ဆာလံကျမ်း - ၉

တရားမျှတမှုအတွက်ချီးမွမ်းခြင်း
1အိုထာဝရဘုရား၊ အကျွန်ုပ်သည် စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော်ကို ချီးမွမ်းပါမည်။ အံ့ဖွယ်သောအမှုတော်ရှိသမျှတို့ကို ပြညွှန်ပါမည်။ 2ကိုယ်တော်ကို အမှီပြု၍ ဝမ်းသာရွှင်လန်းပါမည်။ နာမတော်ကို ထောမနာသီချင်းဆိုပါမည်။ အမြင့်ဆုံးသောဘုရား။ 3အကြောင်းမူကား၊ အကျွန်ုပ်၏ရန်သူတို့သည် ပြန်ဆုတ်၍ လဲကြပါ၏။ ရှေ့တော်၌ ပျက်စီးကြပါ၏။ 4ကိုယ်တော်သည် အကျွန်ုပ်ဘက်မှာ တရားဆုံးဖြတ်တော်မူပြီ။ ပလ္လင်တော်ပေါ်မှာထိုင်၍ ဖြောင့်မတ်စွာ စီရင်တော်မူပြီ။ 5တစ်ပါးအမျိုးသားတို့ကို ဆုံးမတော်မူပြီ။ ဆိုးသောသူတို့ကိုဖျက်ဆီး၍ သူတို့နာမကို ကာလအစဉ်အဆက် ချေဖျောက်တော်မူပြီ။ 6ရန်သူတို့သည် အကုန်အစင် ပျက်စီးခြင်းသို့ ရောက်ကြပါပြီ။ မြို့တို့ကို ဖြိုဖျက်တော်မူ၍၊ သူတို့အမှတ်မျှမရှိ ပျောက်ပါပြီ။ 7ထာဝရဘုရားမူကား၊ ကာလအစဉ်အဆက်တည်တော်မူ၏။ တရားပလ္လင်တော်ကို ပြင်ဆင်၍၊ 8မြေကြီးသားတို့ကို တရားသဖြင့် စီရင်တော်မူ၏။ လူမျိုးတို့အား ဖြောင့်မတ်စွာသော စီရင်ခြင်းကို ပြုတော်မူ၏။ 9ထာဝရဘုရားသည် ညှဉ်းဆဲခြင်းကိုခံရသော သူတို့၏ခိုလှုံရာ၊ ဘေးအန္တရာယ်ရောက်သည်ကာလ ခိုလှုံရာဖြစ်တော်မူ၏။ 10နာမတော်ကို သိသောသူတို့သည် ကိုယ်တော်ကို ယုံကြည်ကြပါလိမ့်မည်။ အကြောင်းမူကား၊ အိုထာဝရဘုရား၊ ကိုယ်တော်ကိုရှာသော သူတို့ကိုစွန့်ပစ်တော်မမူတတ်ပါ။
11ဇိအုန်မြို့မှာ ကျိန်းဝပ်တော်မူသော ထာဝရဘုရားကို ထောမနာသီချင်းဆိုကြလော့။ အမှုတော်များကို လူမျိုးတို့အား ဟောပြောကြလော့။ 12လူအသက်သတ်ခြင်းအမှုကိုစစ်တော်မူ၍၊ အသေခံရသောသူတို့ကို အောက်မေ့တော်မူ၏။ နှိမ့်ချလျက်ရှိသော သူတို့၏အော်ဟစ်ခြင်းအသံကို မေ့လျော့တော်မမူတတ်ပါ။
13အိုထာဝရဘုရား၊ အကျွန်ုပ်ကိုကယ်မသနားတော်မူပါ။ အကျွန်ုပ်ကို မုန်းသောသူတို့၏ ညှဉ်းဆဲခြင်းအမှုကို ကြည့်ရှု၍၊ သေမင်းလက်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ 14သို့ဖြစ်၍ ဂုဏ်ကျေးဇူးတော်အပေါင်းကို ဇိအုန်မြို့တံခါးဝမှာ အကျွန်ုပ်ပြညွှန်ပါမည်။ ကယ်တင်တော်မူခြင်းကျေးဇူးကို အမှီပြု၍ ဝမ်းမြောက်ပါမည်။
15တစ်ပါးအမျိုးသားတို့သည် ကိုယ်တူးသောတွင်းထဲသို့ ကိုယ်ကျကြ၏။ ကိုယ်ဝှက်ထားသော ကျော့ကွင်းထဲမှာ ကိုယ်ခြေတို့သည် ကျော့မိကြ၏။ 16ထာဝရဘုရားသည် တရားစီရင်ဆုံးဖြတ်တော်မူခြင်းအားဖြင့် ထင်ရှားတော်မူ၏။ မတရားသောသူသည် မိမိလုပ်သော အလုပ်ထဲမှာ ကျော့မိခြင်းကိုခံရ၏။ 17မတရားသောသူတို့နှင့် ဘုရားသခင်ကို မေ့လျော့သောလူမျိုးအပေါင်းတို့သည် မရဏနိုင်ငံသို့ နှင်ခြင်းကို ခံရကြလိမ့်မည်။ 18ငတ်မွတ်သော သူတို့ကို အစဉ်မေ့လျော့တော်မမူ။ ဆင်းရဲသောသူတို့သည် မျှော်လင့်၍မရဘဲ အစဉ်မနေရကြ။
19အိုထာဝရဘုရား၊ ထတော်မူပါ။ လူမနိုင်ပါစေနှင့်။ တစ်ပါးအမျိုးသားတို့သည် ရှေ့တော်၌ စစ်ကြောစီရင်ခြင်းကို ခံရကြပါစေသော။ 20အိုထာဝရဘုရား၊ သူတို့ကို ခြောက်လှန့်တော်မူပါ။ သို့ဖြစ်၍ မိမိတို့သည် လူသက်သက်ဖြစ်သည်ကို လူမျိုးတို့သည် သိကြပါလိမ့်မည်။

