ရောမဩဝါဒစာ - ၈

ဝိညာဉ်အားဖြင့်အသက်ရှင်ခြင်း
1ဘုရားသခင် ကယ်လွှတ်တော်မူသောကြောင့် ယေရှုခရစ်၌တည်၍၊ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ်ပကတိအတိုင်း ကျင့်သောသူတို့သည် အပြစ်စီရင်ခြင်းနှင့် လွတ်ကြ၏။- 2ယေရှုခရစ်၌တည်၍ အသက်ရှင်စေသော ဝိညာဉ်တော်၏တရားသည် အပြစ်တရား၏ လက်မှလည်းကောင်း၊ သေခြင်းတရား၏လက်မှလည်းကောင်း၊ ငါ့ကိုကယ်လွှတ်ပြီ။- 3ဇာတိပကတိကြောင့် ပညတ်တရားသည် အားနည်း၍ မတတ်နိုင်သောအမှုကို ဘုရားသခင်ပြုတော်မူခြင်းငှာ၊ အပြစ်နှင့်ပြည့်စုံသော ဇာတိပကတိ၏ သဏ္ဌာန်ကိုဆောင်သော မိမိသားတော်ကို စေလွှတ်တော်မူ၍၊ အပြစ်ဖြေဖို့ရာ ဇာတိပကတိ၌ အပြစ်ကို ဒဏ်ပေးတော်မူ၏။- 4အကြောင်းမူကား၊ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ်ပကတိအတိုင်း ကျင့်သောငါတို့သည်၊ တရား၌ပါသော ပညတ်တို့ကို စောင့်ရှောက်မည်အကြောင်းတည်း။- 5ဇာတိပကတိရှိသောသူတို့သည် ဇာတိပကတိနှင့် စပ်ဆိုင်သောအရာတို့ကို စွဲလမ်းသော စိတ်သဘောရှိကြ၏။ ဝိညာဉ်ပကတိရှိသော သူတို့မူကား၊ ဝိညာဉ်ပကတိနှင့် စပ်ဆိုင်သောအရာတို့ကို စွဲလမ်းသော စိတ်သဘောရှိကြ၏။- 6ဇာတိပကတိစိတ်သဘောသည် သေခြင်းအကြောင်း ဖြစ်၏။ ဝိညာဉ်ပကတိစိတ်သဘောသည် အသက်ရှင်ခြင်းအကြောင်းနှင့် ငြိမ်သက်ခြင်းအကြောင်း ဖြစ်၏။- 7အဘယ်ကြောင့်နည်းဟူမူကား၊ ဇာတိပကတိ စိတ်သဘောသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်၏။ ဘုရားသခင်၏ တရားတော်အလိုသို့ မလိုက်တတ်။ ထိုမျှမက မလိုက်နိုင်။- 8ထိုကြောင့် ဇာတိပကတိ၌ ကျင်လည်သော သူတို့သည် ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့နိုင်ကြ။- 9သို့သော်လည်း ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူလျှင်၊ သင်တို့သည် ဇာတိပကတိဘက်၌ ရှိကြသည်မဟုတ်။ ဝိညာဉ်ပကတိဘက်၌ ရှိကြ၏။ ခရစ်တော်၏ဝိညာဉ်ကို မရသောသူမည်သည်ကား ခရစ်တော်နှင့်မဆိုင်။- 10ခရစ်တော်သည် သင်တို့အထဲ၌ရှိတော်မူလျှင်၊ ကိုယ်ကာယသည် အပြစ်ကြောင့် အသေဖြစ်သော်လည်း ဝိညာဉ်မူကား ဖြောင့်မတ်ခြင်းကြောင့် အသက်ရှင်လျက်ရှိ၏။- 11ထိုမျှမက၊ ယေရှုကိုသေခြင်းမှ ထမြောက်စေတော်မူသော ဘုရား၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူလျှင်၊ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေတော်မူသော ဘုရားသည် သင်တို့အထဲ၌ ကျိန်းဝပ်သော မိမိဝိညာဉ်တော်အားဖြင့်၊ သေတတ်သော သင်တို့၏ ကိုယ်ကာယကိုပင် ရှင်စေတော်မူမည်။၁ကော၊ ၃:၁၆။
12သို့ဖြစ်၍ ညီအစ်ကိုတို့၊ ငါတို့သည် ဇာတိပကတိအတိုင်း ကျင့်ရမည်အကြောင်း၊ ဇာတိပကတိ၏ကျွန် ဖြစ်ကြသည်မဟုတ်။- 13သင်တို့သည် ဇာတိပကတိအတိုင်းအသက်ရှင်လျှင် သေရကြမည်။ ဝိညာဉ်တော်အားဖြင့် ကိုယ်ကာယ၏အကျင့်တို့ကို သေစေလျှင် အသက်ရှင်ကြလိမ့်မည်။- 14ဘုရားသခင်၏ဝိညာဉ်တော် ဆုံးမပဲ့ပြင်တော်မူသမျှသော သူတို့သည် ဘုရားသခင်၏သားဖြစ်ကြ၏။- 15အကြောင်းမူကား၊ သင်တို့သည် တစ်ဖန် ကြောက်ရွံ့တတ်သော ကျွန်၏သဘောကို ရကြသည်မဟုတ်။ အဗ္ဗအဘဟုခေါ်ရသောအခွင့်နှင့် သားဖြစ်ခြင်း၏ သဘောကိုရကြပြီ။-ဂလ၊ ၄:၆။ 16ငါတို့သည် ဘုရားသခင်၏သားဖြစ်ကြသည်ဟု ဝိညာဉ်တော်သည် ငါတို့၏ဝိညာဉ်နှင့်အတူ သက်သေခံတော်မူ၏။- 17သားမှန်လျှင် အမွေခံ၊ ဘုရားသခင်၏ အမွေခံဖြစ်ကြ၏။ ခရစ်တော်နှင့်အတူ ဘုန်းဝင်စားမည်အကြောင်း၊ ထိုသခင်နှင့်အတူ ဆင်းရဲဒုက္ခကိုခံရလျှင်၊ ထိုသခင်နှင့်ဆက်ဆံသော အမွေခံလည်း ဖြစ်ကြ၏။-ဂလ၊ ၄:၅-၇။
အနာဂတ်ဘုန်းအသရေ
18ငါတို့အား ပေါ်ထွန်းလတ္တံ့သော ဘုန်းကိုထောက်သော်၊ ယခုမျက်မှောက်ကာလ၌ ခံရသောဆင်းရဲဒုက္ခကို ပမာဏမပြုထိုက်ဟု ငါသဘောရှိ၏။- 19ဤလောကသည် ဘုရားသခင့်သားတို့၏ ပေါ်ထွန်းခြင်းအရာကို အလွန်တောင့်တ မျှော်လင့်လျက်နေ၏။- 20ဤလောကသည် အနိစ္စနိုင်ငံသို့အလိုလို လိုက်သည်မဟုတ်။- 21ဘုရားသခင်သားတို့၏ ထူးမြတ်သော လွှတ်ခြင်းချမ်းသာတည်းဟူသော ဖောက်ပြန်ပျက်စီးခြင်း အနှောင်အဖွဲ့မှ ကယ်လွှတ်ခြင်းချမ်းသာကို ဝင်စားမည်ဟု မျှော်လင့်ရသော အခွင့်ကိုပေး၍ အနိစ္စနိုင်ငံသို့ လိုက်စေတော်မူသောသူ၏ အလိုတော်ကြောင့်သာ လိုက်ရ၏။- 22ဤလောကတစ်နိုင်ငံလုံးသည် ယခုတိုင်အောင် တညီတညွတ်တည်းညည်းတွား၍ ဆင်းရဲခြင်းဝေဒနာကို ခံရသည်ဟု ငါတို့သိကြ၏။- 23ထိုမျှမက ဝိညာဉ်တော်၏ ကျေးဇူးတော် အစအဦးကို ခံပြီးသော ငါတို့သည်လည်း၊ သားအရာ၌ ချီးမြှောက်ခြင်းအကြောင်းတည်းဟူသော ကိုယ်ခန္ဓာ ရွေးနုတ်ခြင်းချမ်းသာကို မျှော်လင့်၍၊ စိတ်နှလုံးအထဲ၌ ညည်းတွားလျက်နေကြ၏။-၂ကော၊ ၅:၂-၄။ 24ငါတို့သည် မျှော်လင့်ခြင်းအားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်ကြ၏။ မျှော်လင့်သောအရာကို တွေ့မြင်လျှင် မျှော်လင့်စရာအကြောင်း မရှိ။ တွေ့မြင်သောအရာကို အဘယ်ကြောင့် မျှော်လင့်ရမည်နည်း။- 25ငါတို့သည် မတွေ့မမြင်သောအရာကို မျှော်လင့်လျှင်မူကား၊ ထိုအရာကို သည်းခံသောစိတ်နှင့် ငံ့လင့်၍ နေကြ၏။- 26ထိုမှတစ်ပါး၊ ငါတို့ မတတ်နိုင်သောအရာမှာ ဝိညာဉ်တော်သည် မစတော်မူ၏။ ငါတို့သည် ဆုတောင်းသင့်သည်အတိုင်း အဘယ်ဆုကို တောင်းရမည်ဟုမသိကြ။ သို့ရာတွင် ငါတို့ဆုတောင်းခြင်းအမှုကို နှုတ်မမြွက်နိုင်သော ညည်းတွားခြင်းအားဖြင့် ဝိညာဉ်တော်သည် စောင့်မတော်မူ၏။- 27စိတ်နှလုံးကို စစ်တော်မူသောသူသည်လည်း ဝိညာဉ်တော်၏ စိတ်သဘောကို သိတော်မူ၏။ အကြောင်းမူကား ဝိညာဉ်တော်သည် သန့်ရှင်းသူတို့၏ ဆုတောင်းခြင်းအမှုကို ဘုရားသခင်၏အလိုတော်နှင့်အညီ စောင့်မတော်မူ၏။
28ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့သိကြ၏။- 29ဘုရားသခင်၏သားတော်သည် အများသောညီတို့တွင် သားဦးဖြစ်တော်မူမည်အကြောင်း၊ ဘုရားသခင်သည် ရှေ့မဆွကသိတော်မူသော သူတို့ကို သားတော်၏ပုံသဏ္ဌာန်နှင့် တညီတည်းဖြစ်စေခြင်းငှာ ရှေ့မဆွက ခွဲခန့်မှတ်သားတော်မူ၏။- 30ထိုသို့ ခွဲခန့်မှတ်သားနှင့်သောသူတို့ကို ခေါ်တော်မူ၏။ ခေါ်တော်မူသော သူတို့ကိုလည်း ဖြောင့်မတ်ရာ၌ တည်စေတော်မူ၏။ ထိုသို့ တည်စေတော်မူသော သူတို့ကိုလည်း ချီးမြှောက်တော်မူ၏။
ယေရှုခရစ်၌ဘုရားသခင်၏မေတ္တာတော်
31သို့ဖြစ်၍ ဤအရာများတို့၌ အဘယ်သို့ ပြောစရာရှိသနည်း။ ဘုရားသခင်သည် ငါတို့ဘက်၌ ရှိတော်မူလျှင်၊ အဘယ်သူသည် ငါတို့တစ်ဖက်၌ နေနိုင်မည်နည်း။- 32မိမိသားတော်ရင်းကို မနှမြောဘဲ၊ ငါတို့ရှိသမျှ အဖို့အလိုငှာ စွန့်တော်မူသောသူသည်၊ သားတော်နှင့်တကွ ခပ်သိမ်းသောအရာတို့ကို ငါတို့အားမပေးဘဲ အဘယ်သို့ နေတော်မူမည်နည်း။- 33ဘုရားသခင်ရွေးကောက်တော်မူသော သူတို့ကို အဘယ်သူသည် အပြစ်တင်မည်နည်း။ ဖြောင့်မတ်ရာ၌ တည်စေသောသူကား ဘုရားသခင်ပေတည်း။- 34အပြစ်စီရင်သောသူကား အဘယ်သူနည်း။ အသေခံ၍ခံသည်သာမက၊ သေခြင်းမှထမြောက်၍ ဘုရားသခင်၏ လက်ယာတော်ဘက်၌နေလျက်၊ ငါတို့အဖို့ ဆုတောင်းသောသူကား ခရစ်တော်ပေတည်း။- 35ခရစ်တော်၏ချစ်ခြင်းမေတ္တာနှင့် ငါတို့ကို အဘယ်သူကွာစေမည်နည်း။- 36အကယ်စင်စစ် ကိုယ်တော်အတွက် အကျွန်ုပ်တို့သည် အစဉ်မပြတ် အသေသတ်ခြင်းကို ခံရကြပါ၏။ သတ်ဖို့ရာထားသော သိုးကဲ့သို့ အကျွန်ုပ်တို့ကို သူတစ်ပါး မှတ်တတ်ကြပါ၏ဟု ကျမ်းစာလာသည်နှင့်အညီ၊ ဆင်းရဲငြိုငြင်ခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း၊ မွတ်သိပ်ခြင်း၊ အဝတ်အချည်းစည်းရှိခြင်း၊ ဘေးနှင့်တွေ့ကြုံခြင်း၊ ကွပ်မျက်ခြင်းကို ခံရသော်လည်း၊ ထိုအမှုတို့တွင် အဘယ်အမှုသည် ခရစ်တော်၏ ချစ်ခြင်းမေတ္တာတော်နှင့် ငါတို့ကို ကွာစေမည်နည်း။-ဆာ၊ ၄၄:၂၂။ 37မကွာစေသည်သာမက၊ ငါတို့ကို ချစ်တော်မူသောသူ၏ ကျေးဇူးတော်ကြောင့်၊ ငါတို့သည် ထိုအမှုခပ်သိမ်းတို့ကို ခံစဉ်တွင်ပင် အထူးသဖြင့် အောင်မြင်ကြ၏။- 38အကြောင်းမူကား၊ သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွတ်အမြတ်ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတ္တံ့သောအရာဖြစ်စေ၊- 39အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍ အဘယ်နိမ္မိတအရာမျှသည်၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် ခံရသောဘုရားသခင်၏ မေတ္တာတော်နှင့် ငါတို့ကို မကွာစေနိုင်ဟု ငါသည်သဘောကျလျက်ရှိ၏။

