ဓမ္မရာဇဝင်ပဌမစောင် - ၁၃

ဖိလိတ္တိအမျိုးသားတို့နှင့်စစ်ဖြစ်ခြင်း
1-2ရှောလုသည် တစ်နှစ်ကျော် နှစ်နှစ်ခန့်လောက် ဣသရေလအမျိုး၌မင်းပြုပြီးမှ၊ ဣသရေလအမျိုးသား သုံးထောင်တို့ကို ရွေးကောက်ပြီးလျှင်၊ ကိုယ်တိုင်နေသော မိတ်မတ်မြို့နှင့် ဗေသလတောင်ပေါ်မှာ လူနှစ်ထောင်၊ ဗင်္ယာမိန်ခရိုင်၊ ဂိဗာမြို့၊ ယောနသန်ထံမှာ တစ်ထောင်ကိုထား၍၊ အခြားသောသူတို့ကို မိမိတို့ အသီးအသီးနေရာအရပ်သို့ လွှတ်လိုက်လေ၏။
3ယောနသန်သည် ဂိဗာမြို့၌ရှိသော ဖိလိတ္တိတပ်ကိုလုပ်ကြံသဖြင့် ဖိလိတ္တိလူတို့သည် သတင်းကြား၏။ ရှောလုကလည်း မြစ်တစ်ဖက်၌ နေသောသူတို့သည် ကြားသိစေဟု တစ်ပြည်လုံး တံပိုးမှုတ်စေ၏။ 4ရှောလုသည် ဖိလိတ္တိတပ်ကို လုပ်ကြံကြောင်းနှင့် ဖိလိတ္တိလူတို့သည် ဣသရေလလူတို့ကိုရွံရှာကြောင်းကို ဣသရေလအမျိုးသား အပေါင်းတို့သည် ကြားသိ၍၊ လူများတို့သည် ရှောလုနောက် ဂိလဂါလမြို့၌ စည်းဝေးကြ၏။ 5ဖိလိတ္တိလူတို့သည်လည်း၊ ဣသရေလ အမျိုးသားတို့ကိုစစ်တိုက်ခြင်းငှာ၊ ရထားသုံးသောင်းနှင့် မြင်းခြောက်ထောင်ကိုလည်းကောင်း၊ သမုဒ္ဒရာသဲလုံးနှင့်အမျှရှိသောလူများကိုလည်းကောင်း စုဝေးစေပြီးလျှင်၊ စစ်ချီဗေသဝင် မြို့အရှေ့၊ မိတ်မတ်မြို့၌ တပ်ချကြ၏။ 6ဣသရေလအမျိုးသားတို့သည် အလွန်ဆင်းရဲခံရသဖြင့်၊ မိမိတို့ကျဉ်းမြောင်းလျက်ရှိသည်ကို သိမြင်သောအခါ၊ ဥမင်၊ တောအုံ၊ ကျောက်ကြား၊ တောင်ထိပ်၊ မြေတွင်းတို့၌ ပုန်းရှောင်၍နေကြ၏။ 7ယော်ဒန်မြစ်တစ်ဖက်၌ နေသောသူအချို့တို့သည် ကူးပြန်၍၊ ဂဒ်ပြည်၊ ဂိလဒ်ပြည်သို့ သွားကြ၏။ ရှောလုသည် ဂိလဂါလမြို့၌ နေသေး၍၊ လူအပေါင်းတို့သည် သူ့နောက်၌ တုန်လှုပ်လျက်ရှိကြ၏။ 8ရှမွေလ ချိန်းချက်သည်အတွင်း ရှောလုသည် ခုနစ်ရက်ငံ့လင့်၍၊ ရှမွေလသည် ဂိလဂါလမြို့သို့ မရောက်၊ လူများတို့လည်းထွက်ပြေးကြ၏။ 9ရှောလုကလည်း၊ မီးရှို့ရာယဇ်နှင့် မိတ်သဟာယပူဇော်သကာတို့ကို ငါ့ထံသို့ ယူခဲ့ကြဟုဆိုသဖြင့်၊ မီးရှို့ရာယဇ်ကို ပူဇော်လေ၏။ 10မီးရှို့ရာယဇ်ပူဇော်ခြင်းအမှုပြီးသည်အဆုံး၌ ရှမွေလသည်လာ၏။ ရှောလုသည် ကောင်းချီးပေး၍ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားလျှင်၊ 11ရှမွေလက၊ သင်သည် အဘယ်သို့ပြုသနည်းဟုမေးသော်၊ ရှောလုက၊ လူများတို့သည် အကျွန်ုပ်ထံမှ ထွက်ပြေးကြောင်း၊ ကိုယ်တော်သည် ချိန်းချက်သောအချိန်၌ မရောက်ကြောင်း၊ ဖိလိတ္တိလူတို့သည် မိတ်မတ်မြို့၌ စုဝေးကြောင်းများကို သိမြင်သောအခါ၊ 12ဖိလိတ္တိလူတို့သည် ငါရှိရာ ဂိလဂါလမြို့သို့ စစ်ချီကြလိမ့်မည်။ ထာဝရဘုရားကို ငါမတောင်းပန်သေးဟု အကျွန်ုပ်အောက်မေ့သဖြင့်၊ ကိုယ်ကိုအနိုင်ပြု၍ မီးရှို့ရာယဇ်ကို ပူဇော်မိပြီဟု ပြန်ပြော၏။ 13ရှမွေလကလည်း သင်သည် မှားပြီ။ သင်၏ဘုရားသခင် ထာဝရဘုရားထားတော်မူသော ပညတ်တရားကို မစောင့်ပါတကား။ စောင့်မိလျှင်၊ ထာဝရဘုရားသည် ဣသရေလအမျိုး၌သင်၏အာဏာကို ယခုမှစ၍ အစဉ်အမြဲ တည်စေတော်မူပြီ။ 14ယခုမူကား သင်၏ အာဏာမတည်ရ။ ထာဝရဘုရားသည် စိတ်နှလုံးတော်နှင့် ညီညွတ်သောသူကို ရှာတော်မူ၏။ ထိုသူသည် လူမျိုးတော်အပေါ်မှာမင်းဖြစ်စေခြင်းငှာ ထာဝရဘုရားမိန့်တော်မူပြီ။ အကြောင်းမူကား၊ သင်သည် ထာဝရဘုရား မှာထားတော်မူသည်အတိုင်းမကျင့်ဟု ရှောလုအားဆိုပြီးလျှင်၊ 15ထ၍ ဂိလဂါလမြို့မှ ဗင်္ယာမိန်ခရိုင်၊ ဂိဗာမြို့သို့ သွား၏။ ရှောလုသည် မိမိ၌ရှိသောလူတို့ကိုရေတွက်၍ ခြောက်ရာခန့်မျှ ရှိ၏။ 16သူနှင့် သားတော်ယောနသန်၊ သူတို့၌ရှိသော လူအပေါင်းတို့သည် ဗင်္ယာမိန်ခရိုင်၊ ဂိဗာမြို့တွင် နေကြ၏။ ဖိလိတ္တိလူတို့သည် မိတ်မတ်မြို့တွင် တပ်ချကြ၏။
17လုယူသော တပ်သုံးတပ်တို့သည်၊ ဖိလိတ္တိတပ်မထဲကထွက်၍ တစ်တပ်သည် ရွာလပြည် ဩဖရမြို့လမ်းသို့ လိုက်၏။ 18တစ်တပ်သည် ဗေသောရုန်မြို့လမ်းသို့ လိုက်၏။ တစ်တပ်သည် တောဘက်မှာ ဇေဘိုင်ချိုင့်ကို မျက်နှာပြုသော ပြည်စွန်းလမ်းသို့လိုက်၏။ 19ဖိလိတ္တိလူတို့က၊ ဟေဗြဲလူတို့သည် ဓားလှံတို့ကို မလုပ်စေနှင့်ဟု စီရင်မြဲရှိသောကြောင့်၊ ဣသရေလပြည်တစ်လျှောက်လုံးတွင် ပန်းပဲတစ်ယောက်မျှ မရှိ။ 20ဣသရေလလူအပေါင်းတို့သည် ထွန်သွား၊ ပေါက်တူး၊ ပုဆိန်၊ တူးရွင်းကိုထက်စေခြင်းငှာ၊ ဖိလိတ္တိလူတို့ရှိရာသို့ သွားရကြ၏။ 21နောက်တစ်ဖန် ထွန်သွား၊ ပေါက်တူး၊ သုံးခွခက်ရင်း၊ ပုဆိန်၊ ထိုးတံချွန် တုံးလျက်ရှိကြ၏။ 22သို့ဖြစ်၍ စစ်တိုက်ရာကာလ ရှောလုနှင့် သားတော်ယောနသန်မှတစ်ပါး အဘယ်သူ၌မျှ ဓားလှံမရှိ။
23တစ်ဖန် ဖိလိတ္တိတပ်သားတို့သည် မိတ်မတ်မြို့ လမ်းဝသို့ ထွက်၍နေကြစဉ်တွင်၊

