ဗျာဒိတ်ကျမ်း - ၁၂
ဗျာဒိတ်ကျမ်း - ၁၂ (အနက်ဖွင့်)
(ဈ) ဘေးဒဏ်ကြီးကာလ၏ သော့ချက်ပုံပန်းသဏ္ဍာန် (အခန်း ၁၂–၁၅)
၁၂:၁ ကောင်းကင်၌ ကြီးစွာသော နိမိတ် လက္ခဏာ ပေါ်ပေါက်လာမည်။ မိန်းမတစ်ဦးသည် နေကိုဝတ်လျက်၊ လကို ခြေဖြင့် နင်းလျက်၊ ခေါင်းပေါ်၌ ကြယ်ဆယ့်နှစ်လုံးဖြင့် ပြီးသော သရဖူကို ဆောင်းလျက်ပေါ်လာ၏။ ထိုအမျိုးသမီးသည် ဣသရေလဖြစ်သည်။ နေ၊ ကြယ်နှင့်လမှာ ကတိတော်ပြုထားသော အနာဂတ်နိုင်ငံတော်ဖြစ်သည်။ မိဘ၊ ညီအစ်ကိုမောင်နှမများကို အလုပ်အကျွေးပြုသော ယောသပ်၏ နောက်ဆုံးကာလ အုပ်စိုးခြင်းမျိုးဖြစ်သည် (က ၃၇:၉-၁၁)။
၁၂:၂ ထိုမိန်းမသည် ကလေးမျက်နှာမြင်ရတော့မည့် ကိုယ်ဝန်သည် အရင့်အမာကဲ့သို့ဖြစ်၏။ ဤကျမ်းပိုဒ်တွင် ဣသရေလ တို့၏ သမိုင်းကြောင်းကို အဓိကတွေ့မြင်ရမည်။ ကြားချောင်လွတ်နေသော ကြားကာလဟူ၍ ချန်မထား သမိုင်းအထင်အရှားရှိသည်။
၁၂:၃ နောက်လက္ခဏာတခုမူကာ၊ အဆင်းနီသော နဂါးကြီးဖြစ်သည်။ ခေါင်းခုနှစ်လုံး၊ ဦးချိုဆယ်ချောင်းရှိ၍ ထိုခေါင်းများပေါ်၌ သရဖူအသီးသီး ဆောင်းထားသည်။ ထိုနဂါးမှာ စာတန်မာရ်နတ်ဖြစ်သည်။ သို့သော် ဤကျမ်းပိုဒ်နှင့် ကျမ်းပြိုင်ဖြစ်သော ၁၃:၁ တွင် ရောမအင်ပါယာ တန်ခိုးကြီးထွားခြင်းကို ဖော်ပြထားရာ စာတန်၏ လောကခွန်အား ဖြင့် ပုံဖော်ထားသည်။
၁၂:၄–၅ နဂါးမြီးသည် ကောင်းကင်ကြယ် သုံးစုတစုကို မြေကြီပေါ်သို့ရိုက်ချ၏။ ဘေးဒဏ်ကြီးကာလ အလယ်တွင် ကောင်းကင်နိုင်ငံ၌လည်း စစ်ဖြစ်လျက် ကောင်းကင်သားများ မြေကြီးပေါ်သို့ ပစ်ချခံရမည့်အကြောင်းဖြစ်သည် (၈-၉)။
မိန်းမကြီး၏ မွေးကာစကလေးကို ထိုနဂါးကြီးမြိုချဖို့ ဟန်ပြင်နေသည်။ ရောမလက်ပါးစေ မဟာဟေရုဒ်က မွေးဖွားခါစ ယုဒရှင်ဘုရင်သစ်ကို ဖျက်ဆီးဖို့ ကြိုးပမ်းခြင်းဖြစ်သည်။ သား ယောက်ျားမှာ သံမဏိလှံတံကိုကိုင်၍ လူမျိုးအပေါင်းကို အုပ်စိုးမည့် ယေရှုဖြစ်ကြောင်း ထင်ရှားသည်။ ဤကျမ်းပိုဒ်တွင် ကိုယ်တော်ဘုရား မွေးဖွားခြင်းမှ ထမြောက်ခြင်းကို မှတ်တမ်းတင်ထားသည်။
၁၂:၆ ပစ္စုပ္ပန်အသင်းတော်ကာလကို အငယ် ၅နှင့်၆တွင် ဖော်ပြထားသည်။ ဘေးဒဏ်ကြီးကာလအလယ်တွင် ဣသရေလလူမျိုးသည် ကန္တရ တနေရာရာတွင် ပုန်းခိုနေမည်။ (တချို့က ကျောက်ဂူဟုယူဆကြသည်)။ သုံးနှစ်ခွဲတိတိ ပုန်းခိုနေမည်။
၁၂:၇ ကောင်းကင်၌လည်း မိက္ခေလဦးဆောင်သော ကောင်းကင်တမန်တို့က တဘက်၊ နဂါးနှင့် အပေါင်းအပါ တို့ကတဘက် စစ်ဖြစ်ကြသည်။ ထိုအချိန်သည် ဘေးဒဏ်ကြီးကာလ၏ အထွဋ်အထိပ်ရောက်ချိန်ဖြစ်သည်။ မိက္ခေလနှင့် တမန်များသည် ဣသရေလ လူမျိုးများနှင့် ဆက်စပ်ပတ်သက်လာမည် (ဒံ ၁၂:၁)