ရောမဩဝါဒစာ - ၈ (အနက်ဖွင့်)

()သန့်ရှင်းသော ဝိညာဉ်တော်တန်ခိုး ဖြင့် စင်ကြယ်သောအသက်တာ (အခန်း၈)

          ဧဝံဂေလိသတင်းက အပြစ်နွံထဲတွင် ဆက်လက်နေထိုင်ခြင်းအား ခွင့်ပြုပါသလားဟူသော မေးခွန်းကို အခန်း(၆)တွင် ဖြေကြားခဲ့ပါသည်။ အခန်း(၇)တွင် ယုံကြည်သူများသည် ပညတ်တရားကို စောင့်ထိန်းဖို့ လိုအပ်ပါသလောဟူသော မေးခွန်းကို ဖြေကြားပါသည်။ ယခု ဤအခန်းတွင်မူ စင်ကြယ်သော အသက်တာကို မည်သို့ ပြုကျင့်ရမည်နည်းဟူသောအကြောင်းဖြစ်သည်။

အခန်း(၇)တွင် စိတ်ညစ်ဖွယ်ရာ အကြောင်းများအခြား၌ ဖော်ပြထားသည်။ ထို့နောက် သန့်ရှင်းသော ဝိညာဉ်တော် တမ်းတအော်ခေါ်သည်။ အရေးကြီးနားလည်ရမည့်အချက် မှာ အောင်မြင်ခြင်းအစွမ်းသည် လူ့ခန္ဓာကိုယ်ထဲမှာ ရှိသည်မဟုတ်။ သန့်ရှင်းသောဝိညာဉ်တော်ဖြစ်၍ ထိုသန့်ရှင်းသော ဝိညာဉ်တော်သည် မိမိထံတွင် ရှိနေရမည်။ A.J Gordon ကသန့်ရှင်းသော ဝိညာဉ်တော်၏ ကူညီထောက်ပံပုံကို ဤသို့ ဆိုထားသည်။ (၁)အမှုတော်တွင် လွတ်လပ်စွာ ပါဝင်သည် (ငယ် ၂)။ (၂) အမှုတော်ထမ်းဆောင်ရန် ခွန်အားပေးသည် (ငယ်၁၃)။ အပြစ်ကိုအောင်နိုင်စေသည် (ငယ်၁၃)။ (၄)အမှုတော်လုပ်ငန်းကို ပြသသည် (ငယ်၁၄)။ (၅)ဘုရားသားတော်ဖြစ်ကြောင်း သက်သေခံသည် (ငယ်၁၆)။ (၆) အမှုတော်ထမ်းရွက်ကူသည် (ငယ် ၂၆)။ (၇)ဆုတောင်းကူသည် (၂၆)။

:      တမန်တော်ကြီးသည် မှောင်ရိပ်ချိုင့်ဝှမ်းထဲတွင် လူလှိမ့်နေရာမှ ကုန်းပေါ်သို့ အောင်ပွဲနှင့်အတူ ကြွေးကြော်နေပြီ။ ခရစ်တော်ယေရှုနှင့် တလုံးတဝတည်း ဖြစ်သောကြောင့် အပြစ်ဒဏ်စီရင်ခြင်းမှ ယခုကင်းလွတ်၏ ဟု ကြွေးကြော်သည်။ ဤကျမ်းစကားကို (၂)မျိုးနားလည်နိုင်သည်။

ပထမအချက်မှာ ခရစ်တော်၌ မှီတင်းနေကြသောကြောင့် အပြစ်နှင့်ပက်သက်၍ တရားစီရင်စရာအကြောင်းမရှိတော့ပါ။ အာဒံ၏ အပြစ်သား အမွေဆက်ခံလာသမျှ ပြတ်တောက်သွားသည်။ ထိုသို့ပြတ်တောက်သွားသောကြောင့် လူလွတ်ဖြစ်သွားသည်။ သို့ကြောင့် ဤသို့ကြွေးကြော်နိုင်ကြပြီ။

