ဓမ္မရာဇဝင်ပဌမစောင် - ၁၁

အမ္မုန်အမျိုးသားတို့ကိုနှိမ်နင်းခြင်း
1ထိုနောက်မှ အမ္မုန်အမျိုးသားနာဟတ်သည်လာ၍ ဂိလဒ်ပြည် ယာဗက်မြို့အနားမှာတပ်ချလျှင်၊ မြို့သားအပေါင်းတို့က အကျွန်ုပ်တို့နှင့် မိတ်သဟာယဖွဲ့တော်မူပါ။ ကိုယ်တော်ထံ၌ကျွန်ခံပါမည်ဟု နာဟတ်မင်းအား လျှောက်သော်လည်း၊ 2အမ္မုန်အမျိုးသား နာဟတ်က၊ သင်တို့၌ လက်ယာမျက်စိရှိသမျှကိုဖောက်၍ ဣသရေလအမျိုးတစ်မျိုးလုံး၌ ငါကဲ့ရဲ့ရသောအခွင့်ကို ပေးမှသာ မိတ်သဟာယဖွဲ့မည်ဟု ပြန်ပြောသော်၊ 3ယာဗက်မြို့သား အသက်ကြီးသူတို့က၊ အကျွန်ုပ်တို့သည် ဣသရေလပြည် တစ်လျှောက်လုံးသို့ တမန်တို့ကို စေလွှတ်ခြင်းငှာ ခုနစ်ရက်မျှ ငံ့လင့်ပါ။ ထိုအခါ ကယ်တင်သောသူ မပေါ်မရှိလျှင် မင်းကြီးထံသို့ ထွက်ပါမည်ဟု ဆိုကြ၏။ 4တမန်တို့သည် ရှောလုနေရာ ဂိဗာမြို့သို့လာ၍ လူများတို့အားသတင်းကြားပြောသော်၊ လူအပေါင်းတို့သည် အသံကိုလွှင့်၍ ငိုကြွေးကြ၏။ 5ရှောလုသည် နွားစုနောက်သို့လိုက်လျက် လယ်လုပ်ရာမှ ရောက်လာသောအခါ၊ လူတို့သည် အဘယ်ကြောင့် ငိုကြွေးကြသနည်းဟု မေးလျှင်၊ ယာဗက်မြို့သားတို့၏သတင်းကို ပြောကြ၏။ 6ထိုသတင်းကို ရှောလုကြားသောအခါ၊ ဘုရားသခင်၏ဝိညာဉ်တော်သက်ရောက်၍ ထိုသူသည် ပြင်းစွာအမျက်ထွက်လျက်၊ 7နွားတစ်ရှဉ်းကိုယူ၍ ခုတ်ဖြတ်ပြီးမှ၊ သံတမန်တို့လက်တွင် ဣသရေလပြည် တစ်လျှောက်လုံးသို့ ပေးလိုက်၍၊ ရှောလုနှင့် ရှမွေလနောက်သို့ ထွက်၍မလိုက်သောသူ၏နွားတို့ကို ဤကဲ့သို့ပြုမည်ဟုကြော်ငြာစေသဖြင့်၊ လူတို့သည် ထာဝရဘုရားကို ကြောက်၍ တညီတညွတ်တည်း ထွက်လာကြ၏။ 8ဗေဇက်မြို့၌ တပ်စာရင်းယူသောအခါ၊ ဣသရေလအမျိုးသား သုံးသိန်း၊ ယုဒအမျိုးသား သုံးသောင်းရှိကြ၏။ 9ဂိလဒ်ပြည် ယာဗက်မြို့မှလာသော တမန်တို့အား နက်ဖြန်နေ့ နေပူချိန်ရောက်သောအခါ ချမ်းသာရမည်အကြောင်းကို၊ မြို့သားတို့အား ကြားပြောလော့ဟု မှာလိုက်သည်အတိုင်း၊ တမန်တို့သည်သွား၍ သတင်းကြားပြောသဖြင့် ယာဗက်မြို့သားတို့သည် ဝမ်းမြောက်ကြ၏။ 10အကျွန်ုပ်တို့သည် နက်ဖြန်နေ့၌ ကိုယ်တော်ထံသို့ ထွက်ပါမည်။ ကိုယ်တော်အလိုရှိသမျှအတိုင်း ပြုတော်မူပါဟု နာဟတ်မင်းအားလျှောက်ကြ၏။
11နက်ဖြန်နေ့၌ ရှောလုသည် လူတို့ကိုသုံးတပ်ခွဲပြီးမှ၊ နံနက်ယံအချိန်၌ ရန်သူအလုံးအရင်းထဲသို့ဝင်၍ နေပူချိန်တိုင်အောင် အမ္မုန်အမျိုးသားတို့ကို လုပ်ကြံသဖြင့်၊ ကျန်ကြွင်းသောသူ တစ်ယောက်နှင့် တစ်ယောက်ပေါင်း၍ မနေရသည်တိုင်အောင် လူအပေါင်းတို့သည် ကွဲပြားလျက်ရှိကြ၏။ 12ဣသရေလလူတို့ကလည်း၊ ရှောလုသည် ငါတို့ကို အုပ်စိုးရမည်လောဟု ဆိုမိသောသူကား အဘယ်သူနည်း။ ထိုသို့ဆိုမိသောသူတို့ကိုခေါ်၍ သတ်ကြကုန်အံ့ဟု ရှမွေလအားဆိုကြသော်၊ 13ရှောလုက၊ လူတစ်ယောက်ကိုမျှ ယနေ့မသတ်ရ၊ ထာဝရဘုရားသည် ယနေ့ ဣသရေလအမျိုးကို ကယ်တင်တော်မူပြီဟု ဆို၏။ 14ရှမွေလကလည်း၊ ဂိလဂါလမြို့သို့သွား၍ နိုင်ငံတော်ကို ပြုပြင်ကြကုန်အံ့ဟု လူများတို့အားပြောဆိုသည်အတိုင်း၊ 15လူအပေါင်းတို့သည် ဂိလဂါလမြို့သို့သွား၍၊ ထိုမြို့၌ ထာဝရဘုရားရှေ့တော်မှာ ရှောလုကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။ ထိုမြို့၌လည်း၊ ထာဝရဘုရားရှေ့တော်မှာ မိတ်သဟာယယဇ်ကို ပူဇော်သဖြင့်၊ ရှောလုနှင့် ဣသရေလ အမျိုးသားအပေါင်းတို့သည် အလွန်ပျော်မွေ့ခြင်းကို ပြုကြ၏။

