ရောမဩဝါဒစာ - ၇

ထိမ်းမြားစုံဖက်ခြင်းသာဓက
1ပညတ်တရားကို သိသောညီအစ်ကိုတို့၊ ပညတ်တရားသည် လူကို အသက်ထက်ဆုံးမျှသာ ပိုင်သည်ကို မသိကြသလော။- 2ဥပမာကား၊ လင်ရှိသောမိန်းမသည် လင်မသေမီတိုင်အောင်၊ ပညတ်တရားအားဖြင့် လင်၌ ချည်နှောင်လျက်ရှိ၏။ လင်သေလျှင်မူကား လင်ဝတ်နှင့်လွတ်၏။- 3ထိုကြောင့်၊ မိမိလင်မသေမီ အခြားသောသူ၏ မယားဖြစ်လျှင်၊ မျောက်မထားသောမိန်းမဟု ခေါ်ထိုက်၏။ လင်သေလျှင်မူကား၊ ထိုတရားနှင့်လွတ်သည်ဖြစ်၍၊ အခြားသောသူ၏မယား ဖြစ်သော်လည်း၊ မျောက်မထားသောမိန်းမဟု ခေါ်စရာအကြောင်းမရှိ။- 4ထိုနည်းတူ၊ ငါ့ညီအစ်ကိုတို့၊ သင်တို့သည် အခြားသော သူတည်းဟူသော၊ သေခြင်းမှ ထမြောက်တော်မူသော သူ၏မယားဖြစ်၍၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ တိုးပွားမည်အကြောင်း၊ ခရစ်တော်၏ကိုယ်ခန္ဓာအားဖြင့်သေ၍ ပညတ်တရားနှင့် ကွာကြ၏။- 5ငါတို့သည် ဇာတိပကတိ၌ ကျင်လည်သောအခါ၊ အပြစ်နှင့်စပ်ဆိုင်သော စိတ်တို့သည် ပညတ်တရားအားဖြင့်ပေါက်၍ သေခြင်းတရား၏အလိုနှင့်အညီ တိုးပွားမည်အကြောင်း၊ ငါတို့၏ကိုယ်အင်္ဂါများ၌ ပြုပြင်ကြ၏။- 6ယခုမူကား၊ ကျမ်းစာ၌ပါသော တရားဟောင်းကို မမှီဘဲ၊ ဝိညာဉ်တော်တရားသစ်ကိုမှီ၍ အမှုဆောင်ရွက်ခြင်းအလိုငှာ၊ ငါတို့သည်သေသဖြင့် အုပ်ချုပ်သောပညတ်တရား၏လက်မှ လွတ်ခြင်းသို့ ရောက်ကြပြီ။
ပညတ်တရားနှင့်အပြစ်တရား
7သို့ဖြစ်၍ အဘယ်သို့ပြောရမည်နည်း။ ပညတ်တရား၌ အပြစ်ရှိသလော။ အပြစ်မရှိနိုင်ရာ။ သို့ရာတွင် ပညတ်တရားအားဖြင့်သာ အပြစ်သဘောကို ငါသိရ၏။ အဘယ်သို့နည်းဟူမူကား၊ လောဘစိတ်မရှိစေနှင့်ဟု ပညတ်တရားမဆိုလျှင်၊ လောဘသဘောကို ငါမသိ။-ထွ၊ ၂၀:၁၇။ တရား၊ ၅:၂၁။ 8အပြစ်တရားသည် ပညတ်တရားအားဖြင့် အခွင့်ရ၍၊ ငါ၌ အမျိုးမျိုးသော လောဘတို့ကို ဖြစ်စေ၏။ ပညတ်တရားမရှိလျှင်၊ အပြစ်တရားသေ၏။- 9အထက်က ပညတ်တရားမရှိသဖြင့်၊ ငါသည် အသက်ရှင်၏။ ပညတ်တရားပေါ်သောအခါ အပြစ်တရားသည် ရှင်ပြန်၏။ ငါလည်း သေ၏။- 10အသက်ရှင်ခြင်းနှင့်ဆိုင်သော ပညတ်တရားသည် သေခြင်းနှင့် ဆိုင်သည်ကို ငါတွေ့၏။- 11အပြစ်တရားသည် ပညတ်တရားအားဖြင့် အခွင့်ရလျှင်၊ ငါ့ကိုလှည့်ဖြား၍ ထိုတရားအားဖြင့် ငါ့ကိုသတ်လေ၏။-က၊ ၃:၁၃။ 12ထိုကြောင့်၊ တရားတော်သည် သန့်ရှင်းခြင်းရှိ၏။ ပညတ်တရားလည်း သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း၊ ကောင်းမြတ်ခြင်းရှိ၏။- 13သို့ဖြစ်လျှင် ကောင်းမြတ်သောအရာသည် ငါ၌သေခြင်းအကြောင်း ဖြစ်သလော။ မဖြစ်နိုင်ရာ။ အပြစ်တရားသည် မိမိသဘောကို ထင်ရှားစေခြင်းငှာ ကောင်းမြတ်သောအရာအားဖြင့် ငါ၌သေခြင်းကိုပြု၍ သေခြင်းအကြောင်းဖြစ်၏။ ထိုသို့ဖြစ်သောကြောင့် အပြစ်တရားသည် ပညတ်တော်အားဖြင့် အလွန်အပြစ်နှင့် ပြည့်စုံခြင်းရှိသတည်း။
လူ၏စိတ်သဘောတရားနှစ်ရပ်
14ထိုမှတစ်ပါး၊ ပညတ်တရားသည် ဝိညာဉ်ပကတိနှင့် စပ်ဆိုင်သည်ကို ငါတို့သိကြ၏။ ငါမူကား ဇာတိပကတိရှိ၏။ အပြစ်တရားလက်၌ ကျေးကျွန်ဖြစ်၏။ 15အကြောင်းမူကား၊ ငါသည် ကိုယ်ကျင့်သောအကျင့်ကို မနှစ်သက်။ ကျင့်ချင်သောအကျင့်ကို မကျင့်၊ ရွံရှာသော အကျင့်ကို ကျင့်၏။-က၊ ၅:၁၇။ 16ထိုသို့ငါသည် မကျင့်ချင်သောအကျင့်ကို ကျင့်လျှင်၊ ပညတ်တရားဖြောင့်သည်ဟု ငါဝန်ခံ၏။- 17သို့ဖြစ်လျှင်၊ ထိုမကောင်းသောအကျင့်ကို ငါ့ကိုယ်တိုင်ကျင့်သည်မဟုတ်။ ငါ့အထဲ၌နေသော အပြစ်တရားသည် ကျင့်၏။- 18ငါ့အထဲမှာ ငါ့ဇာတိပကတိ၌ ကောင်းသောအရာ တစ်စုံတစ်ခုမျှ မတည်သည်ကို ငါသိ၏။ အကြောင်းမူကား၊ ငါသည် ကျင့်ချင်သော စိတ်ရှိသော်လည်း၊ ကောင်းစွာကျင့်တတ်သောအခွင့်ကို ရှာ၍မတွေ့နိုင်။- 19ငါသည် ကျင့်ချင်သော အကျင့်ကောင်းကို မကျင့်။ မကျင့်ချင်သော အကျင့်ဆိုးကို ကျင့်၏။- 20ထိုသို့ငါသည် မကျင့်ချင်သောအကျင့်ကို ကျင့်လျှင်၊ ငါကိုယ်တိုင် ကျင့်သည်မဟုတ်။ ငါ့အထဲ၌နေသော အပြစ်တရားသည် ကျင့်၏။- 21ထိုသို့ ကောင်းသောအကျင့်ကို ငါကျင့်ချင်သောအခါ၊ မကောင်းသောအကျင့်ကို ကျင့်စေတတ်သော တရားကို ငါတွေ့၏။- 22ငါသည် အတွင်းလူအားဖြင့် ဘုရားသခင်၏ ပညတ်တရားတော်ကို နှစ်သက်၏။- 23သို့သော်လည်း ငါ့ကိုယ်အင်္ဂါများ၌ ရှိသော တရားတစ်ပါးသည် စိတ်ဝိညာဉ်တရားကို ဆိုင်ပြိုင် တိုက်လှန်သဖြင့်၊ ငါ့ကိုယ်အင်္ဂါများ၌ရှိသော အပြစ်တရားလက်သို့ ငါ့ကို ဖမ်းသွားအပ်နှံသည်ကို ငါမြင်၏။- 24ငါသည် ငြိုငြင်သောသူဖြစ်ပါသည်တကား။ ဤအသေကောင်မှ ငါ့ကို အဘယ်သူ ကယ်လွှတ်မည်နည်း။- 25ငါတို့သခင် ယေရှုခရစ်အားဖြင့် ကယ်လွှတ်တော်မူသော ဘုရားသခင်၏ကျေးဇူးတော် ကြီးလှပေ၏။ ထိုသို့ စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ တရားတော်အလိုသို့လည်းကောင်း၊ ဇာတိပကတိအားဖြင့် အပြစ်တရားအလိုသို့လည်းကောင်း၊ ငါလိုက်တတ်၏။