ယေရှုသခင်အရှင်ထံမှ

ကောင်းကြီးအစဉ်ခံစားရ

ခြောက်ပြစ်ကင်းသဲလဲစင်

သခင်ဘုန်းတော်ကြီးပေစွ။

W.N.Tomkins

အခန်း ၇ အတိုင်း မိမိကိုယ်ကို အပြစ်တင်စီရင်စရာ မလို။ အပြစ်ကို ရုန်းကန်ကျော်လွှားရန် ခက်ခဲပါသည်။ သို့သော် ထိုအပြစ်နွံထဲတွင် ကျန်ရစ်နေဖို့မဟုတ်ပါ။ အငယ် ၂ တွင် အပြစ်စီရင်ခြင်းအကြောင်းကို ဆက်လက်ရှင်းပြထားပါသည်။

:     ခရစ်တော်နှင့် ဆိုင်သည် ဝိညာဉ်တော်တရားက ပျော်ရွှင်စေသည့် အပြင်လက်မှ လွတ်မြောက်စေသည်။ ဝိညာဉ်တော်တရားနှင့် အပြစ်တရားသည် ဆန့်ကျင်ဘက်ဖြစ်သည်။ ဝိညာဉ်တော်တရားသည် စင်ကြယ်သောအသက်တာရရှိဖို့ တန်ခိုးခွန်အားပေးသည်။ အပြစ်တရားသည် လူကို သေရွာသို့ ပို့ဆောင်သည်။ ဆွဲငင်အားနိယာမသဘောတရား အတိုင်းဖြစ်သည်။ ဥပမာလေထဲသို့ ဘောလုံးတလုံးပစ်မြောက်လျှင် ဘောလုံးသည် လေထက်လေးသောကြောင့် အောက်သို့ ပြန်ကျလာပါသည်။ ငှက်သည်လေထက်လေးပါသည်။ သို့သော် လေထဲတွင်ပျံဝဲနိုင်သည်။ ငှက်၏ပျံသန်းခြင်းနိယာမက ဆွဲငင်အားနိယာမကို အနိုင်ယူပါသည်။ ထိုကဲ့သို့ပင် လူသည်နိယာမတရားအားဖြင့် သေလွန်၍ မြေကြီးထဲတွင် ဘဝဆုံးရမည်ဖြစ်သော်လည်း သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် သေခြင်းနိယာမတရားကို အောင်မြင်ပါသည်။

:    ပညတ်တရားသည် ဇာတိနှင့်သက်ဆိုင်သောကြောင့် အားနည်းချက်ရှိသည်။ ထို့ကြောင့်စင်ကြယ်သော အသက်တာမပေးနိုင်။ ပညတ်တရား က ဆင်းရဲဒုက္ခပေးသည်မဟုတ်။ လူ့ပင်ကိုယ်အားနည်းချက်ဖြစ်သည်။ လူသည်ပင်ကိုယ်သဘာဝအားဖြင့် အပြစ်သားများဖြစ်သောကြောင့် နာခံခြင်းအားနည်းသူများဖြစ်သည်။ သို့ကြောင့် ဘုရားသခင်နှင့် လူအကြားတွင် သားတော်အား လူ့ဇာတိခံယူစေခြင်းဖြစ်သည်။ သခင်ယေရှုသည် အပြစ်သားလူ့ဇာတိကို ခံယူသည်မဟုတ်။ လူ့ဇာတိသဘော သဘာဝသာ ခံယူခြင်းဖြစ်သည်။ ယေရှုတွင် အပြစ်တစုံတရာမရှိပါ (၁ပေ ၂:)။ အပြစ်နှင့် မဆက်စပ်ပါ (၂ကော ၅:၂၁)။ ယေရှုတွင် အပြစ်မရှိပါ (သယော ၃:၅)။ သို့သော် လူ့လောကသို့ ကြွရောက်လာသောအခါ အပြစ်သားဘဝကိုခံယူပေးသည်။ အပြစ်များကို ဖျက်စီးပစ်ရန် လူ့ဇာတိကို ခံယူသည်။ အပြစ်ဟုဆိုရာတွင် လုပ်ကိုင်ပြုမူသောအမှား အတွက်သာမဟုတ်။ မွေးရာပါ ဗီဇအပြစ်များလည်းပါဝင်သည် အသေခံပေးသည်။ ဇာတိအပြစ်များကို ချေပျက်သည်။ ဗီဇအပြစ်များကိုလည်း အကုန်အစင်ချေဖျက်ပါသည်။

:    ယခုဝိညာဉ်တော်၌ အသက်ရှင်နေကြပြီး ဝိညာဉ်တော်နှင့် အသက်ရှင်နေကြသည်နှင့်အညီ ပညတ်တရားများကို လိုက်နာကြရမည်။သို့သော် ဇာတိသဘောဖြင့် လိုက်နာခြင်းမဟုတ်။ ဝိညာဉ်တော်အသက်တာရှိသူများသည် မေတ္တာနှင့် ပြည့်ဝသူများဖြစ်သောကြောင့် မိမိနှင့်စပ်ဆိုင်သောသူများ အိမ်နီးနားခြင်းများကို ချစ်ခြင်းမေတ္တာရှိရန်ပညတ်တရားက အလိုရှိသည်။

ဤအခန်းငယ် (၄)ခုသည် ၅:၁၂ မှ ၇:၂၅ ကျမ်းပိုဒ် များကို ပြန်လည်ဖြေကြားခြင်းဖြစ်သည်။ ၅:၁၂-၂၁ တွင် အာဒံနှင့် ယေရှု၏ဥသျှောင်မှုကို ရှင်းပြထားသည်။ ၈:၁ တွင် မူ ယေရှုခရစ်တော်၏ ဥသျှောင်မှုအောက်သို့ ကူပြောင်းကြသောကြောင့် အာဒံ၏ ဥသျှောင်မှုသည် ဇာတ်သိမ်းသွားပါသည်။ အခန်း ၆ နှင့် ၇တွင် လူ့ဇာတိမသိစိတ်တွင် အပြစ်တရားခိုကပ်နေပုံကို ရှင်းပြထားသည်။ ယခု အခန်းတွင် ယေရှုခရစ်တော် အသက်ရှင်သူများက ဝိညာဉ်တော်တရားကြောင့် လူလွတ်ဖြစ်သွားကြပုံကို ရှင်းပြထားသည်။ အခန်း၇ တွင် ဖော်ပြထားချက်များကို ဝိညာဉ်တော်တရားဖြင့် ကွပ်ကဲရမည့်အကြောင်း၊ သွန်သင်ထားသည်။

:    လူ့ဇာတိသဘောဖြင့် အသက်ရှင်သူ ဆိုသည်မှာ အသက်တာမပြောင်းလဲသူဖြစ်သည်။ ဇာတိအသွေးအသား၌ ကြွင်းကျန်သူများဖြစ်သည်။ ဇာတိ၏ ကွန်ယက်မှ ရုန်းမထွက်နိုင်။ သင်္ခါရမှော်ရုံ တော်မှာ မျက်စိလည်နေသည်။ ဖုံမှုန့်ထဲသို့ ပြန်ဝင်မည့် လူ့ခန္ဓာကိုယ်အရေးအကြောင်းကိုသာ ဦးစားပေးသည်။

ဝိညာဉ်ဇာတိတော် စွဲလမ်းသူ ဆိုသည်မှာ အသက်တာပြောင်းလဲသူဖြစ်သည်။ ဇာတိအသွေးအသားဘဝကို လွန်မြောက်လျှက် သင်္ခါရမှထာဝရသို့ ကူးပြောင်းသူဖြစ်သည်။ နှုတ်ကပက်တော်၊ ဆုတောင်းခြင်းရှိခိုးခြင်း ခရစ်ယာန်အသက်တာ၌ မွေ့လျော်သူဖြစ်သည်။

:    ဇာတိစိတ်သဘော ဆိုသည်မှာ ဖောက်ပြန်ပျက်စီးတတ်သော စိတ်နှလုံးကိုဆိုလိုသည်။ ထိုစိတ်သဘောသည် သေရွာလမ်းဖြစ်သည်။ လက်ရှိဘဝ ပျော်ရွှင်မှုမှစ၍ ထာဝရသေခြင်းဖြစ်သည်။ အဆိပ်အတောက်ကျူးလွန်၍ သေခြင်း၏ လက္ခဏာဖြစ်သည်။

ဝိညာဉ်အသက်တာမူကား ငြိမ်သက်စွာ ရှင်သန်ခြင်းဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော် အာမခံချက် ဖြစ်၍ ပျော်ရွှင်ချမ်းမြေ့ခြင်း အမှန် ဘုရားသခင်ထံတော်၌ ငြိမ်သက်ခြင်း၊ ကြွယ်ဝသော အသက်ရှိခြင်းဖြစ်သည်။

:    ဇာတိစိတ်သည် ဘုရားသခင်အား ရန်ဘက်ပြုခြင်းဖြစ်၍ သေခြင်းနှင့် သက်ဆိုင်သည်။ အပြစ်သားသည် ဘုရားသခင်ကို ဆန့်ကျင်လျက် ပုန်ကန်ခြားနားသူဖြစ်သည်။ ဘုရားသခင်ကို လက်ခံသူသည် ခရစ်တော်ဘုရား၏ ကားတိုင်အမှုတော်ကို လက်ခံယုံကြည်သည်။ ဇာတိသဘောသည် ထိုဘုရားတော်ကို လက်မခံ။ သူ့ကိုယ်သူဘဝ၏ အရှင်ဟုခံယူသည်။ ထိုအယူအဆခံယူချက်သည် ဘုရားသခင်၏ တရားတော်နှင့် ဆန့်ကျင့်ဖက်ဖြစ်သည်။ အယူအဆတိမ်းစောင်းခြင်းသာမက တန်ခိုးတော်ကိုလည်း အသိအမှတ်မပြုခြင်းဖြစ်သည်။ ဇာတိသဘောသည် ဘုရားသခင်ရှေ့တွင် အသေကောင်ဖြစ်သည်။

