ရောမဩဝါဒစာ - ၄

အာဗြဟံ၏စံနမူနာ
1ထိုသို့ဖြစ်လျှင်၊ ငါတို့အဘအာဗြဟံသည် ဇာတိပကတိအားဖြင့် အဘယ်အကျိုးကိုရသနည်း။- 2အာဗြဟံသည် အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည်မှန်လျှင် ဝါကြွားစရာအကြောင်းရှိ၏။ ဘုရားသခင့်ရှေ့တော်၌ ထိုသို့မဟုတ်။- 3ကျမ်းစာ၌ အဘယ်သို့လာသနည်း။ အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။-က၊ ၁၅:၆။ ဂလ၊ ၃:၆။ 4အကျင့်ရှိသောသူမည်သည်ကား၊ ကျေးဇူးအားဖြင့် အကျိုးကို ခံရသည်မဟုတ်။ ခံထိုက်သောအားဖြင့် ခံရ၏။- 5အကျင့်မရှိသောသူမည်သည်ကား၊ မတရားသောသူ၏အပြစ်ကို ဖြေသောသူကို ယုံကြည်လျှင်၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်လျက်ရှိ၏။- 6ထိုအတူ၊ ဘုရားသခင်သည် အကျင့်ကို မထောက်ဘဲလျက် ပေးတော်မူသော ဖြောင့်မတ်ခြင်းကို ရသောသူ၏မင်္ဂလာကို ဒါဝိဒ်သည်ရည်မှတ်၍ ဆိုသည်ကား၊- 7အပြစ်မှလွှတ်ခြင်း၊ ဒုစရိုက်အပြစ်ကို ဖုံးအုပ်ခြင်းသို့ ရောက်သောသူတို့သည် မင်္ဂလာရှိကြ၏။- 8ထာဝရဘုရားအပြစ်တင်တော်မူခြင်းနှင့် လွတ်သောသူသည် မင်္ဂလာရှိ၏ဟု ပြောဆိုသတည်း။ဆာ၊ ၃၂:၁-၂။
9အရေဖျားလှီးခြင်းကိုခံသော သူတို့သာလျှင် ထိုမင်္ဂလာကို ရကြသလော။ သို့မဟုတ် အရေဖျားလှီးခြင်းကိုမခံသော လူတို့သည်လည်း ရကြသလော။ အဘယ်ကြောင့် မေးသနည်းဟူမူကား၊ ယုံကြည်ခြင်းကို အာဗြဟံ၌ ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်သည်ဟု ဆိုကြ၏။- 10ထိုသို့ဆိုသော် အဘယ်သို့ မှတ်သနည်း။ အရေဖျားလှီးခြင်းကို ခံပြီးမှ မှတ်သလော။ မခံမီ မှတ်သလော။ ခံပြီးမှမှတ်သည် မဟုတ်။ မခံမီ မှတ်သတည်း။- 11အရေဖျားလှီးခြင်းကိုမခံဘဲ ယုံကြည်သောသူတို့သည် ဖြောင့်မတ်ခြင်းရှိသည်ဟု မှတ်စရာအကြောင်းရှိစေခြင်းငှာ၊-က၊ ၁၇:၁၀။ 12ငါတို့အဘအာဗြဟံသည် ထိုသူအပေါင်းတို့၏ အဘဖြစ်အံ့သောငှာလည်းကောင်း၊ အရေဖျားလှီးခြင်းကို ခံသည်သာမက၊ ငါတို့အဘအာဗြဟံသည် အရေဖျားလှီးခြင်းကိုမခံမီ ရှိသော ယုံကြည်ခြင်းလမ်းသို့လိုက်သော သူတို့၏အဘ ဖြစ်အံ့သောငှာလည်းကောင်း၊ အာဗြဟံသည် အရေဖျားလှီးခြင်းကို မခံမီရှိသော ယုံကြည်ခြင်း၏ဖြောင့်မတ်ခြင်း တံဆိပ်တည်းဟူသော အရေဖျားလှီးခြင်း၏ လက္ခဏာကို ခံရသတည်း။
ယုံကြည်ခြင်းအားဖြင့်ကတိတော် ခံစားရခြင်း
13ထိုမှတစ်ပါး၊ ဤလောကကို အမွေခံစေမည်ဟု ကတိတော်ကို အာဗြဟံမှစသော သူ၏အမျိုးအနွယ်တို့သည် ပညတ်တရားအားဖြင့် ရကြသည်မဟုတ်။ ယုံကြည်ခြင်း၏ဖြောင့်မတ်ခြင်းအားဖြင့် ရကြ၏။-က၊ ၁၇:၄-၆၊ ၂၂:၁၇-၁၈။ ဂလ၊ ၃:၂၉။ 14အကြောင်းမူကား၊ ပညတ်တရားနှင့် ဆိုင်သောသူတို့သည် အမွေခံဖြစ်သည်မှန်လျှင်၊ ယုံကြည်ခြင်းတရားကိုပယ်ပြီ။ ကတိတော်လည်း အချည်းနှီးဖြစ်၏။-ဂလ၊ ၃:၁၈။ 15ပညတ်တရားသည်ကား အမျက်ဒေါသနှင့် စပ်ဆိုင်၏။ ပညတ်တရားမရှိလျှင်၊ လွန်ကျူးခြင်း အပြစ်မရှိ။- 16ထိုကြောင့်၊ ကတိတော်သည် ပညတ်တရားနှင့်ဆိုင်သော အမျိုးအနွယ်တို့၌ ပြည့်စုံသည်သာမက၊ အာဗြဟံ၏ ယုံကြည်ခြင်းတရားနှင့် ဆိုင်သောသူတို့၌ ပြည့်စုံလျက်၊ အာဗြဟံ၏ အမျိုးအနွယ်အပေါင်းတို့၌ ပြည့်စုံမည်အကြောင်း၊ ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ရောက်စေခြင်းငှာ၊ ယုံကြည်ခြင်းတရားကိုသာ အမှီပြု၍ ရောက်နိုင်၏။-ဂလ၊ ၃:၇။ 17ငါသည် သင့်ကို လူမျိုးအများတို့၏အဘ ဖြစ်စေ၏ဟု ကျမ်းစာ၌လာသည်နှင့်အညီ၊ ထိုအာဗြဟံသည်ကား၊ သေလွန်သောသူတို့ကို ရှင်စေတော်မူထသော၊ မဖြစ်သေးသောအရာတို့ကို ဖြစ်သောအရာကဲ့သို့ မှာထားတော်မူသော ဘုရားသခင်တည်းဟူသော၊ ကိုယ်တိုင်ယုံကြည်သော ဘုရားရှေ့တော်၌ ခပ်သိမ်းသောငါတို့၏အဘ ဖြစ်သတည်း။-က၊ ၁၇:၅။ 18သင်၏အမျိုးအနွယ်သည် ထိုသို့ဖြစ်လိမ့်မည်ဟူသော ဗျာဒိတ်တော်အတိုင်း၊ မိမိသည် လူမျိုးအများတို့၏ အဘဖြစ်မည်ဟု မျှော်လင့်စရာအကြောင်းမရှိဘဲလျက် ယုံကြည်၍ မျှော်လင့်လေ၏။-က၊ ၁၅:၅။ 19ယုံကြည်အားကြီးသည်ဖြစ်၍ မိမိအသက်သည် အနှစ်တစ်ရာလောက်ရှိသဖြင့်၊ မိမိကိုယ်သည် အသေကဲ့သို့ ရှိကြောင်းကိုလည်းကောင်း၊ မိမိခင်ပွန်း စာရာ၏ဝမ်းသည် သေကြောင်းကိုလည်းကောင်း မအောက်မေ့၊-က၊ ၁၇:၁၇။ 20ယုံမှားသောစိတ်နှင့်ကင်း၍ ဘုရားသခင်၏ ကတိတော်ကို တွေးတောခြင်းမရှိ၊ ယုံကြည်အားကြီးသဖြင့် ဘုရားသခင်ကို ချီးမွမ်း၍၊- 21ကတိထားတော်မူသောသူသည် ကတိတော်အတိုင်း တတ်နိုင်တော်မူသည်ကို စိတ်စွဲလမ်းလေ၏။- 22ထိုကြောင့်၊ သူ၏ယုံကြည်ခြင်းကို သူ၏ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။
23ထိုသို့မှတ်တော်မူသည်ဟု အာဗြဟံအကျိုးအလိုငှာသာ ကျမ်းစာ၌ ရေးထားသည်မဟုတ်။- 24ငါတို့အကျိုးအလိုငှာ ရေးထားသတည်း။ ငါတို့ သခင်ယေရှုကို သေခြင်းမှ ထမြောက်စေတော်မူသောသူကို ငါတို့သည် ယုံကြည်လျှင်၊ ထိုယုံကြည်ခြင်းကို ငါတို့၏ဖြောင့်မတ်ခြင်းဟု မှတ်တော်မူလတ္တံ့။- 25ထိုသခင်ယေရှုသည် ငါတို့အပြစ်ကြောင့် အပ်နှံခြင်းကို ခံတော်မူ၏။ ငါတို့သည် ဖြောင့်မတ်ရာသို့ ရောက်မည်အကြောင်း ထမြောက်တော်မူ၏။

