ဓမ္မရာဇဝင်တတိယစောင် - ၈
ဓမ္မရာဇဝင်တတိယစောင် - ၈ (အနက်ဖွင့်)
(စ) ဗိမာန်တော် အနုမောဒနာခေါ်ခြင်း (အခန်း ၈)
၈:၁–၅ ဗိမာန်တော်ဆောက်လုပ်ခြင်း လက်စသပ်လေပြီ။ ယေရုရှင်လင်မြို့တော်ရှိ ဒါဝိဒ်မြို့ ဟု လူသိများသော ဇိအုန်တောင် မှ ပဋိညာဉ်သေတ္တာတော် ကို မောရိတောင် ဗိမာန်တော်သို့ ပင့်ဆောင်လာဖို့ဖြစ်သည်။ ဗိမာန်တော်ပြီး၍ တစ်နှစ်ကြာမှ ပင့်ဆောင်ဖြစ်သည်။ (ငယ်၊ ၂ နှင့် ၃ရာ ၆:၃၇၊၃၈ ကို ယှဉ်ဖတ်)။
ဣသရေလတမျိုးသားလုံးနှင့် ဆိုင်သော တဲတော်ပွဲမတိုင်မီ ပဋိညာဉ်သေတ္တာ၊ ယဇ်ပလ္လင်နှင့် စင်ကြယ်သောတဲတော် အသုံးအဆောင်များကို ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးများ က သယ်ဆောင်လာကြသည်။ သိုးနှင့် နွားများစွာ မီးရှို့ပူဇော် ကြသည်။
၈:၆–၉ ပဋိညာဉ်သေတ္တာကို အသန့်ရှင်းဆုံးဌာနဟုခေါ်သော ဗျာဒိတ်ဌာနတော်သို့ ပင့်ဆောင်ကြသည်။ ပဋိညာဉ်သေတ္တာကို ထမ်းရသော ထမ်းပိုးအဖျားကို (သန့်ရှင်းသောဌာန) အပြင်ခန်းမှ လှမ်းမြင်နိုင်သော်လည်း အပြင်ဘက်မှမူ မမြင်နိုင်။ ထိုထမ်းပိုးများ ကို ပဋိညာဉ်သေတ္တာမှပြန်လည် နုတ်ယူသိမ်းဆည်းခြင်းမပြု (KJV ငယ် ၈)သည့် အကြောင်းရင်းကို နားမလည်နိုင်ပါ။ ထိုသေတ္တာတော်ထဲ၌ ပညတ်တော်ဆယ်ပါး ရေးထွင်းထားသော ကျောက်ပြားနှစ်ချပ် မှ လွဲ၍ အခြားပစ္စည်းမရှိဟုဆိုသည်။ မန္နမုန့်အိုး၊ အာရုန်၏ အပွင့်ပွင့်သော လှံတံ (ဟေဗြဲ ၉:၄) နှင့် ပတ်သက်၍ အကျိုးအကြောင်း မပြောပြပါ။
၈:၁၀–၁၁ ခရစ်တော်ကို ပုံဆောင်သော ပဋိညာဉ်သေတ္တာတော်နေသားတကျ ထားရှိပြီးသောအခါ ဘုန်းတန်ခိုးတော် သည် မိုးတိမ် အဖြစ် ဗိမာန်တော်ပေါ်၌ အုပ်မိုးလျက် စံပယ်တော်မူသည်။ ဘုရားသခင် ကိန်းစံပယ်တော်မူသောကြောင့် ယဇ်ပုရောဟိတ်များ ရပ်တည်ရာမရ၊ နေရာဖယ်ပေးရသည်။
၈:၁၂–၁၃ ဗိမာန်တော်လုပ်ငန်း အလုံးစုံ ပြီးမြောက်သောအခါ ရှောလမုန်ဘုရင်က ဘုရားသခင်ထံတော် သို့ တိုင်တည်လျှောက်တင်သည်။ ဘုရားသခင်က သူသည် ထူထပ်သည့် မှောင်မိုက်ထဲမှာနေရသည်ဟု ဆိုဖူးရာ ယခု ရှောလမုန်က အမြင့်ဆုံးသော ဗိမာန်တော် တည်ဆောက်ဆက်ကပ်လေပြီ။ ဘုရားဘုန်းတော်သာ ကိန်းဝပ်ထိုက်သော မြင့်မြတ်သည့် ဌာနတော် ဖြစ်သည်။