ဓမ္မရာဇဝင်ပဌမစောင် - ၁၃ (အနက်ဖွင့်)

(မနာခံခြင်းနှင့်ငြင်းဆန်ခြင်း (အခန်း ၁၃၁၅)

(ရှောလု၏ ယဇ်ပူဇော်ခြင်းအပြစ်ဒုစရိုက် (အခန်း ၁၃)

          ၁၃: အပိုဒ် ၁နှင့် ပတ်သက်၍ အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုရေးသားကြသည်။ KJV နှင့် NKJV ကျမ်းမူတွင် ရှောလုသည် တစ်နှစ်ကျော် နှစ်နှစ်ခန့် ဣသရေလဘုရင်နန်းစံပြီးသောအခါ” ဟုဆိုသည်။ ERV ကျမ်းမူတွင် “ရှောလုသည် အသက်(၃၀)အရွယ်တွင် နန်းတက်၍ ဣသရေလဘုရင်အဖြစ် နှစ်နှစ်စိုးစံသည်” ဟု ဆိုသည်။ RSV ကျမ်းမူက “ရှောလုသည် ရှင်ဘုရင်အဖြစ် နန်းတက်ပြီးနောက်(၂)နှစ်ကြာ ဣသရေလပြည်အုပ်စိုးသည်” ဟု ဆိုသည်။ NASB ကျမ်းမူက “ရှောလုနန်းတက်သည့်အချိန်တွင် အသက်(၄၀)ရှိ၍ (၃၂)နှစ်ကြာ ဘုရင်အဖြစ်စိုးစံသည်’ဟု ဆိုသည်။ အချို့ကျမ်းမူများ၌ ဝိဝါဒကွဲပြားစရာရှိသောအချက်များကို ချန်လှပ်ထားကြသည်။ ထိုသို့အဓိပ္ပါယ်ကွဲလွဲကြခြင်းမှာ Septuagint မှ ဟေဗြဲဘာသာစကားသို့ကူးယူကြရာတွင် စာလုံးပေါင်းမှားခြင်း၊ အချို့စကားလုံးများ မပီပြင်ခြင်းဖြစ်မည်။၁၁ မည်သို့ဖြစ်စေ ရှောလုနန်းတက်ချိန်တွင် အတွေ့အကြုံရင့်ကျက်ပြီဟု ယူဆရသည်။ အဘယ်ကြောင့်ဆိုသော် ရှောလု၏ သားယောနသန်ပင်လျှင် စစ်မြေပြင်တွင် တိုက်ပွဲဝင်နိုင်သောအရွယ်ဖြစ်နေပြီ။

၁၃: ရှောလုက လူသုံးထောင်ရှိသောအမြဲတမ်း တပ်မတော်ဖွဲ့စည်း၍ ယောနသန်က ဦးစီးကွပ်ကဲသည်။  ယေရုရှလင်မြောက်ဘက်ရှိ ဂေဗအရပ်၌ ဖိလိတ္တိတပ်ကို လုပ်ကြံမှုဖြင့် ဖိလိ တ္တိတို့က ဣသရေလတို့အား စစ်ပြင်ဆင်ကြသည်။ စစ်အင်အားအလုံးအရင်းဖြင့် ချီတက်လာကြသည်။ (အပိုဒ် ၅ရှိ စစ်အင်အားကို အချို့ကျမ်းမူများတွင် ရထားသုံးထောင်နှင့် မြင်းခြောက်ထောင်ဟု ဆိုကြမည်)။၁၂