ရောမဩဝါဒစာ - ၄ (အနက်ဖွင့်)

(သတင်းကောင်းနှင့် ဓမ္မဟောင်းကျမ်းဆက်စပ် ခြင်း (အခန်း )

          အချက်အချာကျသော ကျမ်းပိုဒ်ဖြစ်သည်။ ဧဝံဂေလိသတင်းကောင်းသည် ဓမ္မဟောင်းသွန်သင်ချက်နှင့် ရှေ့သွားနောက်လိုက်ညီပါသလား။ ထိုမေးခွန်းသည် ယုဒလူမျိုးများအတွက် အထိမခံရွှေပန်းကန်ဖြစ်သည်။ သို့ကြောင့် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းသည် အံဝင်ဂွင်ကျ ဖြစ်ကြောင်း ပေါလုကရှင်းပြသည်။

:    အချက် (၂) ချက်ဖြင့် သက်သေအထောက်အထားပြသည်။ ဣသရေလသမိုင်းတွင် အာဗြဟံနှင့် ဒါဝိဒ်တို့သည် ဘုရားသခင်နှင့် ပဋိညာဉ်တည်သူများဖြစ်ကြသည်။ ပထမလူသည် ပညတ်တရားမပြဌာန်းမီ နှစ်ပေါင်းထောင်ချီတုန်းကဖြစ်၍ နောက်လူသည် နှစ်ပေါင်းများစွာလွန်မြောက်မှ ပဋိညာဉ်ပြဖြစ်သည်။ တမျိုးပြောရလျှင် အရေဖျားမလှီးခင်က ဖြောင့်မတ်သူဖြစ်၍ တဦးသည် အရေဖျားလှီးပြီးမှ ဖြောင့်မတ်သူ ဖြစ်သည်။

ပထမဦးစွာ ယုဒများ၏ ဘိုးအေ အာဗြဟံကိုကြည့် ကြပါစို့။ ဇာတိပကတိအားဖြင့် မည်သည့်အကျိုးအမြတ်ရှိသနည်း။ လူသားတဦးအနေဖြင့် မည်ကဲ့သို့ဖြောင့်မတ်သူဖြစ်သနည်း။

:     အကယ်၍ အကျင့်ကောင်းကြောင့် ဖြောင့်မတ်လျှင် ဝါကြွားထိုက်ပါသည်။ သူကိုယ်တိုင်ရှေ့တော်၌ ဖြောင့်မတ်သူအဖြစ် ရပ်တည်ပါသည်။ ထိုကဲ့သို့မဟုတ်။ မည်သူမျှဘုရားရှေ့တွင် ဝါကြွားနိုင်သူမရှိ (ဧ ၂:၉)။ အာဗြဟံအပါအဝင် မည်သည့်လောက လူသားမှ ကောင်းမှုကုသိုလ်ကြောင့် ဖြောင့်မတ်ခြင်း ရရှိသူမရှိဟု ကျမ်းစာက ဆိုထားပါသည်။

