ရုသ၀တ္ထု - ၃

ရုသနှင့်ဗောဇ
1တစ်ဖန် ယောက္ခမနောမိက၊ ငါ့သမီး၊ သင့်ကိုချမ်းသာစေခြင်းငှာ ငြိမ်ဝပ်ရာအရပ်ကို သင့်အဖို့ ငါမရှာရသလော။ 2သင်ပေါင်းဖော်သော ကျွန်မတို့၏သခင် ဗောဇသည် ငါတို့ပေါက်ဖော်ဖြစ်သည် မဟုတ်လော။ ယနေ့ညမှာ ကောက်နယ်တလင်း၌ မုယောစပါးကို လှေ့လျက်နေ၏။ 3သင်သည် ရေချိုးခြင်း၊ ဆီလိမ်းခြင်း၊ အဝတ်တန်ဆာဆင်ခြင်းကို ပြုပြီးလျှင် ကောက်နယ်တလင်းသို့ သွားတော့။ သူသည် စားသောက်ခြင်းအမှုကိုမပြီးမီ ကိုယ်ကိုမပြနှင့်။ 4သူအိပ်သောအခါ၊ အိပ်ရာအရပ်ကိုမှတ်ပြီးမှ ဝင်၍ သူ့ခြေ၌ဖုံးသော အဝတ်ကိုဖွင့်ပြီးလျှင် အိပ်တော့။ သင်သည် အဘယ်သို့ပြုရမည်ကို သူပြောလိမ့်မည်ဟုဆိုသော်၊ 5ရုသက၊ မိခင်မှာထားသမျှတို့ကို ပြုပါမည်ဟု ဝန်ခံလျက်၊ 6ကောက်နယ်တလင်းသို့ သွား၍ ယောက္ခမမှာထားသမျှအတိုင်း ပြုလေ၏။ 7ဗောဇသည်စားသောက်၍ ရွှင်လန်းလျက်၊ စပါးပုံအနားသို့သွား၍ အိပ်သောအခါ၊ ရုသသည် တိတ်ဆိတ်စွာချဉ်းကပ်၍ သူ့ခြေ၌ဖုံးသောအဝတ်ကို ဖွင့်ပြီးလျှင် အိပ်လေ၏။ 8သန်းခေါင်အချိန်၌ ယောက်ျားသည်လန့်၍ လှည့်သဖြင့်၊ မိန်းမသည် ခြေရင်း၌ရှိသည်ကို သိလျက်၊ 9သင်သည် အဘယ်သူနည်းဟုမေးလျှင်၊ ကျွန်မသည် ကိုယ်တော်၏ ကျွန်မရုသဖြစ်ပါ၏။ ကိုယ်တော်သည် ရွေးပိုင်သောအမျိုးသားချင်းဖြစ်သောကြောင့်၊ ကိုယ်တော်၏ကျွန်မကို အဝတ်တော်စွန်းနှင့် ဖုံးပါတော့ဟု ဆိုသော်၊ 10သူက၊ ငါ့သမီး၊ ထာဝရဘုရား ကောင်းချီးပေးတော်မူပါစေသော။ သင်သည် ငွေရတတ်သောလူပျို၊ ဆင်းရဲသောလူပျို တစ်စုံတစ်ယောက်ကို မမှီဝဲဘဲနေ၍၊ အရင်ပြုသောကျေးဇူးထက် နောက်ပြုသောကျေးဇူးသာ၍ကြီး၏။ 11မစိုးရိမ်နှင့် ငါ့သမီး။ တောင်းသမျှကို ငါပြုမည်။ သင်သည် သီလနှင့်ပြည့်စုံသောမိန်းမ ဖြစ်ကြောင်းကို ငါ့လူမျိုးနေသော တစ်မြို့လုံးသိ၏။ 12ငါသည်ရွေးပိုင်သော အမျိုးသားချင်း မှန်ပေ၏။ သို့သော်လည်း ငါ့ထက်သာ၍ ရွေးပိုင်သော အမျိုးသားချင်းတစ်ယောက် ရှိသေး၏။ 13ယနေ့ညမှာ နေဦးတော့၊ ထိုသူသည် ရွေးပိုင်သောအမျိုးသားချင်း ဝတ်ကိုပြုလိုလျှင် ပြုပါလေစေ။ ကောင်း၏။ မပြုလျှင် ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း ငါပြုမည်။ နံနက်တိုင်အောင် အိပ်ဦးတော့ ဟုဆို၏။
14ရုသသည် နံနက်တိုင်အောင် သူ့ခြေရင်းနားမှာအိပ်ပြီးမှ၊ တစ်ယောက်ကိုတစ်ယောက် သိနိုင်သောအချိန်မရောက်မီ ထလေ၏။ ယောက်ျားကလည်း၊ မိန်းမသည် ဤကောက်နယ်တလင်းသို့ လာသည်ကို အဘယ်သူမျှမသိစေနှင့်ဟု ဆို၏။ 15တစ်ဖန် သင်၌ပါသော တင်းတိမ်ကိုယူခဲ့၍ ဖြန့်ခင်းတော့ဟု ဆိုသည်အတိုင်း၊ ရုသဖြန့်လျက် မုယောစပါးခြောက်ဩမဲကို ခြင်၍ သူ့အပေါ်မှာတင်သဖြင့်၊ သူသည် မြို့ထဲသို့သွားလေ၏။ 16ယောက္ခမထံသို့ ရောက်သောအခါ၊ ယောက္ခမက အဘယ်သို့နည်းဟု မေးလျှင်၊ မိမိ၌ထိုသူပြုသမျှကိုလည်းကောင်း၊ 17သူက၊ သင်သည် ယောက္ခမထံသို့ လက်ချည်းမသွားနှင့်ဟု ဆိုလျက် မုယောစပါး ခြောက်ဩမဲပေးကြောင်းကိုလည်းကောင်း ကြားပြောလေ၏။ 18ယောက္ခမကလည်း၊ ငါ့သမီး၊ ဤအမှုသည် အဘယ်သို့ပြီးလိမ့်မည်ကို မသိမီတိုင်အောင် ထိုင်နေတော့။ ယောက်ျားသည် ယနေ့ ဤအမှုကိုမပြီးစီးမီ ငြိမ်ဝပ်စွာမနေဟု ပြောဆို၏။

