ဓမ္မရာဇဝင်ပဌမစောင် - ၁၄

ယောနသန်၏စွန့်စားခန်း
1တစ်နေ့သ၌ ရှောလု၏ သားယောနသန်သည် ခမည်းတော်ထံ၌ အခွင့်မပန်ဘဲ၊ လက်နက်ဆောင်လုလင်ကိုခေါ်၍၊ တစ်ဖက်၌နေသော ဖိလိတ္တိတပ်သို့ သွားကြကုန်အံ့ဟု ဆိုလေ၏။ 2ရှောလုသည် ဂိဗာမြို့စွန်း၊ မိဂြုန်ရွာ၊ ရိမ္မုန်ကျောက်ဆောင်နားမှာ နေ၍၊ အထံတော်၌ လူခြောက်ရာခန့်မျှ ရှိ၏။ 3သင်တိုင်းဝတ်၍ ရှိလောမြို့၌ ထာဝရဘုရား၏ ယဇ်ပုရောဟိတ်ဖြစ်သောသူ ဧလိနှင့်ဖိနဟတ်တို့မှ ဆင်းသက်သော ဣခဗုဒ်၏အစ်ကို အဟိတုပ်၏သား အဟိယလည်းရှိ၏။ ယောနသန်သွားကြောင်းကို လူများမသိကြ။ 4ယောနသန်သည် ဖိလိတ္တိတပ်သို့ သွားစမ်းသော လမ်းကြားမှာ၊ တစ်ဖက်တစ်ချက်၌ ကျောက်ငူရှိ၏။ ကျောက်ငူတစ်ခုသည် ဗောဇက်၊ တစ်ခုသည်သေနေအမည်ရှိ၏။ 5တစ်ခုကား မြောက်ဘက်၌ မိတ်မတ်မြို့သို့လည်းကောင်း၊ တစ်ခုကား တောင်ဘက်၌ ဂိဗာမြို့သို့လည်းကောင်း မျက်နှာပြုသတည်း။ 6ယောနသန်က၊ အရေဖျားလှီးခြင်းကိုမခံသော တပ်သားတို့ဆီသို့သွားကြကုန်အံ့။ ထာဝရဘုရားသည် ငါတို့အမှုကို စောင့်ကောင်းစောင့်တော်မူလိမ့်မည်။ လူများသော်လည်းကောင်း၊ နည်းသော်လည်းကောင်း၊ ထာဝရဘုရား ကယ်တင်တော်မူခြင်းကို အဆီးအတားမရှိနိုင်ဟု လက်နက်ဆောင်လုလင်အားပြောဆိုလျှင်၊ 7လုလင်က၊ စိတ်တော်ရှိသည်အတိုင်းပြုပါ။ လှည့်သွားပါ။ အလိုတော်ရှိသည်အတိုင်း ကျွန်တော်လိုက်ပါမည်ဟု ပြန်ပြောသော်၊ 8ယောနသန်က၊ ထိုလူတို့ဆီသို့သွား၍ ကိုယ်ကို ပြကြကုန်အံ့။ 9သူတို့က နေကြ။ ငါတို့လာမည်ဟုဆိုလျှင် သူတို့ဆီသို့မသွားဘဲနေကြမည်။ 10သို့မဟုတ်၊ လာကြဟုဆိုလျှင် သွားကြမည်။ ထာဝရဘုရားသည် သူတို့ကို ငါတို့လက်သို့ အပ်တော်မူ၏။ ထိုသို့သော ပုပ္ပနိမိတ်ရှိရ၏ဟု ဆိုသည်နှင့်အညီ၊ 11နှစ်ယောက်တို့သည် ဖိလိတ္တိတပ်သားတို့အား ကိုယ်ကိုပြသောအခါ၊ ဖိလိတ္တိလူတို့က၊ ဟေဗြဲလူတို့သည် ပုန်းရှောင်ရာတွင်းထဲက ထွက်လာပါသည်တကားဟုဆိုလျက်၊ 12တပ်သားတို့က၊ လာကြ။ တစ်စုံတစ်ခုကို ပြမည်ဟု ယောနသန်နှင့် လက်နက်ဆောင်လုလင်အားဆိုလျှင်၊ ယောနသန်က၊ ငါ့နောက်သို့ လိုက်လော့။ ထာဝရဘုရားသည် သူတို့ကို