တချို့က “အကျင့်အားဖြင့် ဖြောင့်မတ်ခြင်းကို ရောက်ကြောင်း” (ယာ ၂:၂၁) ကို ကိုးကားထောက်ပြကြသည်။ ထိုကျမ်းစာစကားသည် မှန်ပါသည်။ သို့သော် ထိုကျမ်းစကား၏ ဆိုလိုရင်းမှာထိုသို့မဟုတ်ပါ။ “အာဗြဟံသည် ယုံကြည်ခြင်းဖြင့် ဖြောင့်မတ်သည်” ဟု (၁၅:၆) တွင် ရှင်းပြထားပါသည်။ ဘုရားသခင်၏ ကတိတော်ကို ယုံကြည်ကိုးစားသူဖြစ်သည်။ ထိုသို့ယုံကြည်ခြင်းကို ကိုးစားသောကြောင့် နှစ်ပေါင်း (၃၀) ကျော်နောက်ပိုင်းတွင် ဖြောင့်မတ်ကြောင်း ထင်ရှားပြသသည်။ သားတော်မောင် ဣဇာက်ကို ယဇ်ကောင်လုပ်ခြင်းဖြင့် (က၂၂) သက်သေထူခဲ့သည်။ ထိုနာခံခြင်းအပြုအမူသည် ယုံကြည်မှုစစ်မှန်ကြောင်း ပြသခြင်းဖြစ်သည်။ သူ၏ယုံကြည်ခြင်းအား မြင်သာအောင် ထုတ်ဖော် ခြင်းဖြစ်သည်။

:    အာဗြဟံ ဖြောင်မတ်ခြင်းကို ကျမ်းစာက မည်သို့ဆိုသနည်း။ “အာဗြဟံသည် သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏” (က ၁၅:၆) ဟုဆိုထားသည်။ ဘုရားသခင်ကိုယ်တော်တိုင်က အာဗြဟံအား သောင်ပြင်သဲမှုံတမျှ ကြွယ်ဝများပြားစေမည်ဟု ကတိတော်ပြုခဲ့သည်။ အာဗြဟံသည် ဘုရားသခင်၏ ကတိတော်ကို ယုံကြည်သောကြောင့် ထိုယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သွားသည်။ တမျိုးပြောရလျှင် အာဗြဟံသည် ယုံကြည်သောကြောင့် ဖြောင့်မတ်သည်။ ရှင်းရှင်းလေးဖြစ်သည်။ အကျင့်ကောင်းဖြင့်မဟုတ်။ ယုံကြည်သောကြောင့် အကျင့်ကောင်းရှိခြင်းသာ ဖြစ်သည်။

:    အကျင့်နှင့် ယုံကြည်ခြင်း သည် ကယ်တင်ခြင်း နည်းလမ်းတွင် အလုပ်လုပ်ရာ လကုန်လျှင် လုပ်အားခထုတ်ယူသည်။ ထိုသို့ငွေပေးသောကြောင့် အလုပ်ရှင်အား ခယစရာမဟုတ်။ သူ၏ လုပ်အားခတန်ရာ တန်ကြေးရရှိခြင်းဖြစ်သည်။

ဖြောင့်မတ်ခြင်း နည်းလမ်းသည် ထိုကဲ့သို့ မဟုတ်မိမိလုပ်ဆောင်ချက် ကြောင့် ဖြောင့်မတ်ရသည်မဟုတ်။

          :      ဖြောင့်မတ်သူသည် မိမိအကျင့်သီလကို အားမကိုးပါ။ အကျင့်သီလများသည် ကယ်တင်ခြင်း နည်းလမ်းမဟုတ်။ လူအစွမ်းအစနှင့် ကောင်းမှုကုသိုလ်များကို အလေးမပေး။ လူ၏အကောင်းဆုံး စွမ်းဆောင်ချက်များကို ဘုရားသခင်ကတောင်းဆိုသည်မဟုတ်။

ဖြောင့်မတ်ဖို့ရာ ကိုယ်တော်ကိုယုံကြည်ရသည်။ သခင်ဘုရားကို ကိုးစားယုံကြည်ရသည်။ နှုတ်ကပတ်တော်၌ တည်ရသည်။ မယုံကြည်မှုများကို စွန့်ပစ်၍ ယုံကြည်ခြင်းရှိသောကြောင့်  ဖြောင့်မတ်သည်။ အကောင်းဆုံး စွမ်းဆောင်ချက်များ ရွှေပဋိညာဉ် လိုက်နာခြင်းများယူဆောင်လာခြင်းမဟုတ်။ အပြစ်သားဘဝဖြင့် ဘုရားသခင်၏ ကရုဏာတော်ခံစားရန် ရောက်လာခြင်းဖြစ်သည်။

ထိုသို့ရောက်လာခြင်းဖြင့် မည်သို့ရှိသနည်း။ သူ၏ ယုံကြည်ခြင်းသည် ဖြောင့်မတ်ခြင်းသို့ ရောက်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူ၏အကျင့်သီလကောင်းများသည် အသုံးမဝင်။ ယုံကြည်ခြင်းသာလျှင် ဘုရားရှင်လိုချင်သည်။ ရှင်ပြန်ထမြောက်တော်မူသော အရှင်သခင်ကို ယုံကြည်သောကြောင့် သခင်ဘုရားက ဖြောင့်မတ်ခြင်းဝတ်ရုံ ဆင်မြန်းပေးပြီး သကာလ ကောင်းကင်နိုင်ငံသို့ ဝင်ရောက်ခွင့်ပေးသည်။ ခရစ်တော်ထံ၌ ထိုသူကို ဘုရားသခင်က တွေ့မြင်သည်။

