသိမြင်တတ်ခြင်း ဖြစ်သည်။ အပြစ်တင်စရာ မရှိခြင်းမှာ လူနှင့်ဘုရားဘက်မှ ရှုမြင်ခြင်း ဖြစ်သည်။ အကယ်၍ အကောင်းဆုံးဒေသနာမှာ စင်ကြယ်သော အသက်တာ ဖြစ်သည်ဟု ဆိုလျှင် ရှင်ပေါလုသည် ဂုရုဆရာကြီး ဖြစ်ပေသည်။ အခြားဒေသနာများထက် မနှိုင်းသာအောင် လေးနက်သည်။ ပလ္လင်ပေါ်မှ တရားဟောသောအခါ ပရိတ်သတ်များက အောက်ကို မဆင်းစေချင်၍ အပြင်ရောက်သောအခါ နောက်တဖန် ပလ္လင်ပေါ်မှာ မတွေ့ချင်တော့သည့် ဒေသနာဆရာမျိုးမဟုတ်။

:၁၁ အခန်းငယ် ၇ တွင်သူ့ကိုယ်သူ မွေးသမိခင်ကဲ့သို့ ပုံနှိုင်းထားသည်။ ယခုတဖန် အဘအဖြစ် ပုံနှိုင်းသည်။ ဖခင်ဖြစ်သည့်အလျောက် စင်ကြယ်သောအသက်တာရှိဖို့၊ သခင်ဘုရားအတွက် ရဲရင့်ခြင်းသတ္တိရှိဖို့ တိုက်တွန်းနှိုးဆော်သည်။ ညှဉ်းပမ်းနှိပ်စက်ခြင်း ခံနေရသော်လည်း နှုတ်ကပတ်တော်နှင့်အညီ နာခံခြင်းရှိကြောင်း သက်သေပြသည်။

:၁၂ ရှင်ပေါလု၏ အဓိကရည်ရွယ်ချက်မှာ သန့်ရှင်းသူများအား ဘုရားသခင်၏ နိုင်ငံတော်နှင့် ဘုန်းတန်ခိုးတော်သို့ ကြွယ်ဝစွာ ဝင်ရောက်ကြရေး ဖြစ်သည်။

လူသည် ဘုရားသခင်ရှေ့တွင် ဆင်းရဲချို့တဲ့သူများ ဖြစ်၍ အထံတော်သို့ ဝင်ရောက်နိုင်သူများ မဟုတ်ပါ။ အထံတော်ပါးသို့ ဝင်ရောက်နိုင်သော တစ်ခုတည်းသောလမ်းမှ ယေရှုခရစ်တော်အားဖြင့်သာ ဖြစ်သည်။ ဘုရားသားသမီးများ ဖြစ်ကြသောကြောင့် အထက်မှ ခေါ်သံမျှော်လင့်ရသည်။ ထိုမျှော်လင့်ချက်ပြည့်ဝရန် သန့်ရှင်းသောဝိညာဉ်တော်၏ အကူအညီဖြင့် မိမိကိုယ်ကို ထိန်းချုပ်ခြင်း၊ ဝန်ချတောင်းပန်ခြင်း၊ အပြစ်ကင်းရှင်းစွာ စဉ်ဆက်မပြတ်လုပ်ဆောင်ရသည်။

ကယ်တင်ရရှိသူတိုင်းသည် ဘုရားသခင်၏ နိုင်ငံတော်နှင့် သက်ဆိုင်သည်။ မျက်မှောက်ကာလတွင် ထိုနိုင်ငံတော်ကို မမြင်ရပါ။ ဘုရင်လည်းမရှိပါ။ သို့သော် ထိုနိုင်ငံတော်အကြောင်းကို ပြောနေရသည်။ သခင်ယေရှုခရစ်တော် ကြွရောက်လာသောအခါ ထိုနိုင်ငံတော်ကို တည်ထောင်၍ အုပ်စိုးမည်။ မျက်စိဖြင့်လည်း တွေ့မြင်မည်။ ထိုနေ့ရက်တွင် ဘုရားသခင်၏ ဘုန်းတန်ခိုးလည်း မျှဝေခံစားရမည်။

(သက်သာလောနိတ်သားများ၏ တုံ့ပြန်ချက်အားပြန်လည်ရှုမြင်ခြင်း (:၁၃)

:၁၃ အခန်း ၁:၅ ပါဧဝံဂေလိသတင်းအပေါ် သက်သာလောနိတ်သားများ၏ တုံ့ပြန်ချက်ကိုပြန်ကောက်သည်။ ဒေသနာစကားကြား နာရသောအခါ လူ့သတင်းစကားမဟုတ်၊ ဘုရားသခင်၏ နှုတ်ကပတ် ဖြစ်ကြောင်း သဘောပေါက်ကြသည်။ ထိုအကြောင်းကို NKJV ကျမ်းစာတွင် ဤသို့ ရှင်းလင်းစွာ ရေးထားသည်။

ဘုရားသခင်၏ ကျေးဇူးတော်ကို အခါမလပ် ငါတို့ ချီးမွမ်းကြသည့် အခြားအကြောင်းတစ်ရပ်မှာ၊ ငါတို့သည်သင်တို့အား ဟောပြောသော ဘုရားသခင်၏ တရားတော်အမှန်ဖြစ်သည်နှင့်အညီ သင်တို့ကြားနာခံယူကြ၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ထိုယုံကြည်သူသင်တို့၏ စိတ်နှလုံးကိုပြုပြင်လျက် ရှိတော်မူသောကြောင့်ဖြစ်တည်း။”

ထိုသို့ ဧဝံဂေလိနှင့်သူတို့ကို လက်ခံကြသောကြောင့် ရှင်ပေါလု အလေးအနက် ဝမ်းမြောက်သည်။ ဤအချက်သည် ရှင်ပေါလု၏ ကိုယ်ကျိုးမကြည့်ခြင်း အခြားပုံသက်သေတစ်ခု ဖြစ်သည်။ လူသည်မိမိပြောသော စကားကို အခြားသူများအား ယုံစေချင်ရိုး ရှိသည်။ သို့သော် လူ့စကားသည် ခိုင်မာခြင်းမရှိ။ ဘုရားသခင်၏ နှုတ်ကပတ်တော် တစ်ခုတည်းသာလျှင် အပြည့်အဝ ခိုင်မာ၍ ကြားနာသူ၏ ရင်ထဲအသဲထဲတွင် စွဲထင်ရှင်သန်သည်။ သက်သာလောနိတ်သားများသည်လည်း ထိုအတိုင်း ဖြစ်နေကြသည်။ နှုတ်ကပတ်တော်ကို ယုံကြည်သောကြောင့် အသက်တာအသီးသီးတွင် စိုးမိုးရှင်သန်သည်။ ထိုအကြောင်းကို W.Scott ကဤသို့ရေးသားထားသည်။