ရောမဩဝါဒစာ - ၇ (အနက်ဖွင့်)

(စျယုံကြည်သူအသက်တာနှင့်ပညတ်တရား (အခန်း၇)

          တမန်တော်ပေါလုက ယုံကြည်သူများနှင့် ပညတ်တရား မည်သို့ပက်သတ်သနည်းဟု မေးထားသည်။ အထူးသဖြင့် ယုံကြည်သူ ယုဒအမျိုးသားများအား သိရှိစေလိုသောကြောင့် အမေးအဖြေပုံစံဖြင့် ရှင်းပြခြင်းဖြစ်နိုင်သည်။ အဓိကအားဖြင့် ပညတ်တရားသည် ယုဒအမျိုးသားများ၏ လက်စွဲခံယူချက်ဖြစ်သည်။ သို့သော်လည်း ဘုမသိဘမသိ တပါးအမျိုးသားများက မိမိကိုယ်ကို ပညတ်တရားအောက်သို့ တွန်းပို့ကြသည်။

အခန်း၆တွင် အပြစ်၏အုပ်စိုမင်းမူမှုသည် ဘုရားသခင်၏ ကျေးဇူးတော်၌နိဂုံးချုပ် သွားပြီဟု ဆိုခဲ့ပါသည်။ ယခုတဖန် ပညတ်တရားအောက်သို့ တိုးဝင်သူများသည် ပညတ်တရား၏ ပိခြင်း၌ သေဆုံးသွားကြောင်းတွေ့ရမည်။