ဣသရေလလူတို့လက်သို့ အပ်တော်မူပြီဟု လုလင်အားဆိုသဖြင့်၊ 13လေးဘက်တွားလျက် တက်၍၊ လုလင်လည်းလိုက်၏။ ယောနသန်ရှေ့မှာ ဖိလိတ္တိလူတို့သည် လဲ၍ လုလင်သည် သူ့သခင့်နောက်မှာ လုပ်ကြံလေ၏။ 14ယောနသန်နှင့် လုလင်ပြုသော ပထမလုပ်ကြံခြင်းအားဖြင့် နွားတစ်ရှဉ်းထွန်နိုင်သော မြေကွက်အတွင်းတွင် လူနှစ်ဆယ်ခန့်မျှ သေကြ၏။ 15စစ်သူရဲများ၊ လယ်လုပ်သူများ၊ အခြားသူများအပေါင်းတို့သည် တပ်သားများ၊ လုယူသောသူများနှင့်တကွ တုန်လှုပ်ကြ၍၊ မြေကြီးလည်း လှုပ်သဖြင့်၊ အလွန်ကြီးသောတုန်လှုပ်ခြင်းရှိ၏။
ဖိလိတ္တိအမျိုးသားတို့အရေးနိမ့်ခြင်း
16ဗင်္ယာမိန်ခရိုင် ဂိဗာမြို့၌ ရှောလု၏ကင်းစောင့်တို့သည် ကြည့်ရှုသောအခါ၊ ဖိလိတ္တိလူအလုံးအရင်းသည် လျော့၍ တစ်ယောက်ကိုတစ်ယောက် ထိုးရိုက်လျက်သွားကြ၏။ 17ရှောလုကလည်း၊ အဘယ်သူထွက်သွားသည်ကို သိခြင်းငှာ လူများကိုရေတွက်ကြလော့ဟု အထံတော်၌ ရှိသောသူတို့အား စီရင်သည်အတိုင်း ရေတွက်၍၊ ယောနသန်နှင့် သူ၏လက်နက်ဆောင်လုလင် မရှိ။ 18ထိုကာလအခါ ဘုရားသခင်၏သေတ္တာတော်သည် ဣသရေလအမျိုးသားတို့၌ ရှိသည်ဖြစ်၍၊ ရှောလုက၊ ဘုရားသခင်၏ သေတ္တာတော်ကိုယူခဲ့ပါဟု အဟိယအားဆို၏။ 19ရှောလုသည် ယဇ်ပုရောဟိတ်နှင့် စကားပြောစဉ်တွင်၊ ဖိလိတ္တိတပ်၌ အုတ်အုတ်ကျက်ကျက်သော အသံတိုးပွားသောကြောင့်၊ ရှောလုက နေဦးတော့ဟု ယဇ်ပုရောဟိတ်အား ဆိုသဖြင့်၊ 20မိမိနှင့်လူအပေါင်းတို့သည် တစ်ယောက်ကိုတစ်ယောက် နှိုးဆော်လျက် စစ်ချီ၍ရောက်သောအခါ၊ ဖိလိတ္တိလူတို့သည် တစ်ယောက်ကိုတစ်ယောက် ခုတ်သဖြင့် အလွန်တပ်ပျက်လေ၏။ 21အထက်ကာလ၌ ဖိလိတ္တိလူတို့ဘက်မှာနေ၍ အရပ်ရပ်တို့က တပ်သို့လိုက်လာသော ဟေဗြဲလူတို့သည်လည်း ရှောလုနှင့်ယောနသန်၌ ပါသော ဣသရေလလူတို့ဘက်သို့ ဝင်ကြ၏။ 22ဧဖရိမ်တောင်၌ ပုန်းရှောင်၍နေသော ဣသရေလလူအပေါင်းတို့သည်လည်း၊ ဖိလိတ္တိလူပြေးကြောင်းကို ကြားသောအခါ စစ်ချီ၍ ကျပ်ကျပ်လိုက်ကြ၏။ 23ထိုသို့ ထာဝရဘုရားသည် ဣသရေလအမျိုးကို ထိုနေ့၌ ကယ်တင်တော်မူသဖြင့်၊ စစ်မှုသည် ဗေသဝင်မြို့သို့ လွန်သွားလေ၏။
စစ်ပွဲပြီးခါစ၌ဖြစ်ပျက်သောအဖြစ်အပျက်များ