အကျဉ်းချုံး၍ ပြန်ပြောရလျှင် ဖြောင့်မတ်ခြင်းသည် ဘုရားမသိသူများအတွက်ဖြစ်သည်။ လူကောင်းများအတွက်မဟုတ်။ ကျေးဇူးတော်အားဖြင့် ဖြစ်သည်။ အကြွေးဆပ်စရာမလို။ အကျင့်သီလကောင်းခြင်းဖြင့် မဟုတ်။ ယုံကြည်ခြင်းဖြင့်သာ ရရှိသည်။

:    ဤကျမ်းပိုဒ်တွင် နမူမာအဖြစ် ဒါဝိဒ်ကို ပြပြီး၊ အာဗြဟံ၏ အတွေ့အကြုံနှင့်အတူတူဖြစ်ကြောင်း ခိုင်းနှိုင်းထားသည်။ ဣသရေလ စာဆိုတော်ကြီးက “အပြစ်မှကင်းလွှတ်ခွင့်ရသူသည် ဘုရားသခင်၌ ပျော်ရွှင်သူဖြစ်သည်” ဟုစပ်ဆိုထားသည်။ ဒါဝိဒ်သည် စကားလုံးများစွာဖြင့် ဖွဲ့နွဲ့သီကုံးခြင်းမပြုပါ။ (ဆာ ၃၁:၁-၂) တွင်ကျူးဧချက်များကို ရှင်ပေါလုက နောက်ကျမ်းပိုဒ်များတွင် ပြန်လည်ဖောက်သည်ချထားသည်။

:    မိမိအပြစ်နှင့် ဖြေလွှတ်ခြင်းခံရ၍ ကျူးလွန်သူများ အတွက် လွတ်ငြိမ်းချမ်းသာခွင့်ရ သူသည် မင်္ဂလာ ရှိ၏။

          :    မကောင်းမှုပြုသူဟု ထာဝရဘုရားအပြစ် တင်တော်မှုခြင်းကို မခံရဘဲ လိမ်လည် လှည်းစားမှုမှန်သမျှနှင့် ကင်းစင်သူသည် မင်္ဂလာရှိ၏။

          ရှင်ပေါလုက ဤကျမ်းစကားကို မည်သို့မြင်သနည်း။ အားလုံးခြုံပြောရလျှင် ဒါဝိဒ်သည် အကျင့်သီလ အကြောင်းမပြောပါ။ ခွင့်လွှတ်ခြင်းသည် ဘုရားသခင်၏ ကျေးဇူးတော်သက်သက်ဖြစ်သည်။ လူကတောင်းပန်သောကြောင့်မဟုတ်။ ဒုတိယအချက်အနေဖြင့် ဘုရားသခင်သည် လူသားများကို အပြစ်မတင်ပါ။ သို့ကြောင့်ဘုရားသခင်ရှေ့တွင် ရပ်တည်ခွင့်ရှိသူများဖြစ်သည်။ နောက်ဆုံးအချက်အနေဖြင့် ဘုရားသခင်သည် ဘုရားတရားမသိသူများအား ဖြောင့်မတ်စေသည်။ ဒါဝိဒ်သည် လူသတ်မှုနှင့် သူများမယားပေါင်းသင်းသူ ဖြစ်ခဲ့သည်။ သို့သော် လွတ်ငြိမ်းချမ်းသာခွင့် အပြည့်အဝရ၍ စိတ်နှလုံးချမ်းမြေ့ပျော်ရွှင်ကြောင်း ဤကျမ်းပိုဒ်တွင်တွေ့ရသည်။

:    သို့သော်လည်း ယုဒလူမျိုးများ၏အသိစိတ်ထောင့်တနေရာတွင် ရွေးကောက်တော်မူထားသော လူစုအရေများလှီးသူများသာလျှင် ဖြောင့်မတ်စင်ကြယ်သည် ဟူသောအယူအဆ ဂျိုးကပ်နေသည်။ ထိုသို့ မဟုတ်မှန်ကြောင်း သက်သေပြရန် အာဗြေဟံကို ပွဲထုတ်ရပြန်သည်။ ဘုရားသခင်သည် ယုဒလူမျိုးများကို သာ ဖြောင့်မတ်စေသလားဟုမေးရတော့သည်၊ အာဗြဟံကို သက်သေထုတ်ပြရခြင်းမှာ ယုဒလူမျိုးကို ကိုယ်စားပြုခြင်းသာ ဖြစ်သည်။

:၁၀  ပေါလုက ကျွန်ုပ်တို့ အမှုမဲ့ အမှတ်ပြုသော ကျမ်းချက်ကို ထုတ်ပြသည်။ အာဗြဟံသည် အရေဖျားမလှီးခင်ကပင် ဖြောင့်မတ်သူဖြစ်သည် (က ၁၅:၆၊ ၁၇:၂၄) ဟုထောက်ပြသည်။ အရေဖျားမလှီးမီက အာဗြဟံသည် ဖြောင့်မတ်လျှင် အရေဖျားလှီးလေ့မရှိသောတပါး အမျိုးသားများသည်လည်း အရေဖျားမလှီးသောကြောင့် မဖြောင့်မတ်ဟုမဆိုနိုင်ပါ။ အာဗြဟံသည် တပါးအမျိုးသားများကဲ့သို့ ကျင်လည်စဉ်ကပင် ဖြောင့်မတ်သူဖြစ်သည်။ ထိုကျမ်းစကားသည် တပါးအမျိုးသားများ အရေဖျားလှီးရန်မလိုကြောင်းနှင့် ဖြောင့်မတ်ခြင်းရရှိရန် အရေဖျားလှီးရန်မလိုကြောင်း သက်သေအထောက်အထားဖြစ်သည်။