:  ဇာတိလူသားများသည် ဘုရားသခင်ရှေ့တော်တွင် မပျော်ရွှင်နိုင်ကြသည်မှာ အံ့သြစရာမဟုတ်ပါ။ မှန်ပါသည်။ ကယ်တင်ခြင်းမရသူသည် ဘုရားသခင်၏ စိတ်တော်နှင့် ထိတွေ့စရာမလုပ်နိုင်၊ ကောင်းသောအကျင့်လည်း မပြုနိုင်။ ဘာသာတရား အတွေးအမြင်လည်းမရှိ၊ ဝတ်ပြုကိုးကွယ်ခြင်းလည်း နားမလည်။ ဘာဆိုဘာမှမသိ။ ထိုသူတို့သည် ပထမဦးစွာ အပြစ်သားဖြစ်ကြောင်းကို ဝန်ခံရမည်။ ခရစ်တော်ကို ယုံကြည်ရမည်။ ထိုနောက် ဘုရားသခင်ရှေ့တော်၌ မျက်နှာသာရနိုင်သည်။

:  အသစ်တဖန်မွေးဖွားသူသည် ဇာတိ၌မပျော်ပိုက်နိုင်ပါ။ ဝိညာဉ်နယ်ပယ်၌သာ မွေ့လျော်သည်။ သီးခြားပတ်ဝန်းကျင်၌ နေရသည်။ ငါးသည် ရေ၌ အသက်ရှင်၍ လူသည် လေဖြင့်အသက်ရှုသည်။ ထိုကဲ့သို့ပင် ယုံကြည်သူသည် ဝိညာဉ်တော်၌ အသက်ရှင်သည်။ ဝိညာဉ်တော်၌ အသက်မရှင်သူသည် ခရစ်တော်ကို ပိုင်ဆိုင်သူမဟုတ်။ ဤနေရာတွင် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ခရစ်တော်၏ ဝိညာဉ်တော်ဟု ခွဲထားသော်လည်း အနှစ်သာရအားဖြင့် အတူတူဖြစ်ပါသည်။

:၁၀  ဝိညာဉ်တော်တရားအရ ယုံကြည်သူထဲတွင် ခရစ်တော် ရှင်သန်နေရသည်။ ခန္ဓာကိုယ်သည် ပုပ်ပျက်ပျက်စီးတတ်၍ ထိုအထဲတွင် ယေရှုခရစ်တော်မည်သို့ ရှင်သန်မည်နည်းဟု တွေးစရာရှိနိုင်သည်။ ထိုသို့ ဆိုလိုခြင်းမဟုတ်။ ရုပ်ခန္ဓာသေခြင်းဆိုသည်မှာ လူ့ဇာတိသဘောမရှိတော့ခြင်း ဆိုလိုသည်။

လူ့ရုပ်ခန္ဓာကိုယ်နှင့် ဆန့်ကျင်၍ ဝိညာဉ်၂၈ သည် ဖြောင့်မတ်ခြင်းဖြစ်သောကြောင့် အသက်ရှင်သည်။ ဘုရားသခင်အတွက် တစ်ခါသေခဲ့သော်လည်း ယေရှုနှင့်အတူ ပြန်လည်ထမြောက်ခဲ့ပြီးဖြစ်သည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းက ကောင်းကြီးမင်္ဂလာပေးပါသည်။

:၁၁  မှတ်သားရန်မှာ ရုပ်ခန္ဓာကိုယ်သည် သေရမည်။ မိမိတို့အသက်တာတွင် သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်ရိုးမှန်လျှင် ထိုဝိညာဉ်တော်သည် ယေရှုကို ထမြောက်စေသကဲ့သို့ မိမိတို့ကိုလည်း အမှန်ထမြောက်စေပါသည်။ ယေရှုကိုရုပ်ခန္ဓာကိုယ်ဖြင့် ထမြောက်စေသကဲ့သို့ မိမိတို့သည်လည်း ရုပ်ခန္ဓာကိုယ်ဖြင့် ထမြောက်စေမည်။ ထမြောက်ခြင်းသည် အဆုံးသတ်ရွေးနှုတ်ခြင်းဖြစ်သည်။ ကယ်တင်ရှင် သခင်ကဲ့သို့ ရုပ်ခန္ဓာပြောင်းလဲ ဘုန်းတန်ခိုးရရှိမည့် အကြောင်းဖြစ်သည်။

:၁၂  ဇာတိသဘောနှင့် ဝိညာဉ်သဘော ဆင့်ကျင်ပုံ၊ တွေးမြင်ခဲ့ကြရပြီ။ မည်သိုနိဂုံးဆွဲမည်နည်း။ ဇာတိ၌ အသက်ရှင်စရာအကြောင်း လုံးဝဥဿုံမရှိတော့ပါ။ လူဟောင်း၊ ဒုစရိုက်ပျက်စီးခြင်း သင်္ခါရတရားနှင့် သက်သက်စရာမရှိ။ ဇာတိသည် ကောင်းမှု ကုသိုလ်တပဲမှ စိတ်ကူးမရှိ။ အကယ်၍ ခရစ်တော်ကသာ မကယ်တင်လျှင် အဝီစိတွင်း၊ အနက်ဆုံးအမှောင်တကာ့ အမှောင်ဆုံး ငရဲပြည်လားကြမှာ သေချာသည်။ ထိုသူနှင့်အဘယ်ကြောင့် ပတ်သက်ရတော့မည်နည်း။

:၁၃ ဇာတိဖြင့် အသက်ရှင်သူသည် သေကို သေရမည်။ ရုပ်ခန္ဓာကိုယ်သာ သေရသည်မဟုတ်။ ထာဝရ ကာလပတ်လုံး သေဘေးကြုံရမည်။ ဇာတိစိတ်ဖြင့် အသက်ရှင်သူများသည် ကယ်တင်ခြင်းမရသူများဖြစ်သည်။ ထိုအကြောင်းကို (၈:၄-၅) တွင် ရှင်းပြထားသည်။ ထိုကျမ်းပိုဒ်များက အချို့သော ယုံကြည်သူများသည် ပျောက်ဆုံးနေဆဲဖြစ်သည်ဟု ဆိုလိုပါသလား။ မဟုတ်ပါ။ ထိုသို့မဖြစ်ရအောင် မိမိကိုယ်ကို စစ်ကြောဖို့ သတိပေးခြင်းဖြစ်သည်။ အသက်တာအသစ် မရရှိသူများကို နှိုးဆော်တပ်လှန့်ခြင်းဖြစ်သည်။

စစ်မှန်သော ယုံကြည်ခြင်းလက္ခဏာရှိဖို့ တိုက်တွန်းခြင်းဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်တရားနှင့် အညီ အသက်တာသစ်ဖြင့် ဇာတိဘဝကို အသေသတ်ခြင်းဖြစ်သည်။ ဝိညာဉ်တော်နှင့် ပြည့်ဝသူသည် ယခု ကာလမှစ၍ ထာဝရအသက်တလျှောက်လုံး ပျော်ရွှင်သူဖြစ်သည်။ လူ့လောကတွင်လည်း ဘဝအောင်မြင်သူဖြစ်သည်။

:၁၄  တနည်းပြေရလျှင် ဝိညာဉ်အသက်တာရှိသူသည် ဘုရားသခင်ဝိညာဉ်တော်၏ ဦးဆောင်မှုခံယူသူများဖြစ်သည်။ ကျမ်းပိုဒ်ကမူ ထိုသူများကို ဘုရားသခင်က ဦးဆောင်သည်ဟုမဆို။ ဘုရားသခင်၏သား သမီးများဖြစ်သည်ဟု သုံးနှုန်းထားသည်။ ဘုရားသခင်၏ဝိညာဉ်တော်က ဦးဆောင်ခြင်းနှင့်အတူတူဖြစ်သည်။ ဝိညာဉ်တော်၏ ဦးဆောင်မှုကို စောကြောစရာမလိုပါ။ အသက်တာပြောင်းလဲသည်နှင့် တပြိုင်နက်ဝိညာဉ်တော်က လက်ခံမိတ်ဖွဲ့ပါသည်။

သားသမီးများဖြစ်ခြင်းဆိုသည်မှာ ဘုရားသခင်၏ မိသားစုထဲသို့ ဝင်ရောက်ခြင်းဖြစ်၍ သားသမီး၏ ရပိုင်ခွင့် အခွင့်အရေးများ ခံစားခြင်းသည် အသက်တာသစ်ရရှိသူသည် အခွင့်အခါစောင့်နေစရာမလိုပါ။ သူ၏ ဝိညာဉ်အသက်တာအား ညီအစ်ကိုမောင်နှမများအတွက် ပေးဆပ်သည်။ ထုတ်ဖေါ်ပြသည်။

