ရုသ၀တ္ထု - ၂

ရုသစပါးကျန်ကောက်ခြင်း
1နောမိ၏လင် ဧလိမလက်၏ အဆွေအမျိုးတွင် အလွန်ရတတ်သော ပေါက်ဖော်တစ်ယောက် ရှိ၏။ သူ၏အမည်ကား ဗောဇတည်း။ 2မောဘပြည်သူရုသက၊ ကျွန်မသည် လယ်ပြင်သို့သွား၍ စိတ်နှင့်တွေ့သောသူနောက်မှာ စပါးကျန်ကို ကောက်ပါရစေဟု နောမိ၌အခွင့်ပန်လျှင်၊ နောမိက၊ သွားတော့ငါ့သမီးဟု ဆို၏။ 3ရုသသည်သွား၍ စပါးရိတ်သောသူတို့နောက်မှာ၊ စပါးကျန်ကို ကောက်သည်တွင်၊ ဧလိမလက်၏အဆွေအမျိုး ဗောဇပိုင်သောလယ်၌ အမှတ်တမဲ့ နေရာကျ၏။ 4ထိုအခါဗောဇသည် ဗက်လင်မြို့ကလာ၍၊ ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိတော်မူပါစေသောဟု ရိတ်သောသူတို့အား ဆိုလျှင်၊ သူတို့က၊ ကိုယ်တော်ကို ထာဝရဘုရားကောင်းချီးပေးတော်မူပါစေသောဟု ပြန်ပြောကြ၏။ 5ဗောဇကလည်း၊ ထိုမိန်းမငယ်သည် အဘယ်သူနှင့် ဆိုင်သနည်းဟု လယ်ခေါင်းအားမေးသော်၊ 6လယ်ခေါင်းက၊ မောဘပြည်မှ နောမိနှင့်အတူလိုက်လာသော မောဘအမျိုးသမီး ဖြစ်ပါ၏။ 7သူကလည်း၊ ကျွန်မသည် စပါးရိတ်သောသူတို့နောက်၌ ကောက်လှိုင်းစုထဲမှာ ကျန်သောစပါးကို ကောက်သိမ်းပါရစေဟု အခွင့်တောင်းလျက်ဝင်သဖြင့်၊ နံနက်မှစ၍ ယခုခဏ တဲ၌နေသောအချိန်တိုင်အောင် လုပ်နေပါပြီဟု ပြောဆိုလျှင်၊ 8ဗောဇသည် ရုသကိုခေါ်၍၊ နားထောင်ပါ၊ ငါ့သမီး။ အခြားသောလယ်သို့သွား၍ စပါးကျန်ကို မကောက်နှင့်။ ဤအရပ်ကမထွက်ဘဲ၊ ငါ့ကျွန်မတို့၌ မှီဝဲလျက်နေတော့။ 9သူတို့ရိတ်သော လယ်ကွက်ကိုကြည့်မှတ်၍ သူတို့နောက်၌ လိုက်လော့။ လုလင်တို့သည် သင့်ကို မနှောင့်ယှက်ရမည်အကြောင်း ငါမှာထားပြီ။ ရေငတ်သောအခါ၊ အိုးထားရာသို့သွား၍ လုလင်ခပ်သောရေကို သောက်တော့ဟု ဆိုလေသော်၊ 10ရုသသည် မြေပေါ်မှာ ဦးချပျပ်ဝပ်လျက်၊ ကျွန်မသည် တစ်ပါးအမျိုးသားဖြစ်၍ ကိုယ်တော်သည် ကျွန်မကို သိမှတ်မည်အကြောင်း၊ အဘယ်သို့ စိတ်တော်နှင့်တွေ့ရပါသနည်းဟု လျှောက်လေ၏။ 11ဗောဇကလည်း၊ သင်၏လင် သေသောနောက်၊ သင်သည် ယောက္ခမအားပြုစုသမျှကိုလည်းကောင်း၊ သင်သည် မိဘနှင့် မွေးဖွားရာဌာနပြည်ကိုစွန့်၍ အထက်က မသိဖူးသောပြည်သို့ လာကြောင်းကိုလည်းကောင်း၊ ငါ့အား သေချာစွာပြောကြပြီ။ 12သင့်အမှု၏အကျိုးကို ထာဝရဘုရား ပေးတော်မူပါစေသော။ သင်သည် အတောင်တော်အောက်၌ ခိုလှုံခြင်းငှာ ချဉ်းကပ်သော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် စုံလင်သောဆုကို