ဓမ္မရာဇဝင်ပဌမစောင် - ၄

ရန်သူလက်သို့ပဋိညာဉ်သေတ္တာရောက်ရှိ
1တစ်ဖန် ဣသရေလအမျိုးသားတို့သည် ဖိလိတ္တိလူတို့ကို တိုက်ခြင်းငှာ ချီသွား၍၊ ဧဗနေဇာမြို့နားမှာ တပ်ချလျက်၊ ဖိလိတ္တိလူတို့သည် အာဖက်မြို့၌ တပ်ချလျက်နေကြ၏။ 2ဖိလိတ္တိလူတို့သည် ဣသရေလအမျိုးကို စစ်ခင်းကျင်း၍ တိုက်ကြသောအခါ၊ ဣသရေလအမျိုးသည် စစ်ရှုံး၍ ရန်သူလက်တွင် သူရဲလေးထောင်ခန့်မျှ သေကြ၏။ 3လူများတို့သည် တပ်ထဲသို့ရောက်သောအခါ၊ ဣသရေလအမျိုး အသက်ကြီးသူတို့က၊ ယနေ့ ထာဝရဘုရားသည် ငါတို့ကို ဖိလိတ္တိလူတို့ရှေ့မှာ အဘယ်ကြောင့်ရှုံးစေတော်မူသနည်း။ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်သည် လာ၍၊ ငါတို့ကို ရန်သူလက်မှ ကယ်တင်စေခြင်းငှာ၊ ရှိလောမြို့မှ ဆောင်ခဲ့ကြကုန်အံ့ဟု ဆိုကြသည်အတိုင်း၊ 4လူများတို့သည် ရှိလောမြို့သို့ လူကိုစေလွှတ်၍၊ ခေရုဗိမ်စပ်ကြားမှာနေသော ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကို ဆောင်ခဲ့သဖြင့်၊ ဘုရားသခင်၏ ပဋိညာဉ်သေတ္တာတော်နှင့်အတူ ဧလိ၏သား ဟောဖနိနှင့်ဖိနဟတ် နှစ်ယောက်တို့သည် ပါကြ၏။ 5ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်သည် တပ်ထဲသို့ ရောက်သောအခါ၊ မြေကြီးအသံ မြည်သည်တိုင်အောင် တပ်သားအပေါင်းတို့သည် ကြွေးကြော်ကြ၏။ 6ကြွေးကြော်သံကို ဖိလိတ္တိလူတို့သည် ကြားလျှင်၊ ဟေဗြဲတပ်၌ပြုသော ကြွေးကြော်သံကြီးကား အဘယ်သို့နည်းဟု မေးလျက်၊ ထာဝရဘုရား၏သေတ္တာတော်သည် ထိုတပ်ထဲသို့ရောက်ကြောင်းကို သိကြ၏။ 7ဖိလိတ္တိလူတို့သည် ကြောက်၍၊ ဘုရားသခင်သည် ဟေဗြဲတပ်ထဲသို့ ရောက်လေပြီတကား။ ငါတို့သည် အမင်္ဂလာရှိကြ၏။ တစ်ခါမျှ ဤသို့ မဖြစ်စဖူး။ 8ငါတို့သည် အမင်္ဂလာရှိကြ၏။ တန်ခိုးကြီးသော ဤဘုရားသခင်၏လက်မှ ငါတို့ကို အဘယ်သူ ကယ်တင်လိမ့်မည်နည်း။ တော၌ အဲဂုတ္တုလူတို့ကို ဘေးအပေါင်းနှင့် ဒဏ်ခတ်သောဘုရားကား၊ အခြားမဟုတ် ဤဘုရားပေတည်း။ 9အို ဖိလိတ္တိလူတို့၊ ဣသရေလလူတို့သည် သင်တို့ထံ၌ ကျွန်ခံရသကဲ့သို့၊ သူတို့ထံ၌ ငါတို့သည် ကျွန်မခံရမည်အကြောင်း၊ အားယူ၍ ယောက်ျားပြုကြလော့။ ယောက်ျားပြု၍ တိုက်ကြလော့ဟု ပြောဆိုကြ၏။ 10ဖိလိတ္တိလူတို့သည် စစ်တိုက်သဖြင့်၊ ဣသရေလအမျိုးရှုံးပြန်၍၊ လူတိုင်း မိမိနေရာသို့ ပြေးလေ၏။ ကြီးစွာသော လုပ်ကြံခြင်းဖြစ်၍၊ ဣသရေလ ခြေသည်သူရဲ သုံးသောင်းတို့သည် သေကြ၏။ 11ဘုရားသခင်၏သေတ္တာတော်သည် ရန်သူလက်သို့ရောက်၍၊ ဧလိ၏သား ဟောဖနိနှင့်ဖိနဟတ် နှစ်ယောက်တို့သည် အသက်ဆုံးလေ၏။