ဆာလံကျမ်း - ၉ (အနက်ဖွင့်)

ဆာ၉၊ ဝဋ်လည်ရာရက်

ခါလဒဲတို့၏ ကျမ်းအတိုင်းဆိုလျှင် ဒါဝိဒ်ကဂေါလျက်အပေါ် အောင်ပွဲခံ အခမ်းအနားဖြစ်ပေမည်။သို့သော် ဒါဝိဒ်အမြင်တွင် ထိုသို့မဟုတ်ပါ။ ရန်သူများအပေါ်သို့ ဘုရားပေးအောင်ပွဲခြိမ့်ခြိမ့်သဲကျင်းပခြင်းဖြစ်သည်။ ဤဆာလံကျမ်းကို ဟေဗြဲဗျည်းပထမပိုင်းအားအစဉ်အလိုက်အခြေတည်တေးဖွဲ့ထားသည်။

၉း၁-၂ ဣသရေလအဆိုတော်များက ဘုရားပေးအံ့ဘွယ် အမှုတော်များကို ကျူးရင့်ထားသည်။ဘုရားသခင်၏ ဖန်ဆင်းခြင်းနှင့် ရွေးနှုတ်ခြင်းများကိုအထူးတလည်ယိုးမယ်ဖွဲ့ မနေ။ ဣသရေလအမျိုးသား၏ ရန်သူများပေါ်သို့ အောင်ခြင်းအစွမ်းသတ္တိပေးထားပုံကို ရေးဖွဲ့ကြသည်။ ဒါဝိဒ်က သူ့အစွမ်းအစ၊ အရည်အချင်းတခုမှမပါ၊ ဘုရားသခင်၏ ဘုန်းတန်ခိုးသက်သက်ဖြင့် ဖြစ်သည်ဟုဖြောင့်ချက်ပေးသည်။ ပြုဘွယ်အငန်းအတာတိုင်းသည် အမြင့်ဆုံးသောဘု ရားရှင်၏နာမတော်၌ တည်သည်ဟု ဝန်ခံသည်။ ဒါဝိဒ်၏ဘုရားသခင်၏ ချစ်မြတ်နိုးပုံနှင့် ကြည်ညိုပုံများသည်ယနေ့အေးတိအေးစက်နေတတ်သော ယုံကြည်သူများအား သတိပေးပါသည်။