ချတော်မူပါစေသောဟု ဆိုသော်၊ 13ရုသကလည်း သခင် ကျွန်မသည် ရှေ့တော်၌မျက်နှာရပါစေ။ ကျွန်မသည် ကိုယ်တော်ကျွန်မတို့နှင့် မတူသော်လည်း၊ ကိုယ်တော်သည် လောကဝတ်စကားကိုပြော၍ ကျွန်မကိုနှစ်သိမ့်စေပါပြီဟု လျှောက်လေ၏။ 14ဗောဇကလည်း၊ စားသောက်သောအချိန် ရှိပြီ။ လာ၍ မုန့်ကိုစားလော့။ ပုံးရည်၌ စားစရာကို နှစ်လော့ဟု ခေါ်ဆိုသည်အတိုင်း၊ ရုသသည် စပါးရိတ်သောသူတို့နှင့်အတူ ထိုင်လျှင်၊ ဗောဇသည် ပေါက်ပေါက်ကိုလှမ်း၍ ပေးသဖြင့်၊ သူသည် ဝစွာစားပြီးမှ ချန်ထားသေး၏။ 15စပါးကျန်ကိုကောက်ခြင်းငှာ ထသွားသောအခါ၊ ဗောဇသည် လုလင်တို့အား၊ ထိုမိန်းမသည် ကောက်လှိုင်းစုထဲမှာ ကျန်သောစပါးကို ကောက်သိမ်းပါစေ၊ အရှက်မခွဲကြနှင့်။ 16ရိတ်ပြီးသောစပါးအချို့ကိုလည်း သူအဖို့ချထားလော့။ ကောက်ယူပါစေ။ အပြစ်မတင်ကြနှင့်ဟု မှာထား၏။ 17ရုသသည် ထိုလယ်၌ ညဉ့်ဦးတိုင်အောင် စပါးကျန်ကိုကောက်၍ ရသောစပါးကိုနယ်ပြီးလျှင် မုယောဆန်တစ်ဧဖာခန့်မျှ ရှိ၏။ 18ထိုဆန်ကိုယူ၍ မြို့ထဲသို့ဝင်သဖြင့်၊ ကောက်၍ရသောဆန်ကိုလည်း ယောက္ခမအားပြ၏။ ဝစွာစားပြီးမှ ချန်ထားသောအရာကိုလည်း ထုတ်၍ပေးသေး၏။ 19ယောက္ခမကလည်း၊ ယနေ့ အဘယ်မှာစပါးကျန်ကိုကောက်သနည်း။ အဘယ်မှာလုပ်သနည်း။ သင်သိမှတ်သောသူသည် မင်္ဂလာရှိပါစေသောဟုမြွက်ဆိုလျှင်၊ ရုသက ယနေ့ ကျွန်မလုပ်သောသူ၏အမည်ကား၊ ဗောဇဖြစ်ပါသည်ဟု ယောက္ခမအား ကြားပြောသော်။ 20ယောက္ခမက၊ အသက်ရှင်သောသူ၊ သေသောသူတို့၌ ကျေးဇူးမပြတ် ပြုတော်မူသေးသော ထာဝရဘုရားသည် သူ့ကို ကောင်ချီးပေးတော်မူပါစေသော ဟူ၍လည်းကောင်း၊ ထိုသူသည် ငါတို့နှင့်ပေါက်ဖော်တော်သောသူ၊ နီးစပ်သော အမျိုးသားချင်းအဝင် ဖြစ်သည်ဟူ၍လည်းကောင်း၊ ချွေးမအား ပြောဆို၏။ 21ထိုသူက၊ ငါ့စပါးရိတ်ခြင်းအမှု မပြီးမီတိုင်အောင်၊ ငါ့လူတို့၌ မှီဝဲလျက်နေတော့ဟု ဆိုကြောင်းကိုလည်း မောဘအမျိုးသမီး ရုသသည် ကြားပြောသော်၊ 22နောမိက၊ ငါ့သမီး၊ သင်သည် သူ၏ကျွန်မတို့နှင့် ပေါင်းဖော်ကောင်း၏။ အခြားသောလယ်၌ သူတို့သည် သင့်ကိုမတွေ့စေကောင်းဟု၊ ချွေးမရုသအားပြောသည်အတိုင်း၊ 23သူသည် မုယောစပါး၊ ဂျုံစပါးရိတ်ခြင်းအမှု ပြီးသည်တိုင်အောင် ဗောဇ၏ကျွန်မတို့၌ မှီဝဲလျက်၊ စပါးကျန်ကိုကောက်၍ ယောက္ခမထံမှာ နေလေ၏။