24ထိုနေ့၌ ဣသရေလလူတို့သည် ဆင်းရဲခံရကြ၏။ အကြောင်းမူကား၊ ရှောလုက၊ ငါသည် ငါ့ရန်သူတို့၌ ငါ့စိတ်ပြေမည်အကြောင်း၊ ညဉ့်ဦးချိန်မရောက်မီ အစာစားသောသူတိုင်း ကျိန်ဆဲအပ်စေဟု လူတို့အား အကျိန်ပေးသောကြောင့် အဘယ်သူမျှ အစာမစားရ။ 25လူအပေါင်းတို့သည် မြေပေါ်၌ ပျားရည်ရှိရာတောသို့ ရောက်သဖြင့်၊ 26တောထဲသို့ဝင်သောအခါ ပျားရည်စက်စက်ကျလျက် ရှိသော်လည်း၊ အကျိန်တော်ကို ကြောက်သောကြောင့်၊ အဘယ်သူမျှ မိမိလက်ကို မိမိပါးစပ်၌မထည့်။ 27သို့ရာတွင် ခမည်းတော်သည် လူများတို့အား အကျိန်ပေးသည်ကို ယောနသန်မကြားသောကြောင့်၊ မိမိကိုင်သော လှံတံဖျားကို ပျားလပို့၌နှစ်၍ မိမိလက်နှင့် ယူစားသဖြင့် မျက်စိကြည်လင်လေ၏။ 28ခမည်းတော်က၊ ယနေ့ အစာစားသောသူတိုင်း ကျိန်ဆဲအပ်စေဟု လူများတို့အား ကျပ်ကျပ် အကျိန်ပေးတော်မူပြီဟု လူတစ်ယောက် ကြားလျှောက်၏။ လူတို့သည်လည်း မောလျက်နေကြ၏။ 29ယောနသန်ကလည်း၊ ငါ့အဘသည် ပြည်သားတို့ကို နှောင့်ယှက်လေပြီ။ ဤပျားရည် အနည်းငယ်ကို ငါစားသောကြောင့် ငါ့မျက်စိကြည်လင်သည်ကို ကြည့်ပါတော့။ 30လူများတို့သည် ယနေ့တွေ့မိသော ရန်သူ၏ဥစ္စာကိုစားချင်တိုင်းစားလျှင်၊ အဘယ်မျှလောက် အကျိုးကြီးလိမ့်မည် တကား။ ဖိလိတ္တိလူတို့ကိုသာ၍ လုပ်ကြံကြလိမ့်မည်တကားဟု ဆိုလေ၏။
31ထိုနေ့၌ ဖိလိတ္တိလူတို့ကို မိတ်မတ်မြို့မှ အာဇလုန်မြို့တိုင်အောင်လုပ်ကြံကြ၏။ ဣသရေလလူတို့သည် အလွန်ပင်ပန်းသဖြင့်၊ 32ရန်သူ၏ဥစ္စာကို လုယူ၍၊ သိုး၊ နွား၊ နွားသငယ်တို့ကို မြေပေါ်မှာသတ်ပြီးလျှင် အသွေးနှင့်တကွ စားကြ၏။ 33ထိုသို့ လူများတို့သည် အသွေးနှင့်တကွစား၍ ထာဝရဘုရားကို ပြစ်မှားသည်ဟု ရှောလုအား ကြားလျှောက်လျှင်၊ သင်တို့သည် သစ္စာပျက်ကြပြီ။ ကြီးစွာသောကျောက်ကို ငါ့ထံသို့ယနေ့လှိမ့်ခဲ့။ 34လူများတို့တွင် အရပ်ရပ်သွား၍ လူအသီးအသီး မိမိတို့သိုးနွားကို ဤအရပ်သို့ ယူခဲ့ပြီးလျှင်၊ ဤအရပ်၌ သတ်စားကြစေ။ အသွေးနှင့်တကွစား၍ ထာဝရဘုရားကိုမပြစ်မှားစေနှင့်ဟု မိန့်တော်မူသည်အတိုင်း၊ လူများတို့သည် အသီးအသီး