ရုသ၀တ္ထု - ၃ (အနက်ဖွင့်)

၄။ ရုသက ဆွေမျိုးများရွေးနှုတ်ခြင်း (အခန်း )

          : နောမိက ရုသအား ဘဝအိုးအိမ် လုံခြုံစေချင်သည်။ အိမ်ထောင်ချချင်သည်။ သို့ဖြင့် ဗောဇစပါးလှေ့သည့်ညဉ့်တွင် ခြေရင်း၌ သွားအိပ်ခိုင်းသည်။

            ရုသအဖို့ ယုဒထုံးစံသည် ထူးဆန်းပေမည်။ ထို့ကြောင့် ယုဒရိုးရာထုံးတမ်းစဉ်လာ၊ အမွေဆက်ခံပုံ၊ မုဆိုးမများ နောက်အိမ်ထောင်ပြုခြင်းထုံးစံများကို အသေးစိတ်ပြောပြရသည် (Daily Notes of the scripture Union)

: ဗောဇသည် တစ်နေကုန်တစ်နေခန်း အလုပ်လုပ်ပြီးနောက် စားသောက်ပြီးသောအခါ အိပ်ယာဝင်သည်။ သူ့စောင်ဖျားအောက်တွင် ရုသခွေခွေကလေး အိပ်နေသည်။ ယနေ့ခေတ်ကာလတွင် ထိုအပြုအမူမျိုး မရှိသော်လည်း သူ့ခေတ်သူ့အခါ သူ့ဒေသနှင့်သူ ရှိခဲ့သည် (ယေဇ ၁၆:၈ ကိုလည်းကြည့်)။ မကောင်းသည့်အကျင့်၊ ညစ်ညမ်းသောအပြုအမူမဟုတ်။

:၁၁ တရေးနိုး၍ လူးလွန့်သောအခါ ဗောဇသည် သူ့ခြေရင်းတွင် ရုသခွေအိပ်နေကြောင်း တွေ့သည်။ ဆူပူကြိမ်းမောင်းခြင်း မပြုသည့်အပြင် သူ့ဆွေမျိုးများအား စီစစ်ကောင်းချီးပေးလိုက်သည်။ ၁၂:၁၂ ပါ အတောင်တော်များဟူသော ဗဟုဝုစ်စကားလုံးကို ယခုကျမ်းပိုဒ်တွင် အတောင်တော် ဧကဝုစ်အဖြစ် သုံးသော်လည်း အဓိပ္ပါယ်အတူတူဖြစ်သည်။ ဗောဇက ရုသအား ယေဟောဝါဘုရားကို ခိုလှုံလော့ ဟု ကောင်းချီးပေးလိုက်သည်။ မိမိအား လာရောက်ခိုလှုံသူကို အဘယ်သို့ ရက်စက်စိမ်းကားရက်မည်နည်း။ ထို့အပြင် ထိုအမျိုးသမီးသည် သီလနှင့်ပြည့်စုံသော မိန်းမ၊ အဖိုးတန်ရတနာ (သု ၃၁:၁၀) မဟုတ်ပါလား။ သူမ၏ ကိုယ်ကျင့်သစ္စာကို လေးစားသည်။ ပထမဦးစားပေးထိုက်သူ ရှိကြောင်းကိုလည်း ရုသက ပြောပြသည်။