ဧလိကွယ်လွန်ခြင်း
12ဗင်္ယာမိန် အမျိုးသားတစ်ယောက်သည်၊ စစ်တိုက်ရာထဲက ပြေးလာ၍၊ မိမိအဝတ်ကိုဆုတ်လျက်၊ မိမိခေါင်းပေါ်မှာ မြေမှုန့်ကိုတင်လျက်၊ ထိုနေ့ချင်းတွင် ရှိလောမြို့သို့ ရောက်လေ၏။ 13ရောက်သောအခါ၊ ဧလိသည် လမ်းနား၌ ခုံပေါ်မှာထိုင်၍၊ ဘုရားသခင်၏သေတ္တာတော်အတွက် စိတ်နှလုံးတုန်လှုပ်လျက် စောင့်နေ၏။ ပြေးသောသူသည် မြို့ထဲသို့ရောက်၍ သတင်းပြောသဖြင့်၊ တစ်မြို့လုံး အော်ဟစ်ကြ၏။ 14အော်ဟစ်သံကို ဧလိကြားသော်၊ အုတ်အုတ်ကျက်ကျက်သော အသံကား၊ အဘယ်သို့နည်းဟုမေးလျှင်၊ ထိုသူသည် အလျင်အမြန်လာ၍ ဧလိအားလျှောက်လေ၏။ 15ထိုအခါ ဧလိသည် အသက် ကိုးဆယ်ရှစ်နှစ်ရှိ၍ မျက်စိမမြင်နိုင်အောင် မျက်ကြောသေနှင့်ပြီ။ 16ပြေးသောသူက၊ အကျွန်ုပ်သည် စစ်တိုက်ရာမှ ရောက်လာသောသူ ဖြစ်ပါ၏။ စစ်တိုက်ရာထဲက ယနေ့ အကျွန်ုပ်ပြေး၍ လာပါ၏ဟု လျှောက်လျှင်၊ ဧလိက၊ ငါ့သား၊ အမှုကားအဘယ်သို့နည်းဟုမေးလေသော်၊ 17တမန်က၊ ဣသရေလအမျိုးသည် ဖိလိတ္တိလူတို့ရှေ့မှာပြေး၍ ကြီးစွာသော လုပ်ကြံခြင်းကို ခံရကြပါပြီ။ ကိုယ်တော်၏သား၊ ဟောဖနိနှင့် ဖိနဟတ်နှစ်ယောက်တို့သည် သေပါပြီ။ ဘုရားသခင်၏ သေတ္တာတော်သည်လည်း ရန်သူလက်သို့ ရောက်ပါပြီဟု ပြန်လျှောက်လေ၏။ 18ဘုရားသခင်၏ သေတ္တာတော် သတင်းကိုကြားသောအခါ၊ ဧလိသည် တံခါးနားမှာထိုင်သော ခုံပေါ်က နောက်သို့လန်ကျသဖြင့်၊ လည်ပင်းကျိုး၍ သေလေ၏။ အသက်ကြီး၍ ကိုယ်လေးသောသူ ဖြစ်၏။ ထိုသူသည် ဣသရေလအမျိုးကို အနှစ်လေးဆယ် အုပ်စိုးသတည်း။
ဖိနဟတ်၏မယားကွယ်လွန်ခြင်း
19သူ၏ချွေးမ ဖိနဟတ်၏မယားသည် ပဋိသန္ဓေအရင့်အမာရှိ၍ အချိန်နီးလျက်၊ ဘုရားသခင်၏ သေတ္တာတော်သည် ရန်သူလက်သို့ရောက်ကြောင်း၊ ယောက္ခမနှင့်လင် သေကြောင်းကိုကြားသောအခါ၊ ကျောကုန်း၍ သားဖွားခြင်းဝေဒနာကို ချက်ချင်းခံရ၏။ 20သေလုသောအခါ အနားမှာရှိသော မိန်းမတို့က၊ မစိုးရိမ်နှင့်။ သားယောက်ျားကို ဖွားမြင်ပြီဟု ဆိုသော်လည်း ပြန်မပြော၊ အမှုမထားဘဲနေ၏။ 21တစ်ဖန် ဘုရားသခင်၏သေတ္တာတော်သည် ရန်သူလက်သို့ ရောက်သောကြောင့်လည်းကောင်း၊ မိမိယောက္ခမနှင့် လင်အမှုကြောင့်လည်းကောင်း၊ ဣသရေလဘုန်းအသရေပျောက်ခဲ့ပြီဟုဆိုလျက်၊ ထိုသူငယ်ကို ဣခဗုဒ် အမည်ဖြင့်မှည့်၍၊ 22ဣသရေလအမျိုး၏ဘုရားသခင့်သေတ္တာတော်သည် ရန်သူလက်သို့ ရောက်သောကြောင့်၊ ဣသရေလ ဘုန်းအသရေ ပျောက်ခဲ့ပြီဟု ဆိုလေ၏။