:    ဤကျမ်းပိုဒ်သည် ၆:၁၄ နှင့်မသက်ဆိုင်ပါ။ “သင်သည် ပညတ်တော်တရားအောက်မှာ နေရသည်မဟုတ်။ ကျေးဇူးတော်အောက်မှာ နေရခြင်းဖြစ်သည်။” ဟူသော ကျမ်းစကားသည် “သင်သည်ပညတ်တရားအောက်မှာ နေရသည်မှာနေရသည် မဟုတ်ကြောင်းကို သိထားပါသို့မဟုတ် အပြစ်တရားသည် အသက်ရှင်နေစဉ်တွင် လူကိုအုပ်စိုးတတ်သည်” ဟူသောစကားနှင့် အတူတူဖြစ်သည်။ ဤကျမ်းပိုဒ်တွင်မူ ကျမ်းစကားနှင့် တူအောင် တင့်တယ်တည်ကြည်စွာ ရေးသားခြင်းဖြစ်သည်။ ပညတ်တရားသည် လူသေများကို ဦးဆောင်နိုင်စွမ်းမရှိကြောင်း နားလည်ရသည်။

:     ထိုအကြောင်းကို အကြင်လင်မယားအိမ်ထောင်ပြုခြင်းနှင့် ဥပမာပေးထားသည်။ အိမ်ထောင်ဖက် အသက်ရှင်နေသရွေ့ ကာလပတ်လုံးထိုလင်မယား ပဋိညာဉ်တော်အောက်၌ရှိနေသည်။ ခင်ပွန်းသည် ကယ်လွန်လျှင် သေခန်းပြတ်ပြီဖြစ်သောကြောင့် အကြင်လင်မယား ပဋိညာဉ်လည်း ပြီးဆုံးသွားသည်။

:    ထိုအမျိုးသမီးသည် ခင်ပွန်းသည် အသက်ရှင်နေလျှက် တခြားအမျိုးသားနှင့် အိမ်ထောင်ပြုလျှင် ကာမေသု မိစ္ဆာရာ ကျူးလွန်ရာရောက်ပါသည်။ ခင်ပွန်းသည် သေလွန်ပြီးမှ အိမ်ထောင်ပြုလျှင်မူကား လိပ်ပြာမသန့်စရာ မရှိတော့ပါ။

:    ဤပုံဥပမာကို ဆင်ခြင်ရာတွင် စာကျစာနကောက်ရန်မဟုတ်။ ဥပမာမိန်းမဟု  ဆိုခြင်းကြောင့် မိန်းမသာ အကြုံးဝင်သည်မဟုတ်ပါ။ မိန်းမနှင့်ယောက်ျားနှစ်ဦးစလုံး အကြုံးဝင်သည်။ အဓိကအချက်မှာ သေခြင်းက အကြင်လင်မယားပဋိညာဉ် ပျက်သုဉ်းစေသည့်အကြောင်း ဖြစ်သည်။ ထိုကဲ့သို့ပင် ခရစ်တော်၌သေလွန်ခြင်းဟု ယုံကြည်သည်နှင့် ပညတ်တော်တရားပျက်သုဉ်းပါသည်။

သတိထားရန်မှာ ထိုသို့ပြောရာတွင် ပညတ်တရားပျက်ပြားသွားသည်ဟု မဆိုပါ။ ပညတ်တရားသည် အပြစ်ပြရာ သာမိုမီတာဖြစ်သည်။ “ကျွန်ုပ်တို့ ” ဆိုခြင်းမှာ ယုဒလူမျိုးများကိုဆိုလိုသည်။ ခရစ်တော်ထဲ၌ ပညတ်တရားသေခြင်းဆိုသည်မှာ ခရစ်တော်၏ အသေခံခြင်းကိုဆိုလိုသည်။ ပညတ်တရားနှင့် ဆက်ဆံရသည်မဟုတ်။ ရှင်ပြန်ထမြောက်တော်မူသော ခရစ်တော်နှင့် ဆက်ဆံရသည်။ လက်ဦးလက်ထပ် ထိမ်းမြားခင်းသည် သေခြင်းတရားက ပြတ်တောက်စေခဲ့ပြီ။ ယခုဘဝသစ်စသည် ပညတ်တရားနှင့်လွတ်ကင်းကြပြီ။ ဘုရားသခင်ထံတော်၌ အသီးပွင့်နိုင်ကြရပြီ။

:    ဤကျမ်းပိုဒ်မှ အသီးအပွင့်များမှာ လူ့ဇာတိဖြင့် ကျင်လည်စဉ်ကအကြောင်းဖြစ်သည်။ ဇာတိဆိုသည်မှာလည်း ရုပ်ခန္ဓာကိုယ်ကို ဆိုလိုသည်မဟုတ်။ ဘုရားသခင်ရှေ့တွင်ရပ်တည်      နိုင်သည့် အသက်တာကို ဆိုလိုသည်။ ဘုရားသခင်ကို လက်ခံသော ဘဝအသက်တာဖြစ်သည်။