ရုသ၀တ္ထု - ၂ (အနက်ဖွင့်)

၃။ ဗောဇလယ်ကွင်းမှ ရုသ (အခန်း )

          : ပညတ်တရားအရ ဣသရေလလူများသည် မိမိလယ်မြေများကို ပြောင်သလင်းခါအောင် မရိတ်သိမ်းရ။ မရှိဆင်းရဲသားများ အာဂန္တုဧည့်သည်များအတွက် အကြွင်းအကျန်ချန်ထားရသည် (ဝတ် ၁၉:၉၊ ၂၃:၂၂၊ တရား ၂၄:၁၉)။

ထိုပညတ်တရားအတိုင်း ရုသသည် ယောက္ခမ လုပ်ကျွေးဖို့ သူများလယ်တွင် ကောက်သင်းလိုက်ကောက်သည်။ ဘုရားသခင်အကြံအစည်တော်အတိုင်း ဗောဇလယ်ကွင်းသို့ ရောက်သွားသည်။ ထိုသူသည် ရုသ၏ ကွယ်လွန်သူ ယောက္ခမနှင့် ရင်းနှီးသည်။

:၁၂ ဗက်သလင်မှ ပြန်ရောက်လာသော ဗောဇက ထိုသူငယ်မအား မည်သူလဲဟု စုံစမ်းသည်။ နောမိ၏ ချွေးမမှန်းသိသွားသောအခါ လှမ်း၍ ရေတိုက်သည်။ အခြားသူများကိုလည်း တိုက်ခိုင်းသည်။ ရုသ၏ သွင်ပြင်ရည်မွန်ပုံကို ကြည့်၍ ဗောဇက ဆုတောင်းပေးသည်။ သင့်လုပ်ဆောင်ပြုမူသည့်အတိုင်း ဣသရေလဘုရားသခင်က ဆုချပါစေ။ အတောင်တော်အောက်မှာ ခိုလှုံခွင့်ပေးပါစေဟု ဆိုသည်။ ထိုအကြောင်းကို Leon Morris က ဤသို့ဆိုသည်။ ­-

ထိုဆုတောင်းချက်ကို ပြည့်စုံစေရန်ဘုရားသခင်က သူ့အားပြန်သုံးသည်။ ရုသကို ဆုတောင်းပေးသည့်အတိုင်း ယေဟောဝါဘုရား၏ တောင်ပံအောက်၌ ခိုလှုံခွင့်ရသည်။ မိခင်၏ တောင်ပံအောက်မှ ကိုယ်ငွေ့လှုံသော ငှက်ငယ်လေးသည် အဘယ်မျှ လုံခြုံနွေးထွေးမည်နည်း။ ယုံကြည်စိတ်ချမှု၊ ဘဝလုံခြုံမှုပေးသည်။

