ဆာလံကျမ်း - ၉၈

ဖြောင့်မတ်ခြင်းအတွက်ချီးမွမ်းခြင်း
1ထာဝရဘုရားအား အသစ်သောသီချင်းကို ဆိုကြလော့။ အံ့ဖွယ်သောအမှုတို့ကို ပြုတော်မူပြီ။ လက်ယာလက်တော်နှင့် သန့်ရှင်းသော လက်ရုံးတော်သည် ကိုယ်တော်အဖို့ ကယ်တင်ခြင်းအမှုကိုပြုလေပြီ။ 2ထာဝရဘုရားသည် ကယ်တင်တော်မူခြင်းကျေးဇူးကို ထင်ရှားစေ၍၊ ဖြောင့်မတ်တော်မူခြင်းတရားကိုလည်း တစ်ပါးအမျိုးသားတို့အား ဖော်ပြတော်မူပြီ။ 3ဣသရေလအမျိုးသားတို့၌ ကရုဏာတော်နှင့် သစ္စာတော်ကို အောက်မေ့တော်မူပြီ။ ငါတို့ဘုရားသခင်၏ ကယ်တင်တော်မူခြင်းကျေးဇူးကို မြေကြီးစွန်းအပေါင်းတို့သည် မြင်ရကြပြီ။ 4မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရားအား ကြွေးကြော်ကြလော့။ အသံဗလံကိုပြု၍ ရွှင်လန်းစွာ သီချင်းဆိုလျက် ချီးမွမ်းကြလော့။ 5စောင်းတီး၍ ထာဝရဘုရားအား သီချင်းဆိုကြလော့။ စောင်းတီး၍ တူရိယာသံကို ပြုကြလော့။ 6တံပိုးနှဲခရာကိုမှုတ်၍၊ ရှင်ဘုရင်တည်းဟူသော ထာဝရဘုရားရှေ့တော်၌ ကြွေးကြော်ကြလော့။ 7ထာဝရဘုရားရှေ့တော်၌၊ ပင်လယ်နှင့် ပင်လယ်တန်ဆာသည် အသံဗလံကို ပြုစေ။ လောကဓာတ်နှင့် လောကသားတို့သည် ထိုနည်းတူ၊ 8မြစ်တို့သည် လက်ခုပ်တီး၍၊ တောင်ရှိသမျှတို့သည်လည်း ရွှင်လန်းကြစေ။ 9အကြောင်းမူကား၊ မြေကြီးသားတို့ကို တရားစီရင်ခြင်းငှာ ကြွလာတော်မူ၏။ လောကသားတို့ကို ဖြောင့်မတ်စွာစီရင်၍၊ လူများကို ဟုတ်မှန်ခြင်းတရားအတိုင်း စီရင်ဆုံးဖြတ်တော်မူလတ္တံ့။

ဆာလံကျမ်း - ၉၈ (အနက်ဖွင့်)

ဆာ ၉၈ ဖန်ဆင်းခြင်းသံစုံတေးသစ်

၉၈: ခရစ်တော်ဘုရား ဒုတိယအကြိမ် ပြန်လည်ကြွလာခြင်းသည် တပါးအမျိုးသားများ လက်ထဲမှ ဣသရေလလူမျိုးတို့ ကွင်းလုံးကျွတ် လွတ်မြောက်ခြင်းဖြစ်သည်။ ထိုအောင်ပွဲသဘင်တွင် ရတုပိုဒ်စုံ တေးသစ်ကျူးဧကြမည်။ မေရှိယသခင်က ရန်သူများအပေါ်သို့ အောင်နိုင်သည့် အောင်စည်အောင်မောင်း တီးကြမည်။ အံ့သြဘွယ်သောအမှုဆိုသည်မှာ ကိုယ်တော်၏လက်ယာတော်ဖြင့် ရန်သူများ အောင်မြင်သည့် အကြောင်းဖြစ်သည်။

ဘုရားသခင်၏ နိုင်ငံတော်သစ်ရောက်လာပုံကို ဆာလံဆရာက သရုပ်ဖော်ထားသည်။ ကိုယ်တော်၏ အောင်ပွဲကို လှည်းနေလှေအောင်း မြင်းစောင်းမကျန် သိရှိကြသည်။ သူ့လူမျိုးအပေါ်သို့ ပေးထားသည့် ပဋိညာဉ်အတိုင်း ဘုရားရှင်တော်လုပ်ဆောင်ပုံကို တိုင်းနိုင်ငံများက ကွင်းကွင်းကွက်ကွက် တွေ့မြင်ကြသည်။