:၁၅  ပညတ်တရားအောက်မှာရှိသူသည် အရပ်ထဲကလေးသူငယ်ပမာဖြစ်သည်။ ကြောက်ရွံ့စရာများက ဝိုင်းကြီးပတ်ချာလည်ဝိုင်းနေသည်။ အပြစ်ဒဏ်က စောင့်ကြိုနေသည်။ အသစ်တဖန်မွေးဖွားသူသည် သောကဗျာပါဒထဲတွင် မနေချင်။ ဘုရား၏ အိမ်တော်သို့ရောက်ရှိသွားသည်။ သို့သော် အစေခံကျွန်အဖြစ် ရောက်ရှိခြင်းမဟုတ်။ ဝိညာဉ်သားသမီးအဖြစ်ရောက်ရှိခြင်းဖြစ်သည်။ ဘုရားသခင်၏ မိသားစုဝင်ဖြစ်သွားသည်။ ဝိညာဉ်ရေးရာပြည့်ဝသောကြောင့် ဘုရားသခင်ကိုလည်း “အဘအဖ” ဟုခေါ်ပိုင်ခွင့်ရှိသည်။ ရင်းနှီးစွာခေါ်ဆိုခွင့်ရှိသည်။

ဝိညာဉ်တော်၌သာဖြစ်ရခြင်း၂၉ ဆိုသည်မှာ ယုံကြည်သူအား သားအရာ အထူးအခွင့်အရေးပေးခြင်းဖြစ်သည်။ တနည်းပြောရလျှင် ဝိညာဉ်တော်၏ ကျေးကျွန်မဟုတ်။

သားဖြစ်ရခြင်းဟူသော စကားကို ရောမသြဝါဒကျမ်းတွင် (၃)ကြိမ် သုံးထားပါသည်။ ဤကျမ်းပိုဒ်တွင်မူ ယုံကြည်သူ၏ အသက်တာအဆင့်အတန်းအား သတ်မှတ်ခြင်းဖြစ်သည်။ (၈:၂၃)တွင် ယုံကြည်သူ၏ ခန္ဓာကိုယ်အား ဘုန်းတန်ခိုးပြည့်ဝသည့်အကြောင်း ရည်ညွှန်းထားသည်။ (၉:၁၄)တွင်  ဣသရေလလူမျိုးအား သားသမီးအဖြစ် ရွေးကောက်သည်။

(ဂလာ ၄:၅ နှင့် ဧ ၁:၅)တွင် သားအရာ၌ ခန့်ထားခြင်းဟုဆိုသည်။ အရွယ်ရောက်လူလားမြောက်သော ဘုရားသားသမီး၊ အခွင့်အရေးရရှိသူများဟု ဆိုလိုသည်။ ယုံကြည်သူတိုင်းသည် ဘုရားမိသားစုဝင်များ ဖြစ်သောကြောင့် ဘုရားသခင်အား “အဘ” ဟု ခေါ်ဆိုခွင့်ရှိသည်။ ဘုရားသားများဖြစ်သည်နှင့် အညီ လူ့လောကတွင် ရှိနေကြစဉ်အခါတွင် ရင့်ကျက်သော အသက်တာရှိကြရမည်။

သို့သော် ဓမ္မသစ်ကျမ်းပါ သားသမီးဖြစ်ခြင်းဟူသော စကားသည် လူ့အသိုင်းအဝိုင်းတွင် သားသမီးမွေးစားခြင်း၊ အမွေစားအမွေခံအဖြစ် ကောက်မွေးခြင်းမျိုးမဟုတ်။

:၁၆  ရုပ်ခန္ဓာသာမက အသစ်မွေးဖွားခြင်းဝိညာဉ်အသက်တာ၌ ဘုရားသားသမီးခံယူခြင်းဖြစ်သည်။ ထိုသို့ဖြစ်ကြောင်းကို ဝိညာဉ်တော်က ကာယကံရှင်သို့ ရှင်းပြပါသည်။ သန့်ရှင်းသောဝိညာဉ်တော်က ဘုရားမိသားစုဝင်ဖြစ်ကြောင်း အတိအလင်းကျေညာပေးသည်။ နှုတ်ကပတ်တော်နှင့် အညီဖြစ်သည်။ ကယ်တင်ရှင်ကို ယုံကြည်သူဖြစ်ကြောင်း၊ သန့်ရှင်းသော ဝိညာဉ်တော်က အသိအမှတ်ပြုပါသည်။

:၁၇  ဘုရားသခင်၏ မိသားစုဝင်ဖြစ်ခြင်းကြောင့် ဘုရားသားသမီးအခွင့် ထူးများခံစားခွင့်ရကြပါသည်။ ဘုရားသားသမီးဖြစ်သောကြောင့် အမွေတော်ခံစားခွင့်ရှိသည်။ ခမည်းတော် ဘုရားပိုင်သမျှကို သားသမီးများ ပိုင်ဆိုင်ခွင့်ရှိသည်။ မိမိလက်ဝယ်သို့ မရောက်ရှိသေးသော်လည်း ပိုင်ဆိုင်ခွင့်ရှိသည်။ အနာဂတ်ကာလတွင် မိမိတို့ လက်ထဲ၌ရှိသည်။  မသည်သည့်အရာကမှ လုယူတားဆီးပိုင်ခွင့်မရှိ။ ခရစ်တော်နှင့် အတူအမွေခံကြသည်။ သခင်ခရစ်တော်ဘုရား လောကကြီးကို အုပ်စိုးဖို့ လှံတံတော်ကိုင်၍ ကြွလာသောအခါ ခရစ်တော်နှင့်အတူ ခမည်းတော်၏ ဘုန်းတန်ခိုးတော်ကို မျှဝေခံစားကြမည်။

ယေရှုခရစ်တော်နှင့်အတူ ဆင်းရဲဒုက္ခခံကြရသောကြောင့် ခရစ်တော်နှင့်အတူ ဘုန်းအသေရေခံစားရမည်။ ထိုသို့ပြောရာတွင် ကျော်မကောင်းကြားမကောင်း ဆင်းရဲဒုက္ခခံစားရသည်။ စိတ်နှလုံးပူပန်ဆင်းရဲသည်ဟု ဆိုလိုသည်မဟုတ်။ ခရစ်တော်၏ ခံစားချက်များ မျှဝေခံစားသည်ဟု ဆိုလိုခြင်းဖြစ်သည်။ အချို့သောယုံကြည်သူများသည် ထိုထက်မက နာကျင်စွာ ဆင်းရဲဒုက္ခခံစားခြင်းများရှိပါသည်။ သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် သိမှတ်ခံယူသောကြောင့် လောကသားများ၏ ပြစ်တင်ငြိုငြင်သူများ အရှက်ခွဲခံရသူများကို ဆိုလိုပါသည်။

၁၈:၁၈  ခရစ်တော်ဘုရားနာမ၌ အရှက်တကွဲ အကျိုးနည်းဖြစ်ရခြင်းများသည် ကောင်းကင်နိုင်ငံ၌ ခံစားရမည့် ဘုန်းတန်ခိုးများနှင့် ယှဉ်ပြလျှင် ပြောလောက်ဖွယ်မရှိပါ။ မာတုရအဖြစ် အသေခံရသူများသည် ဘုရားသခင်နှင့် ကောင်းကင်နိုင်ငံတွင် တွေ့ဆုံသောအခါ အသက်သရဖူ အပ်နှင်းခြင်းခံရမည်။ ယခုလူ့ဘဝ၌ ခံစားရသော ဆင်းရဲဒုက္ခများသည် ခဏတဖြုတ်ခံစားခြင်းဖြစ်သည်။  ဘုရားသခင်၏ ဘုန်းတန်ခိုးတော်သည် ထာဝရခံစားစရာ ဖြစ်သည် (၂ကော ၄:၁၇) ဟု ဆိုထားသည်။ ဘုန်းတန်ခိုးတော်ခံစားရမည့် ဟူသောစကားသည် လေးနက်သိမ်မွေ့သည်။၃၀ ဘုန်းတန်ခိုးပိုင်ဆိုင်မည်ဟု ခံယူနိုင်မှသာလျှင် ဆင်းရဲဒုက္ခများသည်လည်း စိတ်ရှည်သီးခံနိုင်ကြမည်။

:၁၉  ဘုရားသားသမီးများ ဘုန်းအသရေပေါ်ထွန်းမည့်အချိန်ကို ဖန်ဆင်းထားသောအရာများက မျှော်လင့်တောင့်တနေကြသည်။ ထိုကျမ်းစကားမှာ သခင်ယေရှု ပြန်လည်ကြွရောက်မည့် အချိန်အခါကို ရည်ညွှန်းသည်။

ယုံကြည်သူများသည် ဘုရားသားသမီးဖြစ်သည်ဟု မိမိကိုယ်ကို ခံယူကြသော်လည်း လောကသားများက ထိုကဲ့သို့အသိအမှတ်မပြုကြပါ။ လောကသားများသည် ယခုကာလထက် နေ့ကောင်းရက်မြတ်များကို မျှော်လင့်တတ်ကြသော်လည်း ထိုနေ့ရက်သည် ဘယ်သောအခါမှ ပေါ်လာမည်မဟုတ်။ ခရစ်တော်ဘုရားကြွရောက်အုပ်စိုးသည့်နေ့ရက်တိုင်အောင် ပေါ်လာမည်မဟုတ်။ ဖန်ဆင်းထားသော သတ္တဝါများက သခင်ဘုရားကြွရောက်လာပုံကို ရင်သပ်ရှုမောမြင်ကြရမည်။