အသက်တာမပြောင်းလဲမီ ဇာတိအသွင်အပြင်၌ရှိနေစဉ် ပညတ်တရားကို ကျူးလွန်ချင်ကြသည်။ ထိုလှုံဆော်ချက်စေတသိက်သည့် အဆိပ်အသီးအပွင့် သီးပွင့်လျက် သေရွာသို့ပို့ဆောင်ပါသည်။ ထိုအသီးအပွင့်များကို သမ္မာကျမ်းစာက ဇာတိအသီးအပွင့်များဟု ဆိုသည်။ “ထိုအရာများမှာကား ကာမဂုဏ်လိုက်စားခြင်း၊ ညစ်ညမ်းခြင်း၊ အကျင့်ပျက်ခြင်း၊ ရုပ်တုကိုးကွယ်ခြင်း၊ စုန်းအတတ်ဖြင့်ပြုစားခြင်း၊ အမျက်ထွက်ခြင်း၊ ကြီးပွားကျော်ကားလိုစိတ်ရှိခြင်း၊ သွေးဝမ်းကွဲခြင်း၊ ဂိုဏ်းခွဲခြင်း ငြူစူခြင်း၊ သေရည်သေရက်သောက်စားကြူးခြင်း၊ သောက်စားပျော်ပါးခြင်းတို့ဖြစ်သည်” (ဂလာ ၅:၁၉-၂၁)။

:    ပညတ်တော်တရားအောက်မှ ကင်းလွတ်ခြင်းသည် အံ့ဖွယ်လက္ခဏာတပါးဖြစ်သည်။ ခရစ်တော်၌ သေခြင်း၏ ရလာဒ်ဖြစ်သည်။ ကိုယ်တော်၌သေခြင်းသည် ပညတ်တရား၏ ပြဌာန်းချက်များကို အပြေအလည်ပေးဆပ်ချေပခြင်းဖြစ်သည်။ သို့ကြောင့်ပညတ်တရားနှင့် ကျိန်ခြင်းမင်္ဂလာမှ လွတ်သွားကြပါသည်။ ဘေးအန္တရာယ် ကြောက်စရာမရှိတော့ပါ။

ကယ်တင်ရှင်သခင်က သွေးသွန်းလောင်း၍

အကျေအလည်ပေးဆပ်ခဲ့ပြီ။

နောက်တကြိမ်ထပ်ပေးစရာမလိုတော့ပြီ။

Augustus M.Toplady

ဝိညာဉ်တော်၌ ဘဝသစ်စိုးစံရပြီဖြစ်သောကြောင့် ဘဝဟောင်းကို လှည့်ကြည့်စရာမရှိတော့ပါ။ ကြောက်စရာမရှိ၊ ချစ်မေတ္တာသာရှိသည်။ ချုပ်နှောင်ခြင်းမရှိ လွတ်မြောက်ခြင်းရပြီ။ ကျေးကျွန်ချုပ်နှောင်ခြင်း အကြောင်းမရှိတော့ပါ။ ဘုရားသခင်၏ ဘုန်းတန်ခိုးတော်၌ ပျော်ရွှင်ချမ်းမြေ့ခြင်းအကြောင်းတပါးသူကို ဝေငှရသည်။

:    ပညတ်တရား၏ အချက်အချာသည် အပြစ်ဖြစ်သည်။ ပညတ်တရားကြောင့် အပြစ်ထဲသို့သေသည်ဟု ဆိုသော်လည်း ပညတ်တရားသည် မကောင်းသောအမူအရာဖြစ်သည်ဟု မဆိုလိုပါ။ ထိုသို့ဆိုလိုခြင်းမဟုတ်သည်မဟုတ်။

:၁၃ တွင်ကယ်တင်ခြင်းမရခင်ဘဝ၌ ပညတ်တရား၏ အရေးပါအရာရောက်ရှိစေခဲ့ပုံကို ပြသထားသည်။ ပညတ်တရားစင်စစ်သည် အပြစ်မဟုတ်ပါ။ အပြစ်ကို ဖော်ပြခြင်းဖြစ်သည်။ အပြစ်၏ ကြောက်စရာကောင်းပုံကို ပြသခြင်းဖြစ်သည်။ အပြစ်ကြောက်စရာကောင်းကြောင်း ရှင်းပြချက်ဖြစ်သည်။ သို့သော် ဘုရားသခင်၏ ပဋိညာဉ်နားလည်သောအခါ ပညတ်တရားသည် အချည်းနှီးဖြစ်သည်။

ဥပမာအားဖြင့် လောဘမကျူးနှင့် ဟုဆိုသည်။ လောဘဟူသည်မနောကံဖြစ်သည်။ ပေါလုလောဘကို အပြစ်ဟုအထူးတလည် မဆိုပြတော့ပါ။ အသက်တာပျက်စီးခြင်း အကြောင်းဖြစ်သည်ဟု ဆိုသည်။ ထိုမနောကံကြောင့် ကာယကံသက်ရောက်စေသည်။ ဆိုးညစ်သောအတွေးသည် ဆုတ်ယုတ်သော ဘဝဖြစ်ထွန်းစေသည်။ ပြင်ပကိုယ်ခန္ဓာသည် အပြစ်ဆိုဖွယ်မရှိသယောင် ဖြစ်သော်လည်း အတွင်းသရုပ်၌မှု ပုပ်ပွပျက်စီးသောကြောင့် ကြောက်ရွံ့စရာဖြစ်သည်။