:၁၁  အရေဖျားလှီးခြင်းသည် အာဗြဟံ၏ဖြောင့်မတ်ခြင်း နည်းလမ်းမဟုတ်ပါ။ ယုံကြည်ခြင်းဖြင့် ဖြောင့်မတ်ခြင်းကို အများသူငါသိစေရန် ထုတ်ဖော်ပြသခြင်းဖြစ်သည်။ အရေဖျားလှီးခြင်းသည် ဘုရားသခင်နှင့် ရွေးကောက်တော်မူသော ဣသရေလ လူမျိုး၏ဆက်ဆံရေးမှတ်တိုင်ဖြစ်သည်။ အာဗြေဟံ၏ယုံကြည်ခြင်းအား အသိအမှတ်ပြုခြင်းဖြစ်သည်။

ထို့ထက်ပြောရလျှင် အရေဖျားမလှီးခင်တွင်လည်း ဖြောင့်မတ်ကြောင်း မှတ်တမ်းတင်ခြင်းဖြစ်သည်။ ထိုလက္ခဏာမှာ အသိအမှတ်ပြုခြင်း တံဆိပ်ခတ်နှိပ်ခြင်းဖြစ်သည်။ တံဆိပ်ခတ်နှိပ်ခြင်းဆိုသည်မှာ ဟုတ်မှန်ကြောင်းအတည်ပြုခြင်း အသိအမှတ်ပြုခြင်း အာမခံချက်ပေးခြင်းဖြစ်သည်။ အာဗြဟံအား အရေဖျားလှီးခြင်း တံဆိပ်ခတ်နှိပ်ခြင်းသည် အာဗြဟံ၏ ယုံကြည်ခြင်းအား ဘုရားသခင်က အသိအမှတ်ပြုသည့် သင်္ကေတအမှတ်အသား ဖြစ်သည်။

အာဗြဟံအရေဖျားလှီးခြင်းသည် ယုံကြည်ခြင်းဖြင့် ဖြောင့်မတ်ရာရောက်ကြောင်း မှတ်တမ်းသက်သေထူခြင်းဖြစ်သည်။ အာဗြဟံသည် အရေဖျားမလှီးမီကပင် ဖြောင့်မတ်သူဖြစ်သောကြောင့် အရေဖျားမလှီးသူများ၏ ဘိုးအေလည်းဖြစ်သည်။ ယုံကြည်သူတပါးအမျိုးသား၏ ဖခင်ကြီးဖြစ်သည်။ အရေဖျားမလှီးသော်လည်း အာဗြဟံကဲ့သို့ ယုံကြည်ခြင်းဖြင့် ဖြောင့်မတ်ခြင်း ရောက်နိုင်ကြသည်။

ယုံကြည်သူတပါးအမျိုးသားများ၏ ဖခင်လည်းဖြစ်သည်ဟု ဆိုရာတွင် သွေးသားအားဖြင့်တော်စပ်ခြင်းမဟုတ်။ ယုံကြည်ခြင်း၌ မိဘသားသမီးတော်စပ်ခြင်းဖြစ်သည်။ ဇာတိမွေးဖွားခြင်းဖြင့် တော်စပ်ခြင်းမဟုတ်။ တပါးအမျိုးသားများသည်လည်း ယုံကြည်ခြင်းဖြင့် ယုဒလူမျိုးဖြစ်လာကြသည်မဟုတ်။ ဣသရေလတို့၏ သခင်သည် ယုဒလူမျိုးအား ယေရှုသခင်ကို ကယ်တင်ရှင်အဖြစ် သိမှတ်ခံယူစေချင်သည်။

:၁၂   အာဗြဟံ၏ အရေဖျားလှီးခြင်းသည် အခြားအကြောင်းလက္ခဏာလည်း ရှိသေးသည်။ အာဗြဟံ၏ အရေဖျားမလှီးသူများ၏ ဖခင်သာမက သူ၏ ယုံကြည်ခြင်း ခြေရာလိုက်နင်းသူများ၏ ဖခင်လည်းဖြစ်သည်။

အာဗြဟံ၏ သားသမီးများနှင့် သာစဉ်မြေးဆက်ဟု သုံးနှုန်းရာတွင် တခုနှင့်တခု မတူညီပါ။ ယေရှုက ယော ၈:၃၇ တွင် “သင်တို့သည် အာဗြဟံ၏ သားမြေးများဖြစ်သည်” ဟုဆိုထားသည်။ သို့သော် (ယော ၈:၃၉)တွင်မူ “သင်တို့သည် အာဗြဟံ၏ သားသမီးများဖြစ်လျှင်” ဟုသုံးနှုန်းထားသည်။ သို့ကြောင့် ဇာတိသွေးသားတော်စပ်ခြင်းကို မဆိုလို။ ဘုရားသခင် ကိုယုံကြည်ခြင်း၌ သားမြေးဆက်စပ်ခြင်းကို ဆိုလိုသည်။

သခင်ယေရှုကို ယုံကြည်ခြင်း၌ အရေဖျားလှီးသူသည် ဣသရေလဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူဖြစ်သည်။

အကျဉ်းချုံးလျှင် အာဗြဟံသည် အရေဖျားမလှီးခင်တွင်လည်း ယုံကြည်သူဖြစ်သည်။ ယုံကြည်ခြင်းရှိပြီးမှ နောင်တချိန်တွင် အရေဖျားလှီးခြင်း ဖြစ်သည်။ ယုံကြည်သူတပါးအမျိုးသားများနှင့် ယုံကြည်သူ ယုဒများသည် ယုံကြည်ခြင်း၌ အာဗြဟံ၏ သားသမီးများဖြစ်သည်ဟု ပေါလုက နက်နဲစွာ ရှင်းပြထားသည်။

:၁၃  အာဗြဟံ၏ ဖြောင့်မတ်ခြင်းအား သမ္မာကျမ်းစာတော်လာသည်နှင့်အညီ ယုတ္တိကျကျ ဆက်လက်ရှင်းပြသည်။ ကောင်းချီးမင်္ဂလာသည် ပညတ်တရားမှလာသည်ဟု ထင်မှတ်ကြသောကြောင့် ယုဒများသည် ဘုရားတရားမသိသော တပါးအမျိုးသားများကို ကျိန်ဆဲကြသည် (ယော ၇:၄၉) ဟုတ် တမန်တော်ကြီးက ရှင်းပြသည်။