၉း၃-၄ ဘုရားသခင်က တိုက်ပွဲအတုံ့အလှည့်အဆုံးအဖြတ်ပေးပုံဆိုထားသည်။ သို့သော်လည်းသခင်ခရစ်တော်ဘုရား ဒုတိယအကြိမ်ပြန်လည် မကြွလာချင်း တိုက်ပွဲအဆုံးသက်ဦးမည်မဟုတ်။ ရန်သူများသည် တပ်လှန့်၍ ကစဉ့်ကလျားထွက်ပြေးကုန်ပြီ။ထွက်ပြေးစဉ်တွင်လည်း မှောက်ရက်လဲကြပြီ။ ဖြောင့်မတ်သူများမူကား ရှင်ဘုရင်၏သရဖူဆောင်းပေးခြင်းခံကြရမည်။ ထိုသို့သောအခါ ကမ္ဘာသူကမ္ဘာသားများသည် ဖြောင့်မတ်မှန်ကန်စွာ တရားစီရင်ခြင်းဟုသာ မြည်းစမ်းကြမည်။

၉း၅-၆ မတရားဖိစီးနှိပ်စက်သူ တပါးအမျိုးသားများသည် ပြစ်တင်ရှုတ်ချခြင်းခံရမည်။ ဣသရေလတို့၏ ရန်သူဟူသမျှ အမျိုးကန်းကြမည်။ လူမျိုးရေး၊ယဉ်ကျေးမှုအမွေအနှစ် ပျောက်ဆုံးကုန်မည်။ ယခုမြင်နေရသောမြို့ပြနိုင်ငံကြီးများ အမြစ်ပါမကျန်မြေလှန်ပျောက်လွင့်မည်။ ဝါရှင်တန်၊ မော်စကို၊ အိုတာဝါအစရှိသည့် ကမ္ဘာ့မြို့ကြီးများ လူ့သမိုင်းမှ ထာဝရပျောက်သွားကြမည်။


၉း၉-၁၀ ဖိစီးနှိပ်စက်ခံရသောသူများကဘုရားရှင်ကို တွေ့ရှိကြမည်။ မပြိုမလဲနိုင်သော ခိုလှုံရာအဖြစ် မှီခိုကြမည်။ ကိုယ်တော်ကို သိကျွမ်း၍ယုံကြည်ကိုးစားသူများသည် ဘယ်သောအခါမှ စိတ်ပျက်အားငယ်ခြင်းမကြုံရ။

၉း၁၁-၁၂ ဣသရေလလူမျိုးသည် ဘုရားရှင်တော်ကို ချီးမွမ်းသီချင်းထောမနာဆိုကြသည် အပြင် တပါးအမျိုးသားများထံ သို့ လည်းသာသနာပြုကြမည်။ ဣသရေလတို့ခံစားခဲ့ရသည့်ဆင်းရဲဒုက္ခဝေဒနာများသည် ဘုရားရှင်က ကလဲ့စားချေပေးသောရန်သူများခံစားနေရသည့် ဆင်းရဲဒုက္ခအတိုင်းဖြစ်ကြောင်း တွေ့မြင်ကြမည်။ ထိုသူတို့၏ဆုတောင်းသံများအဖြေမပေး၊ နားမကြားမဟုတ်ကြောင်း သိမြင်လာကြမည်။

၉း၁၃-၁၄ သို့သော်အနှစ်တထောင်တိုင်းပြည်မကျရောက်သေး။ အပိုဒ်ငယ် ၁၃၊၁၄သည် စိတ်ပျက်အားငယ်ကြသည့် ကာလကိုပြန်လည်ထောက်ပြထားသည်။ ဒါဝိဒ်သည် ဘုရားသခင်၏ ဂရုဏာတော်တမ်းတသည်။ ရန်သူများ၏ဘေးရန်မှ ကွယ်ကာစေချင်သည်။ သို့မှသာလျှင် ဇိအုန်တံခါးဝထိ ပဲ့တင်ထပ်အောင် ချီးမွမ်းသီချင်း ကြွေးကြော်နိုင်ပေမည်။