:    အပြစ်တရားသည် ပညတ်တရားအားဖြင့် အမျိုးမျိုးသော လောဘတို့ကို ဖြစ်စေ၏။ လောဘဆိုသည်မှာ မတော်မတရားတပ်မက်ခြင်းဖြစ်သည်။ ပညတ်တရားက တားမြစ်သော မတော်မတရားတပ်မက်ခြင်းသည် လူကို ပျက်စီးစေတတ်သော မီးတောက်မီးလျှံများဖြစ်သည်။ ဥပမာအားဖြင့် “မတရားသောမေထုန်တွင် မပျော်ပိုက်နှင့်ဟုဆိုလျှင် ဘဝညစ်ပတ်ဆိုးယုတ်ခြင်း ဆိုးညစ်သောအကြံများမှ ကွယ်ကာတားဆီးခြင်းဖြစ်သည်။ သို့သော်လည်းတားသာတားသည်။ ထိုအပြစ်မှ လွတ်မြောက်ရန် နည်းလမ်းတန်ခိုးကိုမူ မပေးချေ။ ထို့ကြောင့်ထိုသူသည် ထိုပြစ်မှုကို မကျူးလွန်ခင်ကထက် အပြစ်ပိုမိုထင်ရှားသွားသည်။ အပြစ်ကျူးလွန်ကြောင်း အသိတရားရရှိခြင်းသည် ပိုမိုနက်နဲမိုက်မဲစေပါသည်။ “ခိုးသောက်သောရေသည် ပိုချို၏။ခိုးစားသောမုန့်သည် ပိုမြိန်၏” (သု ၉:၁၇)။

ပညတ်တရားမရှိလျှင် အပြစ်သည် အသေဖြစ်၏။ အပြစ်၏ရုပ်သဏ္ဌာန်သည် အိပ်ပျော်နေသောခွေးကဲ့သို့ဖြစ်သည်။ ပညတ်တရားရောက်လာသောအခါ “မလုပ်ရ၊ မကိုင်ရ”ဟု စည်းခတ်သည်။ လုပ်ချင်ရာကို ကန့်သတ်သည်။ ခွေးသည်နိုးလာလျှင် ကန့်သတ်သောနေရာများကို ကျော်လွန်၍ သွားချင်ရာလျှောက်သွားသည်။

:    အသက်တာပြောင်းလဲခြင်းမရှိခင်တွင်လည်း အသက်ရှင်ခြင်းရှိပါသည်။ သို့သော် ထိုအသက်သည် အပြစ်နွံထဲ၌ ဘုမသိဘမသိ ရှင်သန်လှုပ်ရှားခြင်းဖြစ်သည်။

ပညတ်တရားရောက်ရှိလာသောအခါတွင်မူကား အသိတရားလည်း ပေါ်လာသည်။ သိစိတ်ပေါ်ထွန်းလာသည်။ အပြစ်သားဘဝလည်း လင်းထိန်လာသည်။ နာခံရန်ကြိုးစားလေလေ၊ မလိုက်နာနိုင်လေလေ၊ အပြစ်ပိုကြီးလေလေဖြစ်သည်။ မိမိဘဝဖြင့် ကယ်တင်ခြင်းရဖို့ ရုန်းကန်ခြင်း၊ ပညတ်တော်စောင့်ထိန်းဖို့ ထိန်းချုပ်ခြင်း၊ ကောင်းမှုပြုဖို့ကြံရွယ်ခြင်းတို့၌ သေလုမတတ်ဖြစ်ခဲ့ရသည်။

:၁၀  ပညတ်တရားသည် ဖြောင်မတ်စင်ကြယ်ခြင်း ဖြစ်သည်ဟု ထင်မြင်ခဲ့ခြင်းမှာ တလွဲဖြစ်နေသည်။ ထိုပညတ်တရားကြောင့် လုပ်ဆောင်ကြိုးပမ်းခဲ့သမျှသည် အချည်းအနှီးဖြစ်ကြောင်း နားလည်ရသည်။ ထိုသို့ဆိုလျှင် ထိုပညတ်တရားက ငါ့ကို အသက်ရှင်စေသည် ဆိုသည်မှာ ဘာဆိုလိုသနည်း။ (ဝတ် ၁၈:၅) ကို ပြန်ကြည့်ကြပါစို့။ “ငါ့စီရင်ထုံးဖွဲ့ချက်ကို စောင့်ရှောက်ကြရမည်။ ငါသည် ထာဝရဘုရားဖြစ်၏”ဟု ဆိုထားပါသည်။ ဘုရားသခင်က ပညတ်တော်များကို စောင့်ထိန်းကြရန် မှာထားပါသည်။ ခြင်္သေ့လှောင်ချိုင့်စောင့်သူက ကလေးသူငယ်အား ငြိမ်ငြိမ်နေလျှင် အသက်အန္တရာယ်မရှိ။ ငြိမ်ငြိမ်မနေ၍ လှောင်ချိုင်ထဲသို့ လိမ့်ကျသွားလျှင် ခြင်္သေ့စာဖြစ်သွားမည်။ ပညတ်တရားသည်လည်း ထိုကဲ့သို့ဖြစ်သည်။