နှုတ်ကပတ်တော်၊ သမ္မာကျမ်းစာတွင် တန်ခိုးမှုတ်သွင်းထားသည်။ စာအုပ်စာပေနှင့် မူရင်းစာသား အားလုံးတွင် အသက်သွင်းထားသည်။ ထိုသို့အပြင် ထိုအရာခပ်သိမ်းတွင် အချိန်တိုင်း၌ တန်ခိုးအာဏာရှိသည်။ မျိုးဆက်စဉ်ဆက်တိုင်း နှုတ်ကပတ်တော်ကို ချစ်ကြောက်ရသည်။ သမ္မာတရားသည် ဘဝရုပ်ပုံကားချပ်၊ ဘဝလမ်းညွှန်၊ မီးဒုတ်၊ စိတ်ဝိညာဉ်အကွယ်အကာ ဖြစ်သည်။ ဤကျမ်းပိုဒ်အတွက် ဘုရားရှင်တော်အား ကျေးဇူးတော် ချီးမွမ်းပါသည်။

:၁၄ ထိုယုံကြည်သူများ၏ အသက်တာကို ကျမ်းစာက မည်သို့ ဆိုထားသနည်း။ ကယ်တင်ခြင်းရရှိကြရုံသာမက စုံစမ်းညှဉ်းဆဲခြင်းကိုလည်း ကြံ့ကြံ့ခံနိုင်ကြသည်ဟု ပြောပါသည်။ အသက်တာ အမှန်အကန် ပြောင်းလဲကြောင်း သက်သေ သက်ကာရ အခိုင်အမာ ထူကြသည်။ စိတ်ရှည် သည်းခံနိုင်ကြသောကြောင့် ယုဒပြည်ရှိ အသင်းတော်များ၏ အလေးထားနမူနာ ယူစရာ ဖြစ်လာသည်။ တစ်ခုကွာခြားသည်မှာ သက်သာလောနိတ်သားများသည် တပါးအမျိုးသားများ လက်ထဲတွင် ရှိနေလျှက် ဆင်းရဲဒုက္ခခံရခြင်းဖြစ်၍၊ ယုဒမြေမှယုံကြည်သူများသည် ယုဒလူမျိုးများ၏ ညှဉ်းဆဲမှုခံရခြင်းဖြစ်သည်။

:၁၅ ထိုကာလတွင် ယုဒလူမျိုးများက ပေါလုသည် ဧဝံဂေလိတရားဖြင့် ယုဒအစဉ်အလာများကို တိုက်ခိုက်နေသည်ဟု စွပ်စွဲနေကြသည်။ ထိုနှစ်ခုတွင်မည်သည့်အရာက ပိုကောင်းပါသနည်း။ ရှင်ပေါလုသည် တချိန်တစ်ခါက ခရစ်ယာန်များ၏ ယုံကြည်ခြင်းကို ဆန့်ကျင်သော ယုဒခေါင်းဆောင်ဖြစ်ခဲ့သည်။ သို့သော် အသက်တာ ပြောင်းလဲလာသည့်အခါ သူကိုယ်တိုင် ညှင်းပန်းနှိပ်စက်ခြင်း၏ ဒဏ်ရာဒဏ်ချက်များကို အလူးအလဲခံစားရသည်။

ယုဒလူမျိုးများ၏ ရက်စက်မှုသရဖူမှာ သခင်ယေရှုအား သတ်ဖြတ်ခြင်း ဖြစ်သည်။ ကိုယ်ထိ
လက်ရောက် ကျူးလွန်သူများမှာ ရောမစစ်သားများ ဖြစ်သည်။ ထိုသို့ ဥပေစ္ဆေဒကံ မြောက်အောင် နှိုးဆွတွန်းပို့သူများမှာ ယုဒလူမျိုးများ ဖြစ်သည်။ ထိုမိုက်မှားခြင်းသည် ဣသရေလလူမျိုးများအတွက် ဘုရားသခင်စေလွှတ် သောပရောဖက်များအပေါ်တွင် ရာစုနှစ်၌အဆိုးဝါးဆုံး ရက်စက်မှုဖြစ်သည် (မ ၂၁:၃၃-၃၉)။

ပေါလုနှင့် အခြားတမန်တော်များ နှိပ်စက်ခဲ့ကြခြင်းသည် ဘုရားသခင်စိတ်တော်နှင့် ထိတွေ့ရာဟု ယုံမှားခဲ့ကြကြောင်း ခရစ်ယာန်သမိုင်းတွင် တွေ့ရသည်။ ထိုသို့ လုပ်ဆောင်မှားယွင်းခဲ့ကြခြင်းသည် ကိုယ်တော်နှင့် လူသားများအတွက် မနှစ်မြို့ဖွယ်ရာ ဖြစ်သည်။

:၁၆ ရှင်ပေါလုနှင့်အဖွဲ့၏ ယုဒလူမျိုးအကြားတွင် တရားဒေသနာဟောကြားခြင်းကို ယုဒများက
ဆန့်ကျင်ကြသည်သာမက၊ တပါးအမျိုးသားများထံတွင် ဟောကြားခြင်းကိုလည်း နှောင့်ယှက်တားဆီးကြသည်။ တပါးအမျိုးသားများကိုလည်း ယုဒလူမျိုးများကဲ့သို့ပင် ကယ်တင်ခြင်းနှင့် ကင်းဝေးစေချင်ကြသည်။ ဘုရားသခင် အလိုတော်ကို ဆန့်ကျင်ခြင်းဖြင့် ဘိုးဘေးများ၏မိုက်တွင်းနက်မှုများကို ကမ်းကုန်စေသည်။ သူတို့အပြစ်များသည် ခွက်ဖလားလျှံလျက်ရှိသည်။