ယုဒလူမျိုးတစ်ဦးက တစ်ပါးအမျိုးသားမိန်းမတစ်ဦးအား ထိုသို့မေတ္တာစေတနာထားသည်ကို တွေ့မြင်သောအခါ တအံ့တဩဝမ်းသာသွားသည်။ သို့သော်အကြောင်းရှိသည်။ ရုသက နောမိအပေါ်သို့ ထားရှိသော စိတ်ထားကို ဗောဇက သိရှိသည်။ ယုဒဘာသာရေးသို့ ကူးပြောင်းလာသဖြင့် လေးစားသည်။

:၁၃၁၆ သဘောကျသဖြင့် သူ့အလုပ်သမားများနှင့် အတူတူစာစားသောက်ဖို့ ဖိတ်ခေါ်သည်။ ရုသရိတ်ဖို့ ကောက်နှံများများချန်ထားခိုင်းသည်။

:၁၇ နေဝင်ဆည်းဆာတွင် အလုပ်သိမ်း၍ စပါးများ ပြန်လည်ချိန်ကြည့်သောအခါ နည်းနည်းနော်နော် မဟုတ်။ ဤကျမ်းချက်ကို ယုံကြည်သူများ ဘဝအသက်တာတွင် လက်တွေ့ကျင့်သုံးအပ်သည်။

ဗောဇသည် ခရစ်တော်ကို ပုံဆောင်သည် ကြွယ်ဝ ချမ်းသာသူဖြစ်သည် (ငယ် ၁)။ ဧည့်သည် ဆောင်လာများကို စာနာသည်။ (ငယ် ၈၊၉)။ မတွေ့မြင်ဖူးသော်လည်း ရုသ၏ သွင်ပြင်ကြည့်ခြင်းဖြင့် နားလည်ပေးလိုက်သည် (ငယ် ၁၁)။ ဘုရားသခင်က လူများအကြောင်း နားလည်သကဲ့သို့ ဖြစ်သည်။ အတွင်းစိတ်ကိုလည်း သိမြင်သည်။ ရုသကို စာနာသည်။ တတ်စွမ်းသမျှ ပံ့ပိုးသည် (ငယ် ၁၄)။ သူမ၏ ရှေ့ရေးအလားအလာကို အာမခံချက်ပေးသည် (ငယ် ၁၅၊၁၆)။ ထိုအဖြစ်အပျက်ကို ကြည့်ခြင်းဖြင့် ကယ်တင်ရှင်ကရုဏာကို ခန့်မှန်းကြည့်နိုင်သည်။

:၁၈၂၃ ရုသက ရလာသမျှသော ဂျုံစပါးများကို နောမိသို့ အပ်၍ ဖြစ်ကြောင်း ကုန်စင်ပြောပြသောအခါ ပါးနပ်လှသော ယုဒသူ နောမိက ဘုရားသခင်၏ အကြံစည်တော်ကို ကျေနပ်ပီတိဖြာသည်။ သူမ၏ ကွယ်လွန်သွားသော အမျိုးသားနှင့် ဗောဇသည် ဆွေမျိုးသားရင်းများဖြစ်သောကြောင့် ဘုရားသခင်က ရုသအပေါ်သို့လည်းကောင်း၊ သူတို့နှစ်ယောက်အပေါ်သို့လည်းကောင်း၊ အံ့ဩဘွယ်ရာအကြံအစည်တော် တွေ့မြင်ရမည်ဟု ခံယူသည်။ သို့ဖြင့် ရုသအား နောက်နေ့များတွင်လည်း ဗောဇလယ်ကွင်းသို့ ဆက်သွားရန် အားပေးသည်။

ဗောဇ၏ လယ်ကွင်းတွင် ကောက်ပဲသီးနှံကြွယ်ဝသည်။ လယ်ရှင်ကလည်း စေတနာကောင်းသည်။ တခြား လယ်ကွင်းသို့ ဘာကြောင့် ရုသသွားရမည်နည်း။ ထိုကဲ့သို့ပင် ယနေ့ယုံကြည်သူများသည် ဘုရားသခင်၏ လယ်ကွင်းတွင် ကြွယ်ဝစွာရှိနေပါလျက်နှင့် လောကသာယာမှုသို့ ဘာကြောင့် ပြန်သွားကြရမည်နည်း။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။