၉း၁၅ ဆာလံဆရာသည် ဘေးရန်များကို ချန်လုပ်ထားပြီး ယုဒလူများကိုဆန့်ကျင်ပုန်ကန်နေသောသူပုန်သူကန်များအပေါ် အောင်မြင်ခြင်းအကြောင်းတဖန်ညွှန်းဖွဲ့ သည်။ ယုဒလူများအတွက် မိမိတူး ထားသောထောင်ချောက်ကွင်းများထဲသို့ လိမ့်ကျကုန်ကြသည်။ ကိုယ့် ထောင်ချောက် ကျော့ကွင်းနှင့်ကိုယ်မိကြသည်။ သမိုင်းဘီးတပတ်လည်နေပြီ။ မော်ဒကဲအတွက် ဟာမန်ပြင်ဆင်ထားသော ကားစင်ပေါ်တွင်ဟာမန်ဝဋ်လည်သည့် အဖြစ်မျိုးဖြစ်သည်။

၉း၁၆ ဘုရားရှင်သည် တဖန်ကိုယ်တော်ထင်ရှားပြသလေပြီ။ မတရားသောသူများသည် မိမိတို့ကြဲသည့်အတိုင်းပြန်လည်ရိတ်သိမ်းကြပြီ။ ဘုရားရှင်သည် အာခံတော်လှန်စရာမဟုတ်။ ဤနေရာတွင်“selah” ဟူသောဝေါဟာရ တွေ့ရပြန်သည်။ အဓိပ္ပာယ်မပီပြင်ပါ။ (ပိုမိုပေါ်လွင်စေရန် ဆာ၃အောက်ခြေမှတ်စုကို ကြည့်ပါ)။

၉း၁၇ မတရားသောသူနှင့် ဘုရားသခင်ကိုမေ့လျှော့သူများသည် မရဏနိုင်ငံသို့ နှင်ခြင်းခံရမည်။ ထိုစကားသည် အလောင်းကောင်များသင်္ဂြိုလ်ရာဂူသို့မဟုတ် တစပြင်သုဿန်မြေကို ဆိုလိုသည်မဟုတ်။ မရဏသေရွာကို ဆိုလိုသည်။ ဘုရားတရားမရှိ၊ ဘုရားသခင်ကို မသိသူတိုင်းသွားရာအရပ်တည်း။

၉း၁၈ ငတ်မွတ်သူများနှင့် ဆင်းရဲသူများသည် ထာဝရပတ်သက်ခြင်းခံရမည်မဟုတ်။ Knoxကျမ်းမူတွင် “စိတ်ရှည်ပါ အောင့်အီးသီးခံသူများသည်အကျိုးမခံရဘဲမနေ”ဟု ပြန်ဆိုထားသည်။ ယုံကြည်ခြင်းရှိသူများသည် အနှစ်တထောင်ပြည်ရောက်သောအခါ မျှော်လင့်ချက်ပြည့်စုံလာကြမည်။

၉း၁၉-၂၀ ရောက်လာမည့်ဖြောင့်မတ်ခြင်းအချိန်ကာတန်ဘိုးကို ဆာလံဆရာကမျှော်လင့်နေသည့် လူ့အကြံအစည်အတိုင်းမဖြစ်စေဘဲ၊တရားဖြင့်စီရင်တော်မူပါ။ တိုင်းတပါးသားများကို တရားစီရင်တော်မူပါ။တရားစီရင်ရာနေ့ရက်ရောက် သောအခါ မိမိတို့သည်လည်း အဘယ်မျှသေးငယ်၍ သေတတ်သောအမျိုး ဖြစ်ကြောင်းသိရှိနားလည်ကြ ပါစေ။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။