၁၈:၂၀  အာဒံ၏ အပြစ်သည် လူသားများသို့သာ အကျိုးသက်ရောက်သည်မဟုတ်။ ဖန်ဆင်းခံသတ္တဝါအားလုံးသို့ သက်ရောက်သည်။ သတ္တလောက၊ သြကာသလောက နှစ်ခုစလုံးသို့ ပျံ့နှံ့သွားသည်။ ကမ္ဘာမြေသည်လည်း ကျိန်ခြင်း ကျိန်ခြင်းမင်္ဂလာခံရသည်။ တောပျော်တိရစ္ဆာန်များသေကြရသည်။ ကျေးငှက်တိရစ္ဆာန် ငါးများနှင့် မြွေများပါသေကြရသည်။ လူ့အပြစ်၏အကျိုးဆက်သည် ဖန်ဆင်းခံသတ္တဝါများထိတိုင်အောင် တုန်လှုပ်ချောက်ခြားစေသည်။

ကမ္ဘာမြေသည် အစိုးမရ၊ အနတ္တဖြစ်သည်။ သို့သော် ထိုသို့ဖြစ်ပေါ်ရန် လောကကြီး၏ ရွေးချယ်ခြင်းမဟုတ်။ လူသားများ၊ လူ့ဥသျှောင်၏ နာခံခြင်း ပျက်ကွက်မှုကြောင့် ဘုရားသခင်၏ တရားစီရင်ခြင်းဖြစ်သည်။

ကျမ်းပိုဒ်နောက်ဆုံးတွင် မျှော်လင့်ချက် ဟု ဆိုထားသည်။ ဖန်ဆင်းခံသတ္တဝါအားလုံးသည်လည်း လွတ်မြောက်မည့် မျှော်လင့်ချက်ဖြစ်သည်။

:၂၁  ဖန်ဆင်းခြင်းအကြောင်းဆိုလျှင် ဧဒင်ဥယျာဉ်ကို ပစ်ပယ်၍ မရနိုင်။ အပြစ်တရားဝင်ရောက်လာသောအခါ ထိုဧဒင်ဥယျာဉ်ကို ပစ်ပယ်၍ မရနိုင်။ အပြစ်တရားကြောင့် ထိုဧဒင် ဥယျာဉ်မှအစပြု၍ ဖရိုဖရဲဖြစ်သွားသည်။ မှုလအစီအစဉ်တိုင်း စနစ်တကျမရှိ။ သို့သော် ဘုရားသခင်၏ သားသမီးများသည် ကယ်တင်ခြင်းခံစား၍ ဘုန်းတန်ခိုးပြည့်စုံသွားသကဲ့သို့ ထိုဖန်ဆင်းခံ အရာခပ်သိမ်းသည်လည်း သင်္ခါရတရားမှ ကယ်နှုတ်ခြင်းခံစားရဦးမည်ဟု မျှော်လင့်ချက်ရှိသည်။

:၂၂  လူသည် ဆင်းရဲဒုက္ခကြီးစွာ အသက်ရှင်နေရမည်။ လောကဓံတရားများ ခံစားနေရသည်။ ဖန်ဆင်းခံသတ္တဝါတိုင်းသည် သားဖွားခြင်းဝေဒေနာကဲ့သို့ နာကျင်စွာခံစားနေရသည်။ သဘာဝတေးသံသည် နာပျော်ဖွယ်မရှိ။ လောကအသံများက ဖုံးလွှမ်းနှောင့်ယှက်သည်။ နေရာတိုင်းမှာ သေခြင်းအရိပ်က ခြိမ်းခြောက်နေသည်။

:၂၃  ယုံကြည်သူများသည် လွတ်မြောက်သူများမဟုတ်။ ဘုရားသခင်၏ ဝိညာဉ်ဆုကျေးဇူးဦးစွာ ခံစားသူများဖြစ်သည်။ ကယ်တင်ခြင်း စိတ်ချရသူများဖြစ်သည်။ သို့သော် ဘုန်းတန်ခိုးကျက်သရေခံစားရမည့် နေ့ရက်ကို မျှော်လင့်ကြသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် အဦးသီးသောဆုလတ်ဆောင် ဖြစ်သည်။ ဘုရားသခင်၏ အမွေခံစားရကြောင်း ပထမဆုံး သက်သေခံသည်။

ဇာတိရုပ်ခန္ဓာကိုယ်မှ ရွေးနှုတ်၍ ဘုရားသခင်၏ သားသမီးဖြစ်ကြောင်း အာမခံသည် (ဧ ၁:၁၄)။ ဘုရားသခင်၏ သားသမီးဖြင့်ခွင့်ရသောကြောင့် မိသားစုဝင်ဖြစ်ကြသည်။ ထိုဘုန်းတန်ခိုးခံစားရသောအခါ ပိုမိုထင်ရှားမည်။ ထိုကျမ်းစကားမှာ ရုပ်ခန္ဓာကိုယ်ကို ရွေးနှုတ်မည့်အကြောင်းဖြစ်သည်။ စိတ်နှင့်ဝိညာဉ်သည် ရွေးနှုတ်ပြီးသားဖြစ်၍ ထိုနေ့ရက်၊ ချီဆောင်ခြင်း ကာလ၌ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ပေါင်းစပ်မည့်အကြောင်း ဖြစ်သည် (၁သက် ၄:၁၃-၁၈)။

:၂၄  မျှော်လင့်ခြင်း ရှိသောကြောင့် ကယ်တင်ခြင်းရရှိသည်။ အသက်တာပြောင်းလဲစဉ်တွင် ကယ်တင်ခြင်၏ ရလဒ်အပြည့်အစုံ ခံစားကြသည်မဟုတ်။ မျှော်လင့်ခြင်းဆိုသည်မှာ အနာဂတ်တွင် ပြည့်ဆုံခြင်းအပြစ်မှ နောက်ဆုံးလွတ်မြောက်ခြင်း၊ ဆင်းရဲဒုက္ခရောဂါဝေဒနာ သေခြင်းတို့မှ လွတ်မြောက်ခြင်းများကို ယုံကြည်ခြင်းဖြစ်သည်။ မျှော်လင့်ချက်သည် အနာဂတ်နှင့်သာ သက်ဆိုင်သည်။

:၂၅  မျက်မှောက်အပြစ်သားဘဝမှ လွတ်မြောက်ခြင်း ကတိတော်ကို ကိုးစားခြင်းတို့ကို       မျှော်လင့်ရသည်။ စိတ်ရှည်စွာ သီးခံစောင့်မျှော်ရသည်။

:၂၆ အနာဂတ်မျှော်လင့်ချက်ရှိကြသည့် အားလျော်စွာ သန့်ရှင်းသောဝိညာဉ်တော်သည် ထိုမျှော်လင့်ချက်၌ ခိုင်မြဲစေရန် ဝင်ရောက်အားပေးကူညီပါမည်။ လူသည် အားနည်းသူဖြစ်သောကြောင့် ဆုတောင်းချက်များ မရှင်းမလင်း၊ အသေအချာအတိအကျ မကောင်းတတ်ကြ။

မိမိကိုယ်ကျိုးအတွက် တောင်းကြသည်။ အမြင်ကျဉ်းမြောင်းစွာ တောင်းကြသည်။ မိုက်မှားစွာ တောင်းဆိုကြသည်။ ထိုအခါမျိုးတွင် သန့်ရှင်းသော ဝိညာဉ်တော်က ဘုရားသခင်နားညောင်းအောင် ပြုပြင်တည့်မတ်ပေးသည်။ မပြောပြတတ်သော စကားများကိုလည်း ပြောပြပေးသည်။ မပြောတတ်မဆိုတတ်မှုများအား သန့်ရှင်းသော ဝိညာဉ်တော်က ဆုတောင်းကူညီပေးပါသည်။

အလွန်လေးနက်သိမ်မွေ့ပါသည်။ လူ့မျက်စိဖြင့်မမြင်။ အနံ့မရသော ဝိညာဉ်တော်က လူသားများကိုယ်စား ဆုတောင်းကူညီသည်ဆိုသည်မှာ လေးနက်သည်။ ဝိညာဉ်ရေးရာ ဆုတောင်းခြင်းသည် သိမ်မွေ့သည်။ ဝိညာဉ်တော်က တစ်ခါတရံ ဆုတောင်းခြင်း သတ္တိပေးသည်။ ဆုတောင်းခြင်း စိတ်နှိုးဆွပေးသည်။

:၂၇ ဘုရားသခင်သည် လူ့စိတ်နှလုံးကိုသိရှိတော်မူသည်နှင့်အညီ သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုတောင်းချက်ကို နားညောင်းသည်။ ဝိညာဉ်တော်က ယုံကြည်သူများ၏ ဆုတောင်းချက်များကို ဘုရားရှင်တော် နားညောင်းအောင် နားသွင်းပေးပါသည်။ လူတို့၏ အားနည်း ချက်များကို အနာနှင့်ဆေးတည့်အောင် ပြုပြင်ပေးပါသည်။ ဘုရားသခင်၏ အလိုတော် လည်းသိရှိသူဖြစ်ပါသည်။