:၁၁  ပညတ်တရားသည် အပြစ်ရှာဖွေရာမဟုတ်ပါ။ မိမိထဲတွင်ရှိသော အပြစ်များကို တူးဆွဖော်ထုတ်ရာ ဖြစ်သည်။ အပြစ်တရားသည် လှည့်စားတတ်သည်။ တားမြစ်သောအရာများ နောက်ကွယ်တွင်သာယာခြင်းပြုတတ်သည်။ ထိုသာယာခြင်းနှင့်အတူ လူကိုယူဆောင်သွားတတ်သည်။ ဘုရားသခင်၏ ပျော်ရွှင်ခြင်းမှာမူ ထိုသူကို ကောင်းစားစေခြင်းဖြစ်သည်။

:၁၂   ပညတ်တရား၏ တရားသဘောသည် မြင့်မြတ်သန့်ရှင်း၍ မှန်ကန်သည်။ ကောင်းသည်။ ပညတ်တရားသည် မကျူးလွန်သရွေ့ကာလပတ်လုံး အမှားအယွင်းမရှိပါ။ ယုံကြည်သူများ ဘေးရန်ကင်းရှင်းလုံခြုံ စေရန်ကွယ်ကာသည်။ ပညတ်တရားက အပြစ်တရားသွန်သင်သည်။ ပညတ်တရားနှင့် ညှိတွယ်သူများသည် အပြစ်သားဖြစ်သွားသည်။ ပညတ်တရားက အပြစ်တရားသွန်သင်သည်။ သို့သော် လူသာများအတွက် အဓိကလိုအပ်ချက်မှာ ထိုအပြစ်ထဲမှ ကယ်ထုတ်၍ ကယ်တင်ခြင်းရရှိဖို့ဖြစ်သည်။

:၁၃  ထို့သို့လျှင်ပညတ်တရား၏ ကောင်းကွက်ကားအဘယ်နည်း။ ပညတ်တရားက လူကိုသေစေခြင်းလား။ လုံးဝမဟုတ်ပါ။ အပြစ်ကျူးလွန်သူသာလျှင် သေရမည်။ ပညတ်တရားသည် ပင်ကိုယ်အားဖြင့် အပြစ်မဟုတ်။ လူသည်ဘုရားသခင်၏ စင်ကြယ်သောပညတ်တော်များကို မည်သို့ချိုးဖောက်ပါသနည်း။ ငမ်းငမ်းတက်ဖောက်ဖျက်ပါသည်။ ပညတ်တရားများကို အစဉ်အဆက်ချိုးဖောက်သည်။

ဤကျမ်းပိုဒ်နှင့် ၂:၁၀ သည် ဆန့်ကျင်နေသကဲ့သို့ ဖြစ်သည်။ ပညတ်တရားကလူကို သေခြင်းအကြောင်းရှိသည်ဟု ဆိုထားသည်။ ပညတ်တရားက သူ့ကိုသေစေခြင်းမဟုတ်ကြောင်း ငြင်းပယ်ထားသည်။ ပညတ်တရားသည် ဇာတိဟောင်းကို ပေါ်လွင်ခြင်းမဟုတ်သကဲ့သို့ အခြားသူများကိုလည်း အပြစ်ကျူးလွန်စေခြင်းမဟုတ်ပါ။ အပြစ်ပြခြင်းသာဖြစ်သည်။ အဖျားတိုင်း သာမိုမီတာသည် အပူရှိန်ကိုသာ ပြပေးသည်။ ထို့အပြင် ဘာမှ မစွမ်းဆောင်နိုင်ပါ။

ထိုကဲ့သို့ ပညတ်တရားသည် လူ၏အပြစ်များကို ထုတ်ဖော်ပြသပါသည်။ အပြစ်သားများ၏ ဘဝကိုဖွင့်ပြသည်။ မတွေ့မမြင် မသိရှိလိုက်သောအပြစ် လူဟောင်းကို ပြန်လည်ထုတ်ဖော်ပြသပါသည်။

:၁၄  ဤကျမ်းပိုဒ် မတိုင်မီ ကျမ်းချက်များတွင်ပညတ်တရားအကြောင်း ကို ရှင်းပြထားသည်။

ယခုမှစ၍ ပြောင်းလဲသောအသက်တာ၏ အတွေ့အကြုံကို ရှင်းပြထားသည်။ မိမိအစွမ်းအစဖြင့် အပြစ်မှ ကယ်တင်ခြင်းမရနိုင်ပါ။ ပညတ်တရားသည် ဝိညာဉ်ရေးရာနှင့်လည်း သက်ဆိုင်သည်။ လူ့ဝိညာဉ်ရေးရာကို ဖြစ်ထွန်းစေသည်။ ဇာတိကိုအောင်မြင်ခြင်း တန်ခိုးမရရှိသေးလျှင် ဇာတိအသွေးအား ပြကတိ၌ရှိသည်။ အပြစ်အောက်၌ နေရသဖြင့် အပြစ်ကို သခင်အဖြစ်ခံယူထားသူဖြစ်သည်။

:၁၅  ခရစ်တော်၌သေ၍ ခရစ်တော်နှင့်အတူ ထမြောက်ကြောင်း မသိသောယုံကြည်သူသည် ဘဝမှန်ကို မသိရှိသူဖြစ်သည်။ ဘဝနှစ်ခုအကြားတွင် ဗျာများသူဖြစ်သည်။ ထိုအကြောင်းကို Harry Foster က ဤသို့ရှင်းပြသည်။