၁၂:၈–၉ နဂါးနှင့် အပေါင်းအပါ တစ်စုသည် စစ်ရှုံးသောကြောင့် ကောင်းကင်၌ နေစရာမရှိတော့ပါ။ ရှေးမြွေဟောင်းဟူသော စာတန်နည်းတူ မြေကြီးပေါ်သို့ ချလိုက်သည်။ သို့သော် နောက်ဆုံး ကံကြမ္မာဂြိုလ် စီးခြင်း မဟုတ်သေး (၂၀:၁-၃၊ ၁၀ ကိုဆက်ကြည့်)။ ရှေးမြွေဟောင်း၊ မာရ်နတ်စာတန်ဟူသော နဂါး၊ တကမ္ဘာလုံးကို လှည့်စားသောနဂါး ဟု ရှင်ယောဟန်က ဆိုထားသည်။
၁၂:၁၀ စာတန်နှင့် အပေါင်းပါ ပစ်ချခံရသော အခါ ယခုမှာ ကယ်တင်ခြင်းရောက်ပြီ။ ဘုရားသခင်၏ လူများ အောင်ပွဲခံရာ၊ ဘုရားသခင်၏ နေ့ရက်ရောက်လေပြီဟု ကြွေးကြော်ကြသည်။ အနှစ်တထောင် နိုင်ငံတော်စတင်လေပြီ။ ငါတို့ညီအစ်ကို များကို—–နေ့ည၌ မပြတ် အပြစ်တင်သော ရန်သူအား အောက်သို့ချလေပြီ။
၁၂:၁၁ ဆက်လက်၍ ကြွေးကြော်ကြသည်မှာ- ညှဉ်ပန်းနှိပ်စက်ခံရသော
ယုံကြည်သူများသည် သိုးသူငယ်၏ အသွေးတော်နှင့် သက်သေခံချက် နှုတ်ကပတ်တော်အားဖြင့် စာတန်မာရ်နတ်ကို အောင်ပွဲခံပြီဟု ဆိုကြသည်။ အောင်ပွဲသည် ခရစ်တော်၏ အသေခံခြင်းနှင့် အသနားခံတော်မူခြင်း၏ တန်ခိုးတော်အပေါ် သက်သေခံခြင်း၌ အခြေပြုသည်။ ကိုယ်တော်၌ သစ္စာရှိကြသည့်အကြောင်းကို သူတို့အသွေးများဖြင့် သက်သေခံတံဆိပ် ခတ်နှိပ်ကြပြီ။
၁၂:၁၂–၁၃ နဂါးကြီး ကျဆုံးသောကြောင့် ကောင်းကင်တွင် ပျော်ရွှင်စရာဖြစ်သော်လည်း လောကအတွက်မူ အမင်္ဂလာဖြစ်သည်။ စာတန်သည် သူ့အချိန်တိုတောင်းကြောင်း သိသဖြင့် ဒေါသပိုထွက်နိုင်သည်။ အထူးသဖြင့် မေရှိယ ပြန်လာသောအခါ ကောင်းကြီးခံစားရမည့် ဣသရေလလူမျိုးအပေါ်တွင် အမုန်းအာဃာတ တရားပိုမိုကြီးထွား သောင်းကျန်းမည်။
၁၂:၁၄ သစ္စာရှိသော လက်တဆုတ် ဣသရေလများသည် ရွှေလင်းယုန် တောင်ပံများ ပေါက်လျက် ကျွေးမွေးခြင်းခံရာ တောအရပ်သို့ ခိုအောင်းကြရမည်။ (အချို့က ထိုရွှေလင်းယုန်တောင်ပံရှိသော ငှက်ဆိုသည်မှာ အထူးလေယာဉ် ပျံကြီးဟု ယူဆကြသည်)။ ထိုပုန်းခိုသော ကာလသည် သုံးနှစ်ခွဲကြာမည်။ ကျမ်းစာက တကာလ၊ နှစ်ကာလ၊ ကာလတဝက် ဟုဆိုသည်။ ထိုသို့ ထိုမိန်းမလွတ်မြောက်သောကြောင့် နဂါးကြီးသည် လောကကြီးအား ရေလွှမ်းမိုးစေရန် ခံတွင်းထဲမှ မြစ်ရေ တသွင်သွင် စီးထွက်စေသည်။ ထိုမိန်းမနောက်သို့ လိုက်စေသည်။ သို့သော် မြေငလျင်ကြီးက ထိုရေများကို မျိုချလိုက်သောကြောင့် နဂါးကြီး၏ ကြိုးပမ်းချက်သည် သဲထဲရေသွန်ဖြစ်သွားသည်။
၁၂:၇ ထို့ကြောင့် နဂါးဟူသော ရှေးမြွေကြီးသည် ယုဒလူမျိုးများအား လက်တုံ့ပြန်ရန် လိုက်ရှာနေသည်။ အငြိုးထားသည်။ ဘုရားသခင်၏ ပညတ်တော်ကို ကျင့်၍၊ ယေရှု၏ သက်သေခံတော်မူချက်ကို စွဲလန်းသော ထို လက်တဆုတ်စာ ဣသရေလ လူမျိုးကို စစ်တိုက်ရန် အသင့်ရှိနေသည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။