:၂၈ ယောရှုသည်ယုံကြည်သူများ၏ အသက်တာလိုအပ်ချက် အားနည်းချက်များကို အစဉ်သိမြင်သူဖြစ်သည့်အတိုင်း အကောင်းဆုံးဖြစ်အောင် ထာဝစဉ်ဖြည့်ဆည်း ပေးသည်။ ယုံကြည်သူများနှင့် အမြဲတမ်း ရှိသည်။ အမြဲတမ်းတန်းအတူရှိသော်လည်း ဆင်းရဲဒုက္ခ၊ စုံစမ်း နှောက်ယှက်ခြင်း၊ အားငယ်စိုးရိမ်ခြင်း ရင်ဆိုင်ရသောအခါ ဘုရား ဘယ်မှာလဲဟု အတွေးဝင်တတ် ကြသည်။ ထိုအတွေးသံသယကို နောက်ကျမ်းပိုဒ်တွင် အဖြေပေးထားပါသည်။ မည်ကဲ့သို့သော အခြေ အနေမျိုး ရောက်နေကြစေကာမူ ယေရှုသည် ယုံကြည်သူများအား သားသမီးများအဖြစ် ရှုမြင်နေပါသည်။ ထိုသဘောထားအမြင်ရှိသော ကြောင့်ဆုတောင်းနိုင်ကြသည်။ လူ့ဘဝအသက်တာ သည် ကံကြမ္မာကုသိုလ် စန်းထခြင်းများဖြင့် အခွင့်အရေး စောင့်မျှော်ရသည် မဟုတ်။ အမှားအယွင်း မရှိ၊ ဉာဏ်ပညာနှင့်ပြည့်စုံသူချစ်ခြင်းမေတ္တာ အပြည့်ရှိသူ သခင် ဘုရား၏ အံ့ဖွယ်ကျေးဇူးတော် အားဖြင့် အသက်ရှင်သည်။

:၂၉ ဤကျမ်းပိုဒ်တွင်ဘုရားသခင်၌သားများစွာ ရှိကြောင်းကို တွေ့ရသည်။

ပထမဦးစွာသိရှိရန်မှာ ဘုရားသခင်က ယုံကြည်သူများအား ထာဝရကာလအတွက် သိရှိခြင်း ဖြစ်သည်။ သိရှိရုံသက်သက်သာမဟုတ်ပါ။ အသစ်တဖန် မွေးဖွားသူတိုင်း သားတော်နှင့်တူညီ ကြောင်းဆိုလိုသည်။ ရည်ရွယ်ချက်အပြည့်အဝဖြင့် သိမှတ်ခြင်းဖြစ်သည်။ နောင်တရ၍ ယုံကြည်ခြင်း ရှိသည့် အချိန်မှစ၍သိမှတ်ပြုပါသည်။

ဘုရားမသိသောအပြစ်သားများသည် တနေ့သောအခါဘုရားသခင်၏အံ့ဖွယ်တန်ခိုးအားဖြင့် ဘုရားသားဖြစ်လာ၍ ယေရှုခရစ်တော်နှင့်တူနိုင် သည့်အခွင့်အရေးရှိကြောင်း သွန်သင်သည်။ ယေရှုနှင့်တူညီနိုင်သည်ဟု ဆိုရာတွင် သွင်ပြင်လက္ခဏာသရုပ်သဏ္ဍာန်ဖြင့်မဟုတ်။ အကျင့်လက္ခဏာ ဂုဏ်အင်ဖြင့်ဖြစ်သည်။ အပြစ်မှလုံးဝ ကင်းလွတ်သွားသောအခါ ခရစ်တော်၏ ခန္ဓာကိုယ်ကဲ့သို့ ဘုန်းတန်ခိုးကျက်သရေနှင့် ပြည့်စုံမည့် ဖြစ်ကြောင်း ဖြစ်သည်။

ထိုနေ့ရက်တွင် ခရစ်တော်သည် ယုံကြည်သူညီအစ်ကိုများ၏ နောင်တော်ကြီး ဖြစ်မည်။ နောင်တော်ကြီးဆိုသည်မှာ ညီအစ်ကိုများထဲတွင် ဘုန်းအသရေအကြီးဆုံး အကိုကြီးအဖရာ ဖြစ်သည်ဟုဆိုလိုသည်။ ညီအစ်ကိုမောင်နှမများ၏ အားထားခိုလှုံရာဖြစ်သည်။

:၃ဝ ဘုရားသားသမီးများသည် ရှေးမဆွကပင်ကံကြမ္မာအားဖြင့် စီရင်ထားသူများ ဖြစ်သည်။ ပါရမီအခံကောင်းသူများ ဖြစ်သည်။ နားကြားရုံသာ ကြားသူများမဟုတ်။ တုံ့ပြန်အဖြေ ပေးသူများ ဖြစ်သည်။ ခေါ်ရကျိုးနပ်သူများဖြစ်သည်။ လူတိုင်းကို ဘုရားသခင်ကဖိတ်ခေါ် ပါသည်။ သို့သော်ကြားသူ တိုင်းမထူးပါ။ ခေါ်သံပြန်ထူးသူ အနည်း အကျဉ်းသာ ရှိသည်။

ဘုရားသခင်၏ ခေါ်သံထူးသူများသည် ဖြောင့်မတ်သူများဖြစ်သည်။ ဘုရားသခင် အရှေ့ တော်တွင် ရပ်တည်ခွင့်ရှိသူများ ဖြစ်သည်။ဖြောင့်မတ်ခြင်း ဝတ်ရုံဝတ်ဆင်သူများ ဖြစ်သဖြင့် ဘုရား သခင်ထံတွင် နေထိုင်ခွင့်ရှိသူများ ဖြစ်သည်။

ထိုသူများသည် စင်ကြယ်သည်သာမက ဘုန်းတန်ခိုးလည်း ရရှိကြသည်။ စင်စစ်တွင် ဘုန်း တန်ခိုးရရှိခြင်းမဟုတ်သေး။ စိတ်ချလက်ချ ရရှိမည့်သူများဖြစ်သည်။ အဆင်သင့် ပြင်ဆင်ထားပြီး ဖြစ်သည်။

ဤကျမ်းပိုဒ်သည် ထာဝရလုံခြုံခြင်းရရှိကြောင်း ဓမ္မသစ်၏ အာမခံစကားဖြစ်သည်။ ဘုရားသခင်သည် သန်းပေါင်းများစွာသော လူတို့ကို ဖိတ်ခေါ်ပါသည်။ ဖြောင့်မတ်စေချင်သည်။ ဘုန်းတန်ခိုး ရရှိစေချင်သည်။ တဦးတစ်ယောက်မှမပျက်စီးစေလို။ (ယော ၆:၃ရနှင့်ယှဖတ်ပါ)။

:၃၁ ထိုမျှခိုင်မာသော ရွှေပဋ္ဌိညာဉ်ဖြင့် ချည်နှောင်အာမခံချက်ပေးလျှင် အဘယ်မှာ မလုံခြုံဘဲ ရှိမည်နည်း။ ဘုရားသခင်သည် ငါတို့ဘက်မှာရှိသောအခါ မည်သည့်အရာကမှ အံတုဖက် ပြိုင်ခြင်း မပြုနိုင်ပါ။ နေရာတိုင်းမှာ ဘုရားသခင်ရှိနေသောကြောင့် သခင်၏အကြံအစည် တော်များကို ယုတ်လျော့ အောင်မည်သူမှမလုပ်နိုင်ပါ။

:၃၂ ဘုရားသခင်သည် သားတော်ကိုမနှမြောဘဲ လူသားများအား ရွေးနှုတ်ဖို့ အသက်ပေးစေသည်။ အံ့ဖွယ်ကောင်းလှပေစွ။ ဘယ်သောအခါမှ စိတ်ပျက်အားငယ်ခြင်းမရှိနှင့်။ လောကလူသားများ အပြစ်မှကယ်နှုတ်ရန် လိုအပ်သောအခါ ဘုရားသခင်သည် လက်ပိုက်ကြည့် မနေ။ လက်မတွေ့တိုပါ။ တပါးတည်းသောသားတော်ကို လောကသားများ အလယ်တွင် အရှက်ရသည့်တိုင်အောင် စေလွှတ်ခဲ့ သည်။ အပြစ်သားများ ကိုယ်စား အသေခံသည်။

ဤနေရာတွင် စဉ်းစားစရားတခုရှိပါသည်။ ဘုရားသခင်က အကြီးမြတ်ဆုံး ဆုလက်ဆောင် ပေးသည်ဟုဆိုထားရာ ထိုထက်သေးငယ်သော ဆုလက်ဆောင်များရှိပါသလား။ တန်ဘိုး အကြီးမြင့်ဆုံးသောဆုဟု ဆိုထားရာ ထိုထက် တန်ဘိုးနည်းသော ဆုသည် အဘယ်နည်း။ ကယ်တင်ခြင်းပေးပြီးသောကြောင့် လွပ်လပ်စွာ မိမိသဘောအတိုင်းသွား ခွင့်ရှိပါသလား။ အကြီးဆုံးသောလက်ဆောင်ကို ပေးလျှင် ထိုထက်ငယ်သောဆုများသည် ပြောဖွယ်ရာမရှိတော့ပြီ။ Mackintosh က မယုံကြည်သူ၏ စကားသည် ” မည်ကဲ့သို့” ဖြစ်၍ယုံကြည်သူ၏စကားသည် အဘယ်ကြောင့်မဖြစ်ရမည်နည်းဖြစ်သည်” ဟုဆိုသည်။