လူသည် ဘုရားသခင်၏ဖြောင့်မတ်စင်ကြယ်ခြင်းကို တွေ့ရှိရန်ရှာဖွေနေသူသည် ကြာလေခြေကုန် လက်ပန်းကျလေဖြစ်သည် (ငယ်၁၂)။ စစ်ရှုံးသောစစ်သုံ့ပန်းဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းသည်လည်း အံ့သြစရာမဟုတ်လူတွင် အပြစ်ကိုနိုင်သော အစွမ်းအစနှင့် ဖြောင့်မတ်ခြင်း ဘုန်းတန်ခိုးမရှိပါ”

အထူးသတိပြုရန်အချက်မှာ အခန်းငယ် ၉ မှ ၂၅ တွင် “ငါ၊ ငါ၏၊ငါကိုယ်တိုင်” ဟူသောဝေါဟာရကို (၄၅)ကြိမ်သုံးထားသည်။ အဟာရဓါတ် အလွန်အကျွံတိုက်ကျွေးခြင်းဖြစ်သည်။ အခြားကျမ်းများတွင် မတွေ့ရသော မိမိကိုယ်ကို အောင်နိုင်ခြင်းအကြောင်းဖြစ်သည်။

ဝမ်းနည်းဖွယ်ကောင်းသော ခေတ်သစ်ခရစ်ယာန် အယူအဆတွင် မိမိကိုယ်ကို ဖြေလျော့ခြင်းထက် မိမိကိုယ်ကို အရေးပေးခြင်းဖြစ်သည်။ လူတိုင်းခရစ်တော်၌ သေလွန်ကြ၍ ခရစ်တော်နှင့် ပြန်လည်ထမြောက်ကြောင်း သိရှိခံယူရမည်။ အသက်တာအသစ်ရှိကြောင်း နားလည်ရမည်။ ဇာတိအစဉ်အလာကို အသားပေးရမည့်အစား ခရစ်တော်၏ အုတ်ဂူကို ရှေးရှုသင့်သည်။

မကျင့်ချင်သော အကျင့်ကို ငါကျင့်၏ ဆိုသည်မှာ မလုပ်ချင်သော မုန်းတီးစရာအပြုအမူများကို ပြုမူနေသည်ဟု ဆင်ခြင်မိခြင်းဖြစ်သည်။

          :၁၆  မိမိကိုယ်ကို ဆင်ခြင်သောအခါ ပညတ်တရားနှင့် ဆန့်ကျင်နေကြောင်း တွေ့ရသည်။ အဘယ်ကြောင့်ဆိုသော် ပညတ်တရားက အပြစ်များကို ရှုတ်ချပါသည်။ ပညတ်တရားသည် အနှစ်သာရအားဖြင့် ကောင်းမွန်သည်။

          :၁၇  အပြစ်တရားသည် လူသစ်ဖြစ်စရာမဟုတ်သည့်အပြင် ယိုးယွင်းပျက်စီးခြင်းဖြစ်သည်။ သို့ကြောင့်အပြစ်တရားကို အထူးသတိထားရမည်။ အပြစ်ဝင်ရောက်လာလျှင် အလျဉ်းပက်သတ်ခြင်းမရှိရ။ အပြစ်နှင့်ဆက်ဆံသူသည် အကယ်စင်စစ်တွင်မူ မသိစိတ် ဖြစ်သည်။ သို့ကြောင့် အပြစ်၏အရင်းအမြစ်ဖြစ်သော မသိစိတ်ကို စင်ကြယ်စေရသည်။

          :၁၈  ငါ့အတွေးတွင် ကောင်းသောအရာတခုမှ မရှိ ဟူသောစကားအရကောက်လျှင် သန့်ရှင်းစင်ကြယ်ခြင်း၌ တိုးတက်မှုမရှိကြောင်း တွေ့ရသည်။ ဇာတိ ဆိုသည်မှာ အာဒံထဲမှ အမွေဆက်ခံရသော ယိုးယွင်း ပျက်စီးသည့်မကောင်းသော စရိုက်များဖြစ်သည်။ လူ့စရိုက်သည် မကောင်းသောအကျင့်၏ ရေသောက်မြစ်ဖြစ်သည်။ ထို့ကြောင့် ဇာတိ၌ ကောင်းသော အခြေခံတရားမရှိ။

          အကျင့်ကောင်း (လူဟောင်း)တွင် ကောင်းသောအချက်များရှိလေမလားဟု ရှာဖွေကြည့်သည်။ ကောင်းကွက်တခုမှမတွေ့။ မိမိကိုယ်ကို ဆန်းစစ်သော အောင်မြင်ခြင်းလမ်းစရှာမတွေ့။ ထို့ကြောင့် Robert Murray McCheyne က “မိမိကိုယ်ကို ဆန်းစစ်မည် ဆိုလျှင် ခရစ်တော်ကို ဆယ်ကြိမ် ဆယ်ခါ အရင်ကြည့်ပါ” ဟုဆိုသည်။

မိမိကိုယ်၌ အောင်မြင်ခြင်းလမ်းစရှာမတွေ့၊ အမှန်တရားမရှိမှန်းသိသောအခါ ဇာတိသည်      မျှော်လင့်ချက် မရှိသည်မှာ သေချာသည်။