မိမိတို့သိုးနွားကို ထိုည၌ယူခဲ့၍ ထိုအရပ်၌သတ်ကြ၏။ 35ရှောလုသည်လည်း ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်လေ၏။ ထိုပလ္လင်ကား ထာဝရဘုရားအဖို့ တည်သော ပထမပလ္လင် ဖြစ်သတည်း။ 36တစ်ဖန် ရှောလုက၊ ညအခါ ငါတို့သည် ဖိလိတ္တိလူတို့ကိုလိုက်၍ တစ်ယောက်ကိုမျှ မကျန်ကြွင်းစေဘဲ၊ မိုးလင်းသည်တိုင်အောင် ဖျက်ဆီးကြကုန်အံ့ဟုစီရင်၍၊ လူများတို့က စိတ်တော်ရှိသည်အတိုင်း ပြုတော်မူပါဟု ဝန်ခံကြသော်၊ ယဇ်ပုရောဟိတ်က၊ ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်ကြကုန်အံ့ဟု ဆိုလေ၏။ 37ရှောလုကလည်း၊ အကျွန်ုပ်သည် ဖိလိတ္တိလူတို့ကို လိုက်ရပါမည်လော။ သူတို့ကို ဣသရေလလူတို့လက်သို့ အပ်တော်မူမည်လောဟု ဘုရားသခင့်ထံ အခွင့်ပန်သော်လည်း၊ ထိုနေ့တွင် ပြန်တော်မမူ။ 38ရှောလုကလည်း၊ လူတို့တွင် အရာရှိအပေါင်းတို့၊ ယနေ့ အဘယ်သူပြစ်မှားမိသည်ကို သိမြင်အံ့သောငှာ ချဉ်း၍လာကြလော့။ 39ဣသရေလအမျိုးကို ကယ်တင်သော ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်း၊ ငါ့သား ယောနသန် ဖြစ်သော်လည်း၊ ဆက်ဆက် သေရမည်ဟုဆိုသော်၊ အဘယ်သူမျှ ပြန်၍မလျှောက်ဝံ့။ 40ရှောလုကလည်း၊ သင်တို့သည် တစ်ဖက်၊ ငါနှင့် ငါ့သားယောနသန်သည် တစ်ဖက်နေရကြမည်ဟုဆိုလျှင်၊ လူများတို့က စိတ်တော်ရှိသည်အတိုင်း ပြုတော်မူပါဟု လျှောက်ကြသော်၊ 41ရှောလုက၊ ဖြောင့်မတ်စွာ စီရင်တော်မူပါဟု ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားအား ဆုတောင်းသဖြင့်၊ လူများတို့သည်လွတ်ကြ၍၊ ရှောလုနှင့် ယောနသန်ကို မှတ်တော်မူ၏။ 42ရှောလုကလည်း၊ ငါနှင့်ငါ့သား ယောနသန်အဖို့ စာရေးတံပြုလော့ဟု ဆိုသဖြင့်၊ ယောနသန်ကို မှတ်တော်မူ၏။ 43ရှောလုကလည်း၊ သင်ပြုသောအမှုကိုပြောလော့ဟု ယောနသန်အားဆိုလျှင်၊ ယောနသန်က၊ အကျွန်ုပ်ကိုင်သော လှံဖျားနှင့် ပျားရည်အနည်းငယ်ကို ယူ၍ မြည်းစမ်းမိပါပြီ။ ထိုအမှုကြောင့်သာ သေရပါမည်ဟု ပြန်ပြော၏။ 44ရှောလုကလည်း၊ ယောနသန်၊ သင်သည်ဆက်ဆက်မသေလျှင်၊ ဘုရားသခင်သည် ထိုမျှမက ငါ၌ ပြုတော်မူပါစေသောဟု