:၃၃ စာဖတ်ပရိသတ်များသည် တရားရုံးတွင်ရှိနေဆဲဖြစ်သည်။ သို့သော် နေရာပြောင်း ရတော့မည်။ တရားရုံးခွင်ရောက်ရှိသူများသည် စွပ်စွဲခံရသူများဖြစ်သည်။ တရားသူကြီး၏စီရင်ချက် ကြားသိရန်ခုံတန်းရှည်ပေါ်မှ ထိုင်စောင့်သူများဖြစ်သည်။ သို့သော်ဘုရားသခင်က စွဲချက်မရှိကြောင်း ကျေညာသောအခါမည်သူက စွပ်စွဲဝံ့တော့မည်နည်း။

ဤကျမ်းပိုဒ်နှင့် နောက်ကျမ်းပိုဒ်သည် ဆက်စပ်နေသည်။ ”အဘယ်သူကမှ မစွပ်စွဲရဲတော့ပါ” ဟူ၍ပြောရပါသည်။ နောက်တမျိုးဖြင့် ဖော်ပြလျှင် ”ဘုရားသခင်၏ ရွေးကောက်ခြင်းကို မည်သူ ကန့်ကွက်ရဲ သနည်း” ဟူ၍ဖြစ်သည်။ မည်သူမှမကန့်ကွက်ခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် သည်ဖြောင့်မတ်သည်။

:၃၄ စိမ်ခေါ်သံတခုထွက်ပေါ်လာပြန်ပြီ။ မည်သူတဦးတစ်ယောက်မှ မပစ်ပယ်ဘူးလား။ တစ်ယောက်မှမပစ်ပယ်ပါ။ အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည်သူ့ကို ဆန့်ကျင်သော လူသား အားလုံးအတွက် အသေခံသည်။ ရှင်ပြန်ထမြောက်သည်။ ဘုရားသခင်လက်ယာတော်၌ ယခု စိုးစံတော်မူသည်။ အကယ်၍ယေရှုခရစ်တော်သည် ခွဲခြားခွဲခြား လုပ်မည်ဆိုလျှင် ကားတိုင်ပေါ်တွင် စော်ကားသူများအတွက်လည်း ဆုတောင်း ပေးမည်မဟုတ်။ သို့ကြောင့် ချို့ယွင်းချက်ထားခြင်း ခွဲခြားခြင်း မျက်နှာ လိုက်ခြင်း တခုမတွေ့ပါ။

:၃၅ ယခုချစ်ခြင်းမေတ္တာက နောက်ဆုံးစိမ်ခေါ်သံ ခေါင်းလောင်း ထိုးလိုက်သည်။ ဘုရားသခင် ၏မေတ္တာနှင့်ကင်းဝေးသူ မည်သူရှိသနည်းဟု စိမ်ခေါ်လိုက်သည်။ လူမျိုးတိုင်း နိုင်ငံယဉ်ကျေးမှု အစရှိသဖြင့် အမျိုးမျိုးအလွှာလွှာ ကွဲပြားခြားနားသော်လည်း ဘုရားသခင်၏ မေတ္တာသည် လုံးဝခြားနားခြင်းမရှိ။ လူတိုင်းအပေါ်တွင် အညီအမျှ ဖြစ်သည်။ ဘုရားသခင်၏ မေတ္တာတော်သည် ကွဲပြားခြင်းမရှိ။ လူတိုင်းအပေါ်တွင် အညီအမျှ ဖြစ်သည်။ မေတ္တာတော်သည် ခိုင်မြဲသည်။ ဆင်းရဲဒုက္ခ စိတ်ပျက်အားငယ်ခြင်း ဝေဒနာရောဂါ ညှဉ်းပန်းနှိပ်စက်ခြင်း သည် မည်မျှထူပြောသည်ဖြစ်စေ၊ ငတ်မွတ်ခေါင်းပါး၍အရိုး ပဒေသာ ကျန်ရှိသည်ဖြစ်စေ၊ အကွယ်အကာမဲ့ အထီးကျန်သည်ဖြစ်စေ၊ ကံကြမ္မာဆိုးသည် ဖြစ်စေ၊ ဆင်းရဲ ဒုက္ခဓားတောင်တမျှ ထက်မြက်သည် ဖြစ်စေ ဘုရားသခင်နှင့် လူအကြားရှိ ချစ်ခြင်းမေတ္တာကမဖြတ် တောက်နိုင်ပါ။

:၃၆ ထိုကုသိုလ်များက ယုံကြည်သူများနှင့် ခရစ်တော်၏ မေတ္တာတော်ကို ဖြတ်တောက် စေရန် ကာလကြာရှည် ကြိုးပမ်းလာခဲ့ပြီးဖြစ်သည်။ ထိုအကြာင်းနှင့်ပတ်သက်၍ဆာလံကျမ်းကို ကိုးကားထားသည်။ ”အခါခပ်သိမ်းသောဘေးနှင့်ကြုံရကြပါ၏။ သားသတ်ရုံသို့ ပို့ထားသောသိုးများ ကဲ့သို့ ဖြစ်ကြပါ၏။” ဟု (ဆာ ၄၄:၂၂)ကို ကိုးကား ထားသည်။

:၃၇ ထိုအကုသိုလ်များသည် ခရစ်တော်ဘုရားနှင့် လူအကြား ချစ်ခြင်းမေတ္တာကို ဖြတ်တောက်ဖို့နေနေသာသာ ပို၍ပင်နီးစပ်စေသည်။ အောင်မြင်ရုံမျှသာမက အောင်ပွဲအဆင့်ဆင့် ခံစေသည်။ ဆိုလိုသည်မှာ မိမိကိုယ်တိုင်သာ အောင်ပွဲခံရသည်မဟုတ်။ တပါးသူများကိုလည်း ပေးကမ်းမျှဝေနိုင်သည်။ ဘုရားသခင်၏ဘုန်းတော်ပိုမိုထင်ရှားစေနိုင်သည်။

ထိုသို့အောင်ပွဲခံခြင်းသည် မိမိတို့အစွမ်းအစဖြင့်မဟုတ်။ ဘုရားရှင်တော်၏ မေတ္တာတန်ခိုး ဖြင့်ဖြစ်သည်။ ခရစ်တော်၏ချိုမြိန်သော တန်ခိုး တော်ကသာလျှင် ခါးသီးသော အရသာကို ချိုမြိန်စေနိုင်သည်။ အားနည်းသူကို အားပြည့်စေသည်။ အတားအဆီးပြဿနာကို အောင်ပွဲ ခံနိုင်သည်။ ကြေကွဲသော စိတ်နှလုံးကို ရွှင်လန်းစေနိုင်သည်။

:၃၈ အကုသိုလ်များထောက်ပြ၍မဆုံးသေးပါ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ဖြတ်တောက်စေနိုင်သော အရာများကို အားမရသေး သဖြင့် ထပ်မံရှာဖွေထောက်ပြသည်။

သေခြင်း                                  –           လူ့တိုင်းကြောက်ရွံ့ကြသည်။

အသက်                                       –           လူတိုင်းရှင်ချင်ကြသည်။ ဘဝတဏှာရှိကြသည်။

ကောင်းကင်တမန်နှင့်ဥပဒေ     –           လူ့အစွမ်းဖြင့်မတတ်နိုင်သောအရာ

အာဏာစက်                       –           ကောင်းကင်တမန်အာဏာနှင့် အုပ်စိုးသူမင်း၏ အာဏာ

ပစ္စုပ္ပုန်အရာ                            –           မိမိဘဝကိုစိုးမိုးအုပ်ချုပ်သူ

အနာဂတ်အရာ                    –        ကျရောက်လာမည့်စိုးရိမ်သောကများ

:၃၉ ကောင်းကင်အရာဖြစ်စေ မြေအောက်အရာဖြစ်စေဆိုသည်မှာ လူ့မျက်စိဖြင့်မမြင်နိုင် သောလျှို့ဝှက်နက်နဲသည့် အတတ်ပညာများ ပါဝင်သည်။ ထို့ထက်သာမက ပိုမိုသေချာစေရန်-

ဖန်ဆင်းထားသောမည်သည့်အရာကမဆိုဖျက်ဆီးနိုင်ဟု ရှင်ပေါလုက ဆိုသည်။

ခရစ်တော်အားဖြင့် ပြသတော်မူသော ဘုရားသခင်နှင့်လူတို့၏ ချစ်ခြင်းမေတ္တာသည် မည်သည့် အရာကမှ ဖြတ်တောက် ဖျက်ဆီးခြင်း မလုပ်နိုင်ပါ။

ထိုမျှဂန္တဝင်မြောက်လေးနက်သော စကားသည် မာတုရဖြင့် အသက် စွန့်သူများနှင့် မာတုရအတွက် အဆင်သင့်ရှိနေသူများ၏ ရင်တွင်းပဲ့တင်သံ ဖြစ်သည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်ပါသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။