ထိုမိုက်မဲမှုများအတွက် ဘုရားရှင်၏ အမျက်တော်ထိုက်သင့်ကြပါလိမ့်မည်။ ထိုသူများအပေါ်
သို့ရှင်ပေါလု အမျက်မထွက်ပါ။ အပြစ်ပြည့်လျှံသူများအတွက် အမျက်တော်သင့်မည့်အကြောင်း ယေဘူယျပြသခြင်း ဖြစ်သည်။ ထိုအတိုင်းပင် အေဒီ၇ဝ ခုနှစ်တွင်ယေရုရှလင်မြို့တော် ပျက်သုဉ်းပြီး ယုဒလူမျိုးများသည်လည်း ကမ္ဘာအနှံ့အပြားသို့ အမိမဲ့သား ရေနည်းငါးပမာ ပြေးလွှားကြသည်။

အချို့က “ရှင်ပေါလုသည် မျိုးမစစ်သောကပြားလူမျိုးများကို ဆန့်ကျင်သူဖြစ်သည်။ ဓမ္မာ
သစ်ကျမ်းကလည်း ကပြားလူမျိုးများကို ဆန့်ကျင်သည်”ဟု ဆိုကြသည်။ စင်စစ်တွင်ပေါလုသည် သူ့လူများကို လွန်စွာ ချစ်ခင်မြတ်နိုးသူ ဖြစ်သည်။ ခရစ်တော်နှင့် အဆက်ပြတ်နေကြသော်လည်း ကယ်တင်ခြင်း ရရှိစေချင်သည် (ရော ၉:၁-၃)။ တပါးအမျိုးသားများ အကြားတွင် အဓိက အမှုတော်ဆောင်သော်လည်း မိမိယုဒလူမျိုးများကို တစ်နေ့မှမမေ့။

ဤကျမ်းပိုဒ်သည် ယုဒခေါင်းဆောင်များ၏ သမိုင်းစဉ်လာအရ မှားယွင်းခြင်းသာ ဖြစ်သည်။
ပုဂ္ဂိုလ်ရေးအရ စွပ်စွဲစရာမရှိ။ ပေါလု လုပ်ဆောင်ချက်များပြန်လည်ရေးမှတ်ခြင်းဖြစ်သည်။ ကပြားလူမျိုးများကို
ဆန့်ကျင်ခြင်းသည် ခရစ်ယာန်ကျင့်စဉ် မဟုတ်သဖြင့် ပေါလုအား ထိုသို့စွပ်စွဲချက်များသည် တရားမျှတမှုမရှိပါ။
ကပြားလူမျိုးများ ဆန့်ကျင်ခြင်းမရှိပါ။ ယုဒများကိုသာ သားတော်အား သတ်ဖြတ်ခြင်းဖြင့်စွဲချက်တင်နိုင်သည်(တ ၂:၂၃)။ တပါးအမျိုးသားများသည်လည်း တပိုင်းတစ ပါဝင်ကြသည်(၁ကော ၂:၈)။

()သက်သာလောနိတ်သို့မလာဖြစ်ခြင်းအကြောင်းရှင်းပြချက်(:၁၇၂၀)

:၁၇ သက်သာလောနိတ်သို့ မလာဖြစ်သည့်အကြောင်း အပိုဒ်ငယ်လေးခုဖြင့် ရှင်းပြထားသည်။ သက်သာလောနိတ်သားများက သက်သာသောနိတ်တွင် ရှင်ပေါလုဆန့်ကျင်သူများ ရှိနေသောကြောင့်မလာရဲခြင်း ဖြစ်သည်။ သူရဲဘောကြောင်သူဖြစ်သည်ဟု စွပ်စွဲကြသည်။

ရှင်ပေါလု၏ ပထမရှင်းပြချက်မှာ နေမကောင်းခြင်း ဖြစ်သည်။ ကိုယ်အားဖြင့်သာ သင်တို့နှင့်ကွာသည် ဆိုခြင်းမှာ ဝိညာဉ်ဖခင်နှင့် ကင်းကွာသော မိဘမဲ့သားသမီးများကဲ့သို့ ဖြစ်ခြင်းကို ဆိုလိုသည်။ သူ့စကားများသည် စိတ်ပျက်အားငယ်ခြင်းကို သက်သာစေ၍ မျှော်လင့်ချက် ရှိစေပါသည်။ သူ့စကားတွင် သံယောဇဉ်ကြီးမားကြောင်းကို သင်တို့မျက်နှာကို မြင်ခြင်းငှာ အလွန်လွမ်းသော စိတ်နှင့်သာ၍ ကြိုးစားအားထုတ်၏ဟု ဆိုထားသည်။

:၁၈ သက်သာလောနိတ်သို့ ထပ်သွားရန် နှစ်ကြိမ်နှစ်ခါတိုင်တိုင် ကြိုးစားသော်လည်း စာတန်ကတားဆီးသည်။ စာတန်၏ တားဆီးခြင်းကို အတိအကျ မသိရပါ။

ဘုရားသခင် အလိုတော်မရှိသောကြောင့်လား၊ စာတန်ကတားဆီးသောကြောင့်လား။ ရှင်ပေါလုသာ သေချာသိနိုင်သည်။ တ ၁၆:၆ တွင် ပေါလုနှင့် အဖွဲ့များအား အာရှဒေသတွင် ဟောကြားဖို့ သန့်ရှင်းသော
ဝိညာဉ်တော်က ခွင့်မပြုဟု ဆိုထားသည်။ နောက်တဖန် ဗိသုန်ပြည်သို့ပို့ဖို့ စီစဉ်ရာတွင်လည်း မသွားဖြစ်။ သန့်ရှင်းသော ဝိညာဉ်တော်က ခွင့်မပြုခြင်းလား။ စာတန်ကတားဆီးခြင်းလား ဆိုသည်ကို မခွဲခြားနိုင်ပါ။ ဖြစ်နိုင်သည်မှာ အမူတော်လုပ်ဆောင်ရာတွင် နှောင့်ယှက်တားဆီးခြင်း ပေါ်ပေါက်လာလျှင် စာတန်သာ ဖြစ်ရမည်။ ဘုရားသခင်က ကောင်းကြီးပေးသည့် အရာတိုင်းတွင် စာတန်ပေါ်ထွန်းလေ့ ရှိသည်။ သို့သော် ဘုရားသခင်သည် စာတန်၏ နှောင့်ယှက်တားဆီးခြင်းကို လွှမ်းမိုးနိုင်ပါသည်။ ဤကျမ်းချက်တွင် ရှင်ပေါလုခရီးစဉ် မသွားဖြစ်သည့်အကြောင်းကို ရှင်းပြထားသည်။ ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာသည် သာ၍ ထင်ရှားပါစေသော်။