လူ့လောကသို့ ပထမဆုံးအကြိမ် သခင်ယေရှုကြွလာတော်မူခဲ့စဉ် မာရိက “ငါတို့ဘိုးဘေးများသို့ ဗျာဒိတ်ပေးတော်မူသည့်နှင့်အညီ အာဗြဟံမှစသော အမျိုးအနွယ်အား သနားခြင်းကျေးဇူးတော်ကို အစဉ်အမြဲ ပြုခြင်းငှါ သတိထား၍ မိမိကျွန်ဣသရေလကို မစတော်မူပြီ”ဟု တေးဖွဲ့သီဆိုခဲ့သည်။ ဇာခရိကလည်း ဤသို့ ဗျာဒိတ်တော်ပေးခဲ့သည်။ “ဘိုးဘေးများသို့ ကရုဏာတော်သစ္စာကို အောက်မေ့မည်။ ကိုယ်တော်၏ သန့်ရှင်းသောပဋိညာဉ်ကို အောက်မေ့မည်” (လု ၁:၇၂)ဟု ဆိုသည်။

၉၈: ဒုတိယပြန်လည်ကြွလာသောအခါ အောက်ပါတေးသွားဆိုကြမည်-

ဣသရေလအမျိုးသားတို့၌ ကရုဏာတော်နှင့် သစ္စာတော်ကို အောက်မေ့ပြီ။ ငါတို့ဘုရားသခင်၏ ကယ်တင်တော်မူခြင်းကျေးဇူးကို မြေကြီးသားအပေါင်းတို့  မြင်ရကြပြီ။

ဣသရေလလူမျိုးအပေါ်သို့ ပြုထားသောကတိတော်ကို အမှန်တကယ် ဖြစ်ပေါ်ပြည့်စုံစေပြီ။ ကရုဏာတော် ထင်ရှားပြီ။ ကိုယ်တော်၏သစ္စာတရားထင်ရှား တော်မူပြီ။

၉၈: အပိုဒ်ငယ် ၄-၆ တွင် တပါးအမျိုးသားအပေါင်းတို့ကို ဣသရေလလူမျိုးနှင့် ပေါင်းဖက်၍ ဘုရားသခင်အား ချီးမွမ်းသီဆိုကြရန် ဖိတ်ခေါ်ထားသည်။ အပိုဒ်ငယ် (၄)ပါ မြေကြီးသားဆိုသည်မှာ အဓိကအားဖြင့် ဣသရေလလူမျိုးကို ရည်ညွှန်းသည်။ F.W.Grant က”ကယ်တင်ခြင်းရရှိပြီးသော ဣသရေလလူမျိုးက ချီဆောင်ခြင်းသီချင်းသစ်ဖြင့် ဂုဏ်ပြုကြမည်။ လေဝိအမျိုးသားများက တေးဂီတ တူရိယာ တီးခတ်ပေးကြမည်ဟုဆိုသည်။ အပိုဒ်(၆)တွင် ယဇ်ပုရောဟိတ်များသည် တံပိုးမှုတ်သံ၊ ကျွဲချိုသံနှင့် တွဲဖက်၍ ပါ၀င်ကြမည်ဟု ဆိုသည်။

၉၈: သဘာ၀ပတ်၀န်းကျင်ရှိ သြကာသ လောကတခုလုံးကလည်း ထိုတေးသစ်ကို အော်ဟစ် ဝိုင်းဆိုကြမည်။ ပင်လယ်သမုဒ္ဒရာရေပြင်ကျယ်သည်လည်း လှိုင်းလုံးကြီးများဖြင့် အော်ဟစ်ချီးမွမ်းကြမည်။ သြကာသလောကတခုလုံး စိမ်းလန်းစိုပြေမည်။ မြစ်ကြီးမြစ်ငယ်အသွယ်သွယ်သည် လက်ခုပ်သြဘာ တီးလျက် ကမ္ဘာကျောက်ဆောင်များ ပြိုကျကုန်မည်။ တောင်ရှိသမျှသည်လည်း ရွှင်လန်းကြမည်။ ယိမ်းထိုးခေါင်းညိမ့်ကြမည်။ ကိုယ်တော်ဘုရား၏ အုပ်စိုးခြင်းကာလရောက်သောအခါ အဖျားအနာ ဆင်းရဲချို့တဲ့ခြင်းများ ပျောက်ကွယ်၍ ဖြောင့်မတ်ခြင်းနှင့် တရားမျှတခြင်း ပြည့်စုံလာမည်။ အဘယ်သူ မပျော်ရွှင်ဘဲ နေမည်နည်း။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။