၁၃: ဣသရေလတပ်ဖွဲ့သည် ထိုချီတက်လာသော ရန်သူ့အင်အားကို တွေ့မြင်သောအခါ စစ်မရောက်မီက မြှားကုန်ကြပြီ။ အချို့က ယော်ဒန်မြစ်အရှေ့ဘက်ကမ်းသို့ ထွက်ပြေးကြသည်။ အချို့က ကြုံမိကြုံရာတွင် ပုန်းအောင်းကြသည်။ ထိုသို့ စစ်ရှုံးရခြင်းမှာ ဘယ်သူမပြု မိမိမှုဖြစ်သည်။ ရှောလုသည် စစ်နိုင်အောင် ဆုတောင်းဖို့ ရှမွေလကို ဂိလဂါလအရပ်တွင် စောင့်နေသည်(၁၀၈ကိုကြည့်)။ ခုနှစ်ရက်တိုင်တိုင် စောင့်ရှောက်သော်လည်း ရှမွေလမပေါ်လာ။ တပ်ဖွဲ့ဝင်များသည်လည်း စိတ်အားငယ်၍ ပြေးလွှားပုန်းအောင်းနေကြပြီ။ သို့ကြောင့် ရှမွေလအလာကို မစောင့်နိုင်တော့ဘဲ ကိုယ်တိုင် မီးရှို့ပူဇော်သက္ကာပြု လိုက်သည်။ ထိုသို့ယဇ်ပုရောဟိတ်မဟုတ်သူက မီးရှို့ ပူဇော်သက္ကာပြုခြင်းသည် လေဝိထုံးနည်းနာနှင့်မကိုက်ညီ။ ဝတ်ပြုနည်းကို ချိုးဖောက်ရာရောက်သည်။ မည်မျှပင် ရှမွေလနောက်ကျစေကာမူ၊ မိမိနှင့်မဆိုင်သော ထုံးနည်းနာ လုပ်ပိုင်ခွင့်မရှိ။

၁၃:၁၀၁၄ မရှေးမနှောင်းတွင် ရှမွေလရောက်လာသော်လည်း ရှောလုက အငွေ့တလူလူဖြင့် မီးရှို့ပူဇော်သက္ကာပြုနေပြီ။ အခြားအမှုအရာများကို ခွင့်လွှတ်နိုင်သော်လည်း ဝတ်ပြုကိုးကွယ်ခြင်း ထုံးနည်းနာ ဖောက်ဖျက်မှုသည် ခွင့်လွှတ်စရာမရှိ။ သို့ကြောင့် ရှောလုသည် အချုပ် အခြာအာဏာ လက်လွှတ်ဆုံးရှုံးရမည်။ ဘုရားသခင်သည် သာမန်လူသား၏ အပြစ်ထက် စိတ်ချယုံကြည်၍ စီရင်ခွဲခန့်ထားသူ၏ အပြစ်ကို ပိုမြင်သည်။ ရှောလု၏ ဘဝအသက်တာတွင် ပြစ်ဒုစရိုက်ပေါင်းစုံ ပြုခဲ့သည့်အနက် ဤအပြစ်သည် အကြီးလေးဆုံးအပြစ်တစ်ခု ဖြစ်သည်။ အခြား အပြစ်ဒုစရိုက်ကြီးများမှာ ကပြက်ကချော် ကတိသစ္စာပြုသည်(အခန်း ၁၄)။ ဘုရားသခင် ဖျက်ဆီးခိုင်းသော အာဂတ်မင်းကို အရှင်ဖမ်းဆီးထားသည်(အခန်း၁၅)။ အဟိမလက်နှင့် ယဇ်ပုရောဟိတ် (၈၄)ပါးကို ကွပ်မျက်သည်(အခန်း၂၂)။ ဒါဝိဒ်၏ အသက်ကို သတ်ဖြတ်ဖို့အကြိမ်ကြိမ်ကြိုးပမ်းသည်(အခန်း၁၈-၂၆)။ နတ်ဝင်သူ အောက်လမ်းဆရာများနှင့် ပေါင်းဖက်သည်(အခန်း၂၈)။

၁၃:၁၅၂၃ ရှောလုသည် စစ်သည်တော် အင်အားခြောက်ရာနှင့်အတူ ယောနသန်အား စစ်ကူပေးကြသည်။ ဖိလိတ္တိစစ်သားများက အရှေ့အနောက်တော်မြောက် လေးဘက်လေးလံ ဝန်းရံထားကြသဖြင့် ကူမည့်သူမရှိ၊ ကယ်မည့်သူနတ္ထိ၊ မျက်စိသူငယ်၊ နားသူငယ်ဖြစ်နေကြသည်။ စစ်လက်နက်ပစ္စည်းထုလုပ်မည့် ဣသရေလပန်းပဲသမား တစ်ယောက်မှမရှိ။ ထွက်ပြေးကုန်သည်။ ရိက္ခာထုတ်လုပ်ဖို့ ထွန်ယက်စိုက်ပျိုးစရာ လက်နက်များလည်းမရှိ။ ယောနသန်လက်ထဲတွင်သာ ဌက်ကြီးတောင်ဓားရှိသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။