:၁၉ သက်သာလောနိတ် ယုံကြည်သူများထံသို့ အဘယ်ကြောင့် ငမ်းငမ်းတက် ပြန်သွားချင်သနည်း။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၌သူ့သားသမီးများဖြစ်ကြသည်။သက်သာလောနိတ် ယုံကြည်သူများ
ဝိညာဉ်ရေးရာကြီးထွားဖို့ ဘုရားသခင်က တာဝန်ပေးထားသည်။လာမည့်နေ့ရက်တွင် ကောင်းကျိုးပေးမည့်သူ
များဖြစ်ကြောင်းနားလည်သည်။ခရစ်တော်ပလ္လင်တော်ရှေ့ဆုလက်ဆောင်ရရှိသူများဖြစ်သည်။သူတို့နှင့်အတူတူ ပျော်ရွှင်ချင်သည်။သခင်ဘုရားကြွရောက်လာသောအခါ ဝါ ကြွားခြင်း၏ဦးရစ်သရဖူ ဆွတ်ခူးပေးသူများဖြစ်
သည်။
ရှင်ပေါလုက သက်သာလောနိတ်သားများကို ကောင်းကင်နိုင်ငံ ဝင်စားမည့်သူများအဖြစ် မြင်သည်။ ကျွန်တော်တို့ ဆုံတွေ့ကြရမည့် သူများလည်း ဖြစ်ကြသည်။

ရှင်ပေါလုက ထိုသားသမီးများသည် ဦးရစ်သရဖူ ဆွတ်ခူးပေးမည့်သူများဟု ဆိုသည်။ ဓမ္မသစ်ကျမ်းတွင် အခြားသရဖူများကိုလည်း တွေ့ရသည်။ ဓမ္မသစ်(၂တိ၄:၈)၊ အသက်သရဖူ (ယာ၁:၁၂)၊ (ဗျာ ၂:၁၀)၊ ဘုန်းကြီးသော ပန်းဦးရစ်သရဖူ (၁ပေ ၅:၄)၊ မညှိုးနွမ်း မပျက်စီးနိုင်သော ပန်းဦးရစ် (၁ကော ၉:၂၅)တို့ကို တွေ့ရသည်။

:၂၀ သန့်ရှင်းသူများသည် ဘုန်းအသရေနှင့် ဝမ်းမြောက်ခြင်း အကြောင်း ဖြစ်သည်။ ရှင်ပေါလုသည် သူ့အသက်တာကို လူများသို့ ရင်းနှီးမြှပ်နှံထားသည်။ သူရရှိမည့်ဆုလက်ဆောင်သည် ဘုရားသခင်၌ ထာဝရတည်မြဲသည့် ဝိညာဉ်သားများနှင့် သိုးသငယ်အား အစဉ်ချီးမွမ်းသော သားသမီးများဖြစ်သည်။

 

သခင်ဘုရားကြွရောက်လာခြင်း

အခန်းငယ် ၁၉ သည် သက်သာလောနိတ်ကျမ်းတွင် သခင်ဘုရား ကြွရောက်လာမည့်အကြောင်း ပထမဦးဆုံး ဖော်ပြသော ကျမ်းပိုဒ်ဖြစ်သည်။ ဤဩဝါဒစာစောင်၏ အဓိက သွန်သင်ချက် ဖြစ်သောကြောင့် ထပ်မံရှင်းပြချင်ပါသည်။

ဓမ္မသစ်ကျမ်းမှ ခရစ်တော် ကြွလာမည့် အကြောင်းကို မူရင်း ဂရိဘာသာစကားနှင့် ယှဉ်တွဲရှင်းပြပါမည်။

Parousia(pa-roo-SEE-ah)။ လာနေသည်ဟု အနက်ရသည်။

Apokalupsis (apo-KAL-၌oop-sis)။ ကွယ်ဝှက်ထားခြင်းမရှိ။ဖွင့်ပြသည်။

epiphaneia (epi-FAHN-ee-ah)။ထုတ်ပြန်ချက် ကျေညာခြင်း၊ထုတ်ဖော်ခြင်း။

Parousia ဟူသောဝေါဟာရကို ရင်းနှီးနေကြပါသည်။ ဖြစ်ပျက်နေသည် သို့မဟုတ် လာနေသည်။ လမ်းခုလပ်မှာ ရောက်နေသည်ဟု အနက်ရသည်။ Niceက ရောက်လာခြင်းနှင့် လာနေခြင်းလည်း အကြုံးဝင်
သည်ဟုဆိုသည်။ သခင်ဘုရားကြွလာခြင်း အကြောင်းသည် တဒင်္ဂမျှသာ ရောက်လာခြင်းမဟုတ်၊ အချိန်အပိုင်းအခြားဖြင့် ဖြစ်သည်။

အင်္ဂလိပ်စကားတွင် “လာနေခြင်း”သည် လမ်းပေါ်တွင် လျှောက်ထားခြင်း ဟုအဓိပ္ပါယ်ရသည်။
ဂါလိလဲသို့ ခရစ်တော်ဘုရား ရောက်လာခြင်းသည် လူပေါင်းများစွာအား အနာရောဂါ ကင်းငြိမ်းစေသည်ဟုဆို
ရာတွင် ခဏတဖြုတ် ရောက်ရှိခြေချသည့်အချိန် ကိုရည်ညွှန်းသည်မဟုတ်။ ရောက်ရှိနေသည့် ကာလအတော
အတွင်းကိုဆိုလိုသည်။