Matthew Henry က ဝိညာဉ်ရေးရာရှုထောင့် ဖြင့် ဤသို့မှတ်ချက်ပြုသည်။
ယခုအခါ ဘုရားသခင်သည် ရှောလမုန်မင်း၏ ဆုတောင်းသံကို နားဆင်ရန် အသင့်ဖြစ်ပြီ။ ဘုရားသခင်ကိန်းဝပ်မည့် အိမ်တော်အဖြစ်သာမက လူမျိုးတော်၏ ဝတ်ပြုဆုတောင်းရာ ပူဇော်သက္ကာ ဆက်သရာဌာနလည်း ဖြစ်စေသည်။ သို့သော် ဘုရားဘုန်းတော်သည် ထူထဲ(မှောင်မိုက်)သော မိုးတိမ်ထဲ၌ ထင်ရှားခြင်းမှာ ပုံဆောင်ချက်များရှိသည်။ (၁) မှောင်မိုက်ခေတ် ကာလကို ဧဝံဂေလိတရားအလင်းနှင့် နှိုင်းယှဉ်ခြင်းဖြင့် မျက်နှာဖုံးကို ချွက်၍ ကြေးမုံမှန်ပြင်ရှေ့တွင် မိမိကိုယ်ကို ရှင်းလင်းစွာ မြင်ရသည့်အလား၊ ဘုရားဘုန်းထင်ရှားမှုကို ဖော်ပြသည်။ (၂) အမှောင်ဖုံးသောယနေ့ မျက်မှောက်လောက အခြေအနေကို ဘုရားရှင်၏ ရူပါရုံနှိုင်းယှဉ်ဖော်ပြသည်။ ဘုရားသခင်ရူပါရုံသည် ကောင်းကင်နိုင်ငံ၏ ပျော်ရွှင်ရာ၊ ဘုန်းတော်အလုံးစုံ ဖွင့်လှစ်ရာဖြစ်သည်။ ယခုကာလတွင် ကျွန်ုပ်တို့သည် ကိုယ်တော့်ကိုမမြင်၊ မသိ၊ မရှိ ပြောသော်လည်း ထိုရံရောအခါ ကိုယ်တော်သည် သူဖြစ်သည့်အတိုင်း၊ သူရှိသည့်အတိုင်း၊ သူ့ကိုမြင်ရမည် ဖြစ်သည်။၄
၈:၁၄–၂၁ ထိုနောက် ရှင်ဘုရင်သည် တိုင်းသူပြည်သားတို့အား ကောင်းချီးပေးသည်။ အဘ ဒါဝိဒ်ထံပေးထားသော ဗိမာန်တော်တည်ဆောက်ခြင်း နှင့်၊ ပဋိညာဉ်သေတ္တာ နေသားတကျရှိစေရမည့် ကတိတော်များ သည် ပြီးပြည့်စုံလေပြီ။
၈:၂၂–၂၆ သာဓုအနုမောဒနာခေါ်ဆိုပုံကို အငယ် ၂၂-၂၃ တွင် မှတ်တမ်းတင်ထားသည်။ ဒါဝိဒ်သို့ ပြု့ထားသည့် ဗိမာန်တော် ဆောက်လုပ်ခြင်းကတိတော် ပြီးပြည့်စုံသောအခါ ဒါဝိဒ်မင်း၏ ပလ္လင်တော်သည် သားစဉ်မြေးဆက်တည်မည် ဟူသော အခြားကတိတော်ကိုလည်း ထပ်မံအတည်ပြုပေးသည်။