ဆိုသော်လည်း၊ 45လူများတို့က၊ ဣသရေလအမျိုး၌ ဤကယ်တင်ခြင်းကျေးဇူးကို ပြုပြီးသော ယောနသန်သည် သေရမည်လော။ ထိုသို့ မဖြစ်ပါစေနှင့်။ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း သူ၏ဆံခြည်တစ်ပင်မျှ မြေပေါ်မှာမကျရ။ သူသည် ဘုရားသခင်နှင့်အတူ ယနေ့ ဝိုင်း၍ပြုပါပြီဟုဆိုသဖြင့်၊ အသက်ချမ်းသာစေခြင်းငှာ ယောနသန်ကို ကယ်နုတ်ကြ၏။ 46ထိုနောက် ရှောလုသည် ဖိလိတ္တိလူတို့ကိုမလိုက်။ သူတို့သည် နေရင်းအရပ်သို့ ပြန်သွားကြ၏။
ရှောလု၏နန်းသက်နှင့်မိသားစု
47ထိုသို့ ရှောလုသည် ဣသရေလအမျိုးကို စိုးစံ၍ ပတ်ဝန်းကျင် ရန်သူ၊ မောဘပြည်သား၊ အမ္မုန်ပြည်သား၊ ဧဒုံပြည်သား၊ ဇောဘမင်းများ၊ ဖိလိတ္တိလူများတို့ကိုစစ်တိုက်၍ စစ်ချီလေရာရာ၌ သူတို့ကိုအောင်လေ၏။ 48ဗိုလ်ခြေများကို နှိုးဆော်၍ အာမလက်အမျိုးသားတို့ကို လုပ်ကြံသဖြင့်၊ ဣသရေလအမျိုးသားတို့ကို လုယက်ဖျက်ဆီးသော သူတို့လက်မှ ကယ်နုတ်လေ၏။ 49သားတော်ကား ယောနသန်၊ ဣရွှိ၊ မေလခိရွှတည်း။ သမီးတော်နှစ်ယောက်တွင် အကြီးကား မေရပ်။ အငယ်ကား၊ မိခါလတည်း။ 50မြောက်သားတော်ကား အဟိမတ်၏သမီး အဟိနောင်တည်း။ ဗိုလ်ချုပ်မင်းကား၊ ဘထွေးတော်နေရသား အာဗနာတည်း။ 51ခမည်းတော် ကိရှနှင့် အာဗနာ၏အဘနေရသည် အဗျေလ၏သားဖြစ်၏။ 52ရှောလုလက်ထက် ကာလပတ်လုံး၊ ဖိလိတ္တိလူတို့ကို ကျပ်ကျပ်စစ်တိုက်ရကြ၏။ ခွန်အားကြီးသောသူ၊ ရဲရင့်သောသူ တွေ့သမျှတို့ကို ရှောလုသည် ရွေးကောက်ခန့်ထားလေ့ရှိ၏။

ဓမ္မရာဇဝင်ပဌမစောင် - ၁၄ (အနက်ဖွင့်)

(ရှောလု၏အလျင်စလိုကတိ (အခန်း ၁၄)

          ၁၄:၁၅ တစ်နေ့သ၌ ယောနသန်သည် ဖခင်ထံ သတင်းပို့ခြင်းမရှိဘဲ၊ ကိုယ်ရံတော်နှင့်အတူ ဖိလိတ္တိတပ်ဖွဲ့အား တိတ်တဆိတ်ချဉ်းကပ်သွားရောက်သတ်ဖြတ်သည်။ ထိုသို့ပြုလုပ်ခြင်းသည် စွန့်စားခြင်း မဟုတ်။ မိုက်ရူးရဲခြင်းဖြစ်သည်။ သို့သော် ယောနသန်ကို ဘုရားသခင်က အောင်မြင်မှုပေးခဲ့သည်။ တိုက်ပွဲ အောင်မြင့်ဖို့သည် အရေအတွက်အပေါ်တွင်မမူတည်။ ကြံရည်ဖန်ရည်ယုံကြည်ခြင်းပေါ်တွင် မူတည်သည်ဟု ခံယူသည်။ အောင်အတိတ်အောင်နိမိတ် ယုံကြည်ခြင်းလိုသည်။ ထိုသို့ယုံကြည်ခြင်းရှိသည့်အတိုင်း ယောနသန်သည် ယုံကြည်ခြင်းလက်ဆောင်ရရှိသည်။ ယောနသန်တို့ ဆရာတပည့် နှစ်ယောက်ကို ဖိလိတ္တိတို့က စစ်ပြေးများဟုထင်ကာ လက်ရပ်ခေါ်ကြိုဆိုကြသည်။ ဖိလိတ္တိတို့ထံရောက်သည်နှင့် လူနှစ်ဆယ် သုတ်သင်ပစ်လိုက်သည်။ သို့ဖြင့်ဖိလိတ္တိတပ်ထဲတွင် ရုန်းရင်းဆန်ခတ် ဝရုန်းသုန်းကား ဖြစ်ကုန်သည်။ ယောနသန်၏ ယုံကြည်ခြင်းအဖြေကို အငယ်၆ တွင် တွေ့ရသည်။ ကိုယ်ရံတော်၏ ကျိုးနွံသစ္စာရှိမှုကို အငယ် ၇ တွင် တွေ့ရသည်။

၁၄:၁၆၂၃ ထိုအမှုအရာကို တွေ့မြင်နေသော ကင်းစောင့်က ရှောလုထံ သတင်းပို့သည်။ စစ်သားများ လူစစ်ဆေးသောအခါ ယောနသန်နှင့်တပည့်ပျောက်နေကြသည်။ သို့ကြောင့် ရှောလုသည် သစ္စာပြုရန် ယဇ်ပုရောဟိတ်အဟိယအား ပဋိညာဉ်သေတ္တာချက်ချင်းယူဆောင်လာခိုင်းသည်။ (NKJV Margin တွင် Septuagint အတိုင်း ပဋိညာဉ်သေတ္တာသင်တိုင်းဟု ဆိုသည်။ အဘယ်ကြောင့်ဆိုသော် ပဋိညာဉ်သေတ္တာသည် ထိုကာလထိ ကိရယတ်ယာရိမ်တွင် ရှိနေသည်)။ သို့သော်ပဋိညာဉ်မပြုဖြစ်။ တပ်ဝင်းရှိလူများက တောင်းဆိုကြသဖြင့် ချက်ချင်းပြန်လည် ရုပ်သိမ်းလိုက်သည်(ငယ်၁၉)။ ဖိလိတ္တိတို့အား တိုက်ခိုက် အောင်မြင်ခြင်း အခွင့်ကို ဘုရားသခင်ပေးသနားတော်မူသည်ဟု ခံယူလိုက်သည်။ သို့ဖြင့် စစ်ဦးကာလတွင် ထွက်ပြေး တိမ်းရှောင် နေသော ဣသရေလစစ်သားများသည်လည်း  ပုန်းအောင်းတိုက်ခိုက် ကြသည်။ စစ်အောင်နိုင်သူဘက်တွင် ပါဝင်အောင်ပွဲခံချင်ကြသော်လည်း ယောနသန်သည် သဲတရှပ်ရှပ်ဆီတဝင်းဝင်း ဖြစ်နေသည်။

၁၄:၂၄၃၀ တိုက်ပွဲပြီးဆုံးသောအခါ စစ်တပ်တစ်တပ်လုံး ညနေစာမစား ဥပုသ်စောင့်ကြရန် ရှောလုအမိန့် ထုတ်ပြန်သည်။ အမိန့်ကိုလည်း ကျိန်စာတိုက်ထားသည်။ ရန်သူနှင့် ရင်ဆိုင်နေစဉ် အစာရှောင်ခြင်းသည် ကြီးလေးသော ဆင်းရဲဒုက္ခဖြစ်သည်။ ထိုကာလမျိုးတွင် ပျားရေတစ်စက် ရေတစ်မှုတ်သည် ကြီးမားသောခွန်အားဖြစ်စေသည်။ ယောနသန်ရောက်လာသောအခါ ဖခင်၏အမိန့်ကျိန်စာကို မသိသဖြင့် လှံဖျားဖြင့် ပျားရည်ခံ၍ စားသည်။ အမှန်စင်စစ် ထိုအမိန့်သည် ဣသရေလတို့၏ စစ်ရေးအောင်မြင်မှုကို အဟန့်အတားပြုသော မိုက်မဲမှု ဖြစ်သည်။