ထို့ကြောင့် ခရစ်တော်ကြွလာခြင်းသည် လာရောက်ခြေချရုံသာမဟုတ်၊ ရောက်ရှိနေမည့်ကာလ
အတောအတွင်းဟု နားလည်ရမည်။

Parousia ဟူသောစကားလုံးကို ဓမ္မသစ်ကျမ်းတွင်ကာလ၏ အချိန်ပိုင်းဖြစ်သည်။ (က) အစပိုင်း (ခ)အကြောင်းအရင်း (ဂ)ထင်ရှားပြသခြင်း (ဃ)အထွဋ်အထိပ်ဟု အနက်ရသည်။

၁။ Parousia ၏ အစပိုင်းဆိုသည်မှာ ချီဆောင်ခြင်းဖြစ်သည်။ အောက်ပါကျမ်းပိုဒ်တွင် ကြည့်ကြပါစို့။ “လူအပေါင်းတို့သည် အာဒံအားဖြင့်သေခြင်းသို့ ရောက်သည့်နည်းတူ၊ လူအပေါင်းတို့သည် ခရစ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်ရကြလတံ့။ သို့ရာတွင် လူအသီးသီးတို့သည် မိမိတို့အလှည့် အတိုင်းလိုက်ကြရလိမ့်မည်။ ခရစ်တော်သည် အဦးသီးသောအသီး ဖြစ်တော်မူ၏။ ထို့နောက်ခရစ်တော်သည် ကြွလာတော်မူသောအခါ တပည့်တော် ဖြစ်သောသူတို့သည် ရှင်ခြင်းသို့ ရောက်ကြလိမ့်မည်”(၁ကော ၁၅:၂၂-၂၃)။

သို့သော် ခရစ်တော်၌ အိပ်ပျော်သူများကိုလည်း မမေ့ပစ်စေလိုပါ။ မျှော်လင့်ချက် မဲ့သွားကြပြီဟု ဝမ်းမနည်းစေလို။ ခရစ်တော်သည် သေခြင်းမှ ထမြောက်တော်မူကြောင့် ယုံကြည်လျှင်ထိုသူများကို ဘုရားသခင်က ထမြောက်စေတော်မူသည်။ ထိုသို့ဆိုရာတွင် သခင်ဘုရား၏ နှုတ်ကပတ်တော်အတိုင်း ဖြစ်သည်။
ခရစ်တော် ကြွရောက်လာသော ထိုနေ့၌ အသက်ရှင်နေသူများသည်လည်း ထိုအိပ်ပျော်နေသူများနှင့် အတူတူဆုံတွေ့ရမည်။ ခရစ်တော်ဘုရား ကိုယ်တိုင် ကောင်းကင်မှ ကြီးသောအသံနှင့် အတူ ပေါ်ထွန်းလျှက် တံပိုးမှုတ်သံများ ကြားရကြမည်။ ပထမဦးစွာ ခရစ်တော်၌ အိပ်ပျော်သူများ ထမြောက်ကြမည်။ ထို့နောက် အသက်ရှင်နေသူများလည်း တမဟုတ်ခြင်း ဘဝပြောင်းလဲကာ ထိုသူများနှင့် ပေါင်းဆုံ၍ ကောင်းကင်ယံတွင် ခရစ်တော်နှင့် ဆုံတွေ့ရမည်။ ထိုသို့ဆုံတွေ့ပြီးသည်နှင့် တပြိုင်နက် သခင်ဘုရားနှင့် အမြဲတမ်းရှိနေကြမည်။ သို့ကြောင့် ဤစကားဖြင့် အချင်းချင်း နှစ်သိမ့်အားပေးကြလော့ (၁သက် ၄:၁၃-၁၈)။

“ညီအစ်ကိုတို့၊ ငါတို့သည် သင်တို့အထဲသို့ဝင်ခြင်းအမှုသည်အချည်းအနှီးမဖြစ်ကြောင်းကို သင်တို့သည် ကိုယ်တိုင်သိကြ၏”(၁သက်၂:၁)။

“ညီအစ်ကိုတို့၊ သခင်ဘုရား ကြွလာတော်မူသည့်တိုင်အောင် သည်းခံလျက် စောင့်နေကြလော့၊
အကယ်၍ လယ်လုပ်သူသည် အရင်မိုး၊ နောက်မိုးကို ရသည့်တိုင်အောင် အဘိုးထိုက်သော မြေအသီးကို
သည်းခံလျှက် စောင့်နေကြလော့။ သခင်ဘုရား ကြွတော်မူသောအချိန် ရောက်လုနီးပြီ”(ယာ ၅:၇-၈)။

“ချစ်သားတို့၊ သားတော်သည် ထင်ရှားပေါ်ထွန်းတော်မူသောအခါ၊ ငါတို့သည် အထံတော်သို့ ရောက်လျှင် ရဲရင့်သောအခွင့်ရှိ၍၊ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်မည့်အကြောင်း သားတော်၌ တည်နေကြလော့”(၁ယော၂:၂၈)။

၂။ Parousia ၏ အကြောင်းရင်းမှာ တရားစီရင်ရာ ပလ္လင်တော်တွင် ခရစ်တော်စိုးစံသောအခါ ယုံကြည်သူများအား မိမိတို့ လုပ်ဆောင်ကြသည့် အတိုင်း ဆုလက်ဆောင်ရကြမည့်အကြောင်း ဖြစ်သည်။

“ငါတို့မျှော်လင့်ခြင်း အကြောင်း၊ ဝမ်းမြောက်ခြင်းအကြောင်း၊ ဝါကြွားခြင်း၏ ဦးရစ်သရဖူကား၊ အဘယ်သို့သော အကြောင်းအရာတည်း။ ငါတို့သခင်ယေရှုခရစ် ကြွလာတော်မူသောအခါ ရှေ့တော်၌ သင်တို့သည် ထိုသို့သော အကြောင်းအရာ ဖြစ်ကြသည် မဟုတ်လော” (၁သက်၂:၁၉)။

“ငြိမ်သက်ခြင်းအရှင် ဘုရားသခင် ကိုယ်တော်တိုင်လည်း သင်တို့ကို အကုန်အစင် သန့်ရှင်းစေပါစေသော်။ ငါတို့သခင်ယေရှုခရစ်ကြွလာတော်မူသောအခါ၊ သင်တို့၏ ခန္ဓာစိတ်ဝိညာဉ်အပေါင်းကို အပြစ်တင်ခွင့်နှင့် ကင်းလွတ်စေခြင်းငှာ စောင်မတော်မူပါစေသော်”(၁သက်၅:၂၃)။