ဘုရားသခင်က အာဗြဟံအား သားစဉ်မြေးဆက်တိုင်အောင် ကောင်းချီးမင်္ဂလာ ခံစားကြရမည်ဟု ကတိတော်ပေးခြင်းသည် ဖြောင့်မတ်ကြသောကြောင့် မဟုတ်။ ထိုပညတ်တော်များသည် အနှစ် ၄၃၀ တိုင်အောင် ပြဌာန်းခြင်းမရှိသေးပါ (ဂလာ ၃:၁၇)။ ယုံကြည်ခြင်း၌ ခံစားရသောကျေးဇူးတော်တွင် ချို့ယွင်းချက်မပါရှိပါ။ ထိုစဉ်က ကျေးဇူးတော်သည် ယနေ့ခေတ်ကာလ ကျေးဇူးတော်နှင့်အတူတူ ဖြစ်သည်။

သားစဉ်မြေးဆက် အမွေခံဆိုသည်မှာ ယုံကြည်သူ တပါးအမျိုးသားများနှင့် ယုဒများလည်း ပါဝင်သည် (၄:၁၁-၁၂)။ လူမျိုးများ၏ ဖခင်ဖြစ်သည် (၄:၇-၁၈) ဆိုသည်မှာ ယုဒလူမျိုးများ၏ ဖခင်သာမဟုတ်ပါ။ ထိုကျမ်းစကားသည် အာဗြဟံ၏ သားစဉ်မြေးဆက်အားဖြင့် စကြာဝဠာတခွင်လုံးတွင် သခင်တို့၏သခင်၊ ဘုရားတကာတို့၏တကာ ယေရှု၏ ပေါ်ထွန်းခြင်းအကြောင်းဖြစ်သည်။

:၁၄  အကယ်၍ ဘုရားသခင်ကိုမရှာဘဲ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာခံစားဖို့ရန်သာ ရှာဖွေနေကြလျှင် ဘုရားသခင် ယုံကြည်မှုသည် အချည်းအနှီးဖြစ်သွားမည်။ ကတိတော်လည်း အကျိုးမရှိဖြစ်သွားမည်။ ယုံကြည်ခြင်းသည် ပညတ်တော် စောင့်ထိန်းခြင်း၏ အနှစ်ချုပ်ဖြစ်သည်။ ပညတ်တော်သည် ယုံကြည်ခြင်းကို လိုက်လျှောက်ခြင်းဖြစ်သည်။

:၁၅   ပညတ်တရားသည် ကောင်းကြီးမင်္ဂလာခံစားရာမဟုတ်။ ဘုရားသခင်၏ အမျက်တော်ရှစေရာဖြစ်သည်။ ပညတ်တော်သည် စောင့်ထိန်းနိုင်သူများကို ပစ်ပယ်စီရင်သည်။ ပညတ်တရားအောက်၌ ရှိသူများကို သေခြင်းသို့ ပို့ပစ်သည်။ ပညတ်တရားအောက်၌ ရှိသူသည် ကျိန်ခြင်းအမင်္ဂလာနှင့် မလွတ်ကင်းနိုင်ကြ။

အကယ်၍ ပညတ်တရားမရှိလျှင် ချိုးဖောက်စရာလည်းရှိမည်မဟုတ်။ ချိုးဖောက်ခြင်းဆိုသည်မှာ အသိတရားချိုးဖောက်ခြင်းဖြစ်သည်။ သို့သော် ပညတ်တရားမရှိလျှင် အပြစ်မရှိခြင်းဟု ဆိုလိုခြင်းမဟုတ်။ ပညတ်တရားကို မချိုးဖောက်လျှင် အပြစ်မရှိနိုင်ပါ။

ယုဒများသည် ပညတ်တရားစောင့်ထိန်းခြင်းဖြင့် ကောင်းကြီးမင်္ဂလာခံစားရသည်ဟု ထင်မှတ်လာကြသည်။ သို့သော် လုပ်ဆောင်မှုဟူသမျှသည် ပညတ်တော်ချိုးဖောက်ခြင်းဖြစ်သည်။ ပညတ်တရားသည် သူတို့၏ အပြစ်များကိုပေါ်လွင် ထင်ရှားစေသည်။ ပညတ်တရားသည် ကယ်တင်ခြင်း စောင့်ထိန်းနည်းမဟုတ်။

:၁၆   ပညတ်တရားသည် သခင်အား အမျက်ဒေါသထွက်စရာဖြစ်သည်။ သို့ကြောင့် ဘုရားသခင်သည် ယုံကြည်ခြင်းရှိသူများအား ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းဖြစ်သည်။ ထာဝရ အသက်ကို အခမဲ့ပေးကမ်းသည်။ ယုံကြည်ခြင်းရှိသူများကိုပေးသည်။

ထိုသို့ အသက်နှင့်ဆိုင်သော ကတိတော်ကို လူတိုင်းအား အခိုင်အမာပေးထားသည်။ ဤနေရာတွင် လူတိုင်း နှင့် အခိုင်အမာ ဆိုသော စကားလုံးတွေ့ရသည်။ ပထမအချက် မှာ ကတိတော်သည်ခိုင်မာသည်။ ဖြောင်မတ်ခြင်းသည် လူ့အကျင့်၌ ရပ်တည်လျှင် ခိုင်မာခြင်းရှိမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် ကောင်းသောအကျင့်သည် စံချိန်သတ်မှတ်၍ မရပါ။ ယုံကြည်ခြင်ကြောင့် အခမဲ့ပေးထားသော ကယ်တင်ခြင်းရရှိမှသာလျှင် ဘုရားသခင်၌ အမှန်တကယ်ပျော်ရွှင်နိုင်သည်။