၈:၂၇–၃၀ ဤကမ္ဘာမြေပေါ်၌ ကြီးမြတ်သော ဘုရားသခင် ကိန်းဝပ်တော်မူဖို့ ပြည့်စုံလုံလောက်သည့် ဌာနတော် မရှိကြောင်း သိရှိသော်လည်း ရှောလမုန်မင်း တည်ဆောက်သော ဤဗိမာန်တော်ကို ဘုရားသခင် အသိအမှတ်ပြုပေးရန် တောင်းလျှောက်သည်။ ဤဗိမာန်တော် အားဖြင့် ရှောလမုန်မင်းနှင့်တကွ ဣသရေလပြည်သူတို့၏ ဆုတောင်းသမျှကို နားထောင်လျှက် အပြစ်ခွင့်လွှတ်ရန် တောင်းဆိုသည်။
၈:၃၁–၅၃ ဘုရားသခင် နားညောင်းတော်မူရန် လျှောက်သော ရှောလမုန်ဘုရင်၏ ဆုတောင်းချက်များကို ကြည့်ကြပါစို့။
၁။ သက်သေအထောက်အထား မရှိသောအမှုအခင်းများတွင် ဘုရားသခင်ကို တိုင်တည်၍ ကျမ်းကျိန်ထွက်ဆိုသည့် အခါဖြောင့်မှန်သူနှင့် မရိုးဖြောင့်သူ ခွဲခြားစီရင်ပေးပါမည့် အကြောင်း(ငယ် ၃၁၊၃၂)။
၂။ မိမိတို့အပြစ်ဒုစရိုက်ကြောင့် ဣသရေလတို့ စစ်ရှုံးသောအခါ နောင်တနှင့် ဤအိမ်တော်သို့ ပြန်လာ၍ အပြစ်ဝန်ချလျှင် ဘုရားရှင် နားညောင်း၍ ခွင့်လွတ်တော်မူရန်နှင့် ဣသရေလတို့အား ကတိတော်မြေသို့ ပြန်၍ စုစည်းခေါ်ဆောင် ပါမည့်အကြောင်း (ငယ် ၃၃၊၃၄)။
၃။ ဣသရေလတို့ ဒုစရိုက်အကျင့်ကြောင့် မိုးခေါင်၍ အငတ်ဘေးကြုံတွေ့သောအခါ ဤဌာနတော်၌ မိမိတို့အပြစ်ကို နောင်တရတောင်းပန်လျှင် မိုးပြန်လည်ရွာသွန်းစေပါမည့် အကြောင်း(ငယ် ၃၅၊၃၆)။
၄။ အစာငတ်မွတ်ခေါင်းပါးခြင်း၊ သီးနှံပျက်စီးခြင်း၊ ပိုးမွှားကျခြင်း၊ ကာလနာကပ်သင့်ခြင်း၊ စစ်ဘေး ကျရောက်ခြင်း စသည့်ကာလများ၌ ဤအိမ်တော်သို့ ဦးတိုက်၍ ဆုဆောင်းကြသောအခါ ကပ်ဘေးအသီးသီးမှ ကယ်လွတ်သောအခွင့်ကို ပေးသနားပါမည့်အကြောင်း (ငယ် ၃၇၊၄၀)။
၅။ တပါးအမျိုးသားများသည် အသက်တာပြောင်းလဲပြီး ဤအိမ်တော်ကို အမှီပြု၍ ဘုရားသခင်၏ နာမတော်ကို ချီးမွမ်းဆုတောင်းလျှင် ထိုသူတို့၏ ဆုတောင်းချက်ကိုလည်း နားထောင်ပေးတော်မူပါမည့်အကြောင်း (ငယ် ၄၁-၄၃)။
၆။ ဘုရားသခင်၏ နာမတော်ကို တိုင်တည်၍ တိုက်ပွဲဝင်သောအခါ အောင်နိုင်ခြင်းအခွင့်ကို ပေးတော်မူပါမည့် အကြောင်း (ငယ် ၄၄-၄၅)။