ဓမ္မရာဇဝင်ပဌမစောင် - ၁၁ (အနက်ဖွင့်)

၁၁: ယော်ဒန်မြစ်၏ အရှေ့ဘက်ကမ်းတွင် ဂဒ်လူမျိုးတို့၏ မြို့ပြ ဂိလဒ်ပြည်၊ယာဗက်မြို့ရှိသည်။ အရှေ့တောင်ဘက်ရှိ အမ္မုန်လူမျိုးက ထိုမြို့အား တိုက်ခိုက်ရန် ဝိုင်းရံလာကြသည်။ မြို့ခံလူများက အညံ့ခံ အရှံးပေးမည့်အကြောင်း အလံဖြူထောင်ကြသော်လည်း အမ္မုန်ဘုရင်နာဟတ်က ညာမျက်လုံးအားလုံး ဖောက်ထုတ်ကြမှ စစ်ပြေငြိမ်းနိုင်မည်ဟု အထက်လေသံဖြင့် ဆိုသည်။ ဂဒ်လူမျိုးများကလည်း ဣသရေလလူမျိုးများသို့ အကြောင်းကြားခွင့်()ရက်ပေးရန်နှင့် စစ်ကူမလာပါက မိမိ မျက်လုံး ဖောက်ကြပါမည်ဟု ဝန်ခံကြသည်။ ထိုသို့ဖြင့် ဣသရေလအမျိုးအနွယ်များသို့ ခြေမြန်တော်များ စေလွှတ်၍ သတင်းစကားကြားပြောခိုင်းသည်။ ဣသရေလရှင်ဘုရင် အသစ်စက်စက် ရှောလုကြားသိသောအခါ အလွန်အမင်း အမျက်ဒေါသထွက်သည်။

၁၁:၁၁ ရှောလုသည် နွားနှစ်ကောင်ယူ၍ နုပ်နုပ်စင်းပစ်သည်။  ရှောလု၊ ရှမွေလနှင့် အတူ စစ်တိုက်ဖို့ မလိုက်ရဲသူရှိလျှင် အမဲသားကဲ့သို့ စင်းကောခံရမည်ဟု ကြိမ်းမောင်းပြီး လူစုလိုက်ရာ ဣသရေလနှင့် ယုဒလူမျိုးပေါင်း သုံးသိန်းသုံးသောင်း ထွက်လာသည်။ နောက်တစ်နေ့ ဝေလီဝေလင်းတွင် ရှောလုစစ်တပ်ကြီးသည် အမ္မုန်အမျိုးအား ချေမှုန်းရန် ယာဗက်မြို့သို့ စစ်ချီသည်။

၁၁:၁၂၁၅ အမ္မုန်ရန်သူများကို နှိမ်နင်းအောင်မြင်သဖြင့် ဣသရေလပြည်သူအပေါင်းသည် ရှောလုအား ဂုဏ်ပြုကြသည်။ ရှောလုဘက်တော်သားများက ရှောလုဘုရင်မထိုက်တန်ဟု ပြောဆိုခဲ့ဖူးသူများကို နှိပ်ကွပ်ဖို့ လက်သီးလက်မောင်းတန်းကြသည်။ သို့သော်လည်း ရန်သူ့အပေါ် အောင်ပွဲဆင်နွှဲနိုင်ခဲ့ပြီဖြစ်၍ လုံလောက်ပါပြီ။ အချင်းချင်း သတ်ဖြတ်ခြင်းမပြုဖို့ ရှောလုက တားမြစ်သည်။ သို့ဖြင့် ရှောလုတို့အဖွဲ့သည် ဂိလဂါလသို့ ချီတက်၍ ရှောလုအား ဂုဏ်ပြုဘိသိက်ပေးကြပြန်သည်။ ဂိလဂါလတွင် ထိုသို့အောင်ပွဲခံခြင်းသည် ခွန်အားသစ်ထပ်ဖြည့်ခြင်း ဖြစ်သည်(ယောရှု ၅:၉)။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။