ဒုတိယအချက်အနေဖြင့် ကတိတော်သည် လူတိုင်းအပေါ်သို့ သက်ရောက်စေလိုသည်။ ပညတ်တရားပေးခဲ့သော ယုဒလူမျိုးများသာမဟုတ်။ အာဗြဟံကဲ့သို့ ယုံကြည်ခြင်းရှိသော တပါးအမျိုးသားများထံသို့လည်း သက်ရောက်စေလိုသည်။ ယုံကြည်သူအားလုံးပေါ်သို့ သက်ရောက်စေလိုသည်။

:၁၇   အာဗြဟံသည် ယုံကြည်သူမျာ၏ ဖခင်ဖြစ်ကြောင်းကို “ငါသည်သင့်ကိုများစွာသော လူအမျိုးတို့၏ အဘအရာ၌ ခန့်ထားပြီ” (က ၇:၁၅) ဟူသောကျမ်းပိုဒ်အား ကိုးကားထားသည်။ ဣသရေလူမျိုးများကို ဘုရားသခင်၏ လူမျိုးတော်အဖြစ် ရွေးကောက်သည်ဟု ဆိုရာတွင် ထိုလူမျိုးအပေါ်တွင်သာလျှင် ကျေးဇူးတော်နှင့် ကရုဏာတော် သက်ရောက်သည်ဟု ဆိုလိုသည်မဟုတ်။ ဓမ္မဟောင်းကျမ်းပိုဒ်များကို တပိုဒ်ပြီးတပိုဒ်ကိုးကားခြင်းမှာ ဘုရားသခင်သည်နေရာကာလတိုင်း၌ ယုံကြည်ခြင်းကို ပဓါနထားကြောင်း ပြသခြင်းဖြစ်သည်။

“ကတိတော်သည် ပညတ်တရား စောင့်ထိန်းသူများအတွက်သာမဟုတ်။ ယုံကြည်သူများအတွက်လည်း ဖြစ်၏ “…အာဗြဟံသည် ငါတို့အားလုံး၏ အဖေဖြစ်၏” (၄:၁၆) ဟုဆိုထားပါသည်။ ဝိညာဉ်ရေးရာတွင် အာဗြဟံသည် ယုံကြည်သူဖြစ်သည်နှင့် အညီ ဘုရားသခင်ကို အသက်ပေးထားသည်။ အသက်ပေးထားသည်ဆိုသည်မှာ အာဗြဟံနှင့် စာရာသည် ရုပ်ခန္ဓာကိုယ်အားဖြင့် မသေရဟု ဆိုလိုခြင်းမဟုတ်။ သားသမီးမွေးသည့် အရွယ်လွန်မြောက်သည့်တိုင်အောင် သားသမီးမရကြ (၄:၉ ကိုကြည့်)။ သို့သော်လည်း လူမျိုးပေါင်းများစွာ၏ ဖခင်ဖြစ်စေပြီ (၄:၁၈ ကိုကြည့်) ဟု ဆိုထားသည်။

:၁၈   ဤကျမ်းပိုဒ်တွင် ပညတ်တရားစောင့်ထိန်းခြင်းမဟုတ်ဘဲ၊ ကျေးဇူးတော်အားဖြင့် အာဗြဟံသားစဉ်မြေးဆက်ပွား များခြင်းဖြစ်ကြောင်း ရှင်းပြထားသည်။ အာဗြဟံသည် မျှော်လင့်ချက်မဲ့သည် အခြေအနေဆိုးမှာပင်လျှင် ဘုရားသခင်ကိုယုံကြည်သစ္စာရှိသည်။ သို့ကြောင့် ကိုယ်တော်ဘုရားက မိုးကောင်းကင်ယံရှိ ကြယ်တာရာများ၊ သဲသောင်ပြင်ရှိ သဲမှုံအမျှများပြားစေမည်ဟု ကတိတော်ပေးထားသည်။ ထိုစကားတော်သည် လူ့အတွေးနှင့် တွေးလျှင် ဖြစ်နိုင်ဖွယ်ရာမရှိ။ (က ၁၅:၅) အတိုင်း သဲပွင့်တမျှများပြားသော ယုံကြည်သူများ၏ ဖခင်ဖြစ်လာသည်။

:၁၉   ထိုသို့ ကြယ်ပွင့်တမျှ များပြားသော လူမျိုးများ၏ ဖခင်ဖြစ်စေမည်ဟု ကတိတော်ပြုချိန်တွင် အာဗြဟံသည် အသက် (၇၅) နှစ်ရှိသည် (က၁၂:၂-၄)။ အာဗြဟံသည် ကျန်းမာရေးတောင့်တင်းနေသောကြောင့် သား ဣရှမေလ (၁၆:၁-၁၁) ထွန်းကားသည်။ အသက် (၁၀၀) ပြည့်သောအခါ ကတိတော်သည် အသစ်ပြည့်လာသည် (က ၁၇:၁၅-၂၁)။ လူ့အမြင်ဖြင့် မမြင်နိုင်ဟုထင်မှတ်ခဲ့သော ကတိတော်သည် ဇာတာခွင်ကျလာသောအခါ အမှန်တကယ် ပြည့်စုံလာသည်။

အာဗြဟံနှင့် ဇနီးစာရာတို့သည် အသက်အရွယ်အားဖြင့် အိုမင်းရင်ရော်နေကြသော်လည်း ယုံကြည်ခြင်းအားမလျှော့ကြ။ လူ့အတွေးအမြင်အား ဖြင့် မဖြစ်နိုင်။ သို့သောအာဗြဟံသည် ယုံကြည်ခြင်း၌ ခိုင်မြဲနေသည်။