၁၄:၃၁၄၂ ရှောလု၏ စစ်မြေပြင်စည်းကမ်းသည် ယောနသန်ကို အကျဉ်းအကြပ်ရောက်စေသည်သာမက ဣသရေတစ်တပ်လုံးလည်း ဒုက္ခရောက်စေသည်။ တိုက်ပွဲပြီးဆုံးသည်နှင့်တပြိုင်နက် စစ်နိုင်သော ဣသရေလတပ်ဖွဲ့ဝင်များသည်တွေ့ရာ တိရစ္ဆာန်များကို ဘီလူးသဘက်စီးဝင်သည့်ပမာ ငတ်ငတ်ပြတ်ပြတ်ဖြင့် သတ်ဖြတ်စားသောက်ကြရသည်။ အူနုချေးခါး၊ အသွေးမရှောင်စားပစ်ကြသည် (အသွေးမလွန်ဘဲအသား မစားရန် ဝတ် ၁၇:၁၀-၁၄ နှင့်တရား ၁၂:၂၃-၂၅ တွင်ပြဌာန်းထားသည်)။ ထိုအကြောင်းအရာကို ရှောလုကြားသိသောအခါ အပြစ်တင်သည်။ ကျောက်ဆောင်ကြီးယူ၍ ထိုနေရာတွင် ယဇ်ပလ္လင်တည်လိုက်သည်။ ထိုနေ့ညတွင် ရှောလုသည် ဖိလိတ္တိလူတို့အား လိုက်စစ်ဆင်နွဲမည့်အကြောင်း ဘုရားသခင်ထံ ခွင့်တိုင်သည်။ သို့သော် အဖြေစကားမကြားရ။ သို့ကြောင့် တပ်စခန်းထဲတွင် အမိုက်အမှား ဒုစရိုက်တစ်ခုခုရှိကြောင်း ရိပ်မိသည်။ လူအပေါင်းအား ရှောလုက ခေါ်ယူစစ်ဆေးသည်။ အကယ်၍ ငါ့သားယောနသန်သည် အပြစ်ပြုလျှင်လည်း ခွင့်မလွှတ်ဟု ကြိမ်းဝါးသည်။

၁၄:၄၃၄၆ ယောနသန်က သူပျားရည်လျက်စားမိသည့်အကြောင်း ရှင်းပြသောအခါ ဖခင်ကသေဒဏ် အမိန့်ချသည်။ သို့သော်ပရိသတ်များက ယောနသန်ဘက်၌ ဘုရားသခင်ရှိသောကြောင့် တိုက်ပွဲအောင်မြင်ခဲ့သည့်အကြောင်း ထောက်ပြကြသည်။ ရှောလု၏ ကျိန်စာကို ဖောက်ပြန်မိသောကြောင့် စစ်မြေပြင်သူရဲကောင်းအား သတ်ဖြတ်လျှင် မည်သို့ရှိမည်နည်း။ သို့ဖြင့် ယောနသန်သည် အသက်ချမ်းသာရာရသည်။ ထိုသို့မလိုလားအပ်သော အမှုကိစ္စတွင် ကြန့်ကြာသောကြောင့် ဖိလိတ္တိသားများ ထွက်ပြေးလွတ်မြောက်ကုန်သည်။ သို့ဖြင့် ဒုတိယအကြိမ် အောင်ပွဲလက်လွှတ်ရသည်။

၁၄:၄၇၅၂ အပိုဒ်ငယ် ၄၇-၄၈သည် ရှောလု၏ စစ်ရေးအောင်ပွဲများပြန်နွေးခြင်းဖြစ်သည်။ နောက်သုံးပိုဒ်သည် ရှောလု၏ မိသားစုအရေးဖြစ်သည်။ နောက်ဆုံးကျမ်းပိုဒ်သည် ရှမွေလက ၁ရာ ၈:၁၁တွင် ပရောဖက်ပြုထားသည့် ဣသရေလသားတို့ စစ်ဘေးစစ်ဒဏ်သင့်ကြမည့်အကြောင်း ဖြစ်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။