အခြားအကြောင်းအရာမှာ သိုးသငယ် မင်္ဂလာဆောင်ပွဲ ဖြစ်သည်။ ထိုအကြောင်းကို ဗျာဒိတ်ကျမ်းတွင် ခရစ်တော်ဘုရား အုပ်စိုးမည့် အကြောင်းအဖြစ်တွေ့ရသည်။ တိုက်ရိုက်မပတ်သက်သော်လည်း အကြုံးဝင်
နေကြောင်းတွေ့ရသည်။

“အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင်၊ ငါတို့ဘုရားသခင်သည် စိုးစံတော်မူ၏။ ငါ
တို့သည်ဝမ်းမြောက် ရွှင်လန်းကြကုန်အံ့။ ဂုဏ်တော်ကို ချီးမွမ်းကြကုန်အံ့။ အကြောင်းမူကား သိုးငယ်၏ မင်္ဂလာဆောင်ပွဲ ခံရချိန်ရှိပြီ။ သူ၏ မိန်းမသည် ကိုယ်ကိုတန်ဆာဆင်ပြီဟုစည်းဝေးသောသူများတို့၏ အသံ၊ သမုဒ္ဒရာသံ၊ ပြင်းစွာသော မိုးကြိုးသံတို့ကို ငါကြား၏။ ထိုမိန်းမသည် စင်ကြယ်ပြောင်လက်သော ပိတ်ချောကို ဝတ်ဆင်ရသော အခွင့်ကို ရကြ၏။ ထိုပိတ်ချောမူကား သန့်ရှင်းသူတို့၏ ဖြောင့်မတ်ခြင်း ဖြစ်သတည်း။ ကောင်းကင်တမန်ကလည်း၊ သိုးသငယ်၏ မင်္ဂလာဆောင်ပွဲသို့ ခေါ်ဆောင်ခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏ ဟု ရေးသားထားလော့ ဟူ၍၎င်း၊ ဤစကားသည် ဘုရားသခင်၏ နှုတ်တော်ထွက်စကားစစ်စစ် ဖြစ်၏ ဟူ၍၎င်း ငါ့အားပြောဆို၏” (ဗျာ၁၉း၆-၉)။

၃။ ထင်ရှားပြသခြင်း ဆိုသည်မှာ ခရစ်တော်ဘုရား လူ့လောကသို့ ကြွရောက်လာ၍ ဘုရင်တကာတို့၏ ဘုရင်၊ သခင်တကာတို့၏ သခင်အဖြစ် အုပ်စိုးခြင်း ဖြစ်သည်။ လောကသားများသည် ချီဆောင်ခြင်းကို မြင်ရမည် မဟုတ်။ မျက်စိတမှတ် လျှပ်တပြက်တွင် ဖြစ်ပျက်မည်။ ခရစ်တော် ကြွလာခြင်းကိုမူကား မျက်စိရှိသူတိုင်း မြင်ကြရမည်။ သို့ကြောင့် ခရစ်တော်ကြွလာခြင်းကို အထင်အရှားပြသခြင်းဟု ဆိုခြင်း ဖြစ်သည်။ ကိုယ်တော်ဘုရား ကြွလာခြင်း၏ တတိယအချက်ဖြစ်သည်။

“ထို့နောက် သံလွင်တောင်ပေါ်မှာ ထိုင်တော်မူနေစဉ်၊ တပည့်တော်တို့သည် အခြားသူမပါဘဲ
ချဉ်းကပ်၍၊ ထိုအမှုအရာတို့သည် အဘယ်ကာလမှ ဖြစ်မည်ကို၎င်း၊ ကိုယ်တော်သည် ကြွလာ၍ ဤကပ်ကမ္ဘာ
ကုန်သော ပုပ္ပနိမိတ်ဖြစ်မည်ကို၎င်း အမိန့်တော်ရှိပါဟု လျှောက်ကြ၏”(မ၂၄:၃)။

“လျှပ်စစ်သည် အရှေ့မှဖြတ်၍ အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော်မူလတံ့”(မ၂၄:၂၇)။

“လူသားသည် ကြွလာတော်မူသောအခါ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်”(မ ၂၄:၃၇)။

“ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည့်တိုင်အောင် သတိမဲ့နေကြသည် နည်းတူ လူသားကြွလာသောအခါ၌ ဖြစ်လိမ့်မည်” (မ ၂၄:၃၉)။

“ငါတို့အဘ တည်းဟူသော ဘုရားသခင်ရှေ့မှာ အပြစ်တင်ခွင့်နှင့် ကင်းလွတ်သော သင်တို့၏ စိတ်နှလုံးကို ကိုယ်တော်သည် သန့်ရှင်းခြင်းပါရမီ၌၊ ခိုင်ခံ့မြဲမြံစိမ့်သောငှာ သင်တို့သည် အချင်းချင်းကို၎င်း၊ သူတပါးကို၎င်း ချစ်၍ ချစ်ခြင်းမေတ္တာနှင့် အထူးသဖြင့် ကြွယ်ဝပြည့်စုံမည့်အကြောင်း သခင်ဘုရားပြုတော်မူစေ
သတည်း”(၁သက်၃:၁၃)။

“ထိုအဓမ္မလူကို သခင်ယေရှုသည် နှုတ်ထွက် ဝိညာဉ်တော်အားဖြင့် ဖျက်ဆီး၍၊ ကြွလာတော်မူခြင်း၏ ရောင်ခြည်အား ဖြင့်ပယ်ရှင်းတော်မူလိမ့်မည်” (၂သက်၂:၈)။

“ငါတို့ သခင်ယေရှုခရစ်၏ တန်ခိုးတော်ကို၎င်း၊ ကြွလာတော်မူခြင်းကို၎င်း သင်တို့အား ကြားသော၊ ငါတို့သည် ပရိယာယ်နှင့် ပြင်ဆင်သော ဒဏ္ဍာရီစကားကို မလိုက်၊ ဘုန်းအာနုဘော်ကို ကိုယ်တိုင်မြင်သောသူ ဖြစ်ကြ၏” (၂ပေ ၁:၁၆)။ (ဤနေရာတွင် ရှင်ပေတရုသည် ခရစ်တော် ကြွလာတော်မူခြင်း အကြောင်းအား တောင်ပေါ်၌ခရစ်တော်၏ ရုပ်ပြောင်းရုပ်လွဲပြုခြင်းကို ဆိုခြင်း ဖြစ်သည်)