:၁၉  အကျင့်နှစ်ခု အားပြိုင်နေသည်။ သိစိတ်ကကောင်းသော အကျင့်ကို ကျင့်ဆောင်ချင်သော်လည်း မသိစိတ်က ငြင်းပယ်ဟန့်တားနေသည်။ ဒွန်တွဲလွန်ဆွဲနေသည်။

          :၂၀  ဤကျမ်းပိုဒ်ကို စကားပြေဖြင့် ရေးရလျှင် “ငါသည်မပြုကျင့်ချင်သော အကျင့်ဆိုးကို ကျင့်နေပါသည်။ ထိုသို့ပြုကျင့်သူသည် ပြုကျင့်ချင်၍ သိလျက်နှင့် ပြုကျင့်သည်မဟုတ်။ မသိစိတ် (မူလစိတ်) ကပြုကျင့်ခြင်းဖြစ်သည်” ဟုဆိုရသည်။ ထိုသို့ပြုကျင့်သည်ကို ဆင်ခြင်မိသောအခါ ပေါလုသည် မိမိကိုယ်ကိုခွင့်မလွှတ်နိုင်။ အဘယ်ကြောင့်ဆိုသော် အပြစ်မှကယ်မည့်သူ မတွေ့ခဲ့သောကြောင့်ဖြစ်သည်။ ထိုအပြုအကျင့်သည် လူသစ်က လက်မခံ။

          :၂၁   ထိုသို့ကောင်းသောအကျင့်ကို ပြုကျင့်ချင်သော စဉ်းစားတွေးခေါ် စိတ်ပေါက်လာသော်လည်း အမှန်တကယ်တွင်မူ အပြုကျင့်နိုင်။ အကောင်းကို ရှာဖွေသော်လည်း ဇာတိကစိတ်ကို အနိုင်ယူဆဲ။ အဆုံးမှာမူ ပျက်စီးခြင်းကို သာလားရသည်။

          :၂၂   လူသစ်စိတ်သစ် ဘဝသစ်တွင်မူကား ဘုရားသခင်၏ တရားတော်ကိုတွေ့၏။ ထိုပညတ်တရားတော်သည် စင်ကြယ်၏။ဘုရားသခင်၏ အလိုတော်ဖြစ်၏။ အလိုတော်အတိုင်း ပြုချင်စိတ်ရှိသည်။

          :၂၃   သို့သော် အသိစိတ်သည် ကြည်လင်သည် မဟုတ်သေး။ အသက်တာသစ် စရောက်စဉ်တွင် အပြစ်တရားသည် ထွက်ခွာဖို့ ငြင်းဆန်နေဆဲ။ ထိုအကြောင်းကို George Cutting က ဤသို့ဆိုသည်။

ပညတ်တရားက လူသစ်အား အလင်းပေးသော်လည်း တန်ခိုးမပေးနိုင်။ တနည်းပြောရလျှင် ဘုရားသခင်၌ ပြည့်စုံခြင်းရှိရန်ကြိုးပမ်း နေဆဲဖြစ်သည်။ ရှင်းရှင်းပြောရလျှင် ဇာတိမှ ဘုရားသခင်၏ သန့်ရှင်းသော ပညတ်တော်သို့ ကူးပြောင်းဆဲ။ ဇာတိသည် ဇာတိဖြစ်သည်။ ဘုရားသခင်၏ ပညတ်တော်သည် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်သည်။

:၂၄   ဤကျမ်းပိုဒ်တွင် ပေါလု၏ နာကျည်းချက်အော်သံကြားရသည်။ သူ၏ ဘဝနောက်ကြောင်း ပြန်ကြည့်သောအခါ အားငယ်မိသည်။ ရုပ်ခန္ဓာကိုယ်သည် ယိုးယွင်းပျက်စီးတတ်သည်။ ရုပ်ခန္ဓာကိုယ်သည် အစွမ်းအစအရည်အချင်းမရှိ။ အချည်းအနှီးဘဝတွင် လူကိုချည်နှောင်ထားသည်။ ထိုနေရာမှ လွတ်မြောက်ရာ နည်းလမ်းတခုတော့ရှိရမည်။

:၂၅   ပေါလု၏ ချီးမွမ်းပေါက်ကွဲမှု သံစဉ်ကို (၂)မျိုးခံစားနိုင်သည်။ “သခင်ယေရှု ခရစ်တော်အားဖြင့် ကယ်တင်သောကြောင့် ဘုရားသခင်ကို ချီးမွမ်းခြင်း” သို့မဟုတ် “ဘုရားသခင်က သခင်ယေရှုကို စေလွှတ်ခြင်း” ဖြစ်သည်။

အကျဉ်းပြန်ကောက်ရလျှင် အားပြိုင်မှုနှစ်ခု တွေ့ရသည် ။ စိတ်သစ်၊ လူသစ်သည် ဘုရားသခင်၏ တရားတော်ဖြစ်၍ ဇာတိသည် အပြစ်၏ ပညတ်တရားဖြစ်သည်။ နောက်အခန်းသစ်မကူးမီက ကယ်နှုတ်ခြင်း လမ်းစကို တွေ့ကြပါစေ။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

[post-views]

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။