၇။ ဣသရေလလူများ၏ ပြစ်မှားမှုကြောင့် ဖမ်းဆီးခေါ်ဆောင်သွားခံကြရမည့် နိမိတ်စကားဖြစ်။ တိုင်းတပါးလက်အောက်တွင် ကျွန်ခံရသောအခါ ဣသရေလတို့အပြစ် နောင်တရ၍ ဝန်ခံဆုတောင်းကြလျှင် အဲဂုတ္တုပြည်မှ ခေါ်ထုတ်တော်မူခဲ့သော သူများအပေါ် ကရုဏာတော် ထင်ရှားပြသတော်မူပါမည့်အကြောင်း … စသည့် အချက်များကို ဆုတောင်းသည်။ ဤပရောဖက်ပြုချက်နှင့် ဆုတောင်းချက်မှာ ဗာဗုလုန်သို့ ဖမ်းဆီးခေါ်ဆောင် သွားခံရ၍ ကုပရုမင်းလက်ထက်တွင် ပြည်တော်သို့ ပြန်ဝင်ခွင့် ရရှိခြင်းဖြင့် ပြီးပြည့်စုံခဲ့သည် (ငယ် ၄၆-၅၃)။
၈:၅၄–၆၁ ရှောလမုန်မင်းသည် ဘုရားသခင်ထံ ဆုတောင်းပြီးသောအခါ ထာဝရဘုရား၏ ယဇ်ပလ္လင်ရှေ့မှာ ဒူးထောက်၍ လူပရိသတ်ကြီးအား အသံကျယ်စွာ ဟစ်အော်ကောင်းချီးပေးသည်။ ဣသရေလလူတို့သည် ဘုရားသခင် အတူတကွရှိနေခြင်းဖြင့် ကမ္ဘာဆုံးတိုင် ဘုရားသခင်၏သက်သေခံလူမျိုးတော် ဖြစ်ရမည်။
ရှောလမုန်ဆုတောင်းချက်နှင့် ကောင်းချီးပေးခြင်း၌ ဝိညာဉ်တန်ခိုးအပြည့်ပါသည်။ (၁) ဘုရားသခင်ကို အကြွင်းမဲ့ ယုံကြည်ကိုးစားသည်။ (အငယ် ၅၆)တ တွင်ပါရှိသည့် “ကတိတော်ရှိသမျှ” ဟူသော စကားသည် မှတ်သားဖွယ်ဖြစ်၏။ (၂) “ငါတို့ဘိုးဘေးများနှင့်အတူ ရှိတော်မူသည့်နည်းတူ” (ငယ် ၅၇) ဟူသော စကားရပ်သည် ဘုရား၏ မပြောင်းလဲသော နိစ္စထာဝရ တည်မြဲမှု (ဟေဗြဲ ၁၃:၈ လည်းရှု)ကို ထင်ရှားစေသည်။ အတိတ်ကာလက ဘိုးဘေးများနှင့် အတူရှိသကဲ့သို့ နောင်ကာလတွင်လည်း လမ်းပြဦးမည် (ယောရှု ၁:၅ ယှဉ်)။ (၃) လူသည် ဘုရားသခင်၏ လမ်းညွှန်မှုကို အစဉ်လိုအပ်သည် (ငယ် ၅၈)။ ထိုအချက်ကို ပရောဖက် ယေရမိက ရှင်းပြခဲ့သည် (ယေ ၁၀:၂၃။ ၁၇:၉ နှင့် ယှဉ်ဖတ်)။ ဘုရားသခင်က လူအား ရွေးချယ်ပိုင်ခွင့် ပေးထားသော်လည်း လမ်းညွှန်မှု အထူးလိုအပ်ပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုလိုသည် (ယော၊၁၆:၈–၁၁)ကိုဖတ်။ (၄) နေ့စဉ်အသက်တာတွင် ဘုရားသခင်၏ ကူညီမစမှုလိုသည်(ငယ် ၅၉)။ သားသမီးတို့ ဆုတောင်းသံများကို မကြားရလောက်အောင် ဘုရားသခင်သည် ငိုက်မြည်းမနေပါ (ဆာ ၁၂၁:၄)။ (၅) ဘုရားသခင်မှ သူ့သားသမီးများအား ဂရုစိုက်စောင့်ရှောက်ခြင်းသည် သူတို့ပျော်ရွှင်ဖို့ သက်သက်မျှ မဟုတ်ပါ။ ဘုရားသခင်အား သိကျွမ်းစေဖို့ လည်း ဖြစ်သည် (ငယ် ၆၀)။ (၆) ဤအချက်များကို ထောက်၍ ယုံကြည်သူများသည် အကြွင်းမဲ့နာခံ၍ သစ္စာရှိသင့်သည် (ငယ် ၆၁)။ (Daily Notes of the Scripture Union)။