:၂၀   ဘုရားသခင်၏ ကတိတော်သည် ချွတ်ချော်တိမ်းပါးနိုင်သည်ဟု အလျဉ်းသံသယမရှိ။ ပြည့်စုံမည်ဟု စွဲမှတ်နေသည်။ သို့ကြောင့်လည်း ဘုရားသခင်က အာဗြဟံအား ယုံကြည်သည့်အတိုင်း ခံစားရရှိသည်ဟု ဆိုခြင်းဖြစ်သည်။ အာဗြဟံ၏ ယုံကြည်ခြင်းသည်ခိုင်မာသည်။ တာရှည်ခံသည်။ တုန်လှုပ်ယိမ်းယိုင်ခြင်း အလျဉ်းမရှိ။ ကတိတော်ပြည့်စုံစေမည်သိရသောကြောင့် ဘုရားသခင်ကို ချီးမွမ်းသည်။

:၂၁   အာဗြဟံသည် ဘုရားသခင်၏ ကတိတော်ပြည့်စုံလားမည်ကို ယုံကြည်သော်လည်း မည်ကဲ့သိုပြည့်စုံလာမည်ကို မသိပါ။ ဘုရားသခင်သည် ဘယ်သောအခါမှ ကတိတော်မပျက်ကြောင်းကိုသာ သိသည်။ တမျိုးပြောရလျှင် အာဗြဟံ၏ ယုံကြည်ခြင်းသည် လက်ဖျားခါလောက်သည်။ သို့သော် ဘုရားသခင်၏ ကတိတော်သည် ဖောက်ပြန်ခြင်းမရှိသောကြောင့် ယုံကြည်ခြင်းဖြစ်သည်။ စွန့်စားယုံကြည်ခြင်းမဟုတ်။ အကျိုးအကြောင်းလျှော်ညီစွာ ယုတ္တိရှိရှိသစ္စာရှိခြင်း၊ ဖြစ်သည်။

:၂၂   ထိုကဲ့သို့ ယုံကြည်ခြင်းအားကြီးသော လူတစ်ယောက်လူ့လောကမှာ ရှိသောကြောင့် ဘုရားသခင်ဝမ်းမြောက်သည်။ သို့ကြောင့် ထိုအာဗြဟံအား ဖြောင့်မတ်စေသည်။ အပြစ်ရှိသည့် လောကသားဖြစ်သော်လည်း အာဗြဟံသည် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သူဖြစ်ရသည်။ ဘုရားသခင်ကိုယုံကြည်သောကြောင့် အပြစ်စီရင်ခြင်းမှ ကင်းလွှတ်ခွင့်ရသည်။

:၂၃   ထိုသို့ တရားစီရင်ခြင်းမှ ကင်းလွှတ်ခွင့်ရရှိခြင်းသည် အာဗြဟံ တဦးတည်းသာ ရရှိသည်မဟုတ်။ ဤကျမ်းပိုဒ်တွင် အာဗြဟံ နာမည်တခုတည်းသာလိပ်မူ ထားသော်လည်း သူ့တစ်ဦးတည်းသာ ဆိုလိုသည်မဟုတ်။

:၂၄   သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူသော ခရစ်တော်ကို ယုံကြည်သူအားလုံးနှင့်လည်း သက်ဆိုင်သည်။ တခုရှိသည်မှာ ဘုရားသခင်သည် အသေကောင်ကဲ့သို့ဖြစ်သော အာဗြဟံ၏ရုပ်ခန္ဓာကိုယ်အား သားရတနာထွန်းကားစေသကဲ့သို့ သခင်ယေရှု ရှင်ပြန်ထမြောက်ခြင်းက ထမြောက်ခြင်း အသက်ကိုပါပေးသည်။ ထိုအကြောင်းကို C.H Mackintosh  က ဤသို့ရှင်းပြသည်။

အာဗြဟံသည် ယုံကြည်ခြင်းအားကြီးသောကြောင့်

ကတိတော် အခွင့်ထူးရရှိသည်။ အနာဂတ်ကို

ကြည့်ရှု့၍ ကတိတော်ပြုသည်။ ယုံကြည်သူများသည်

ကိုယ်တော်ပြုခဲ့သော ရွေးနှုတ်ခြင်း၊ ရှင်ပြန်ထမြောက်ခြင်း၊

ကောင်းကင်ဘုံ၌ စိုးစံတော်မူခြင်းများကို

ရှု၍ မျှော်လင့်ချက်ထားကြသည်။

:၂၅   သခင်ယေရှုသည် “ငါတို့အား ဘုရားသခင် နှင့် မှန်ကန်စွာ ဆက်ဆံစေအံ့သော သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူ၏” သခင်ဘုရားသည် ငါတို့၏ အပြစ်များကို ကယ်ချွတ်သည်သာမက ထိုအပြစ်များကိုလည်း နောက်တဖန် မထိတွေ့ရအောင် အဝေးသို့ ဆောင်ယူသွားသည်။ လူသားများ ဖြောင့်မတ်ခြင်းရရှိဖို့ ရန်လည်း ရှင်ပြန်ထမြောက်သည်။ ခရစ်တော်၏ ပြီးပြည့်စုံသောအမှုသည် ယုံကြည်သူများ ဖြောင့်မတ်ခြင်းရရှိရန်ဖြစ်သည်။ ပထမအချက်မှာ မိမိတို့၏အပြစ်များဖြစ်သည်။ ဒုတိယအချက်မှာ ထိုအပြစ်မှလွတ်၍ ဖြောင့်မတ်ခြင်းရရှိကြရန် ခရစ်တော်ဘုရားရှင်ပြန်ထမြောက်ခြင်းဖြစ်သည်။ အကယ်၍ သခင်ယေရှုသာ သင်္ချိုင်းထဲတွင် နိဂုံးချုပ်ခဲ့လျှင် ကျွန်ုပ်တို့လည်း ဖြောင့်မတ်လာစရာ အကြောင်းမရှိ။ သို့သော်လည်း ယေရှုခရစ်တော် သည် အမှုတော် ပြီးဆုံးအောင် ဆောင်ရွက်ခဲ့သည်။ အဖိုးအခ အကြေအလည် ပေးပါပေးခဲ့သည် ။ အပြစ်ဖြေခြင်းကို အပြည့်အစုံလုပ်ပေးခဲ့သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

[post-views]

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။