မောရှေတရားအရ လူတစ်ဦးသည် သားသမီးမရဘဲ ကွယ်လွန်သွားလျှင် ထားပစ်ခဲ့သော မုဆိုးမအား အနီးစပ်ဆုံးဆွေမျိုးသားချင်းက သိမ်းပိုက်ရသည်။ (တရား ၂၅:၅-၁၀)။ သို့ဖြင့် ဆွေမျိုးနာမည်၊ မိသားစုပိုင်မြေယာများကို ဆက်ထိန်းရသည်။ မုဆိုးမသည် သားယောက်ျား မရှိခဲ့လျှင် နောက်ယောက်ျားဖြင့် ရသောသားက ဖခင်၏အမည် ဂုဏ်ဒြပ်ကို ဆက်ထိန်းရသည်။

ရုသ၌ သားသမီးမရှိ။ ဗောဇက ဧလိမလက်၏အမျိုး၊ မစွမ်းရင်းကလည်းရှိ ကန်စွန်းခင်းကလည်း ငြိနေပြီ။ သို့သော် ရိုးရာဓမ္မသတ်ကျော်၍ မဖြစ်။

:၁၂၁၃ ဗောဇထက် လက်ထပ်သိမ်းပိုက်ခွင့်ရှိသူတစ်ဦးရှိသေးသည်။ ထိုသူ၏ခွင့်ပြုချက်ယူရမည်။ ထိုသူက ရုသအား မသိမ်းပိုက်ချင်မှ သာလျှင်ဗောဇက သိမ်းပိုက်ပိုင်ခွင့်ရှိသည်။ နံနက်ကျမှ ထိုကိစ္စ ကိုင်တွယ်ဖြေရှင်းမည်။

:၁၄၁၅ နံနက်မိုးသောက်ခါနီးထိ ဗောဇခြေရင်းတွင် ရုသအိပ်သည်။ မိုးလင်သော် ဗောဇက စပါး()ပြည်ပေးလိုက်သည်။ ရုသကို ခင်တွယ်ကြောင်း ချစ်သက်သေဖြစ်သည်။ ထိုအကြောင်းကို နောမိထံသို့ အပြေးသွားပြောပြသည်။ ရုသသည် ရိုးသားဖြူစင်သောကြောင်း ဗောဇက နှစ်သက်သဘောကျသည်။ မနောဘဝင်ခွေ့သည်။ ယနေ့လူသားများသည်လည်း အပြစ်ဗရပွ ရွတ်တွနေသည့် အကြားကပင် ဘုရားသခင်က အပြစ်များကို မမြင်ဘဲ၊ မေတ္တာစောင်လွှာခြုံပေးသည်။ သူ၏သတို့သမီးအဖြစ် တစ်နေ့ လာရောက်သိမ်းပိုက်မည်ဟု ချစ်သစ္စာဆိုခဲ့သည်။ ကယ်တင်ခြင်းအမှုပြီးပြီ။ စေ့စပ်ကြောင်းလမ်းခြင်း ပြည့်စုံပြီ။ သတို့သား လာရောက် ခေါ်ယူမည့်အချိန်ကိုသာ လည်ဆန့်မျှော်နေရသည်။

အကြောင်းစုံသိသောအခါ နောမိက ရုသအား ထိုင်နေလော့၊ စောင့်မျှော်လော့ဟု အားပေးသည်။

            ယုံကြည်ခြင်းဖြင့် စောင့်မျှော်ခြင်းသည် ပင်ပန်းကြောင်း မကြာခဏကြုံတွေ့ကြရပါသည်။ ဘာမှ မလုပ်လျှင် ဘာမှမဖြစ်။ သို့သော်ဘုရားသခင်သည် အစီအစဉ်ရှိတော်မူသည့်အတိုင်း အချိန်ကျလုပ်ဆောင်လေ့ ရှိသောကြောင့် စိတ်ရှည်စွာ သည်းခံစောင့်မျှော်ရသည်။ ထိုသို့စောင့်မျှော်သည့်အချိန်မျိုးတွင် ယုံမှားသံသယစိတ် ပေါ်တတ်သည် (Daily Notes of the Scripture Union)

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။