ဓမ္မရာဇဝင်ပဌမစောင် - ၄ (အနက်ဖွင့်)

(ဘုရားသခင်၏ ပဋိညာဉ်သေတ္တာ (အခန်း )

(ပဋိညာဉ်သေတ္တာဆုံးရှုံးခြင်း (အခန်း )

          : လာမည့်အခန်း(၃)ခန်းသည် ဘုရားခင်၏ပဋိညာဉ်သေတ္တာတော်သယ်ဆောင်ခြင်း၊ စစ်တိုက်ရာတွင် ပါမသွားသဖြင့် နောက်တဖန် သွားယူရခြင်း၊ ဖိလိတ္တိတို့ဘက်တွင် ဘုရားသခင်ရှိတော်မူခြင်း (အခန်း ၅)၊ ဘုရားသခင်ကို မကြည်ညိုကြသောကြောင့် ဣသရေလတို့အလယ်မှ စွန့်ခွာခြင်းတို့ ပါဝင်သည်။ ဧဗာနေဇာအရပ်တွင် ဖိလိတ္တိတို့အား တိုက်ခိုက်ကြသောအခါ လူပေါင်းလေးထောင်ကျဆုံးကြသည်။ သို့ကြောင့် လူကြီးသူမများက ပဋိညာဉ်သေတ္တာတော်အား တပ်စခန်းမှ သွားပြန်ယူခိုင်းသည်။

:၁၁ ပဋိညာဉ်သေတ္တာတော်ရောက်ရှိလာသောအခါ ဣသရေလလူတို့သည် အားတက်ကြသကဲ့သို့ ဖိလိတ္တိလူတို့သည် ထိတ်လန့်ကြောက်ရွံ့ ကြသည်။ အဘယ်ကြောင့်ဆိုသော်         ဣသရေလတို့ထံတွင် ယေဟောဝါဘုရားရပ်တည်သည်ဟု နားလည်ကြသည်။ သို့သော်လည်း သေမထူးနေမထူးဟု အားယူကြကာ မိုက်ရူးရဲအရဲစွန့်တိုက်ခိုက်ကြသဖြင့် ဣသရေလစစ်သားပေါင်း သုံးထောင် သတ်ဖြတ်သုတ်သင်၍ ဟောဖနိနှင့် ဖိနဟတ်တို့လည်း ကျဆုံးစာရင်းတွင် ပါဝင်ကြသည်။ ပဋိညာဉ်သေတ္တာတော်လည်း ဖိလိတ္တိတို့လက်ထဲသို့ ရောက်သွားသည်။

:၁၂၂၂ ပဋိညာဉ်သေတ္တာရန်သူ့လက်ထဲသို့ပါသွားခြင်းကြောင့် ခြေမြန်တော်တပ်သားက ယဇ်ပုရောဟိတ် ဧလိအား သွားရောက်သတင်းပို့သောအခါ ဧလိသည် လန့်ဖြတ်နောက်လန်ကြ၍ နောက်စေ့နှင့် သမန်သလင်းစောင့်မိကာ ဇက်ကျိုးသေဆုံးသွားသည်။ အမင်္ဂလာသတင်းပေါင်းစုံကြားသိသောအခါ ဖိနဟတ်မိန်းမသည် သားလျှော၍ မီးနေတွင် သေဆုံးပြန်သည်။ ဘုရားသခင်၏ပဋိညာဉ်သေတ္တာတော် ရန်သူ့လက်ထဲသို့ပါသွားခြင်း။ ယောက္ခမနှင့်လင်သား သေဆုံး၊ကျဆုံးခြင်းတို့ကို အမှတ်ပြု၍ သားနာမည်ကို ဣခဗုဒ်ဟု နာမည်ပေးကြသည်။ အနက်အဓိပ္ပါယ်မှာ ဘုရားသခင်၏ဘုန်းတန်ခိုးစွန့်ခွာခြင်း” “မောင်စွန့်ခွာ ဖြစ်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။