ဤဆုတောင်းချက်များကို ၆ရာ၊၆ ၌လည်းတွေ့ရသည်။ ကွာခြားချက်မှာ ၆ရာ၌ ဆုတောင်းချက်ကို တောင်းဆိုချက် (၃)ခုဖြင့် အဆုံးသတ်ထားသည် (၆ရာ၊၆:၄၀-၄၂)။ ၃ရာ တွင် ဖော်ပြသောလူပရိသတ်ကြီးသို့ ကောင်းချီးပေးခြင်း (ငယ်၊ ၅၄-၆၁) မပါရှိပါ။
၈:၆၂–၆၅ ရှောလမုန်ဘုရင်နှင့် တိုင်းသူပြည်သားများသည် နွားနှစ်သောင်း၊ သိုးတစ်သိန်းနှစ်သောင်းကို မိတ်သဟာယ ယဇ်ပူဇော်၍ ခြိမ့်ခြိမ့်သဲ ပွဲတော်ခံကြသည် (ငယ်၊ ၆၅)။ ဆောက်လုပ်ထားသော ကြေးဝါယဇ်ပလ္လင်နှင့် မလုံလောက် သဖြင့် မီးရှို့ရာ ယဇ်ပလ္လင်အသစ် အား အိမ်တော်တန်းဝင်းထဲ၌ ထပ်ဆောက်ရသည်။ ထိုပူဇော်သက္ကာပွဲသည် ဝတ်ပြုကိုးကွယ်ခြင်း၊ ပူဇော်ခြင်းနှင့် ကျေးဇူးတော် ချီးမွမ်းခြင်းဖြစ်သည်။ အကောင်ထောင်ကျော် ပူဇော်ကြသော်လည်း အပြစ်ဖြေ ပူဇော်သက္ကာနှင့် ဒုစရိုက်ဖြေ ပူဇော်ခြင်းမပါရှိပါ။
တချိန်တည်းတွင် ရပ်ဝေးနယ်ခြား ဟာမတ်မြို့မှစ၍ အဲဂုတ္တုမြစ်တိုင်အောင် အနှံ့အပြား ကွဲလွင့်နေသော ဣသရေလလူများနှင့်အတူ တဲတော်ပွဲလည်း ကျင်းပကြသည်။
၈:၆၆ ၇-ရက်လုံးလုံး ပွဲခံကြပြီး ရှစ်ရက်မြောက်သောနေ့၌ ဘုရင်ကြီး၏ ကောင်းချီးပေးခြင်းဖြင့် ပွဲသဘင်ပြီး ဆုံးသွာသည်။ ပွဲလာဧည့်ပရိသတ်များလည်း ပျော်ရွှင်ကျေနပ်စွာ အိမ်ပြန်ကြသည်။ ဤအပိုဒ်ငယ် (၆၆)တွင် ရှစ်ရက်မြောက် နေ့၌ အိမ်ပြန်ကြသည်ဟုဆို၍ ၆ရာ ၇:၉ တွင် ရှစ်ရက်လုံးလုံး ပွဲတော် ကျင်းပကြသည်ဟု ဆိုသည်။ ထိုအကြောင်းကို John Haley က ဤသို့ ဆက်စပ်ညှိယူသည်။
တဲတော်ပွဲကို လ၏(၁၅)ရက်မှ (၂၂)ရက်နေ့ထိ ကျင်းပရသည်။ ရှစ်ရက်မြောက်နေ့၌ ဘိသိက်ပေး၍ အခမ်းအနားကို အဆုံးသတ်သည် (ဝတ်၊၂၃:၃၃-၃၉)။ ပွဲပြီးလျှင် ပရိသတ်များကို စေလွှတ်ရသည်။ ထိုကြောင့် နောက်တနေ့ (၂၃)ရက်နေ့ နံနက်စောစောတွင် အိမ်ပြန်ကြရသည် (၆ရာ ၇:၁၀)။၅
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။