၄။ နောက်ဆုံးတွင် Parousia အထွဋ်အထိပ် အကြောင်း ဖြစ်သည်။ အောက်ပါ ကျမ်းပိုဒ်ကို လေ့လာကြည့်ကြပါစို့။

“သခင်ဘုရား ကြွလာတော်မူမည်ဟူသော ကတိတော်သည် အဘယ်မှာရှိသနည်း။ ဘိုးဘေးများ
အိပ်ပျော်သည်နောက်၊ ခပ်သိမ်းသောအရာတို့သည် အဘယ်မှာရှိသနည်း။ ဘိုးဘေးများ အိပ်ပျော်နေသည်
နောက်၊ ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းစကဖြစ်သကဲ့သို့ ဖြစ်မြဲဖြစ်ကြ၏ဟု ဆိုလျက် ကဲ့ရဲ့ခြင်းနှင့်တကွ ပေါ်လာကြလိမ့်မည်”(၂ပေ၃:၄)။

ဤကျမ်းပိုဒ်တွင် နောက်ဆုံးကာလ၌ အမှုတော်အား သရော်လှောင်ပြောင်သူများ၊ ကဲ့ရဲ့သူများ ပေါ်ထွန်းလာမည့်အကြောင်း တွေ့ရသည်။ အထွဋ်အထိပ်၏ အသွင်အပြင်လက္ခဏာဆိုသည်မှာ အဘယ်နည်း။ ချီဆောင်ခြင်းကို ဆိုလိုသလား။ မဟုတ်ပါ။

ချီဆောင်ခြင်းအကြောင်း လားလားမျှမသိကြပါ။ ခရစ်တော် ကြွရောက်အုပ်စိုးမည့် အကြောင်းလား၊ မဟုတ်ပါ။ အယုံအကြည်မရှိကြပါ။ မကောင်းမှုပြုသူများ ဘုရားသခင်က အပြစ်ဒဏ် စီရင်မည့်အကြောင်း ဖြစ်သည်။ ဘုရားသခင်၏ အပြစ်စီရင်ခြင်း၊ ကမ္ဘာကုန်ဆုံးခြင်းအကြောင်း ဖြစ်သည်။ ထိုအကြောင်းနှင့် ပတ်သက်၍ စိုးရိမ်စရာမရှိဟု ဆိုတက်သည်။ ဘုရားသခင်က ထိုသူများအကြောင်းကို သိရှိခဲ့ပြီးဖြစ်၍ အနာဂတ်အကြောင်းကိုလည်း သိရှိသည်။ ထို့ကြောင့် မိုက်သောစကား၊ မှားသောအမှု၌ ရှုစိမ့်နေခြင်း ဖြစ်သည်။

ထိုသူများ၏ သရော်ကဲ့ရဲ့ခြင်းကို ပေတရုက အဖြေပေးထားသည်။ ခရစ်တော်ဘုရားအနှစ်တစ်
ထောင်အုပ်စိုးခြင်း ပြီးဆုံးသောအခါ မြင်နေရသောကောင်းကင်နှင့် မြေကြီးတို့သည် ပျက်စီးမည်။ ထို့ကြောင့် ဤဇာတ်လမ်း၏ အထွဋ်အထိပ်သည် အနှစ်တစ်ထောင်အုပ်စိုးခြင်း၏ နိဂုံးပိုင်း ဖြစ်သည်။

Apolcalepsis ဆိုသည်မှာ ဖုံးကွယ်ထိန်ဝှက်ခြင်း မရှိဘဲ၊ ပွင့်လင်းစွာ ဖော်ပြခြင်း ဖြစ်သည်။ ကျမ်း
စာလေ့လာသူများက ခရစ်တော် ပေါ်ထွန်းလာခြင်း၏ တတိယအဆင့် အဖြစ် သတ်မှတ်ကြသည်။ ကမ္ဘာမြေပေါ်တွင် ကိုယ်တော်၏ ဘုန်းတန်ခိုးတော်ပေါ်ထွန်းခြင်း သို့မဟုတ် အသင်းတော်ချီဆောင်ခြင်းကို ရည်ညွှန်းပါသည်။

ချီဆောင်ခြင်း သို့မဟုတ် ကမ္ဘာမြေသို့ကိုယ်တော်ရှင် ဆင်းသက်အုပ်စိုးခြင်း ဖြစ်ကြောင်း အောက်ပါကျမ်းပိုဒ်များဖြင့် နားလည်ရမည်။

“သင်တို့သည် ငါတို့သခင်ယေရှု၏ ပေါ်ထွန်းခြင်းကို မြှော်လင့်နေစဉ်၊ ဆုတော်တစုံတစ်ခုမျှ မလျှော့ဘဲ စုံလင်လျှက်ရှိကြ၏” (၁ကော၁:၇)။

“ယေရှုခရစ်တော် ပေါ်ထွန်းတော်မူသောအခါ အချီးအမွမ်း၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်အလို့ငှာ ဖြစ်မည့်အကြောင်း၊ အထူးထူးအပြားပြားလာသော စုံစမ်းနှောင့်ယှက်ခြင်းကို ခံရသောအကြောင်း ရှိလျှင် သင်တို့သည် ယခုစော်ကားခံရ၍ ဝမ်းနည်းသော်လည်း အထက်က ဆိုခဲ့ပြီးသော ကျေးဇူးတော်ကို ထောက်၍ ရွှင်လန်းသော စိတ်ရှိကြ၏” (၁ပေ၁:၇)။

“သင်တို့သည် ခရစ်တော်၏ ဆင်းရဲခြင်းကို ဆက်ခံကြသည်ဖြစ်၍ ဘုန်းတော် ပေါ်ထွန်းသောအခါ အလွန်ဝမ်းမြောက်ရွှင်လန်းမည်အကြောင်း၊ ယခုပင် ဝမ်းမြောက်ကြလော့”(၁ပေ၄:၁၃)။

“သခင်ယေရှုသည် တန်ခိုးရှိသော ကောင်းကင်တမန်တို့နှင့် အတူ ကောင်းကင်ဘုံက ပေါ်ထွန်းတော်မူမည်” (၂သက်၁:၁၇)။

Epiphanie ဆိုသည်မှာ အထင်အရှားပြသခြင်း သို့မဟုတ် ပေါ်ထွန်းခြင်းဟု အဓိပ္ပါယ်ရသည်။ အချို့က သန့်ရှင်းသူများအတွက် ကိုယ်တော်ဘုရား ကြွလာခြင်းနှင့် သန့်ရှင်းသူများနှင့်အတူ ကိုယ်တော်ပေါ်ထွန်းခြင်း နှစ်ခုစလုံး အကြုံးဝင်သည်ဟု ဆိုကြသည်။ အောက်ပါ ကျမ်းပိုဒ်များတွင် လေ့လာကြည့်ရှုကြပါစို့။ “ထိုအဓမ္မလူကို ယေရှုသည် နှုတ်ထွက်ဝိညာဉ်တော်ဖြင့် ဖျက်စီး၍၊ ကြွလာတော်မူခြင်း၏ ရောင်ခြည်အားဖြင့် ပယ်ရှားတော်မူလိမ့်မည်”(၂သက်၂:၈)။

“အလုံးစုံကို အသက်ရှင်တော်မူသော ဘုရားသခင်ရှေ့မှာ၎င်း၊ ပုန္တပိလတ်မင်းထံ ကောင်းသော ဝန်ခံခြင်းဘက်၌ သက်သေခံတော်မူသော ယေရှုခရစ်ရှေ့မှာ၎င်း၊ ငါသည်သင့်ကို ပညတ်ထား၏”(၁တိ ၆:၁၄)။

“ကိုယ်တော်တိုင် ပေါ်ထွန်း၍ နိုင်ငံတော် ထင်ရှားသောကာလ၊ အသက်ရှင်သောသူ၊ သေသောသူတို့ကို စစ်ကြောစီရင်တော်မူသော သခင်ယေရှုခရစ်ရှေ့မှာ၎င်း၊ ဘုရားသခင်ရှေ့မှာ၎င်း၊ ငါသည်သင်တို့ကို
သစ္စာပေးသည်” (၂တိ၄:၁)။

“ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့ သိုထားလျှက်ရှိ၏။ ထိုနေ့ရက်၌ တရားသဖြင့် စီရင်သောသူတည်းဟူသော သခင်ဘုရားသည် ထိုသရဖူကို ငါ၌ အပ်ပေးတော်မူမည်။ ထိုမျှမက ပေါ်ထွန်းတော်မူခြင်းကို တောင့်တသောသူ အပေါင်းတို့၌လည်း အပ်ပေးတော်မူမည်”(၂တိ၄:၈)။

“ငါတို့ကိုကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ်၏ ဘုန်းအသရေတော် ပေါ်ထွန်းခြင်းကို ငါတို့သည် မျှော်လင့်ကြ၏” (တိ၂:၁၃)။

ပထမနှင့် တတိယကျမ်းပိုဒ်က ခရစ်တော် ပေါ်ထွန်းမည့်အကြောင်းကို ရှင်းလင်းစွာ ရှင်းပြထားသည်။ အခြားကျမ်းပိုဒ်သည် ချီဆောင်ခြင်းကို ရည်ညွှန်းသည်။ သို့သော် ယုံကြည်သူများ၏ မျှော်လင့်ချက်သည် ချီဆောင်ခြင်းနှင့် ခရစ်တော်ဘုရား ပြန်လည်ကြွလာခြင်း ဖြစ်သည်။ ချီဆောင်ခြင်း ရောက်သောအခါ သခင်ဘုရား၏ မျက်နှာတော်ကို ဖူးမျှော်ခွင့် ရကြပါမည်။ ခရစ်တော်ပေါ်ထွန်းသည့်အခါ ယုံကြည်သူများသည် ဘုန်းတန်ခိုး၌ ရွှင်လန်းခြင်း ရှိကြမည် (ကော ၃:၄)။ ဤကာလတွင် ယုံကြည်သူများသည် မိမိတို့ လုပ်ဆောင်ကြသည့်အတိုင်း ဆုလက်ဆောင် အသီးသီးရရှိကြမည်။ ထိုဆုလက်ဆောင်များသည် ခရစ်တော်ဘုရား တရားပလ္လင်တော်ပေါ်၌ စိုးစံသည့်အချိန်တွင် ရကြမည်။ ထိုအချိန်တွင်လည်း ခရစ်တော်ကို ဖူးမျှော်ခွင့်ရကြမည်။ မည်သည့်ဆုလက်ဆောင်များနည်း။ (လု ၁၉:၁၇)တွင် “ငယ်သားကောင်း၊ သင်သည် အမှုငယ်၌ သစ္စာစောင့်လေပြီ။ မြို့ဆယ်မြို့ကို အုပ်စိုးလော့ဟု မိန့်တော်မူ၏၊ ဒုတိယလူကား ငါးမြို့ကို အုပ်စိုးစေ၏”ဟု ဆိုထားပါသည်။

ခရစ်တော်ဘုရား ကြွလာမည့် အကြောင်းကို လေ့လာရာတွင် အချိန်ကာလထက် အကြောင်းအရာကို ဦးစားပေးရသည်။ အချိန်ကာလကို အဆင့်လိုက် အကန့်လိုက် ခွဲခြားနိုင်သည်။ အစပိုင်း၊ အကြောင်းအရင်း၊
ပေါ်ထွန်းခြင်းနှင့် အထွဋ်အထိပ်ဟူ၍ ဖြစ်သည်။ ချီဆောင်ခြင်းမှ အစပြု၍၊ ခရစ်တော်တရားပလ္လင်၌ စိုးစံခြင်း၊ အလယ်၊ ခရစ်တော် မျက်နှာတော် ဖူးမြင်ခြင်းမှတဆင့် ကောင်းကင်နှင့် မြေကြီးပြာကျ မီးလောင်ခြင်း၌ အဆုံးသတ်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။